Breaking News

သန်း၀င်းလှိုင် - ကင်းဝန်မင်းကြီးဦးကောင်း (၄)




သန်း၀င်းလှိုင် - ကင်းဝန်မင်းကြီးဦးကောင်း (၄)

မိုးမခစာအုပ်စင် ကောက်နုတ်ချက်၊ ဇွန် ၂၁၊ ၂၀၁၉

ဦးကောင်း၏ ဒုတိယဇနီး

ထို့နောက် ပွဲတက်လက်စုံစားမယားကြီး ဆင်ကြန်မယ်ကို ရွှေဖဝါး တော်တွင်ထားခဲ့ပြီး အလုံမြို့ ပြန်သွားခဲ့ရပြီးနောက် စီမံအုပ်ချုပ်ခဲ့ရပြန်သည်။ အလုံမြို့၌ နေထိုင်စဉ်အတွင်း ရှေးရေစက်ဟောင်း ဆုတောင်းပန္နက်ကြောင့် အလုံမြို့သူကြီး ဦးရွှေသာ၏ နှမဖြစ်သူ မရွှေမယ် ခေါ် မခင်မေနှင့် တွေ့ဆုံ ချစ်ကြိုက်ကာ မကြာမီမှာပင် လက်ထပ်ခဲ့သည်။ ဝန်ကတော် မရွှေမယ်သည် အလုံမြို့သူကြီးဟောင်း ဦးအိုနှင့် ဒေါ်မမကြီးတို့၏ ဒုတိယမြောက်သမီး ဖြစ်ပြီး လက်ထပ်စဉ်က အသက် ၂၈ နှစ်သာ ရှိသေးပြီး ဦးကောင်းသည် ၄၂ နှစ် ရှိပြီဖြစ်သောကြောင့် မရွှေမယ်သည် သူ့အောက် ၁၄ နှစ် ငယ်လေ သည်။ မယားကြီးက သူ့မိခင်အရွယ်ဖြစ်လျက် မယားငယ်ကား သမီးအရွယ် ဖြစ်လေသည်။ ဦးကောင်းသည် နေပြည်တော်သို့ ပြန်ရာတွင် မရွှေမယ်သည် အလုံမြို့တွင်ပင် မွေးစားသားများနှင့် နေထိုင်ခဲ့သည်ဟု ဆိုသည်။ နောက်ပိုင်း မန္တလေးနေပြည်တော်သို့ ခေါ်ယူလိုက်၍ အလုံမြို့သူ မရွှေမယ်သည် ဆင်ကြန် သခင်အား ပျပ်ဝပ်၍ ခြေဆုပ်လက်နယ် ဝတ်ကြီးဝတ်ငယ်ပြုစုကာ မယားငယ် အဖြစ် နေထိုင်ရသည်ဟု အချို့က ဆိုသည်။ အသက် ၇၀ ကျော်သူ ဆင်ကြန် သခင် ကွယ်လွန်မှ မယားငယ် မရွှေမယ်သည် လက်ဆုံစားပွဲတက် မယားကြီး အဖြစ် ရောက်ရှိလေသည်။ ဦးကောင်းသည် မရွှေမယ်ကို သိမ်းပိုက်ရာ၌ ဆင်ကြန်သခင်၏ သဘောတူခွင့်ပြုချက် ရရှိသည်ဟု ယူဆနိုင်သည်။ အကြောင်းမှာ ဆင်ကြန်သခင်သည် သူ့ကိုပြုစုရန် လိုအပ်နေ၍ ဖြစ်သည်။



အချို့ကမူ ဆင်ကြန်သခင် ကွယ်လွန်ပြီးနောက် မရွှေမယ်နှင့် မွေးစားသားများ ကင်းဝန်မင်းကြီးနှင့်အတူ နေပြည်တော်တွင် နေထိုင်ကြသည်ဟု ဆိုသည်။ မြန်မာ့သမိုင်းအဖွဲ့ ဒုဥက္ကဋ္ဌ (၁) ဆရာမောင်သန်းဆွေ (ထားဝယ်)က အလုံ မြို့သူ မရွှေမယ်ကို မယားကြီးသေလွန်သည့် နောက်ပွဲတက် လက်ဆုံစား နေရာတွင် ထားပါကြောင်း ဦးကောင်းက ဘုရင်ထံ တင်လျှောက်သောကြောင့် မယားကြီးအဖြစ်နှင့် အဆင့်ဆင့် သူကောင်းပြုတော်မူခြင်းကို ခံရသည်ဟု ဆိုသည်။ ကင်းဝန်မင်းကြီးကတော်ဟူ၍ ဖြစ်လာသည်။ ကင်းဝန်မင်းကြီး ကတော် မရွှေမယ်အား ပေးတော်မူသည့် ကတော်ကြီးအမိန့်တော်နှင့် အစီး အနင်း၊ အဆောင်အရွက်တို့ ရရှိသူဟု ဆိုပါသည်။ ကတော်ကြီးအမိန့်တော်နှင့် အစီး အနင်း၊ အဆောင်အရွက်တို့မှာ အောက်ပါအတိုင်း ဖြစ်သည်။

''ဘုန်းတော် အလွန်ကြီးမြတ်တော်မူလှသော ရေမြေ့အရှင်၊ ဆဒ္ဒန်ဆင် မင်းသခင်၊ ဆင်ဖြူများရှင် လက်နက်စကြာသခင် အရှင်ဘဝရှင်မင်းတရား ကြီးဘုရား။ သက္ကရာဇ် ၁၂၄၁ ခုနှစ်၊ နတ်တော်လဆန်း (၁၀) ရက် (ခရစ် ၁၈၇၉ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်) တနင်္ဂနွေနေ့ လယ်ကိုင်းမြို့စားဝန်ကြီး၊ ကတော်ကို မုတ်လခွက်ဦးတဘက်ပါ အပေါင်းအခွက်အနီ၊ ကမ္ပတ်ဇာတာ အိမ်၊ အတွင်းမှော်ရွှေ၊ ထောင့်ဖြေပန်းဆုပ်ပန်းသွန်း၊ စိန်ထောင်ရွှေနှစ်စု၊ အနီတစ်စု၊ ဖိနပ်ဆင်ခြေဖုံး၊ တုပြောက်ကြာဗောင်းချော ပန်းလှကြာနု ဝတ်ဆံရွှေ၊ ထောင့်ပြေချီးတော် နောက်စိုက်ရွှေနှစ်စု၊ အနီတစ်စု၊ အဆော် တင် အဖြေသရက်ကင်း၊ ရွှေနှစ်စု၊ အနီတစ်စု၊ ကနဝါတိုင်မှုတ်ရိုးပွတ်ခံ အနီသုတ်၊ အကာကတ္တီပါဖဲကွပ်၊ ကမ္ပတ်တစ်ဆင့်သတ်၊ အဆောင်ကျိုင်းနှစ်၊ အချက်အထွက်ရွှေ၊ အအုံအရွက် အရိုးအနီသုတ်၊ ယဉ်လည်ပေါ် ရွှေနှစ်စု၊ အစိမ်းတစ်စု၊ အကာကတ္တီပါ၊ ရွှေယက်ပြားတစ်ဆင့်သတ်၊ အဆင်တန်ဆာ၊ မြိတ်ရစ်မြိတ်ခံ၊ ကုန်းပုစွန်ဆီအနားရွှေဇာပုစဉ်တောင် နှစ်ဆင့်သတ်၊ ရွှေသား ပန်းကုံးဇာဖောက်၊ အတွင်းရောင်ပြားခံစိန်ထောင် တစ်ဆယ့်ငါး၊ အနားသရက် ကင်း၊ ထုပြောက်၊ အလယ်ဘီလာဆံထိုးဆံကျင်၊ လေးမျက်နှာ၊ ညောင်ရွှေ သရက်ကင်းထုပြောက်၊ ရောင်ပြားအနီခံ၊ အတွင်းအလယ်ရောင်လင်းမြိတ် ကွင်း၊ သရက်ကင်း၊ ရှေ့နောက်ရွှေသားကုလားပန်းအတွင်း ရောင်ပြားအနီခံ၊ အလယ်ရောင်လင်းဆံတိုင် ရွှေသားဇာဖောက်ရောင်ပြားအနီခံ၊ ရွှေနားတောင်း၊ မီးထွင်းဆူးနှစ်ထပ်၊ တုရင်သင်တိုင်းပုစွန်ဆီခံ၊ လက်ရင်းလက်ဖျား ခါး အောက်အနားပတ်၊ ရွှေဇာတပူပြားနှစ်ဆင့်၊ အတွင်းပိန္နဲဆူးပိုးရည်တောင် ကြယ်ပေါက်၊ စလျားကြိုးပုစွန်ဆီခံ အနားပိုးရည်တောင်ကြယ်ပေါက်၊ အမြိတ်နှစ်ဆင့် ပုစွန်ဆီခံ တစ်ကျပ်တန်၊ ပိုးရည်တောင်ကြယ် လည်ဆံတပ်၊ ရှေ့ဖုံးသုံးဆင့် ရွှေပုစွန်ဆီခံ၊ အတွန့်ပိန္နဲဆူးသုံးဆင့် ပုစွန်ဆီခံ၊ ပိုးရည်တောင် ကြယ်ပေါက်၊ အနားကြယ်လည်ဆံတပ်၊ ဒွါဒရာပုစွန်ဆီ တစ်ဘယ်နှစ်တန့်၊ ကြယ်ပေါက်ပိုးရည်တောင်ဇာကြယ်၊ အမြိတ်ကြယ် လည်ဆံသုံးဆင့်တပ်၊ ထဘီလှိုင်းကိုက်ပုံအနားဖဲစုံသတ်၊ လက်လိုက်ပန်းတီး၊ ကွမ်းခွက်ရှစ်ထောင့် ပယင်းတပ်၊ ကွမ်းလိပ်သုံးြွမာ ပယင်းတပ်၊ လက်ဖက်အိုးရှစ်ထောင့် ပယင်း တပ်၊ မိုးကြိုးထွေးအင် သနားတော်မူသည်''

ယင်းသို့ဖြစ်၍ မန္တလေးရတနာပုံ ဒုတိယနန်းစံ သီပေါမင်းတရား လက်ထက် အနောက်ပွဲတက် ကန်တော့ခံတော်မူရာဝယ် ကတော်ဘွဲ့ရသူ (၁၆) ယောက်တို့အနက် သေနတ်ဝန် ကင်းဝန်လယ်ကိုင်းမြို့စားမင်းကြီး ကတော်သာလျှင် နံပါတ်တစ် အမေးတော်ခံကတော်ကြီးအဖြစ် တင်လျှောက် ရသဖြင့် မရွှေမယ်မှာ ပြိုင်ယှဉ်ဘက်မရှိအောင် အထက်တန်းရောက်ရပေ သည်။ ကသာမြို့ကိုလည်း မြို့စားအရာပေးတော်မူသည်။

မင်းမိန်းမများမှာ အရာရှိမယားဖြစ်တိုင်း 'ကတော်'ဟူသော ဂုဏ်ပုဒ် ကို ထည့်တပ်၍ မရေးသားရ။ ဝန်ထောက်မယား၊ သံတော်ဆင့်မယား၊ နာခံမယားဟူ၍သာလျှင် ရေးရသည်။ နိုင်ငံတော် တဝန်းလုံး၌လည်း ကတော်ဘွဲ့ရသူ မင်းမိန်းမ (၁၆) ယောက်သာလျှင်ရှိသဖြင့် ၎င်းကတော် ဘွဲ့ရသူကိုမှ ဝန်ကတော်၊ ဝန်ထောက်ကတော်၊ အတွင်းဝန်ကတော်ဟူ၍ ရေးရသည်။

သီတင်းကျွတ်လ လာရောက်ပွဲတက်ကန်တော့ခံမှာ အပျိုတော်များနှင့် သက်ဆိုင်ခြင်း မရှိပေ။ ကင်က ရာထူးကြီးမြင့်တိုင်း မယားက ရှေ့တန်းမှ နေရသည်မဟုတ်။ မင်းဧကရာဇ် သဒ္ဓါတော်မူရာ ရွေးကောက်ပေးချတော်မူ ခြင်းကို ခံရသူတို့သာလျှင် ရှေ့တန်းကနေရခြင်း ဖြစ်သည်။

သက္ကရာဇ် ၁၂၄၁ မှ ၁၂၄၅ ခုနှစ်အထိ တစ်နှစ်လျှင် တစ်ကြိမ် လာရောက်ပွဲတက်ကန်တော့ခံတော်မူရာ နံပါတ်တစ် အမေးတော်ခံကတော် ကြီးနေရာမှ ကင်းဝန်မင်းကြီးကတော်ကသာ မြို့စား မရွှေမယ်သာနေရ၍ မေးတော်မူသမျှကို နှစ်စဉ်ဖြေဆိုတင်လျှောက်ရသည်။ ကန်တော့ခံပွဲတွင် နေရာတော်နေမင်းသမီး၊ ကတော်၊ မယားတို့က ရှိခိုးလက်ယှက်ကန်တော့ ကြရသည်။ ကန်တော့ပြီးသောအခါ မင်းဧကရာဇ်၏ ကိုယ်စားတော် ရွှေကိုယ် အတွင်းဝန်က မေးရသည်။ အမေးတော်ခံ ကတော်ကြီးက ရှေ့တစ်ကွက်ထိုး ၍ ထိုင်ပြီးလျှင် ရှိခိုးလက်ယှက်ကာ အမေးတော်ကို လျှောက်တင်ရသည်။

ကတော်ဘွဲ့ရသူ မင်းမိန်းမ ၁၆ ယောက်စာရင်း-

၁။ ကင်းဝန်မင်းကြီး ကတော်
၂။ လှေသင်းအတွင်းဝန် ကတော်
၃။ ကျောက်မြောင်းမြို့စားအတွင်းဝန် ကတော်
၄။ ပေါက်မြို့စားအတွင်းဝန် ကတော်
၅။ မြို့သစ်မြို့စားအတွင်းဝန် ကတော်
၆။ ပင်းမြို့စား အတွင်းဝန် ကတော်
၇။ မိုးတားမြို့စား ဝန်ထောက်ကတော်
၈။ လက်ဝဲ ဝင်းမှူးကတော်
၉။ အသည်ဝန်ကတော်
၁၀။ အနောက်ဝင်းမှူးကတော်
၁၁။ မြို့ဝန်ပင်လယ်မြို့စားကတော်
၁၂။ ပင်းတလဲဝန်ထောက် ကတော်
၁၃။ သံချက်ဝန်ထောက် ကတော်
၁၄။ မင်းတုန်းဝန်မယား မိအုံ
၁၅။ ပင်းသုံးမြို့ဝန်မယား မိသင်
၁၆။ သီပေါမိုင်းကိုင်မြို့ဝန်မယား မိလေးတို့ ဖြစ်သည်။

(ဆက်လက်ဖော်ပြပါမည်)