Breaking News

ဇင်လင်း - ပြည်တွင်းစစ် ရပ်ပါ ရွေးကောက်ပွဲနည်းဖြင့် ဖက်ဒရယ်နိုင်ငံရေး နိဒါန်းပျိုးပါ






ဇင်လင်း - ပြည်တွင်းစစ် ရပ်ပါ ရွေးကောက်ပွဲနည်းဖြင့် ဖက်ဒရယ်နိုင်ငံရေး နိဒါန်းပျိုးပါ

(မိုးမခ) အောက်တိုဘာ ၃၀၊ ၂၀၂၀

ယနေ့မြန်မာနိုင်ငံအခြေအနေသည် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးအစရှိသည့် ကဏ္ဍအသီးသီးတွင် အကျပ် ကြုံနေရသည်။ ပဓါနပြဿနာမှာ မျှော်လင့်မထားသည့် ကျန်းမာရေးထောင့်မှ ပေါ်ထွက်လာသည်။ ကမ္ဘာ့ကပ်ရောဂါဟုဆို သည့် ကိုဗစ်-၁၉ ရောဂါ ဗိုင်းရပ်စ်ပိုး ကမ္ဘာအနှန့်ကူးစက်မှု ဖြစ်ပွားခဲ့ရာ မြန်မာနိုင်ငံလည်း ရှောင်ရန်မစွမ်းသာခဲ့ချေ။ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၃ တွင် ကမ္ဘာတစ်ခုလုံး ရောဂါကူးစက်ခံရသူ အရေအတွက် သည် ၂၉ သန်းခန့်ရှိ၍ ရောဂါကြောင့် သေဆုံးရသူပေါင်း ၉ သိန်းကျော်နေပြီ ဖြစ်သည်။ တစ်ချိန်တည်းတွင် မြန်မာနိုင်ငံ၌ ရောဂါကူးစက်ခံရသူ ၂၅၀၀ ခန့်ရှိပြီး ၁၆ ဦးသေဆုံးခဲ့ရပြီ ဖြစ်သည်။ မြန်မာနိုင်ငံတွင် လာမည့် နိုဝင်ဘာ ၈ ၌ ကျင်းပရန်ရှိသော အထွေထွေရွေးကောက်ပွဲသည် ကိုဗစ်ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေးအတွက် ကြိုးပမ်းနေရချိန်နှင့် တိုက်ဆိုင်နေသည်။

ကိုဗစ်ကပ်ရောဂါကူးစက်မှုနှုန်း ပိုမိုမြင့်တက်လာသကဲ့သို့ လူအသေအပျောက်လည်း ပိုမို များပြားလာသည့်အတွက် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းရန် သင့်/မသင့် ဝေဖန်ဆန်းစစ်သံများ ကျယ်ကျယ် လောင်လောင် ထွက်ပေါ်လျက်ရှိသည်။ သို့သော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် လက်ရှိ အခြေအနေအရ ရွေးကောက်ပွဲ ရွှေ့ဆိုင်းရန် မရှိဟု ပြောကြားထားသောကြောင့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းသင့်/မသင့် နှင့်ပတ်သက်၍ နိုင်ငံရေး ပါတီခေါင်းဆောင်များအကြား အမြင်သဘောထား အမျိုးမျိုး ဖြစ်ပေါ်နေသည်။

အခြားတစ်ဖက်တွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများကလည်း ရပ်စဲသွားခြင်း မရှိသေးဘဲ ဖြစ်နေသည်သည်။ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ပါဝင်သည့် ညီနောင်မဟာမိတ်သုံးဖွဲ့က ရွေးကောက်ပွဲကာလလွန်သည့်အထိ အပစ်ရပ်ထားမည်ဟု ထုတ်ပြန်ကြောညာခဲ့သော်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း ကြားနေရသည်။

အပစ်ရပ်ထားသော်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေမှုအပေါ် ညီနောင်မဟာမိတ် အဖွဲ့ဝင် TNLA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က ယခင်ကလည်း ညီနောင်မဟာမိတ်အဖွဲ့က အပစ်ရပ် ထုတ်ပြန်ခဲ့ဖူးသည်ဟု ဆိုသည်။ သို့သော်လည်း AA ရှိသည့် ရခိုင်မြောက်ပိုင်းတွင် တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း ပြောသည်။ တပ်မတော်က ထုတ်ပြန်သည့် အပစ်ရပ်ကြေညာချက်၌လည်း ယခင်ကတည်းက ရခိုင်နယ်မြေမပါခဲ့ဟု ဆို သည်။ ယခုလည်း ရခိုင်ဒေသ မပါ၀င်သဖြင့် တစ်ဖက်သတ် ချေမှုန်း၍ စစ်ရေးအရ ဖိအားပေးနေသည်ဟု ယူဆကြောင်း ဗိုလ်မှူးမိုင်းအိုက်ကျော်က ဆိုသည်။ နိုင်ငံရေးပြဿနာကို စစ်ရေးနှင့် ဖြေရှင်းနေသဖြင့် တိုက်ပွဲဆက်ဖြစ်နေသည်ဟု ထင်မြင်ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ က သတင်းနှင့်မီဒီယာကွန်ယက် (NMG) သတင်းဌာနသို့ ပြော ကြားခဲ့သည်။ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေရခြင်းသည် တပ်မတော်ထိုးစစ်များကြောင့်ဖြစ်ပြီး တိုက်ပွဲမဖြစ်စေလိုလျှင် တပ်မတော်ဖက်က ထိုးစစ်များကို ရပ်တန့်ရန်လိုအပ်ကြောင်း ညီနောင်ဟာမိတ်သုံးဖွဲ့က ပြောသည်။

အဆိုပါ မဟာမိတ်အဖွဲ့များသည် UWSP/UWSA “ဝ”ဦးဆောင်သည့် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ၏ အဖွဲ့ဝင်များဖြစ်သည်။ FPNCC အဖွဲ့တွင် ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP)၊ မြန်မာအမျိုးသားများ ဒီမိုကရက်တစ်မဟာမိတ် တပ်မတော်(MNDAA-ကိုးကန့်အဖွဲ့)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော်(NDAA မိုင်းလား အဖွဲ့)၊ တအာင်း/ပလောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)၊ ရက္ခိုင့်တပ်တော် (ULA/AA) တို့ ပါဝင်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်နေ့တွင် ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် TNLA (တအန်း)၊ MNDAA (ကိုးကန့်)၊ AA (ရခိုင်) တို့က ၂၀၂၀ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအား အထောက်အကူပြုရန်ဆိုသည့် အချက် အပါအဝင် အဓိကအချက် သုံးချက်ပါသည့် ပူးတွဲထုတ်ပြန်ချက် တစ်စောင်ထုတ်ပြန်ခဲ့သည်။ စက်တင်ဘာလ ၁ ရက်နေ့စွဲဖြင့် ပူးတွဲ ထုတ်ပြန်ထားသည့် ညီနောင်မဟာမိတ်သုံးဖွဲ့၏ ထုတ်ပြန်ချက်တွင် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပမည့် ရွေးကောက်ပွဲ ကာလတွင် အထောက်အကူ ဖြစ်စေရေးအတွက် တစ်ဖက်သတ် အပစ်အခတ် ရပ်စဲခြင်းကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ လ ၁ ရက်မှ နိုင်ဝင်ဘာလ ၉ ရက်နေ့ အထိ ရက်ပေါင်း ရ၀ ကြာ သတ္တမအကြိမ် ထပ်မံတိုးမြှင့်လိုက်ကြောင်း ဖေါ်ပြပါရှိ သည်ဟု ဆိုသည်။

ဗိုလ်မှူး မိုင်းအိုက်ကျော်က “လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲမှာ လူထုတွေ လွတ်လွတ်လပ်လပ် ဆန္ဒမဲ ပေးလို့ ရအောင် ပေါ့နော ကျနော်တို့က ရွေးကောက်ပွဲရဲ့ ဟိုဖက်အထိကို သက်တမ်း တိုးလိုက်ခြင်း ဖြစ်ပါတယ်။” ဟုပြောကြားသည်။

သို့သော်ရာတွင် အဆိုပါထုတ်ပြန်ချက် ထုတ်ပြန်ပြီး သုံးရက်အကြာ၊ စက်တင်ဘာ ၂ ရက်နေ့ ညနေ့ ၆ နာခွဲအချိန်ခန့်တွင် ကျောက်တော်မြို့ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များကို ကြိုပို့သည့် ယာဉ်များကို ကျောက်တော်၏ တောင်ဘက် မီတာလေးထောင် အကွာတွင် ရီမုဒ်မိုင်းဖြင့် တိုက်ခိုက်ခဲ့သဖြင့် ရဲနှစ်ယောက် ဒဏ်ရာရခဲ့ပြီး ရန်သူ့အလောင်း ၂ လောင်းနှင့် သေနတ် ၁ လက် ရရှိခဲ့သည့် ဖြစ်စဉ်ရှိခဲ့သည်ဟု တပ်မတော်က ဆိုသည်။ AA အနေဖြင့် ၎င်းတို့ ထုတ်ပြန်ချက်နှင့် လုပ်ရပ် တခြားစီ ဖြစ်နေ သည်ဟု စက်တင်ဘာ ၄ ရက်နေ့ တပ်မတော်၏ သတင်းစာရှင်းပွဲ၌ ထုတ်ပြန်ခဲ့သည်။

လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများ လျော့ချနိုင်ရန်နှင့် ၂၀၂၀ ရွေးကောက်ပွဲကို ရခိုင်ပြည်နယ်တွင် အောင်မြင်စွာ ကျင်းပ နိုင်ရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် အမြန်တွေ့ဆုံညှိနှိုင်းရန်လိုကြောင်း ရခိုင်ပြည်နယ် ရသေ့တောင် မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက တိုက်တွန်းထားသည်ဟု ဆိုသည်။

ဤအတောအတွင်း ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးဦးစိုးထက် စီးနင်းလိုက်ပါလာသည့် စက်လှေအား စက်တင်ဘာလ (၉) ရက် မွန်းလွဲ ၁ နာရီခန့်တွင် ရခိုင်လက်နက်ကိုင် AA အဖွဲ့က လက်နက်များဖြင့် အနည်းဆုံး ၁၁ ချက်ခန့် ပစ်ခတ်ခဲ့ ကြောင်း “ခူမီချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီ”(KACC) က သတင်းထုတ်ပြန်ခဲ့ကြောင်း DMG သတင်း ၌ ဖေါ်ပြသည်။ ဦးစိုးထက်သည် ရွေးကောက်ပွဲ မဲဆွယ်ကာလအတွက် ပလက်ဝမြို့၌ရောက်ရှိနေ၍၊ စက်လှေသည် ကုလား တန်မြစ် အနောက်ဘက်ကမ်းရှိ ပလက်ဝမြို့ဆိပ်ကမ်းမှ ထွက်ခွာပြီး မြစ်အရှေ့ဘက်ကမ်းသို့ ကူးလာစဉ် ပစ်ခတ်ခံရခြင်း ဖြစ်သည်ဟု ဆိုသည်။ ပစ်ခတ်မှုကြောင့် လူအထိအခိုက်မရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဝန်ကြီးဦးစိုးထက်က “ဒီနေ့နေလည်ပိုင်းက ကျွန်တော်အပါအဝင် ပြည်နယ်အဆင့်အကြီးကဲတွေက ပလက်ဝ မြို့နယ်မှာရှိ တဲ့ ကျေးရွာတွေကို စက်လှေနဲ့သွားတော့ လမ်းမှာအပစ်ခံရတာ။ စက်လှေမှာပါတာကတော့ လူ(၁၀) ကျော်ပါတယ်။ ဒဏ် ရာရတာတော့မရှိဘူး။ ပစ်တာကတော့ AA အဖွဲ့ကပစ်တာပါ။ အခုတော့ ပလက်ဝကို ရောက်ပါပြီ။” ဟု DMG သတင်းသို့ ပြောသည်။

ယင်းနေ့ နေလည် ၁ နာရီကျော်တွင် ပလက်ဝဒေသအတွင်း တပ်မတော် နှင့် ရက္ခိုင့်တပ်တော် AA တို့ နာရီခွဲခန့်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဝန်ကြီးဦးစိုးထက်က ပြောပြသည်။ ရက္ခိုင့်တပ်တော်(AA)အား ဆက်သွယ်မေးမြန်းရန် ဖြစ်သော်လည်း ဥပဒေအရတားမြစ်ထားသဖြင့် ယခုဖြစ်စဉ်နှင့်ပတ်သက်၍ AA ၏ တုန့်ပြန်ချက်ကို မရရှိဟု ဆိုသည်။ လာမည့် နိုဝင်ဘာလ (၈)ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမည့် ပလက်ဝမြို့နယ်မှ လွှတ်တော်ကိုယ်စား လှယ်လောင်းများ၏ လုံခြုံရေးအပါအဝင် ပလက်ဝမြို့နယ်အတွင်း ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး အတွက် စိုးရိမ်မကင်းဖြစ်ရကြောင်း KACC ၏ ထုတ်ပြန်ချက်၌ ဖေါ်ပြထားသည်။ ပလက်ဝဒေသတွင် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ချင်းပြည်နယ်အစိုးရအနေဖြင့် လိုအပ်သည့် လုံခြုံရေးအစီအမံများကို သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းများနှင့် ညှိနှိုင်းတိုင်ပင် ပြင်ဆင်ထားသင့်ကြောင်းလည်း KACC က တိုက်တွန်းထားသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တပ်မတော်နှင့် ရက္ခိုင့် တပ်တော်(AA)တို့ဖြစ်ပွားနေသည့် တိုက်ပွဲများကို ရပ်စဲပေးရန် ‘ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ’ (KACC) က စက်တင်ဘာလ ရ ရက်နေ့တွင် တောင်းဆိုခဲ့သည်။ တိုက်ပွဲများကြောင့် ပလက်ဝမြို့နယ်တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ပါက၊ ပလက်ဝဒေသအတွက် နိုင်ငံရေးအရ ကိုယ်စားပြုသည့် ကိုယ်စားလှယ်များ မရှိမည်ကို စိုးရိမ်သည့် အတွက် တိုက်ပွဲများရပ်တန့်ပေးရန် တောင်းဆိုရခြင်းဖြစ်သည်ဟု KACC ဒုတိယဥက္ကဋ္ဌ ဆလိုင်းစောမြ က ပြောကြောင်း DMG သတင်းက ဆိုသည်။

“ကျနော်တို့ဒေသမှာ စစ်ရေးပဋိပက္ခတွေဖြစ်နေတာကလည်း ကြာလာပြီဆိုတော့ ဒေသတွင်းစားဝတ်နေရေးကလည်း ခက်ခဲတယ်။ နောက်ပြီး IDP စခန်းတွေ များလာတယ်။ အဲဒီကြားထဲမှာ ကျနော်တို့ဒေသကိုယ်စားပြု ကိုယ်စားလှယ်တွေ တောင်မှ မရှိနိုင်ဘူးဆိုရင် တကယ်လို့ ရွေးကောက်ပွဲမဖြစ်ဘူးဆိုရင်ပေါ့၊ ကျနော်တို့ဒေသတွေအတွက် အများကြီးနစ်နာ စရာ ရှိတယ်။ အဲဒါကြောင့်မို့လို့ ရွေးကောက်ပွဲကိုတော့ လုပ်ပေးစေချင်တဲ့သဘော ထုတ်ပြန်လိုက်တာဖြစ်တယ်။” ဟု ၎င်းက ပြောသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပလက်ဝမြို့နယ်တွင် ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် ပြည်ထောင်စုအစိုးရကို တင်ပြထားကြောင်း ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးထိုက်ကပြောသည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်(UEC) ကလည်း ရွေးကောက်ပွဲမကျင်းပနိုင်သည့် မဲဆန္ဒနယ်များကို လာမည့် အောက်တိုဘာလတွင် ကြေညာ သွားမည်ဟု ပြောဆိုထားသည်။

လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်းကို လေ့လာကြည့်ပါက ပြည်တွင်းငြိမ်းချမ်းရေးပြဿနာ သို့မဟုတ် အမျိုး သားပြန်လည်သင့်မြတ်ရေးကိစ္စသည် သော့ချက်နေရာ၌ ရှိနေဆဲဖြစ်သည်။ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ သို့မဟုတ် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးပြဿနာကို မဖြေရှင်းနိုင်သမျှ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းရေးဆိုသည်မှာ လေထဲ က တိုက်အိမ်တစ်လုံးမျှသာ ဖြစ်နေမည်။ ယခု ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသနှင့် ပလက်ဝမြို့နယ်တို့တွင် ဖြစ်ပွားနေ သည့် စစ်ရေးပဋိပက္ခများကို ဥပမာအဖြစ် လေ့လာ ကြည့်ရုံဖြင့် တစ်ပြည်လုံး၏ ပြဿနာကို သိမြင်နိုင်သည်။ လာမည့် ရွေးကောက်ပွဲ ရာခိုင်နှုန်းပြည့် အောင်မြင်ရန် မည်မျှခက်ခဲကြောင်း မြင်နိုင်သည်။ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် တစ်လခွဲမျှသာ လိုတော့သည်ဖြစ်၍ ပြည်တွင်းစစ် ပဋိပက္ခကို ယခုအချိန်၌ ရပ်သင့်ပေပြီ။

နိုဝင်ဘာ (၈)ရက် ရွေးကောက်ပွဲနေ့ မတိုင်မီ တိုက်ပွဲအရှိန် မြင့်နေသည့် ရခိုင်ပြည်နယ်အတွင်း ယာယီအပစ်အခတ် ရပ်စဲ ရေး ရရန် နည်းလမ်း ရှာဖွေရမည်။ မဲဆန္ဒနယ်အားလုံး၌ ရွေးကောက်ပွဲများကျင်းပနိုင်ရန် အစိုးရနှင့် တပ်မတော်တို့ က အင်အားကြီးသူများပီပီ စိတ်သဘောထား ကြီးစွာထားဖို့လိုသည်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ရည်ရွယ်ချက် အမှန် တကယ် ရှိသည်ဆိုလျှင် ရက္ခိုင့်တပ်တော် AA အပါအဝင် FPNCC အဖွဲ့နှင့် ညှိနှိုင်းဆွေးနွေးရန် တွန့်ဆုတ်မနေသင့်ပေ။

မြန်မာနိုင်ငံ အနေဖြင့် COVID-19 ကပ်ရောဂါကို ထိန်းချုပ်ရေးအစီအစဉ်အောက်၌ မဲဆန္ဒနယ် တစ်ခုမကျန် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုးပမ်းရမည်ဖြစ်သဖြင့်၊ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ လူထုလူတန်းစားအဖွဲ့ခေါင်းဆောင်များ စည်းလုံးညီညွတ်ကြရမည့်အချိန် ဖြစ်သည်။ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနှင့် ငြိမ်းချမ်းရေးအတွက် တစ်နိုင်ငံလုံး အပစ်ရပ်ရေး ဘုံသဘောတူ ညီမှု ရရှိရေး ပူးပေါင်းဆောင်ရွက်သင့်ပြီ ဖြစ်သည်။ လက်ငင်းဖြစ်ပေါ်နေသော နိုင်ငံတကာရေးရာ အခြေအနေများကို လေ့လာဆန်းစစ်မှု မပြုကြဘဲ၊ ပြည်တွင်းပဋိပက္ခ အရှုပ်အထွေး ၀ါးလုံးခေါင်းထဲ၌သာ သံသရာလည်နေပါက၊ မြန်မာနိုင်ငံ သည် ခေတ်သစ် ကိုလိုနီနယ်ချဲ့သမား၏ ပစ်မှတ်အသစ် ဖြစ်လာဖွယ်ရှိသည်ဟု သုံးသပ်မိသည်။။။

ဒီလှိုင်းစာစောင်၊ အတွဲ ၉၊ အမှတ် ၃၁၊ ၂၉-၁၀-၂၀၂၀ ကြာသပတေးနေ့ထုတ်၌ ဖေါ်ပြသည့် ဆောင်းပါး။