နောက်ဆက်တွဲ ငလျင်တွေ ဆက်လက်လှုပ်ခတ်နေဆဲ မန္တလေး၊ နှစ်ဆန်းတရက် လွတ်ငြိမ်းခွင့်နဲ့ မြန်မာ့အကျပ်အတည်း ဆွေးနွေးတဲ့ နည်းနဲ့ ဖြေရှင်းနိုင်ဖို့ အခြေအနေရှိ၊ မရှိ
မြန်မာနွေဦးခရိုနီကယ် - ဧပြီလ ၁၇ မြင်ကွင်း
မိုးမခ၊ ဧပြီ ၁၈၊ ၂၀၂၅
နောက်ဆက်တွဲ ငလျင်တွေ ဆက်လက်လှုပ်ခတ်နေဆဲ မန္တလေး၊ နှစ်ဆန်းတရက် လွတ်ငြိမ်းခွင့်နဲ့ မြန်မာ့အကျပ်အတည်း ဆွေးနွေးတဲ့ နည်းနဲ့ ဖြေရှင်းနိုင်ဖို့ အခြေအနေရှိ၊ မရှိ
ငလျင်ကြီးလှုပ်ခတ်ပြီးနောက် သီတင်း ၃ ပတ်နီးပါး ကြာမြင့်လာသည့်တိုင် နောက်ဆက်တွဲ ငလျင်တွေ နေ့စဥ်နဲ့ အမျှလှုပ်နေရာမှာ ယမန်နေ့က လှုပ်ခတ်တဲ့ နောက်ဆက်တွဲငလျင်က အင်အားအတန်အသင့် ပြင်းထန်သလို မန္တလေးမြို့ဧရိယာထဲက တနေရာကို ဗဟိုပြု လှုပ်ခတ်သွားတာဖြစ်လို့ ငလျင်ဒဏ် ထိခိုက်ထားတဲ့ အဆောက်အအုံတွေ ပြိုကျနိုင်တဲ့ အန္တရာယ်ကို စိုးရိမ်နေကြရတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။
ဧပြီလ ၁၇ ရက် သင်္ကြန်နှစ်ဆန်းတရက်နေ့ နေ့လယ်ခင်းမှာ လှုပ်ခတ်တဲ့ ငလျင်က ရစ်ချ်တာစကေး ၅.၁ လို့ အစောပိုင်းမှာ ပြောကြပြီး နောက်နာရီပိုင်းအကြာမှာတော့ ရစ်ချ်တာစကေး ၄.၆ ရှိတယ်လို့ဆိုကြပါတယ်။ ပုသိမ်ကြီးမြို့နယ်ထဲမှာ မြေအောက် ၆ ကီလိုမီတာအနက်ကို ဗဟိုပြုတာဖြစ်လို့ ဇောက်တိမ်ပြီး သက်ရောက်မှုပိုမို ပြင်းထန်တဲ့ သဘောလည်း ဖြစ်ပါတယ်။
မန္တလေးမြို့နေလူထု အဖို့ အုတ် အဆောက်အအုံ နေအိမ်တွေ အများအပြား ပျက်စီးပြီး ဖြစ်သလို အချို့သော အဆောက်အအုံတွေက ဒဏ်ဖြစ်နေတဲ့ အနေအထားမျိုးတွေလည်း ရှိကာ အခုလို နောက်ဆက်တွဲငလျင်တွေက ဒဏ်ဖြစ်နေတဲ့ အဆောက်အအုံတွေကို ထပ်မံထိခိုက်လာမယ့် အန္တရာယ်ကို စိုးရိမ်နေကြရတဲ့ အခြေအနေ ဖြစ်ပါတယ်။ ခုရက်ပိုင်း လှုပ်ခတ်နေတဲ့ နောက်ဆက်တွဲ ငလျင်တွေကြောင့် နေအိမ်တွေထဲ မအိပ်ရဲကြတဲ့ ပြဿနာကလည်း မန္တလေးမြို့ခံတွေ အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။
မန္တလေးမြို့ ရဲ့ ထိခိုက်ပျက်စီးမှုတွေကနေ ပြန်လည် နာလန်ထူဖို့ တထစ်ချင်း တထစ်ချင်း ပြန်လည်ရုန်းထဖို့ ကြိုးစားနေကြရတဲ့ အနေအထားမှာ နောက်ဆက်တွဲ ငလျင်တွေက အန္တရာယ်ထပ်မံ ကျရောက်လာနိုင်သလား၊ ထိခိုက်ထားတဲ့ အဆောက်အအုံတွေကို ထပ်မံပျက်စီးစေမလား၊ တဖန် နေထိုင်သူတွေအဖို့ ထပ်ပြီး ကျရောက်နိုင်တဲ့ အသက်အန္တရာယ်ဘေး စတာတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။
အပျက်အစီးတွေ ရှင်းလင်းလို့ မပြီးဆုံးနိုင်သေးတဲ့ မန္တလေးမြို့၊ ငလျင်ကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေ အားလုံးကို အပျက်အစီးတွေအောက်က ထုတ်ယူနေရဆဲ အခြေအနေတွေက လက်ရှိ မန္တလေးမြို့ ရင်ဆိုင်နေရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ် ၈၀ ဝန်းကျင်အတွင်း မန္တလေးမြို့ဟာ စစ်ဘေး၊ မီးဘေးတွေကနေ အကြိမ်ကြိမ် ပြန်လည်ရုန်းထခဲ့ရတဲ့ အတွေ့အကြုံတွေ ရှိခဲ့သော်လည်း အခုတကြိမ် ကြုံတွေ့ကြရတဲ့ အနေအထားက မီးဘေးတုန်းကထက် ပိုမိုကြီးမားပြီး ဒုတိယကမ္ဘာစစ်လို ကာလနဲ့ နှိုင်းယှဥ်စရာ အခြေအနေမျိုးလည်း ဖြစ်ပါလိမ့်မယ်။ တဖက်မှာ မြန်မာနိုင်ငံ နေရာဒေသအနှံ့အပြား စစ်ပွဲတွေ ဖြစ်ပွားနေချိန် နိုင်ငံကို အာဏာသိမ်းထားတဲ့ စစ်တပ်အနေနဲ့ ငလျင်ဘေးဒဏ်ထက် ပြည်တွင်းစစ်မှာ ခုခံတိုက်ခိုက်နိုင်ဖို့ အသာစီးရဖို့ကို ပိုအာရုံထား လုပ်ဆောင်နေတဲ့ ကာလဖြစ်လို့ မြို့လူထုအဖို့ မိမိတို့ အင်အားနဲ့သာ ပြန်လည်ရုန်းထကြရမယ့် အခြေအနေ အကူအညီထက် နှောင့်ယှက်မှုတွေ၊ အတားအဆီးတွေ မခံရအောင် ငလျင်ကို အကြောင်းပြုပြီး နိုင်ငံရေး အမြတ်ထုတ်မှုတွေ မခံရအောင် သတိထားနေရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
နောက်အကြောင်းအရာ တခုကတော့ မြန်မာ့ရိုးရာ အစဥ်အလာအရ သင်္ကြန်ပြီးလို့ နှစ်ဆန်းတရက်နေ့မှာ အာဏာသိမ်းစစ်ကောင်စီက လွတ်ငြိမ်းခွင့်နဲ့ လွှတ်ပေးတယ်ဆိုတဲ့ သတင်းထုတ်ပြန်ခဲ့ပြီး နိုင်ငံအနှံ့အပြားမှာ ရှိတဲ့ အကျဥ်းထောင်တွေက အကျဥ်းသား ၄၉၀၀ ကျော်ကို လွတ်ငြိမ်းခွင့်ပေးခဲ့ပါတယ်။
အင်းစိန်၊ မန္တလေး၊ ပြည်၊ မော်လမြိုင်၊ သာယာဝတီ၊ နေပြည်တော် အစရှိတဲ့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နယ်မြေတွေက အကျဥ်းထောင်တွေကနေ နှစ်ဆန်းတရက်နေ့မှာ လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ လွတ်မြောက်လာသူ ၄၉၀၀ ကျော်အနက် နိုင်ငံရေးအကျဥ်းသားက ၁၀၀ ဝန်းကျင်သာရှိတယ်လို့ နိုင်ငံရေးအကျဥ်းသားတွေနဲ့ ပတ်သက်ပြီး မှတ်တမ်းတင် စောင့်ကြည့် နေတဲ့ PPMN မြန်မာနိုင်ငံ နိုင်ငံရေးအကျဥ်းသား ကွန်ရက်က ထုတ်ဖေါ်ပြောဆိုထားပါတယ်။ နိုင်ငံရဲ့ အချို့သော နယ်မြေတွေ ဖြစ်တဲ့ ရခိုင်၊ ရှမ်းမြောက်က လားရှိုးတို့လိုမြို့တွေမှာတော့ စစ်ကောင်စီ ထိန်းချုပ်မှုမရှိတော့တာ လအတန်ကြာပြီဖြစ်လို့ အခု လွတ်ငြိမ်းခွင့်တွေနဲ့ အဆိုပါ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ ထိန်းချုပ်ဒေသတွေနဲ့ သက်ဆိုင်ခြင်း မရှိတာတွေ့ရပါတယ်။
စစ်ကောင်စီ အနေနဲ့ အခုလို အထိမ်းအမှတ်နေ့နဲ့ ဘာသာရေး အရ နေ့ကြီးရက်ကြီးလို ရက်တွေမှာ အကျဥ်းသား လွတ်ငြိမ်းခွင့်တွေကို ကြေညာတာ ပုံမှန်လိုဖြစ်နေပြီး လွတ်ငြိမ်းခွင့်ထဲပါသူ ၉၀ ရာနှုန်း အခြားသောရာဇဝတ်မှုတွေ နဲ့ ပြစ်ဒဏ်ကျခံထားရသူတွေ ဖြစ်ပါတယ်။ အရပ်စကားနဲ့ ပြောရရင် ခိုးဆိုးလုယက်သူတွေ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ပြစ်ဒဏ်ကျခံရသူတွေ အများအပြားပါဝင်လေ့ရှိတာ ဖြစ်ပါတယ်။ အကျဥ်းထောင်တွေထဲ နိုင်ငံရေး အကြောင်းကြောင့် ဖမ်းဆီးခံရသူ သောင်းဂဏန်းနဲ့ ချီရှိနေသေးပြီး အများစုက အခုလို လွတ်ငြိမ်းခွင့်တွေထဲ ပါဝင်ခြင်း မရှိပါဘူး။ နိုင်ငံရေးအကျဥ်းသားတွေထဲက လွတ်ရက်စေ့ခါနီးသူ အချို့ကိုသာ အခုလို လွတ်ငြိမ်းခွင့်တွေမှာ ထည့်သွင်းလေ့ရှိတာကိုလည်း အများသိရှိပြီး ဖြစ်ပါတယ်။
နှစ်ဆန်းတရက်နေ့မှာ လူအများ စိတ်ဝင်စားစောင့်ကြည့်နေကြတဲ့ သတင်းအကြောင်းအရာ တခုက စစ်ကောင်စီခေါင်းဆောင်က မလေးရှားဝန်ကြီးချုပ်နဲ့ ဘန်ကောက်မြို့မှာတွေ့ဆုံတဲ့ သတင်းဖြစ်ပါတယ်။ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားနိုင်ငံရဲ့ ဝန်ကြီးချုပ်က ငလျင်ဘေးဒဏ် ကူညီရေး ကိစ္စကို အကြောင်းပြု တွေ့ဆုံကြတာလို့ ခေါင်းစဥ်တပ်ထားပေမယ့် မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို ရပ်ဆိုင်းဖို့ သံတမန်ရေးအရ ကြားဝင်ကြိုးပမ်းမယ့် ရည်ရွယ်ချက်လည်း ပါဝင်နေတာ ထင်ရှားပါတယ်။
အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖြစ်သူရဲ့ မြန်မာ့အရေး အကြံပေးတာဝန်ပေးခံရသူ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့နဲ့ ဆက်သွယ်ပြောဆိုမှုတွေ ထိတွေ့ဆက်ဆံမှုတွေ ရှိနေခဲ့ပြီး အခုလို အာဆီယံက အခြားသောသံတမန်နည်းလမ်းတွေနဲ့ မြန်မာ့အရေး အဖြေရှာဖို့ ကြားဝင်ဆောင်ရွက်မှုတွေ ဘယ်လောက် ခရီးရောက်မလဲဆိုတာတော့ လောလောဆယ်မှာ ပြောဖို့ စောသေးတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
ဒီလို သံတမန်ရေးကြိုးပမ်းမှုတွေဟာ တရုတ်နိုင်ငံရဲ့ မြန်မာနဲ့ ပတ်သက်တဲ့ သဘောထား မူဝါဒတွေနဲ့ လိုက်ဖက်သလား ဆန့်ကျင်ဘက်သဘောဆောင်သလား ဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိနိုင်သေးပါဘူး။ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ထိစပ်တဲ့ ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်တို့က လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့တော့ တရုတ်နိုင်ငံက ၄င်းကိုယ်တိုင် အသိပေးထားတဲ့ ဆောင်ရန် ရှောင်ရန်တွေ ရှိပြီးဖြစ်ပါတယ်။
နောက်ဆုံး သိရှိရတဲ့ သတင်းတွေအရ မလေးရှားဝန်ကြီးချုပ်ဟာ ဧပြီ ၁၈ ရက်နေ့မှာ အမျိုးသားညီညွတ်ရေး အစိုးရဘက်နဲ့လည်း တွေ့ဆုံမယ် ဆိုပြီး ဝန်ကြီးချုပ်ကိုယ်တိုင်ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားထားတာ ဖြစ်ပါတယ်။ အခုလို တွေ့ဆုံမှုတွေကနေ ဘယ်လိုရလဒ်တွေ ထွက်ပေါ်လာမလဲဆိုတာ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar