Breaking News

ထွန်းဇော်ဌေး - လျောက်လှမ်းရာခရီးတထောက်နဲ့မောင်သာချိုရဲ့ပျားခြေရာလမ်း


google.com
လျောက်လှမ်းရာခရီးတထောက်နဲ့မောင်သာချိုရဲ့ပျားခြေရာလမ်း
ထွန်းဇော်ဌေး
(မိုးမခ) ဧပြီ.၂၃. ၂၀၂၀


     ဟိုတလောက ကျောင်းနေဘက် သူငယ်ချင်းတသိုက် ဆုံဖြစ်ကြတယ်။ကိုဌေးသိန်း၊ကိုကျော်ဝင်း၊ကိုအောင် ကျော်မင်းနဲ့ကိုသာချိုတို့ပါပဲ။သူတို့အားလုံးကမြန်မာစာမေဂျာတွေ။ကျနော်ကဒဿနိကဗေဒ။ “ရွယ်လူး”ဘဝမှာ ဆုံခဲ့ ကြတော့ ပြောမနာ၊ဆိုမနာ၊ဆဲမနာတွေ။ လူချင်းတွေ့တာနဲ့အဆဲနဲ့စတင်နုတ်ခွန်းဆက်ရသူတွေဆိုတာ ဘဝ မှာများများမရှိဘူး။ ဒီလူတွေက အဲ့လိုနုတ်ဆက်ရတဲ့သူတွေ။ အတွင်းသိအစင်းသိ။လိမ်လို့မရ၊ ဟန်ဆောင်လို့မရတဲ့ သူတွေ။ အဲ့ဒီနေ့က တွေ့တွေ့ခြင်း ကိုသာချိုက “ရော့ ၊ဒီမှာ ကျုပ်ကဗျာစာအုပ်”တဲ့။သူပေးပြီးတာနဲ့ ဖွင့်မကြည့် သေးပဲ “ခင်သက်ဆွေလမ်းခွဲ”ပါလား”လို့မေးတော့သူက “ပါတယ်”တဲ့။
      မေးရတဲ့အကြောင်းကရှိတယ်။ အတိတ်ကိုပြန်ပြောရရင် ကျနော်တို့နဲ့မဆုံမီကတည်းက သူကစာပေနယ်ထဲ ရောက်နေပြီ။ သူ့ကိုစတွေ့ရတာက ဆရာနန္ဒာသိန်းဇံအခန်းမှာ။သူနဲ့ဇောင်းထက်ကို ဆရာနန္ဒာသိန်းဇံမိတ်ဆက် ပေးခဲ့တာ။ ကာလအားဖြင့်တွက်ရင် ကိုဌေးသိန်းနဲ့တွေ့တာထက်ပိုစောတယ်။ အဲ့ဒီကာလမှာကျနော်ကလက်ဝဲစာ ပေကိုမကျော်ဖြတ်တော့ပဲ Existentialism ဖက်ကိုရှာဖွေနေချိန်ပါ။ စာပေဘက်အနေနဲ့ဆိုရင် ခေတ်ဆန်းကိုဖြတ် ကျော်နိုင်ဖို့အပြန်အလှန်သုံးသပ်နေချိန်လို့ဆိုရမယ်ထင်ပါတယ်။ မှတ်မှတ်ရရ အဲ့ဒီနေ့မှာပဲ ဆရာနန္ဒာသိန်းဇံက ကိုသာချိုပြုစုထားတဲ့ “ရိုမန်တစ်ဝါဒနဲ့မြန်မာကဗျာ”လို့ထင်ပါတယ်။အဲ့ဒါကိုကျနော်ပေးဖတ်ရင်း မိတ်ဆက်ပေး ခဲ့တာ။
     ကျနော်စိတ်ဝင်တစားဖတ်ကြည့်ခဲ့ပါတယ်။ဒါပေမယ့် အဲ့ဒီအချိန်ပိုင်းလောက်မှာ ကျနော်က“သရုပ်မှန်ဝါဒ ခ ရောင်းလမ်း”ကို ညစ်ညူးစွာကူးခတ်ပြီး ခေတ်ပေါ်စာပေဘာလဲလို့သုံးသပ်နေချိန်ပါ။ ဒီကာလမတိုင်မီကလည်း ဆရာဇော်(ဇော်ဇော်အောင်)နဲ့ဦးချစ်ဆိုင်မှာ“ဆိုရှယ်လစ်စာပေအကြောင်း”မျက်စေ့စုံမှိတ်ငြင်းခဲ့ပြီးပြီ။ ဆရာဇော် က “ရုရှားရဲ့ခိုင်ခန့်တဲ့စာပေကို ဖျက်စီးလိုက်တာက မင်းရဲ့ဂေါ်ကီပဲကွ”တဲ့။ တိုက်ဆိုင်ချင်တော့ သောကြာဝိုင်းမှာ လည်း ဆရာမောင်သာနိုးနဲ့မေးခဲ့ဖူးတယ်။ ဆရာကလည်း “အခုငါက ဆိုရှယ်လစ်စာပေသမားမဟုတ်တော့ဘူး ကွ”တဲ့။ ဟုတ်တယ် အဲ့ဒီကာလအတွင်း ဆရာမောင်သာနိုးရဲ့ အင်္ဂလိပ်စာသင်ကျောင်းမှာလည်း George Owell ရဲ့ Animal Farm (သခင်ဘသောင်းကခြေလေးချောင်းတော်လှန်ရေးဟုပြန်ဆို)ကို ပြဌာန်းချက်လုပ်ပြီးသင်နေတဲ့အ ချိန်ပေါ့။ အဲ့ဒီနောက် “ကာဠီမအတွက်တမ်းချင်းကဗျာ”နဲ့ အယူတခုကို နုတ်ဆက်ချိန်။     
      ကိုသာချိုနဲ့ဇောင်ထက်တို့သူငယ်ချင်းတစုကလည်း “တို့လည်းလိုက်မယ် ချန်မထားနဲ့”ဆိုတဲ့ ကဗျာစာအုပ် လေးထုတ်ပြီးစ၊ ပူပူနွေးနွေး။ ဒီလိုနဲ့ဆရာနန္ဒာသိန်းဇံကိုအကြောင်းပြုခင်မင်ရာက၊ကိုဌေးသိန်းတို့နဲ့အတူကျနော် တို့စတည်းချတဲ့ “ဘုံရိပ်သာ” ပဲခူးဆောင်ကို လိုက်လယ်ရာကနေ တစတစရင်းနှီးလာခဲ့ကြတယ်။ တစတစလူ လည်းအတော်စုံလာတယ်။ ဆေးတက္ကသိုလ်(၂)ကဇော်မင်း၊စက်မှုတက္ကသိုလ်က ခင်မောင်ဝင်း(အောင်ချစ်)၊မောင် နေသစ်(ရေဦး)၊တိ/မွေးကုတက္ကသိုလ်က နေဝင်းနှစ်ယောက်၊တို့လည်းရောက်လာတယ်။ပဲခူးဆောင်ဌာနေတွေက ကျနော်၊ကိုစာခေါင်၊ဆလိုင်းလျန်မုန်း၊ပါကျဲအို၊ကိုဝင်းထိန်(မော်လမြိုင်)နဲ့ ဆန်းဦးတို့ပေါ့။ကျောင်းစုံလူစုံပါပဲ။မော် လမြိုင်ကလာတဲ့ မြန်မာစာဂုဏ်ထူးတန်းကျောင်းသား မင်းခင်အောင်တော့ စာမေးပွဲဖြေပြီးတဲ့နောက် ကျောင်းပြန် မတက်တော့ပဲ မွန်ပြည်သစ်ကိုရောက်သွားပြီဖြစ်ကြောင်း မင်းနိုင်မွန်ကတဆင့်သတင်းပါးတယ်။
      ကိုယ်ယုံကြည်ရာကိုယ်လုပ်နေခဲ့ကြတာ။“အယူမတူ၊ငါ့ရန်သူ”ဆိုတာမရှိခဲ့။ ကျနော်နဲ့အငြင်းအခုန်အလုပ်ရ ဆုံးက ကိုဇော်မင်းပဲ။ သူနဲ့ငြင်းရင် စာအုပ်အကိုးကားပါမှရတယ်။ Problem of Starlin ,Anti-During ,The State and Revolution,History of Volshevik တို့ဖတ်မထားရင်ငြင်းဖို့မလွယ်။ သူကလက်ဝဲဝါဒဖက်မှနေသလို ကျနော် က Existentialism ဖက်ကနေငြင်းရလေ့ရှိတယ်။ ဖတ်ထားသမျှစာတွေ ပြန်ကြေအောင်ချေနေရသလိုပါပဲ။ လူစုံ နေတဲ့စကားဝိုင်းဟာ ကျနော်တို့ငြင်းပြီးရင်တော့ တစတစလူပါးသွားပြီ။တက္ကသိုလ်ပရဝုဏ်မှာ အဆောင်နေ ကျောင်းသားနဲ့နေ့ကျောင်းသားနည်းနည်းပဲရှိတော့တယ်။ ဟိုတစုဒီတစုကျိုးတိုးကျဲတဲပဲကျန်တော့တယ်။
      သာချို နဲ့ဇောင်းထက်က၊ကဗျာရေးတယ်။ မကြာမကြာ မဂ္ဂဇင်းတွေထဲမှာ သူတို့ကဗျာတွေ၊ဆောင်းပါးတွေ တွေ့နေရတယ်။ ဇောင်းထက်ရဲ့ “အုန်းဆံကြိုးရဲ့ဒဿန”၊ “ရန်ကုန်တိတ်ခွေ”တို့ဟာ ကျနော်တို့ကြားမှာပြောစ မှတ်ပြုခဲ့ရတဲ့ကဗျာလေးတွေပါ။ ဇောင်ထက်က တော်လှန်ကဗျာနဲ့ သရုပ်မှန်ဘက်ကဲတဲ့ကဗျာတွေများတယ်။သူ့ ကဗျာလေးတွေနဲ့လက်သီးကိုကြစ်ကြစ်ဆုပ်မိခဲ့ရတယ်။သိပ်မကြာခင် ကိုသာချိုတို့ရဲ့ “ငါ့ကိုဇန္နဝါရီပြန်ပေး”က ဗျာစာအုပ်ထွက်လာတယ်။ “ခင်သက်ဆွေလမ်းခွဲ”ကိုဖတ်ပြီး ကိုသာချိုနဲ့အတူ ရင်မောခဲ့ရတယ်။သက်ပြင်းချခဲ့ ရတယ်။ လွမ်းမောသတိရဖွယ်ရာ ကာလတွေ။
    ကျောင်းတပိုင်းတစ၊ ကျနော်တို့အားလုံးရဲ့အခက်အခဲကိုယ်စီနဲ့။ အလုပ်ရယ်လိုပီပီပြင်ပြင်မရှိသေး။အားလုံးရုန်း ကန်နေရချိန်။ ဇာတ်လမ်းအရ ကိုသာချိုလည်းအခက်အခဲတွေနဲ့။သူအလွန်မြတ်နိုးရတဲ့ခင်သက်ဆွေကို မိဘရပ်ထံ ပို့ပြီး ဘဝပြဿနာကိုဖြေရှင်းလိုက်ရပုံကို ဖတ်ပြီးခံစာခဲ့ရဖူးတယ်။ လွမ်းမောခဲ့ရဖူးတယ်။ ကျောင်းစာတဖက် ဝမ်း ရေးတဖက်နဲ့ မလွမ်းသာ၊မချမ်းသာစရာအခြေနေကို စာနာမိခဲ့သလို မျက်ရည်စက်လက် ချစ်လျှက်နဲ့ထွက်ခွာပေး ရသူ ဘဝရဲ့သားကောင်မလေး ခင်သက်ဆွေကိုလည်း ရင်နာနာနဲ့ စာနာခဲ့ရဖူးတယ်။အဲ့ဒီခံစားစိတ်ကြောင့်ပဲ က ဗျာစာအုပ်ရတာနဲ့ “ခင်သက်ဆွေလမ်းခွဲ”ပါလားလို လွမ်းတသသ၊သတိရစိတ်နဲ့မေးလိုက်တာ။
    ဟုတ်တယ်။ ကိုသာချိုရဲ့ ကဗျာတွေက အသံသာသလို လွမ်းစိတ်ပိုကဲနေတယ်။တကယ့် ရိုမန်းတစ်သမားပေ ကိုး။ သူ့ရဲ့ ရိုစ်မန့်အခံဝေဒနာကို ထပ်ဖြည့် ပေးလိုက်တာက သူ့ကဗျာတွေရဲ့အသံသာခြင်းပဲ။ သူ့အသံဟာ ခေတ် ဆန်းအငွေ့မကင်းပေမယ့် ကျင်လည်ရာခေတ်ရဲ့ ရစ်ဿမ်ကိုလည်းတွေ့နေရတယ်။ ဒီလိုနဲ့ကျောင်းသားဘဝ တ လျောက်လုံး လက်လှမ်းမီရာပညာရပ်တွေကို ပျားတကောင်ဝတ်ရည်စုသလိုစုခဲ့ကြရတာကလား။ အဲ့ဒီလိုတခုံတ မင်ဝတ်ရည်စုခဲ့တဲ့ ပျားတွေဟာ ၁၉၈၈ မုန်တိုင်းထဲက တော်လဲသံတွေနဲ့လူထုတော်လှန်ရေးငလျင်လှုပ်ခတ်မှု တွေကြောင့် တကွဲတပြားစီလွင့်စင်သွားခဲ့ကြတယ်။အချို့လည်းမိခင်ပျားအုံနဲ့ဝေးရာဆီကို ပျံထွက်သွားကြ။ အချို့ လည်းလမ်းခုလတ်မှာပျားအုံသစ်တွေဖွဲ့ကြပေါ့။
      ကျနော်လည်း ပျော်ရာမှီးရာတက္ကသိုလ်ဆရာဘဝကို စွန့်ခွာခဲ့ရသလို ရည်ရွယ်ရာဘဝလမ်းနဲ့ဇွတ်ခွဲခွာခြင်း ဒဏ်ခံလိုက်ရပါတယ်။ “ကုန်းဘောင်လည်းဆုတ်၊ကြိုးလည်းဖြုတ်ချခြင်း”ခံလိုက်ရသလိုပါပဲ။ နောက်တော့ ကို ဌေးသိန်းတို့ကိုဇော်မင်းတို့တအုပ်လုံး ဘဝရေသေထဲမှာ ဂူအောင်းသွားခဲ့ကြပြီ။ အဲ့ဒီအချိန်က အပြင်မှာကျန်ရစ် ခဲ့တဲ့ အထီကျန်ခံစားမှုကိုခံစားခဲ့ရဖူးတယ်။ စိတ်ထဲမကောင်း။ နေ့တဓူဝ မနက်လင်းကျောင်းရောက်တာနဲ့ည ဘက်အိမ်ပြန်သည်အထိ ပြောဆိုငြင်းခုန်ခဲ့ကြသူတွေ။ မြင်နေကျတွေမျက်စေ့အောက်ကပျောက်သွားခဲ့တာ။ အချို့ သောကျောင်းသားတွေကတော့ ထိုင်းနယ်စပ်ဖက်ထွက်ခွာသွာကြပေါ့။ ကျောင်တော်ကြီးကလည်းတိတ်ဆိတ်လို့။ တက္ကသိုလ်ကျောင်းမှာ ဆရာအဖြစ်ကျန်ရစ်သူတွေလည်း တနယ်တကျေးမှာ ပြစ်ဒဏ်ပေးခံရသလိုရွှေ့ပြောင်းကြ ရ။ အရင်က သင်းပျံ့မွှေးကြိုင်ခဲ့တဲ့ ဝန်းကျင်ငွေ့အားလုံးစစ်ဖိနပ်အောက်မှာအစစပျက်ပြယ်သွားခဲ့ပါပြီ။
        ၁၉၉၀ နှောင်းပိုင်း ကျောင်ပြန်ဖွင့်ခဲ့ပေမယ့် ဆရာမစုံကျောင်းသားလည်းမစုံတော့။ ကံ့ကော်ဝတ်မှုံတို့ပင် ယမ်းနံ့မပြယ်သေး။စစ်ကြီးပြီးစရဲ့သရုပ်သကန်တခုလိုပါပဲ။ ကျောင်းအစုံစုံရဲ့ရင်ငွေ့လှုံကျောင်းသားတွေလည်း မိ ခင်ရင်ခွင်ကိုစွန့်ခွာလို့ ထိုင်းမြန်မာနယ်စပ်မှာ လွတ်မြောက်ရာနယ်မြေရှာဖို့ ထွက်သွားခဲ့ကြတယ်။ တဖွဲဖွဲတသဲသဲ ပါပဲ။ ပျားသူငယ်တွေဝတ်ရည်စုဖို့ နေရာအနှံ့ဝဲပျံနေကြသလိုမျိုး။ ကျောင်းသားတွေ၊သူငယ်ချင်းတွေေ၊မိတ်‌ဆွေတွေ၊ ရဲဘော်ရဲဘက်တွေနဲ့အတူတွဲနေရာက ရုတ်တရက်ကင်းဝေးသွား တဲ့အခါကဗျာဆရာရဲ့အထီးကျန်ခံစားမှုသောက နဲ့ဝေဒနာဟာ ရင်နဲ့အမျှထွက်ပေါ်လာလေ့ရှိဟန်ပါပဲ။ မောင်သာချိုကတော့“ပျားခြေရာလမ်း”ကဗျာကိုရေးပြီးဖြေ သိမ့်ခံစားလိုက်ဟန်ရှိတယ်။ ပုခုံးပေါ်ကျလာတဲ့တာဝန်ကို ထမ်းဆောင်ဖို့ထွက်ခွာသွားကြသူတွေရဲ့ ခြေရာတွေကို လည်းကဗျာဆရာကအလေးထားပြီး တခုတ်တရသိမ်းထုပ်ထားလိုဟန်ပါပဲ။ သူက….။  

ပျားခြေရာလမ်း
ကမ္ဘာမြေပြင်ပေါ်မှာ ငလျင်ကြီးတခုလှုပ်ခတ်သွားတယ်။ 
ပျားတွေ 
ပျားတွေ 
အစုလိုက်အပြုံလိုက်ပျံသန်းသွားကြပေါ့။                 
ကမ္ဘာကြီးဆီက ဘာတခုမှမရဘဲ
ကမ္ဘာကြီးအတွက် အကောင်းဆုံးပျားရည်စက်တွေပေးမလို့တဲ့လေ ။
ညက…         
အိပ်မက်တွေလှပပုံများ ပျားတကောင်အဖြစ်နဲ့ ငါပျံသန်းသွား။ ……တဲ့။
မောင်သာချို 
(၁၉၉၁၊ပေဖူးလွှာ)

      နှလုံးသည်းပွတ်ထိခံစားလာရပြီဆိုရင် အသံဟာထွက်ပေါ်လာတတ်စမြဲပဲ။ တော်လှန်ရေးသမားက ကြွေး ကြော်သံတွေနဲ့ဟစ်ကြွေးတယ်။ ပန်းချီဆရာက ကင်ဗတ်ပေါ်မှာ ဆေးချယ်တယ်။ ဂီတဆရာက သံစဉ်တွေကို ဖွဲ့ သီတယ်။ ကဗျာဆရာက စကာလုံးတွေထဲ နာကျင်နေတဲ့နှလုံးသား ကိုမြှုပ်နှံတယ်။ နှလုံးသားရဲ့ အနက်ရှိုင်းဆုံး နေရာဆီက ထွက်ပေါ်လာတဲ့အသံတွေ။အားလုံးရဲ့အသံတွေဟာ အရင်းအနှီးကြီးခဲ့တယ်။ သူ့အထွာနဲ့သူ၊သူ့အချိုး အစားနဲ့သူ ပေးဆပ်မှုမှာ အလေးအပေါ့မရှိခဲ့ဘူးလေ။ အားလုံးအတွက်ဆိုတဲ့ “မျှာ်လင့်ချက်တစုံတရာ”ကလွဲပြီး အတ္တတစုံအတွက်မကြွေးကြော်ခဲ့ကြဘူး။ တေးမရေးခဲ့ကြဘူး။ဆေးမချယ်ခဲ့ကြဘူး။ ကဗျာမစပ်ခဲ့ကြဘူး။ အဖြူ ထည်သက်သက် ပုံဖေါ်ခဲ့ကြတာ။
      မောင်သာချိုကတော့…
“ကမ္ဘာကြီးဆီက၊ ဘာတခုမှမရဘဲ၊ ကမ္ဘာကြီးအတွက် အကောင်းဆုံးပျားရည်စက်တွေပေးမလို့တဲ့လေ။”လို့ သက်ပြင်းချ၊ ရင်မောသံနဲ့ဆိုလေသလောမသိ။ 

ကျနော်တို့ ဖြတ်သန်းခဲ့ရာ လမ်းတလျောက်မှာ အဲ့လိုလူတွေအများကြီးဆုံတွေ့ခဲ့ရတယ်။ ကိုယ့်ထက်ငယ်ပေမယ့် လေးစားခဲ့ရ သူတွေ။ ပေးဆပ်ခဲ့ကြသူတွေ။ လွတ်လပ်ရေးအတွက်ပေးဆပ်ခဲ့ကြသူတွေ။ ဒီမိုကရေစီရေးအတွက် ပေးဆပ်ခဲ့ကြ သူတွေ။ သူတို့ဘတမှာ ဘာမှယူဆောင်မသွားနိုင်ပေမယ့် သူတို့ပေးခဲ့တဲ့ ပျားရည်စက်တွေကတော့ ကမ္ဘာကြီးအ တွက် ချိုမြနေဆဲပါပဲလေ။ “အကောင်းဆုံးပျားရည်စက်တွေပေးမလို့တဲ့လေ။”တဲ့။ကရုဏာတရားရဲ့မောဟိုက်ဟို က် တမ်းတသံကိုကြားလိုက်ရသလိုပါပဲ။

       နောက်တော့ ကဗျာဆရာ့မြုံနာထဲမှာ စွန့်စားထွက်ခွာသွားကြလေသူတို့အတွက်၊အားကျဂုဏ်ယူစိတ်တို့ အ ချိန်နဲ့အမျှကြီးမားနေဟန်ပါ။ အဲ့ဒီစိတ်ကို အိပ်မက်ထဲအထိခေါ်ဆောင်ပြီး သူ့ကိုယ်သူပျားတကောင်အသွင်ဖန်တီး ယူလိုက်ဟန်ပါပဲ။ စွန့်စားသူတို့ရဲ့အိပ်မက်တွေကို၊အလှတရားအဖြစ် သူ့နှလုံးအိမ်မှာ ခံယူလိုက်ပုံရပါတယ်။ ဒီမှာပဲ ကဗျာဆရာ ရဲ့ Sincerity (နှလုံးအိမ်ဖြူစင်မှု)တခုကိုမြင်လိုက်ရပေါ့။ တကယ့်အစစ်အမှန်လောက(Real World) မှာ သူမရနိုင်တဲ့၊သူမစွမ်းသာခဲ့တဲ့ “စွန့်လွှတ်စွန့်စားသူတို့ရဲ့နှလုံးသား”မျိုးကို သူ့ရဲ့အိပ်မက်လောထဲမှာ လိပ်ပြာ ကူးလူးခံစားလိုက်ပုံပါပဲ။ ဒါကြောင့်လည်း ပျားတကောင်အဖြစ် ပျံသန်းခွင့်ရခဲ့တဲ့ အိပ်မက်ကလေးကိုပင် မက်မက် စက်စက် ဖက်တွယ်ထားပြီး တပြိုင်တည်းမှာပဲ အဲ့ဒီလိုမက်ခွင့်ရတဲ့အိပ်မက်ကိုပဲ ပီတိတခုလိုခံစားနေဟန်ပေါ်လွင် လာတယ်။ တကယ့်အစစ်မှန်ဘဝမှာတော့ ပြဌာန်းခံလူမှုဘဝကို ဘယ်မှာ ကျော်နိုင်ပါ့မလဲကွယ်။

      အနုပညာလက်ရာတခုကိုအကဲဖြတ်ရာမှာ အကြောင်းပြချက်အမျိုးမျိုးရှိတတ်ကြတယ်။ စကားလုံး ဖွဲ့စည်းပုံ ကျစ်လစ်မှု၊နက်ရှိုင်းမှု၊ဆေးရောင်၊တေးသံစည်း၊အစရှိတာတွေဟာ ခေတ်ကာလရင်ခုံသံအတိုင်းပြောင်းလဲသွားကြတတ်ပေမယ့် စာဆိုရဲ့ရိုးဂုဏ် (Sincerity)နဲ့ ဟာမိုနီသဘောတို့ကတော့ အခြေခံတရားအဖြစ်ရှိနေဆဲပါ။ ရိုးဂုဏ်ဆိုတာ ကဗျာတိုင်းမှာမတွေ့ရတတ်သလို အနုပညာရှင်တိုင်းမှာလည်းတွေ့ရခဲတဲ့ ဂုဏ်တခုဖြစ်သလိုတန်ဖိုးတခု လည်းဖြစ်နေပါတယ် ။

   ဒီကဗျာမှာပြောနိုင်တာတချက်က အစဉ်အလာသူ့ကဗျာရေးဟန်တွေနဲ့မတူတာပါပဲ။ ဒါကြောင့် ဝေါဟာရ ကြွယ်ဝခြင်း(complexity)ဆိုတဲ့သဘောကို ဒီကဗျာမှာမတွေ့နိုင်ပါဘူး။ နက်ရှိုင်းမှုသဘော(Intensity)သဘော ကိုအခြေပြုထားတယ်လို့ သုံးသပ်ရန်ရှိပါတယ်။ နက်ရှိုင်းမှု(Intensity)မှာ သီးခြားစံနှုန်းတွေရှိတယ်။ ကဗျာသက်ဝင်မှုသဘော( Full of Vitality) ထင်သာမြင်သာဖြစ်အောင် တင်ပြနိုင်စွမ်း(Forceful and Vivid)၊နူးညံ့ ခြင်း (Tender)၊သိမ်မွေ့ပျော့ပြောင်းမှု(Delicate)၊ထေ့ငေါ့ခြင်း(Ironic)၊ဆိုးနင့်အလွမ်း(Tragic)၊စေတနာစေတသိတ် ကောင်းမွန်ခြင်း(Graceful)၊စတာတွေပါတာပေါ့။ ဒီစံတွေကိုအခြေပြုပြီး ဝေဖန်ရေးဆရာတွေကချဉ်း ကပ်သုံးသပ် ကြတာပါ။ ပုံဏ္ဍန်ပိုင်းဆိုင်ရာတွေကိုအခြေခံပြီး အတွင်းသရုပ်ရဲ့ နက်ရှိုင်းမှုကိုရှာတာပါပဲ။

         တကယ်တော့ လက်တွေ့ဘဝမှာမရနိုင်တာတွေကို စိတ်ကူးအိပ်မက်မှာရှာဖွေတတ်ကြတာဟာ ရိုးမန့်ကဗျာဆရာတွေရဲ့ ထွက်ပေါက်တခုဖြစ်လေ့ရှိပါတယ်။ အဲ့ဒီအထဲကပဲ ကိုယ်ကျင့်သန့်စင်မှုကို စာဆိုတို့တန်ဖိုးထားတတ် တာဟာလည်း ရိုမန်တစ်ဆရာတို့ရဲ့ စံတခုပါ။ ဒီကဗျာမှာတော့ မောင်သာချိုဟာ အခြားသူ့ကဗျာတွေမတူပဲ  အတတ်နိုင်ဆုံးအလင်္ကာတန်ဆာဆင်မှုကိုလျော့ချလိုက်တာကိုလည်းတွေ့ရပါတယ်။ အနည်းဆုံးဝါဒီ(Minimalist) တို့အကြိုက်ပုံစံမျိုးပါပဲ။ 

“ပျားခြေရာလမ်း”ကတော့ လှပတဲ့နမိတ်ပုံတခုအဖြစ် တန်ဆာဆင်မှုခပ်ပါးပါးလေးရှိနေ ပြန်တာကိုတွေ့ရတယ်။ နမိတ်ပုံဒါဒီတွေ အသုံးပြုလေ့ရှိတဲ့ဖန်တီမှုမျိုးပါ။ 

ဘာပဲဖြစ်ဖြစ် မောင်သာချိုရဲ့ “ပျားခြေရာလမ်း” ကဗျာဟာ ကဗျာရဲ့ခံစားမှုရိုးဖြောင့်ခြင်းဂုဏ်နဲ့အတွေးတို့ရဲ့နက်ရှိုင်းစွာခံစားရခြင်း(Intensity)သဘော တို့ကို ခံစားရမိပါတယ်။ တကယ်တော့ သူလည်း ကမ္ဘာကြီးကို အကောင်းဆုံးပျားရည်စက်တွေ ပေးချင်နေမှာပါပဲလို့ တွေးတောခံစားရင်း ကဗျာကောင်းတပုဒ်အဖြစ် မှတ်ယူလိုက်ရပါကြောင်းဗျာ။

ထွန်းဇော်ဌေး
စာရေးသူ၏ခွင့်ပြုချက်အရ ...