Breaking News

မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေ ပိုဆိုးလာနေကြောင်း အမေရိကန်နဲ့ ကုလလူ့အခွင့်အရေး သံပြော

မြန်မာနွေဦး ခရိုနီကယ် - မတ် ၂၀ မြင်ကွင်း

(မိုးမခ) မတ် ၂၁၊ ၂၀၂၃


မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေ ပိုဆိုးလာနေကြောင်း အမေရိကန်နဲ့ ကုလလူ့အခွင့်အရေး သံပြော

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေ ပိုမိုဆိုးရွားလာနေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားသလို မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး သံတမန်ဖြစ်သူ တွမ်အင်ဒရူးကလည်း လူ့အခွင့်အရေး အခြေအနေ ပိုမိုဆိုးရွားလာနေကြောင်း ခုရက်အတွင်း ဂျီနီဗာမှာ ကျင်းပတဲ့ အစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။ 

စစ်တပ်အာဏာသိမ်းပြီးနောက် မှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုတွေ၊ နိုင်ငံရေးအရ အတိုက်အခံလုပ်သူတွေ၊ လက်နက်ကိုင် ခုခံတိုက်ခိုက်မှုတွေ နဲ့ပတ်သက်ပြီး လက်နက်ကိုင် တပ်ဖွဲ့ဝင်မဟုတ်တဲ့ အရပ်သား ၂၉၀၀ ကျော် အသက်ဆုံးရှုံးခဲ့တဲ့အကြောင်း ကိန်းဂဏန်း အနေနဲ့ လည်း ဖေါ်ပြထားတာ ဖြစ်ပါတယ်။ 

အခု ရည်ညွှန်းတဲ့ ၂၉၀၀ ကျော်မျှသော အသက်ဆုံးရှုံးရတဲ့သူ အရေအတွက်ဟာ  ကျေးရွာတွေမှာ PDF သို့မဟုတ် PDF ကို ထောက်ခံအားပေးသူလို့ သံသယနဲ့ အမျိုးသား အမျိုးသမီးတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ ဖမ်းဆီးစစ်မေးစဥ် ဥပဒေမဲ့ သတ်ဖြတ်တာ၊ ညှင်းပန်းနှိပ်စက်မှုကြောင့် အသက်ဆုံးရှုံးရတာ၊ အကျဥ်းထောင်အတွင်း ဆေးဝါးကုသခွင့်မရတာကြောင့် အသက်ဆုံးရှုံးရတာ၊ စစ်ဆေးရေး နေရာတွေမှာ ယာဥ်၊ ဆိုင်ကယ် ရပ်တန့်ခိုင်းစဥ် မရပ်တန့်လို့ သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်တာ၊ ကြိုးပေးကွက်မျက်တာ စတဲ့ နည်းလမ်းမျိုးစုံနဲ့ အသက်ဆုံးရှုံးရသူတွေကို  မှတ်တမ်းကောက်ယူထားပြီး ထုတ်ပြန်တဲ့ ကိန်းဂဏန်း ဖြစ်ပါတယ်။ စစ်ကောင်စီ တပ်ဖွဲ့ဝင်၊ ရဲ၊ စစ်ကြောရေးက လုံခြုံရေးတပ်ဖွဲ့ဝင်နဲ့ ပြည်သူ့စစ်လို့ အမည်ပေးထားတဲ့ အရပ်သား လက်နက်ကိုင် အဖွဲ့ဝင်တွေ ကျူးလွန်ခဲ့ကြတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

လက်နက်ကိုင် တပ်ဖွဲ့အချင်းချင်း တိုက်ခိုက်လို့ အသက်ဆုံးရှုံးရသူတွေ နဲ့ပတ်သက်တဲ့ ကိန်းဂဏန်းတွေက ဒီအထဲ ပါဝင်ခြင်း မရှိပါဘူး။ 

အခြားတဖက်မှာတော့ PDF အဖွဲ့တွေ၊ မြို့ပေါ်က ပြောက်ကျား အဖွဲ့တွေအနေနဲ့  စစ်ကောင်စီကို ထောက်ခံအားပေးသူ၊ ကြံ့ခိုင်ရေးပါတီရဲ့ စည်းရုံးရေးမှူး စတဲ့တာဝန်ယူထားသူတွေ၊ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရားကို ပါဝင်လုပ်ဆောင်ပေးသူ၊ စီဒီအမ် မလုပ်တဲ့ ပညာရေးနဲ့ အရပ်ဖက်ဌာနဆိုင်ရာ ဝန်ထမ်းအချို့၊ စစ်ကောင်စီကို သတင်းပေးသူလို့ စွပ်စွဲပြီး သတ်ဖြတ်မှုတွေလည်း ရှိနေပြီး စစ်ကောင်စီဘက်က လည်း အဆိုပါ ခေါင်းစဥ်အောက်မှာ သတ်ဖြတ်ခံရသူ အရေအတွက် အနည်းဆုံး ၃ ထောင်ထက်မနည်း ရှိနေတယ်လို့ ထုတ်ပြန်နေခဲ့တာ ဖြစ်ပါတယ်။ ဒီလို သတင်းပေး၊ စစ်ကောင်စီ ထောက်တိုင် စတဲ့ စွပ်စွဲမှုတွေအောက်မှာ သတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့လည်း ကုလ လူ့အခွင့်အရေး သံတမန်က ရည်ညွှန်းပြောဆိုထားပြီး စစ်ကောင်စီဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ PDF အဖွဲ့တွေ ဘက်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတာကိုလည်း ရပ်ဆိုင်းရမယ်လို့ ပြောဆိုသွားတာ တွေ့ရပါတယ်။ အလားတူ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနအစီရင်ခံစာမှာလည်း PDF တပ်ဖွဲ့တွေဘက်က သတ်ဖြတ်မှုတွေကို ရည်ညွှန်းဖေါ်ပြသွားတာ တွေ့ရပါတယ်။ 

PDF တပ်ဖွဲ့တွေဘက်က လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်တာတွေရှိတယ်လို့ အစီရင်ခံစာ ၂စောင်လုံးမှာ ထည့်သွင်းဖေါ်ပြထားတာကို ကြည့်ရင် ဒီမိုကရေစီ အင်အားစုတွေ စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုတွေ အနေနဲ့ သတိပြုဆင်ခြင်ဖို့ လိုအပ်နေတာ ထင်ရှားပါတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ ကုလသမဂ္ဂတို့ အနေနဲ့ စစ်ကောင်စီဘက်က ကျူးလွန်မှုနဲ့ တန်းတူ သဘောထားပြောတာမဟုတ်ပေမယ့် ဒီမိုကရေစီအင်အားစုတွေ အနေနဲ့ လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းတွေကို လိုက်နာဖို့ ဆင်ခြင်ဖို့ ရည်ရွယ်ဖေါ်ပြထားကြတာလို့ သဘောပေါက်နားလည်မိပါတယ်။ 

စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေး လုပ်နေကြတဲ့ အင်အားစုတွေ အနေနဲ့ စစ်ကောင်စီရဲ့ လုပ်ဆောင်မှုမျိုးဖြစ်တဲ့ သံသယနဲ့ ဖမ်းဆီးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ သို့မဟုတ် လုပ်ကြံသတ်ဖြတ်ခြင်း စတဲ့နည်းလမ်းတွေကို မကျင့်သုံးကြဖို့ သတိပေးလိုတဲ့ သဘောလို့လည်း နားလည်ရပါတယ်။ 

လက်နက်ကိုင်တော်လှန်ရေး လုပ်နေခြင်းဟာ ကဗျာတပုဒ် စပ်နေသလို၊ စိတ်ကူးယဥ်လို့ မရဘူး လက်တွေ့ဘဝမှာ ရန်ငါစည်းပြတ်ရတယ်ဆိုတာမျိုး စောဒက တက်စရာ ဆင်ခြေပေးတာမျိုးလည်း ရှိကောင်းရှိနိုင်ပါတယ်။ မိမိတို့ ရဲ့ လုပ်ဖော်ကိုင်ဖက်၊ တိုက်ပွဲဝင်ဖေါ် တိုက်ပွဲဝင်ဖက်တွေ အသက်ဆုံးရှုံးရတဲ့အခါမျိုးမှာ လက်စားခြေလိုစိတ်၊ ဒီလို အသက်ဆုံးရှုံးရခြင်းဟာ တဖက်ကို သတင်းပေးသူတွေကြောင့် ဆိုတဲ့ စဥ်းစားကောက်ချက်ချမှု စတဲ့ခံစားချက်တွေကြောင့် စစ်သည်တော် ကျင့်ဝတ်၊ သိုမဟုတ် မြို့ပြပြောက်ကျားနဲ့ သက်ဆိုင်တဲ့ ကျင့်ဝတ်ဆိုင်ရာတွေကို ထည့်သွင်းမစဥ်းစားဘဲ လက်စားချေလိုတဲ့ စိတ်ခံစားမှုတွေ၊ သို့မဟုတ် နိုင်ငံရေးနဲ့ စည်းရုံးရေး သဘောတရား အားနည်းတဲ့ လက်နက်ကိုင် အဖွဲ့တွေရဲ့ သဘောသဘာဝအရ ရန်သူနဲ့ ဆက်ဆံသူ၊ ရန်သူကို အားပေးသူအားလုံး ရှင်းလင်းပစ်ရမယ်ဆိုတာမျိုး အစွန်းရောက်တဲ့ အယူအဆ လက်တွေ့ကျင့်သုံးမှုတွေ ပေါ်ထွက်လာနိုင်တာလည်း သတိပြုသင့်ပါတယ်။ 

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရာမှာ စစ်အာဏာရှင်တွေ ကျင့်သုံးတဲ့ အမူအကျင့်၊ လက်တွေ့ကျင့်သုံးမှုမျိုးတွေ အတုမယူသင့်ပဲ ဒီမိုကရေစီ အလေ့အထ၊ လူ့အခွင့်အရေး စံနှုန်းတွေ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ စံနှုန်းတွေကို လေးစားလိုက်နာဖို့လည်း အရေးကြီးတာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar