Breaking News

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) - တူညီတယ်၊ ဆန့်လဲ ဆန့်ကျင်တယ် ... ဘာလဲ?


ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) - တူညီတယ်၊ ဆန့်လဲ ဆန့်ကျင်တယ် ... ဘာလဲ?

ဒီမိုကရေစီစနစ်များ ကျဆုံးခြင်းအကြောင်းများ – အခန်းဆက် ၃၃
(မိုးမခ) မေ ၉၊ ၂၀၁၉


Steven Levitsky နှင့် Daniel Ziblatt တို့ရေးသားသော HOW DEMOCRACIES DIE စာအုပ်မှ Saving Democracy ကို ဆက်လက်၍ ဘာသာပြန်ခြင်းဖြစ်သည်။

ကန့်ကွက်ဆန္ဒပြခြင်းသည် ဒီမိုကရေစီစနစ်အောက်တွင် လူတိုင်းတွင်လုပ်ခွင့်ရှိပြီး၊ အရေးပါသော လုပ်ငန်းတစ်ခုလည်းဖြစ်ပါသည်။ သို့သော် ကန့်ကွက်ဆန္ဒပြခြင်း၏ ရည်ရွယ်ချက်သည် အခွင့်အလမ်းနှင့် အဖွဲ့အစည်းများကို ဖျက်စီးရန်မဟုတ်သင့်ပါ။ အခွင့်အလမ်းနှင့်အဖွဲ့အစည်းများကို တည်မြဲအောင်၊ ရှင်သန် အောင်သာဖြစ်သင့်ပါသည်။

သမိုင်းတွင်ရှိခဲ့သော ကန့်ကွက်ဆန္ဒပြမှုနှစ်ခုကို လေ့လာကြည့်ပါ။ တစ်ခုမှာ ၁၉၆၀ ပြည့်နှစ် နောက်ပိုင်းတွင်ဖြစ်ခဲ့သော လူ့အခွင့်အရေးဆိုင်ရာ ဆန္ဒပြပွဲဖြစ်သည်။ ယင်းဆန္ဒပြပွဲ၏ အရည်အချင်းတစ်ခု မှာ အကြမ်းဖက်မှု ကင်းရှင်းခြင်းဖြစ်သည်။ ၄င်းသည် လူထု၏ ထောက်ခံအားပေးမှုကို ရရှိခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် ဖြစ်ခဲ့သော ဆန္ဒပြမှုသည် အကြမ်းဖက်မှုများပါလာသဖြင့် လူထု၏ထောက်ခံမှုကို မရရှိခဲ့ချေ။ ၄င်း၏အကျိုးဆက်တစ်ခုမှာ ၁၉၆၈ ခု ရွေးကောက်ပွဲတွင် သမ္မတ ဟန်ဖရေ (Humphrey) ရှုံးပြီး၊ သမ္မတ နစ်စင် (Nixon) တက်လာခဲ့ခြင်းဖြစ်သည်။

ဤဆောင်းပါးတွင် ထရမ့်ဆန့်ကျင်ရေး (Anti-Trump) ဟူ၍ အမည်တပ်၍ ရေးသား၍ထားပါသည်။ သို့သော်လည်း ကိုယ်မကြိုက်နှစ်သက်သည့် မည်သည့်အာဏာရှင်ခေါင်းဆောင်ကိုမဆို ဆန့်ကျင်ရာတွင် သုံးနိုင်ပါသည်။ ထရန့်ဆန့်ကျင်ရေး အင်အားများသည် တူညီသော အမြင်၊ အတွေးအခေါ်မျိုးရှိသော (like-minded) အုပ်စုများကို စုစည်းခြင်းအလုပ်ကို လုပ်ရမည်ဖြစ်သည်။ တူညီသောအတွေးအခေါ်မျိုးရှိ ခြင်းသည် တော်တော်အရေးပါပါသည်။ ၄င်းတို့သည် အရေးပါသောငြားလည်း ဒီမိုကရေစီစနစ်ကို ကာကွယ်ရာတွင်၊ ဒါနဲ့ မလုံလောက်ပါ။ အထိရောက်ဆုံးသော အတိုက်အခံအုပ်စုထဲတွင် အမြင်ချင်းမတူ သော (dissimilar)၊ အကယ်၍ ဖြစ်နိုင်လျှင်၊ အမြင်ချင်းဆန့်ကျင်သော (opposing) အုပ်စုများပင်လျှင် ပါဝင်ရပါမည်။ 

ဆိုလိုသည်မှာ ဒီမိုကရေစီထွန်းကားခြင်းမှအပ၊ အချို့သောနေရာများတွင် မတူသော အမြင်၊ ဆန့်ကျင်သောအမြင်မျိုးတို့ရှီသော အုပ်စုများကို ဆိုလိုပါသည်။ ထို့ကြောင့်၊ အတိုက်အခံ အင်အားစုများ သည် မိတ်ဆွေများသာမက၊ ရန်သူ၊ ရန်ဘက်၊ ပြိုင်ဘက်များပါ စုစည်းထားရမည်ဖြစ်သည်။ ဤသည်ကား အာဏာရှင်ကိုဆန့်ကျင်ပြီး ဒီမိုကရေစီထွန်းကားရန်အတွက် ဖြစ်ပါသည်။

ထို့ကြောင့် သမ္မတထရမ့်ကို ဆန့်ကျင်ရမည့်အတိုက်အခံများထဲတွင် စီးပွားရေးလုပ်ငန်းရှင်များ (business executives)၊ ဘာသာရေးခေါင်းဆောင်များ (religious leaders) နှင့် နိုင်ငံရေးခေါင်းဆောင် များ (political leaders) များ ပါဝင်ရမည်ဖြစ်ပါသည်။

စီးပွားရေးလုပ်ငန်းရှင်များသည် သဘာဝအလျောက် မဟာမိတ်ဖွဲ့၍ ကောင်းသောသူများမဟုတ်နိုင် ဟု မြင်နိုင်ပါသည်။ စီးပွားရေးလုပ်ငန်းရှင်များသည် သူတို့၏ စီးပွားရေးကို မထိခိုက်မချင်း၊ မည်သည့် နိုင်ငံရေးမူဝါဒကိုမဆို လက်ခံမည့်သူများဟု ယူဆနိုင်ပါသည်။ ဒီမိုကရေစီဝါဒသည် သူတို့၏ စီးပွားရေး အတွက် ပို၍ကောင်းလိမ့်မည်ဟု ယုံကြည်ခဲ့လျှင်၊ သူတို့သည် ဒီမိုကရေစီ ရှင်သန်ရေးအတွက် မဟာမိတ် ကောင်းများဖြစ်နိုင်ပါသည်။ စီးပွားရေးလုပ်ငန်းရှင်များကို ကိုယ်ဘက်ပါအောင် စည်းရုံးနိုင်မည်ဆိုလျှင် သူတို့သည် အလွန်အင်အားကောင်းသော အဖော်၊ မဟာမိတ်များဖြစ်နိုင်ပါသည်။ အဓိကစီးပွားရေးလုပ်ငန်း ရှင်များသည် တစ်ခုခုကို ဆန့်ကျင်လှုပ်ရှားသော ဆန့်ကျင်ရေးလုပ်ငန်းများတွင် ပါဝင်လျှင်၊ ထိုလှုပ်ရှားမှု သည် အောင်မြင်ဖို့အလားအလာ အလွန်များပါသည်။

သို့သော် အတိုက်အခံများအနေဖြင့်၊ သူတို့၏ မိတ်ဆွေမျာပါဝင်သော နယ်ပယ်ကို တိုးချဲ့၍၊ အခြား သူများကို ပါဝင်လာအောင် စည်းရုံးခြင်းသည် တော်တော်ခက်သောအလုပ်ဖြစ်ပါသည် ဟူသည်ကိုတော့ ဝန်ခံရပါမည်။ ထိုလုပ်ငန်းကို လုပ်ရာတွင် လောလောဆယ်အားဖြင့် ကိုအလွန်ဖြစ်စေချင်သော၊ ဂရုစိုက် သောအရာများကို ခေတ္တဘေးဖယ်ထားဖို့လိုအပ်ပါသည်။ တစ်ခါတစ်ရံတွင် ကိုယ်အလွန်ဂရုစိုက်သော၊ ဖြစ်စေချင်သော ကိစ္စရပ်များကို ဘေးဖယ်မထားနိုင်လျှင်၊ နိုင်ငံရေးလုပ်ငန်းတွင် အောင်မြင်ဖို့အလားအလာ သည်လုံးဝမရှိသလောက်ဖြစ်သည်။ 

ထို့ကြောင့်၊ နိုင်ငံရေးတွင် အောင်မြင်စေရန် အချိန်ကို ကိုယ်ပေးချင် သည်ထက်ပိုပေးရလိမ့်မည်။ မခံချင်သော်လည်း သည်းခံရမည်၊ အလွန်ခက်ခဲသော အလျှော့ပေးမှုများကို လုပ်ရန်လိုသည်။ ဒီတော့ ကိုယ်ဖြစ်စေချင်တာတွေအားလုံးကို ပစ်ပယ်ရတော့မှာလား? ခဏတော့ဟုတ်ပါ သည်။ ခဏဆိုကလည်း တော်တော်ကြာနိုင်ပါသည်။ ဘယ်လောက်အထိ ကြာနိုင်သလည်း? အားလုံး အတူတကွ သဘောတူနိုင်သော နယ်ပယ်တစ်ခုကို ခိုင်ခိုင်မာမာ ရတဲ့အထိဖြစ်ပါသည်။

ဒီတော့ ကိုယ့်ဘက်ကခံရမှာတွေ တော်တော်များပါလား - ဟုဆိုနိုင်ပါသည်။ ဘာသာပြန်သူ (ဒေါက်တာ ခင်မောင်ဝင်း) အနေနဲ့ ပြောရလျှင်၊ အဲဒီလောက်ခံနိုင်သော အစွမ်းမရှိပါ။ ခံနိုင်သော ဒီမိုကရေစီ သမားများကို ဘာသာပြန်သူအနေနဲ့ အလွန်လေးစားပါသည်။ လေးစားထိုက်သူများထဲတွင် ဘာသာပြန်သူ ကိုယ်လိုတော့ မပါဝင်ပါ။

အချို့သောကိစ္စများကို သဘောထားကွဲလွဲပြီး၊ အချို့တွင် သဘောတူညီနိုင်သော အရာများနှင့် ပတ်သက်၍ သဘောထားကွဲလွဲနိုင်သော အရာများကို ဥပမာပေးရလျှင်၊ ကိုယ်ဝန်ဖျက်သည့်ကိစ္စတွင် သဘောထားကွဲလွဲသော်လည်း၊ ကျန်းမားရေးစောင့်ရှောက်မှုကိစ္စတွင် သဘောတူနိုင်ပါသည်။ လူဝင်မှု ကြီးကြပ်ရေးဥပဒေအားဖြင့် သဘောထားကွဲလွဲသော်လည်း အနည်းဆုံးလစာမြှင့်တင်ရေးနှင့်ပတ်သက်၍ သဘောတူနိုင်ပါသည်။ ကိစ္စအားလုံးတွင် အချိန်ပြည့်သဘောတူညီမှုမရသော်လည်း ကိစ္စအချို့တွင် အချို့သောအချိန်တွင် သဘောတူညီမှုရနိုင်ပါသည်။ ကိစ္စအားလုံးတွင် အချိန်ပြည့်သဘောထားကွဲလွဲခြင်း ထက် ကိစ္စအချို့တွင် အချို့သောအချိန်များ၌ သဘောထားတူညီခြင်းကြောင့်၊ အချင်းချင်း ရန်သူများအဖြစ် သတ်မှတ်ခြင်းကို သက်သာစေနိုင်ပါသည်။

ဤဆောင်းပါးတွင် ထရမ့်ဆန့်ကျင်ရေး (Anti-Trump) ဟူသော အမည်ကိုတပ်၍ ရေးသားထား သော အကြောင်းအရာများကို၊ ကိုယ်မနှစ်သက်သော ခေါင်းဆောင်အမည်ကိုတပ်၍ (ဥပမာ- ဆောင်ဆန်းစုကြည်) ဆန့်ကျင်ရေး (Anti-Su Kyi) သုံးနိုင် မသုံးနိုင်ကိုတော့၊ ဘာသာပြန်သူအနေနှင့် မသိပါ။ ဘာသာပြန်သူအနေနှင့် ဝန်ခံရလျှင် ဘယ်လိုသုံးရမည်ကိုမသိပါ။ စာဖတ်သူများထဲမှ ဘယ်လိုသုံးရမည်ကို သိသောသူသည် ဘာသာပြန်သူထက် အလွန်တော်သည်ဟု ဆိုရပါမည်။

ထိုစာအုပ်ရေးသူက ရေးသားထားသည်မှာ -

ထရမ့် အဖွဲ့၏ ဒီမိုုကရေစီကို ဖျက်စီးသည့်လုပ်ရပ်များကို သိပြီး၊ ဆန့်ကျင်ရန်ကြိုးပမ်းခြင်းသည် အရေးကြီးပါသည်။ သို့သော် ၄င်းသည် အမေရိကန်နိုင်ငံ၏ ဒီမိုကရေစီစနစ်တွင် ကြုံနေရသော ပြဿနာကို ဖြေရှင်းရာမရောက်သေးပါ။ ထိုပြဿနာမှာကား - နိုင်ငံရေးပေါ်လီစီ (policy) ထက်လေးနက်သော၊ မကျေ မချမ်းမှုများကြောင့် ဖြစ်သောပြဿနာများဖြစ်သည်။ ၄င်းထဲတွင် လူမျိုးရေးနှင့် ဘာသာရေးကွဲလွဲမှုများ ပါဝင်သည်။ ထိုမကျေမချမ်းမှုများသည် ထရမ့် သမ္မတ မဖြစ်မှီကပင် ဖြစ်လာသောအရာများဖြစ်လေသည်။

ဤဆောင်းပါး၏ ခေါင်းစဉ်တွင် - တူညီတယ်၊ ဆန့်လည်းကျင်တယ် …… ဘာလဲ? ဟူ၍ တပ်ထား ပါသည်။ ထိုခေါင်းစဉ်သည် ဘာကိုဆိုလိုသည်ဟူသည်ကို အောက်ပါစာပိုဒ်က ရှင်းပြထားပါသည် -

“ဆိုလိုသည်မှာ - ဒီမိုကရေစီထွန်းကားခြင်းမှအပ၊ အချို့သောနေရာများတွင် မတူသောအမြင်၊ ဆန့်ကျင်သောအမြင်မျိုးတို့ရှိသော အုပ်စုများကိုဆိုလိုပါသည်။”

လောကတွင် ဆန့်ကျင်ဘက်နှစ်ခု - ဥပမာ မှန်ခြင်းနှင့် မှားခြင်းကို၊ ပြိုင်တူဖြစ်ခြင်းကို လက်ခံသော သင်္ချာဘာသာတွဲတစ်ခုရှိပါသည်။ ၄င်းမှာ FUZZY LOGIC ဖြစ်ပါသည်။ ထိုအကြောင်းကို FUZZY LOGIC AND SET THEORY စာအုပ်တွင် ရေးသားဖော်ပြထားပါသည်။ ထိုနည်းမှာ မှန်ခြင်းနှင့်မှားခြင်းကို ရာခိုင်နှုန်း (%) သို့မဟုတ် အပိုင်းဂဏန်းဖြင့်ပြသောနည်းဖြစ်ပါသည်။ ဥပမာ မှန်ခြင်းနှင့်မှားခြင်းကို (50%, 50%) (40%, 60%), (35%, 65%), (70%, 30%), (60%, 40%) ဟူ၍သတ်မှတ်နိုင်ပါသည်။ အပိုင်းဂဏန်း ဖြင့်ပြလျှင် ဟူ၍ဖြစ်ပါသည်။


“မှန်ခြင်း” ၏ နေရာတွင် “တူညီခြင်း” ၊ “မှားခြင်း” ၏ နေရာတွင် “ဆန့်ကျင်ခြင်း” ထည့်လိုက်လျှင် ဤဂဏန်းများသည် မှန်ခြင်းနှင့် ဆန့်ကျင်ခြင်းကိုပြသသော ဂဏန်းများဖြစ်သွားပါသည်။

ဤဆောင်းပါးကိုအကျဉ်းချုံ့ဖော်ပြရလျှင်၊ ကန့်ကွက်ဆန္ဒပြခြင်းသည် ဒီမိုကရေစီစနစ်အောက်တွင် လူတိုင်း၌ရှိသော၊ အရေးပါသော အခွင့်အရေးဖြစ်၏။ ၁၉၆၀ ပြည့်နှစ်က အမေရိကန်နိုင်ငံတွင် လူ့အခွင့် အရေးဆိုင်ရာ ကန့်ကွက်ဆန္ဒပြမှုသည် အကြမ်းဖက်မှုများ မပါဝင်ခဲ့ပါ။ အောင်မြင်ခဲ့ပါသည်။ ၁၉၆၈ တွင် ဖြစ်ခဲ့သော ဆန္ဒပြမှုတွင် အကြမ်းဖက်မှုများပါဝင်ပြီး မအောင်မြင်ခဲ့ပါ။ ကိုယ်မကြိုက်သော ခေါင်းဆောင်ကို ဆန့်ကျင်ရာတွင် ကိုယ်နဲ့အရာအရာတွင် ဆန္ဒချင်းတူညီသော သူများကိုသာ အုပ်စုဖွဲ့၍ မရပါ။ ကိုယ်နဲ့ ကွဲပြားသောအမြင်ရှိသူများ၊ ဆန့်ကျင်သောအမြင်ရှိသူများပင် ပါနိုင်အောင် ကြိုးပမ်းရပါမည်။ ခက်တော့ အတော်ခက်ပါသည်။ ဘာသာပြန်သူကိုယ်တိုင်တော့ လုပ်နိုင်စွမ်းမရှိပါ။ တူညီခြင်းနှင့် ဆန့်ကျင်ဘက်ဖြစ် ခြင်းတို့ကို FUZZY LOGIC နည်းနဲ့လည်း စဉ်းစားနိုင်သောနည်းကိုပြထားပါသည်။


(ဆက်လက်ဖော်ပြပါမည်)