Breaking News

ညိုထွန်းလူ - အောင်ပါစေ သပြေပန်းရယ်နဲ့

(ဓာတ်ပုံ-ဆရာဆူးငှက်)
အောင်ပါစေ သပြေပန်းရယ်နဲ့
ညိုထွန်းလူ
(မိုးမခ) နိုဝင်ဘာ ၁၉၊ ၂၀၂၃

အဲဒီတုန်းက ကျွန်တော့်အသက်က ကိုးနှစ်ဆယ်နှစ်လောက်ပဲရှိမယ်ထင်ရဲ့။ ရွာကထိန်မှာ အရပ်ဇာတ်ထည့်မယ်လို့ကြားရတော့ လွှတ်ပျော်တာကော။ လူကြီးတွေခဏခဏ တိုင်ပင်ကြဆွေးနွေးကြပြီး ဝါခေါင်လထဲရောက်တော့ အရပ်ဇာတ်ထည့်ဖို့ သေချာသွားလို့ တစ်ရွာလုံးပျော်သွားကြတယ်။ ပွဲမကြည့်ရ၊ မကကြရတာလည်း ကြာမင့်ကိုး။ 
တကယ်တော့ ကိုယ့်အရပ်နဲ့ကိုယ့်ဇာတ်ရယ်လို့ ဝါသနာကြီးကြလွန်းလို့သာ ဆိုကြကကြပေမယ့် ငွေကုန် ကြေးကျများပြီး အင်မတန်မှပင်ပန်းတာမို့ လေးငါးဆယ်နှစ်လောက်ကြာမှ တစ်ခါလောက်ပဲ ကပြနိုင်ကြတာပါ။ ရွာမှာ ဆိုင်းရယ် အသံချဲ့စက်ရယ်၊ လျှပ်စစ်မီးအတွက် ဘုန်းကြီးကျောင်းမှာလည်း မီးစက်ကလည်း အဆင်သင့်ရှိပါရဲ့။ ဒါပေသိ ဇာတ်လမ်းအရ သရုပ်ဆောင်တဲ့သူတွေဝတ်ရမယ့် အဝတ်အစားတွေရယ် ကားလိပ်တွေရယ် တခြားလိုအပ်တာတွေရယ် မင်းသမီးတစ်လက်လည်းငှားရ‌သေးတာဆိုတော့ ကုန်ကျစရိတ်က မနည်းလှဘူး။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ တခါတလေလေး ကပြနိုင်လို့ တရွာလုံးပျော်နေကြတယ်။ ရွာလယ်မှာ ရက်တစ်ပတ်လောက်ကြိုပြီး ဇာတ်စင်ဆောက်ထားနှင့်တယ်။ ညမှာ ဇာတ် တိုက်ကြ၊ ဇာတ်စင်ကိုသွားကြည့်ကြနဲ့။ ဇာတ်ကရမယ့်ရက်နီးလာလေလေ ရင်ခုန်ရလေလေပဲ။

အရပ်ဇာတ်ဆိုပေမယ့် ပေါ့သေးသေးတော့မဟုတ်ဘူး။ ရှေ့ပိုင်းမှာအော် ပရာ၊ ပြီးတော့ပြဇာတ်။ နှစ်ပါးသွားမှာ မုံရွာကငှားလာခဲ့တဲ့ မင်းသမီးနဲ့အငြိမ့်ခန်းထွက်။ အဲဒါပြီးရင် နောက်ပိုင်းဇာတ်ထုပ်ခင်း။ တကယ့်ဇာတ်ကြီးတွေလိုပဲ မိုးအလင်းကတာပါ။ ပြီးတော့ နှစ်ညတိတိကတာ။ ပွဲကြည့်ပရိသတ်ကိုတော့ အထူးမျှော်စရာမလိုဘူး။ ကတဲ့သူကလည်း ဒီလူတွေပဲ။ ကြည့်တဲ့သူတွေကလည်း ဒီလူတွေပဲ။ ဇာတ်ခုံပေါ်မှာ ကိုယ့်အခန်းပြီးရင် အဝတ် အစားမလဲဘဲနဲ့ ဇာတ်စင်အောက်ကိုဆင်းပြီး ပရိသတ်နဲ့ရောနှောကြည့်ကြတယ်။ နောက်ထပ်ကိုယ့်အလှည့်ရောက်တာနဲ့ ဇာတ်စင်ပေါ်ကိုပြန်တက်။ ဇာတ်ခုံရဲ့နဘေးမှာ ဆင်းတဲ့သူဆင်း။ တက်တဲ့သူတက်နဲ့ ရှုပ်ရှက်ကိုခပ်လို့။

ပထမဆုံးကတဲ့ ပွဲဦးညမှာ ရွာလူကြီးဘိုးအုန်းက ပြည်ဖုံးကားရှေ့ကို အရင်ဆုံးထွက်ပြီးစကားပြောတယ်။ အနက်ရောင်အယ်လ်ပတ်ကားတိုက်ပုံအင်္ကျီ၊ ရေညှိရောင်ဘန်ကောက်လုံချည် ဝတ်ဆင်ထားပြီး မောင့်ကြက်သရေခေါင်းပေါင်းနဲ့ ဘိုးအုန်းကို လျှပ်စစ်မီးရောင်အောက်မှာ ခါတိုင်းနဲ့မတူ ကြည့်ရမြင်ရတာ တော်တော့်ကိုသားနားနေတယ်။ အရပ်ဇာတ်ကဖို့ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက ဘယ်လိုတိုင်ပင်ဆွေးခဲ့ကြတာ။ ရန်ပုံငွေစုခဲ့ရတာ။ အခုအကောင်အထည် ဖော်နိုင်ခဲ့လို့ ပြောမပြတတ်အောင်ဝမ်းသာမိတာ စသဖြင့်ပေါ့။ ထူးဆန်းတာက ဇာတ်ခုံပေါ်မှာ ပြောတဲ့စကားတွေက အထွေအထူးမပါဘဲ ရေနွေးကြမ်းဝိုင်းမှာပြောနေကြ စကားတွေဖြစ်ပေမယ့် နားထောင်လို့ကောင်းနေပြန်တယ်။

တကယ့်ဇာတ်ကြီးအတိုင်းလို့ ဆိုခဲ့ပါပကော။ ကတဲ့သူတွေကလည်း ကိုယ့်ရွာသူရွာသားတွေချည်း။ ဘယ်သူတွေက ဘယ်‌နေရာအခန်းမှာပါဝင်ကပြကြတယ်ဆိုတာကို လူစေ့တက်စေ့ပြောရရင် တော်တော်နဲ့ပြီးမှာမဟုတ်ဘူး။ ပွဲဦးညမို့ အပျိုတော်ထွက်တယ်။ ပြီးရင်အော်ပရာ။ အဲဒီနောက် ခဏနားပြီးပြဇာတ်ခန်း။ ညသန်းကောင်လောက် ရောက်ခါနီးမှာ အငြိမ့်ခန်းထွက်တယ်။ မြို့ကငှားလာတဲ့ မင်းသမီးကလည်း အဆိုရောအကရော ပြောစရာမလိုအောင်ကောင်းပါဘိသနဲ့။ 

လူရွှင်တော်လုပ်ကြတဲ့ ကိုရွှေဗျိုင်းနဲ့ ကိုသိန်းငွေတို့ရဲ့ပြက်လုံးတွေကလည်း ရွာထဲကအကြောင်းတွေကို ဟာသထုတ်ကြလို့ တဝါးဝါးတဟားဟားနဲ့ ရယ်သံကိုမစဲဘူး။ အထူးသဖြင့် ဇာတ်ခုံထောင့်မှာ စောင်ကြီးခြုံပြီးကြည့်နေတဲ့ ဘထွေးကြိုင်ကတော့ ကိုရွှေဗျိုင်းတို့ရဲ့ပစ်မှတ်ကိုဖြစ်ကရော။ 

ဘထွေးကြိုင်က အဖေနဲ့ ညီအကို တစ်ဝမ်းကွဲတော်တယ်။ နာမည်ရင်းက ဦးသန်းကြိုင်တဲ့။ သူ့အစ်ကိုက ဦးသန်းလှိုင်။ ကျွန်တော်တို့ကတော့ ဦးသန်းလှိုင်ကို ဘထွေးကြီး၊ ဦးသန်းကြိုင်ကိုတော့ ဘထွေးလေးလို့ ခေါ်  ကြတယ်။ ဘထွေးကြီးနဲ့ဘထွေးလေးက ညီအကိုဖြစ်ပေမယ့် စရိုက်မတူဘူး။ အခုအရပ်ပြဇာတ်ကပြတာကို ဘထွေးကြီးက သူကိုယ်တိုင်ပြဇာတ်ဒါရိုက်တာလုပ်ပြီး ဦးဆောင်စီစဉ်ပေမယ့် ဘထွေးလေးကတော့ သူ့ အကိုနဲ့ဆန့်ကျင်ဘက်။ကိုးလို့ကန့်လန့်တိုက်တတ်တယ်။ 

အရပ်ဇာတ်ကကြမယ်ဆိုတော့ ဘထွေးလေးက 'ငါကတော့ရှင်းရှင်းပြောမယ်၊ ကိုယ့်ပိုက်ဆံထည့်ပြီး ဇာတ်ကရတာကတော့ အရူးထတာသက် သက်ပဲကွ။ သန်းကြိုင်တို့က သဟာမျိုးတော့ဝါသနာမပါဗျား' ဆိုပြီး 
ပိတ်ပြောလွှတ်တာရယ်။ အဲတော့ အငြိမ့်ခန်းထွက်တဲ့အခါ ကိုရွှေဗျိုင်းတို့က ခွင်ထဲရောက်တာနဲ့တွယ်ပြီပေါ့။ 
ရွှေဗျိုင်းတို့ကတော့ သဟာမျိုးတော့ဝါသနာမပါလို့ ပြောလိုက်တာနဲ့ ကိုသိန်းငွေက မင့်ဝါသနာပါတာက ဘာတုန်းဟ ရွှေဗျိုင်းရ ဆိုပြီး မေးလိုက်တယ်။ ကိုရွှေဗျိုင်းက ဘထွေး‌လေးထိုင်နေတဲ့ဆီကိုလှမ်းကြည့်ရင်း သူ့ရဲ့နှာခေါင်းလေးကို ပွတ်ပြလိုက်တယ်။ ပွဲကြည့်ပရိသတ်တွေရော ဆိုင်းသမားတွေပါ ဝါးခနဲ ရယ်လိုက်ကြတာများနှယ်။ တရွာတည်းအတူနေကြတာမို့ အကြောင်းသိတွေကိုး။ ဘထွေး‌လေးက ဒေါသတွေ တရှူးရှူး‌နဲ့ ကိုရွှေဗျိုင်းကို မျက်လုံးပြူးကြီးနဲ့ကြည့်နေတယ်။

ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ် ဆိုပေမယ့် ရာသီဥတုကအေးလာလို့ နောက် ပိုင်းဇာတ်ထုပ်ခင်းတော့ ပရိသတ်ကနည်းသွားပြီ။ ဘ‌ထွေးလေးလည်း ဇာတ်စင်ပေါ်မှာ စောင်ခြုံရင်းငိုက်နေတယ်။ သိပ်မကြာဘူး ဒိန်းဂျမ်းဒိန်းဂျမ်းဆိုင်းသံနဲ့အတူ တစ်ယောက်က သူ့ကိုလှုပ်နှိုးလိုက်တယ်။ ကြည့်လိုက်တော့သူ့အကို ဦးသန်းလှိုင်ရယ်။ 

"ငကြိုင် ပြေးပေးဦး။ ပြေးတဲ့သူနည်းနေလို့ "

"ဟင် ဘာရယ် ဘာရယ်"။ အိပ်မှုံစုံမွှားနဲ့ ပြူးပြူးပျာပျာဖြစ်သွားရင်း ရှေ့ကိုလှမ်းကြည့်လိုက်ရင်း ချက်ချင်းသဘောပေါက်သွားတယ်။ ဇာတ်လမ်းအရ သီပေါမင်းပါတော်မူတဲ့အချိန်မှာ တိုင်းပြည်က မငြိမ်မသက်ဖြစ်လို့ လူတွေလည်း ပြေးကြလွှားကြ ဖြစ်နေတာကို သရုပ်ဖော်ရတာ။ ဘထွေးလေးလည်း စောင်ကြီးဖိုသီဖတ်သီခြုံရင်း နန်းတော်ပုံပါတဲ့ကားလိပ်ရှေ့မှာ ဟိုပြေးဒီပြေး။ 

သဏ္ဍာန်လုပ် သရုပ်တူအောင် ဇာတ်ခုံရဲ့ဟိုဘက်ထောင့်နေရာက ဒီဖက်ထောင့်ကိုပြေးလိုက်။ နောက်တခါ ဟိုဖက်ထောင့်ကိုပြန်ပြေးရတာပေါ့။ ချမ်းချမ်းစီးစီးမှာပြေးလွှားလိုက်ရလို့ ချွေးတွေစို့တက်ကုန်သတဲ့။
နောက်တနေ့နေ့လည်ရောက်တော့ ပြဿနာတက်ကြပါလေရော။

"ငကြိုင်၊ မနေ့ညတုန်းက ဇာတ်ထဲမှာ တစ်ခန်းပါလို့ ငါးကျပ်ပေး"

ဘထွေးကြီးကတောင်းလိုက်လို့ အံ့အားသင့်သွားတယ်။
"မပေးနိုင်ဘူးကွ။ မင်းတို့ဇာတ်ထဲ ငါ့ဘာသာပါချင်လို့
ပါတာမှမဟုတ်ဘဲ။ မင်းတို့ခိုင်းလို့ပြေးရတာလကွာ။"

'ငါတို့က ခိုင်းခိုင်း၊ မခိုင်းခိုင်း ဇာတ်စင်ပေါ်ကိုတက်ပြီး သရုပ်ဆောင်ရင် ဘယ်သူမဆိုပိုက်ဆံပေးရမှာပဲကွ။ ဒါက စည်းကမ်းသတ်မှတ်ထားတာ။"
ဘထွေးလေးမလှုပ်နိုင်တော့ဘူး။

"ကိုကြီးကြိုင်ရာ။ ပိုက်ဆံငါးကျပ်ကို နှမျောမနေပါနဲ့။ ပေးသာပေးလိုက်စမ်းပါ။ ဒီဇာတ်ထုပ်ပဲ ဒီညကရင် နောက်ထပ်ပေးစရာမလိုတော့ဘူးလေ။"

အနားမှာရှိနေတဲ့ ကိုရွှေဗျိုင်းကပြောလိုက်လို့ တွေခနဲဖြစ်သွားတယ်။ ဟုတ်သားပဲ ရွှေဗျိုင်းပြောတာနည်းလမ်းကျတယ်။ ဒီဇာတ်ထုပ်ကရင် ငါလည်းပြေးပေးရဦးမှာ။ ပေးရတဲ့ငါးကျပ်က နှစ်ညဆိုတော့ တစ်ညမှာ
နှစ်ကျပ်ခွဲပဲကျတယ်။ အဲသလိုတွေးလိုက်ရင်း ပိုက်ဆံငါးကျပ်ကို လျောလျောလျူလျူ ထုတ်ပေးလိုက်တယ်။

ဒါပေမယ့်ပိုက်ဆံလည်းရရော ဘထွေးကြီးရဲ့လေသံပြောင်းသွားတယ်။ 

"မနေ့ညက ဇာတ်ထုပ်မကတော့ဘူး။ ဒီညက အောင်ပွဲညဖြစ်လို့ အတိတ်နမိတ်ယူပြီး အလောင်းဘုရားဇာတ် ထုပ်ကမှာ။ မင်းပါချင်ရင်လည်းပါလို့ရတယ်။ အလောင်းမင်းတရားကြီးက တိုက်ပွဲတွေဆင်နွှဲပြီး အောင်ပွဲနဲ့အတူပြန်လာတော့ မြို့ရိုးထိပ်ကနေပြီး သပြေပန်းတွေနဲ့ ကြိုတဲ့အခန်းကွ။ ဆိုင်းကလည်း ရန်ကြီးအောင် ကုန်းဘောင်ခ ငါးမည်ရ ပြည်ရွှေဘို သီချင်းလေးတီးပေးမှာ။ အောင်ပါစေ သပြေပန်းရယ်နဲ့ ရေချမ်းကိုလောင်းသီချင်းကိုဆိုရင်း မင်းကိုယ်တိုင် သပြေပန်းလေးကိုင်ပြီး ကချင်ရင်လည်းရတယ်။ နို့ပေမယ့် ပိုက်ဆံကတော့ မနေ့ကထက် များသမောင်။ ငါးဆယ်ထည့်မှရမယ်။"
"ဘာကွ ငါးဆယ်။ ဟုတ်လား။ "

ကြားရတာမယုံနိုင်လောက်အောင် ဖြစ်သွားတယ်။ ဘထွေးကြီးကတော့ ခပ်အေးအေးပဲ။ 

"အတိတ်နမိတ်တွေဆောင်ပြီး အောင်ပွဲခံ ကပြမယ့်ဇာတ်ထုပ်ကွ။ ဇာတ်တိုက်ကြရအောင် ဆိုတော့လည်း မင်းမပါတဲ့အပြင် မင်းက ဟိုပြောဒီပြောလုပ်တယ်။ ဇာတ်စင်ဆောက်တော့လည်း မင်းဘယ်ရောက်နေမှန်း မသိဘူး။ ကိုယ့်အရပ်နဲ့ကိုယ့်ဇာတ်ကို အောင်အောင်မြင်မြင်ကပြနိုင်အောင် ငါတို့တ‌တွေဘယ်လောက် ပင်ပန်းနေမှန်း မင်းကမသိချင်ယောင်ဆောင်နေတယ်။ အခု အောင်ပွဲခံချိန်ရောက်မှ သပြေပန်းလေးကိုင်ပြီးစင်ပေါ်တက်ချင်ရင်တော့ ထိုက်သင့်တဲ့တန်ရာတန်ကြေးတော့ ပေးရမှာ‌ပေါ့ညီလေးရာ။ အရင်းမစိုက်ဘဲနဲ့ ဇာတ်စင်ပေါ်ကိုတက်လို့ ဘယ်ဖြစ်ပါ့မလဲ။"

ဘထွေးလေးဘာမှမပြောနိုင်ဘဲ မခံချိမခံသာဖြစ်နေရှာတယ်။ ညီအကိုအချင်းချင်း သက်သက်မဲ့အကျပ်ကိုင်လိုက်မှန်း သိလိုက်တယ်။ ပိုက်ဆံငါးကျပ်တောင် နှမျောတွန့်တိုနေတဲ့ဥစ္စာ။ ငါးဆယ်ပေးဖို့ဆိုတာဝေးရော။ စိတ်တွေတိုပြီး 'မင်းတို့ဇာတ်များ-ီးမှမကြည့်ဘူးကွာ'တဲ့။ ကိုရွှေဗျိုင်းတို့ကဘထွေးတို့ညီအကိုနှစ်ယောက်ကိုကြည့်ရင်း တခွိခွိနဲ့ပေါ့။

ဪ အခုတော့လည်း ဘထွေးတို့ညီအကိုလည်း ဆုံးသွားတာကြာပါပြီ။ နို့ပေမယ့် တန်ဆောင်တိုင် ကထိန်ရာသီရောက်တိုင်း အရပ်ဇာတ်ကကြတာကိုသတိရရင်း ဘထွေးတို့ကို လွမ်းမိသွားရဲ့။ ရွာကလည်း ကထိန်မှာ အရပ်ဇာတ် ထည့်ဖို့နေနေသာသာ သူ့ဟာနဲ့သူကို အနိုင်နိုင်ရယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ။ ငယ်ငယ်တုန်းက ကြည့်ခဲ့ရတဲ့ကိုယ့်အရပ်နဲ့ကိုယ့်ဇာတ်ကို သတိရနေတုန်း။ ပြီးတော့ ဘထွေးကြီး ပြောလိုက်တဲ့စကားကိုလည်း အခုထက်ထိနားထဲမှာစွဲပြီး ကြားယောင်နေတုန်းပဲ။

ညိုထွန်းလူ
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar