Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၁ လ ၁၃ ရက်မြောက်နေ့မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၁ လ ၁၃ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၁၄၊ ၂၀၂၂

◾️ ICG အဖွဲ့ရဲ့ အစီရင်ခံစာနဲ့ မြန်မာ့အနာဂတ် 
ဇန်နဝါရီလ ၁၂ ရက်နေ့နေ့စွဲနဲ့ နိုင်ငံတကာ Think Tank အဖွဲ့၊ အတိုကောက် ICG လို့ခေါ်တဲ့ International Crisis Group အဖွဲ့က မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအခြေအနေနဲ့ပတ်သက်လို့ အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့ပါတယ်။ အစီရင်ခံစာရဲ့ နာမည်ကို “စစ်အာဏာသိမ်းမှုကြောင့် လှုပ်ခါသွားတဲ့မြန်မာ့လူမျိုးစုပဋိပက္ခ” လို့ အမည်ပေးထားတဲ့ အစီရင်ခံစာမှာ စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ထွက်လာတာ၊ ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေက ပျက်စီးသွားပြီ၊ ရပ်ဆိုင်းသွားပြီလို့ ဆိုထားပြီး၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ NUG အပေါ် CRPH အပေါ် သဘောထားတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေကို သံသယနဲ့ စောင့်ကြည့်မှုတွေကို အကဲဖြတ်တင်ပြထားပြီး နိုင်ငံတကာအစိုးရအဖွဲ့တွေကို အကြံပြုချက်တွေအနေနဲ့ မြန်မာနိုင်ငံလူထုကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပိုထိရောက်အောင် ပေးကြဖို့တိုက်တွန်းထားတာ ဖြစ်ပါတယ်။ 

၂၀၁၁ ခုနှစ်က စတင်ခဲ့တဲ့ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေ ဆယ်စုနှစ်တခုအကြာ စစ်အာဏာသိမ်းပြီးနောက်မှာ အားလုံးပြီးဆုံးသွားပြီလို့ အစီရင်ခံစာက ကောက်ချက်ချထားပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က အသစ်ထွက်ပေါ်လာတဲ့ အစိုးရအဖွဲ့  NUG ကို လက်ခံကူညီကြတာရှိပေမယ့်လည်း အချို့က သံသယနဲ့ စောင့်ကြည့်နေကြတယ်လို့လည်း အစီရင်ခံစာမှာဆိုထားပါတယ်။ အာဏာသိမ်းစစ်တပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တတ်နိုင်သမျှ ဘယ်ဘက်မှမပါဘဲ အပစ်အခတ်ရပ်စဲထားဖို့ ဆွဲဆောင်နေပြီး အသစ်ပေါ်လာတဲ့ PDF အဖွဲ့တွေကို နှိမ်နှင်းဖို့ကြိုးစားနေတဲ့ အကြောင်းလည်းဖေါ်ပြထားပါတယ်။ 

PDF တွေကတဖြည်းဖြည်းနဲ့ အင်အားများလာနေတယ်လို့လည်းအစီရင်ခံစာမှာဆိုထားပေမယ့် စစ်ကောင်စီနဲ့ စစ်ကောင်စီဆန့်ကျင်ရေးအင်အားစုတွေဟာ တဖက်နဲ့ တဖက်အပြတ်အသတ် ချေမှုန်းနိုင်တဲ့ အလားအလာမရှိ တာကြောင့် မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခဟာ ရှည်ကြာဖွယ်ရှိတယ်လို့လည်း ဆိုထားပါတယ်။ 

အစီရင်ခံစာရဲ့ အကြံပြုချက်ကတော့ နိုင်ငံတကာ အလှူရှင်အဖွဲ့အစည်းတွေ အစိုးရတွေအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို စစ်တပ်နဲ့ အပစ်ရပ် သဘောတူညီမှုအသစ်တွေထိုးဖို့ ဖိအားမပေးသင့်ကြောင်းနဲ့ လူသားချင်းစာနာမှု အကူအညီပေးတာတွေကို တိုးတက်လုပ်ဆောင်ဖို့ ပြည်တွင်းအဖွဲ့အစည်းတွေနဲ့ လက်တွဲလုပ်ကိုင်ဖို့ ဆိုထားတာ ဖြစ်ပါတယ်။ 

အစီရင်ခံစာပါ အကဲဖြတ်ချက်တွေဟာ မြန်မာနိုင်ငံတွင်းမှာနေထိုင်နေသူ မြန်မာနိုင်ငံရဲ့ အဖြစ်အပျက်တွေကို မျက်ခြေမပြတ်သူအဖို့ အသစ်အဆန်းတော့မဟုတ်ပါဘူး။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ NUG ကို သံသယရှိတာတွေလည်း သတင်းတွေ အဖြစ်အပျက်တွေကို စောင့်ကြည့်လေ့လာမယ်ဆို ထင်ရှားတဲ့အချက်ဖြစ်သလို စစ်ကောင်စီကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ကြားချထားဖို့ ကြိုးစားမှုတွေကိုလည်း ထင်ရှားတဲ့သာဓကတွေ ဖြစ်ရပ်တွေကြည့်ရင် သိနိုင်တာ ဖြစ်ပါတယ်။ ၂၀၂၁ခုနှစ် အာဏာမသိမ်းမီ ၂လကျော် ၃ လခန့်အလိုကတည်းက ရခိုင်ပြည်နယ်မှာ ၂ နှစ်နီးပါး အပြင်းအထန်ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် တိုက်ခိုက်မှုတွေရပ်ဆိုင်းထားပြီး ရွေးကောက်ပွဲရလဒ် ထွက်ပေါ်ပြီးနောက်မှာတော့ နှုတ်သဘောတူညီမှုနဲ့ အပစ်ရပ်ခဲ့တာကလည်း ထင်ရှားတဲ့ သာဓကတခုဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကူအညီတွေ အများအပြားလိုအပ်လာလိမ့်မယ့် အခြေအနေမျိုးဟာ အခုကာလမှာတင် တွေ့ကြုံနေရပြီဖြစ်ပါတယ်။ ကယားပြည်နယ်မှာ၊ စစ်ကိုင်းတိုင်းမှာ၊ ကရင်ပြည်နယ်မှာ၊ ချင်းပြည်နယ်နဲ့ မကွေးတိုင်းမြောက်ပိုင်း၊ ရှမ်းပြည်နယ်စတဲ့ ဒေသတွေမှာ ဆယ်စုနှစ်များစွာအတွင်း မကြုံဖူးတဲ့ တိုက်ပွဲတွေဖြစ်ပွားလာသလို စစ်ဘေးရှောင် အရေအတွက်တွေ ဆက်တိုက်မြင့်တက်လာနေတာလည်း ဖြစ်ပါတယ်။ စစ်ဖြစ်ပွားရာဒေသတွေမှာ ရိက္ခာသယ်ယူရောင်းဝယ်တာကိုပါ ကန့်သတ်မှုတွေလုပ်တာ လုံခြုံရေးအန္တရာယ်ကြောင့် သယ်ယူရောင်းချမှုတွေ နည်းပါးလာတာတွေက စစ်ဘေးရှောင်နေသူတွေကို ပိုမိုဒုက္ခကြုံတွေ့ရစေတာလည်း ဖြစ်ပါတယ်။
 
လူထုတွေရဲ့ စုဆောင်းထားရှိတဲ့ ဆန်စပါး ရိက္ခာတွေကို တိုက်ပွဲဖြစ်လို့ တိမ်းရှောင်ရတဲ့အခါ မသယ်ဆောင်နိုင်လို့ နေအိမ်တွေမှာ ထားခဲ့ရပါတယ်၊ ဒီလိုရိက္ခာတွေကို စစ်ကောင်စီတပ်တွေက ဖျက်ဆီးပစ်တာ မီးရှို့တာတွေ လုပ်ဆောင်တာတွေကြောင့်လည်း အရပ်သားတွေရဲ့ ရိက္ခာတွေ ပျက်စီးဆုံးရှုံးနေရတာလည်း အကြောင်းတချက်ဖြစ်ပါတယ်။ စိုက်ပျိုးရေးလုပ်ကိုင်ကြတဲ့ လယ်သမား ယာသမားတွေအနေနဲ့ စပါးရိတ်သိမ်းချိန်မှာ စပါးတွေကို မိမိတို့တနှစ်စာစားသောက်ဖို့ သိုလှောင်တာတွေ၊ ငွေအသုံးလိုမှ စျေးကောင်းရမှ ထုတ်ရောင်းမယ်ဆိုတာမျိုး ဒီနှစ်မှာ မလုပ်ဆောင်နိုင်တော့ပဲ ရိတ်သိမ်းလို့ရသမျှ စပါးတွေကို ရရာစျေးနဲ့ ထိုးရောင်းပြီး စစ်ဘေးရှောင်ဖို့ အသင့်ပြင်ထားကြရတဲ့အခြေအနေဟာ နောင်နှစ်မှာ စိုက်ပျိုးနိုင်ဖို့ ဆောင်းရာသီသီးနှံတွေ စိုက်ပျိုးနိုင်ဖို့ အခြေအနေတွေကို အတားအဆီး ဖြစ်နေကြတယ်လို့ ကြားသိနေရပါတယ်။ 

ICG ရဲ့ အစီရင်ခံစာဟာ မြန်မာနိုင်ငံအရေးကို အတိုင်းအတာတခုထိ ထင်ဟပ်ဖေါ်ပြထားတဲ့ အစီရင်ခံစာတစောင် ဖြစ်ပြီး ပြည်တွင်းမှာနေထိုင်နေသူတွေအဖို့ ထူးခြားတဲ့အချက်အလက်တွေမဟုတ်ပေမယ့်လို့ နိုင်ငံ တကာအစိုးရတွေ အကူအညီပေးတဲ့အဖွဲ့အစည်းတွေအနေနဲ့ အလေးထားဖတ်ရှုကြလိမ့်မယ်လို့ ယူဆရတဲ့ အစီရင်ခံစာတစောင် ဖြစ်ပါတယ်။ 

ဒီနေ့အဖို့ အခြားသတင်းတွေထဲမှာတော့ အာဆီယံခေါင်းဆောင်အစည်းအဝေး ရွှေ့ဆိုင်းထားတဲ့အကြောင်း အာဆီယံအလှည့်ကျဥက္ကဌ ဟွန်ဆန်ကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သစ် နိုလင်းဟေဇာက ဆက်သွယ်ဆွေးနွေးပြီး မြန်မာနိုင်ငံအကြပ်အတည်းကို နိုင်ငံတကာနဲ့အတူ ပူးပေါင်းဖြေရှင်းဖို့ အာဆီယံကိုတိုက်တွန်းလိုက်တယ်ဆိုတဲ့သတင်း၊ လွိုင်ကော်မြို့ မှာ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်ပြီး ယမန်နေ့က ဖြစ်တဲ့တိုက်ပွဲမှာ KNDF ဘက်က လွိုင်ကော်အကျဥ်းထောင်ရှိတဲ့နေရာကို တိုက်ခိုက်ခဲ့ရာမှာ အကျဥ်းထောင်ဝန်ထမ်းအချို့ သေဆုံးကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်တဲ့သတင်းတွေ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar