Breaking News

မာန်သီဟထွန်း – လျှို့ဝှက်ထောက်လှမ်းရေးဂြိုဟ်တု


မာန်သီဟထွန်း –  လျှို့ဝှက်ထောက်လှမ်းရေးဂြိုဟ်တု 

Sapiens – A Brief History of Humankind by Yuval Noah Harari
(မိုးမခ) အောက်တိုဘာ ၂၆၊ ၂၀၁၉
စာရေးသူခွင့်ပြုချက်နဲ့ ကူးယူဖော်ပြပါသည်

(၅၈) လျှို့ဝှက်ထောက်လှမ်းရေးဂြိုဟ်တု


လူ့ယဉ်ကျေးမှုတွေဟာ အမြဲမပြတ် အတက်အကျ ရှိပါတယ်။ ဒီလိုအတက်အကျတွေဟာ သူ့ဟာသူတိုက်ဆိုင်မှုတွေကြောင့် ဖြစ်တာလား ဒါမှမဟုတ် အားလုံးကိုခြုံကြည့်မယ်ဆိုရင် သူတို့မှာဖြစ်နေကျပုံစံတစ်ခုခု ရှိပါသလား။ တခြားစကားလုံးသုံးပြီးပြောရရင် သမိုင်းမှာ ဦးတည်ချက်တစ်ခုခု ရှိပါသလား။

ရှိပါတယ် ဆိုတဲ့အဖြေထွက်ပါတယ်။ ထောင်စုနှစ်များစွာကြာပြီးတဲ့အခါ သေးငယ်ပြီးရိုးရှင်းတဲ့ လူ့ယဉ်ကျေးမှုတွေဟာ တဖြည်းဖြည်းနဲ့ ကြီးမားပြီး ရှုပ်ထွေးနက်နဲတဲ့ လူ့ယဉ်ကျေးမှုကြီးတွေအဖြစ် ရောက်ရှိလာပါတယ်။ ဒါကြောင့်ကမ္ဘာကြီးမှာ မီဂါလူ့ယဉ်ကျေးမှုကြီးတွေ အရေအတွက် နည်းသထက်နည်းလာပြီး အဲဒီယဉ်ကျေးမှုတစ်ချင်းစီကလည်း ကြီးသထက်ကြီး၊ ရှုပ်ထွေးသထက်ပိုရှုပ်ထွေး လာခဲ့တယ်။ ဒါဟာ သာမန်အကြမ်းဖျင်းဆန်တဲ့ ယေဘုံယျကောက်ချက်ချမှုတစ်ခုဖြစ်ပြီး အောက်ခြေမှာမဟုတ်ဘဲ အထက်ပိုင်းမှာသာ မှန်ကန်ပါတယ်။ အောက်ခြေအဆင့်မှာဆိုရင် ယဉ်ကျေးမှုအုပ်စုတစ်ချင်းစီဟာ ကြီးမားတဲ့မီဂါယဉ်ကျေးမှုကြီးအဖြစ် ပေါင်းစည်းသွားကြပြီး မီဂါယဉ်ကျေးမှုကြီးတွေကလည်း သေးငယ်တဲ့ယဉ်ကျေးမှုလေးတွေအဖြစ် ပြိုကွဲသွားတတ်ပါတယ်။ မွန်ဂိုအင်ပါယာဟာ ကြီးမားတဲ့အာရှဒေသနှင့် ဥရောပတိုက်ရဲ့အစိတ်အပိုင်းတွေပါ ကျယ်ပြန့်အုပ်စိုးခဲ့တယ်။ ပြီးတော့လည်း အစိတ်စိတ်အမွှာမွှာကွဲသွားတာပါပဲ။ ကက်သလစ်ခရစ်ယာန်ဝါဒက တပြိုင်နက်တည်းပဲ သန်းရာနဲ့ချီတဲ့လူတွေ ပြောင်းလဲသက်ဝင်စေခဲ့တယ်။ ပြီးတာနဲ့ မရေတွက်နိုင်တဲ့ ဂိုဏ်ဂဏငယ်လေးအဖြစ် ပြိုကွဲသွားတာပဲ။ လက်တင်ဘာသာစကားဟာ အနောက်ပိုင်းနဲ့ အလယ်ပိုင်းဥရောပတွေအထိ ပျံ့နှံ့ခဲ့တယ်။ နောက်တော့လည်း ဒေသယိကစကားအမျိုးမျိုးအဖြစ် ကွဲထွက်သွားပြီး နောက်ဆုံးတော့လည်း နိုင်ငံသုံးဘာသာအမျိုးမျိုး ဖြစ်လာကြတာပဲ။ ဒါပေမယ့် ခုလိုမျိုးကွဲပြဲမှုတွေဟာ ယာယီခဏတာနောက်ဆုတ်သွားခြင်းသာဖြစ်ပြီး မလွဲမသွေပြန်လည်ပေါင်းစည်းတဲ့လမ်းကြောင်းထဲ ပြန်ဝင်ရောက်လာတာပါတယ်။

တကယ်တော့ သမိုင်းရဲ့ဦးတည်ချက်ကို ရှုမြင်ပုံဆိုတာ ဘယ်ရှုထောင့်ကနေကြည့်သလဲ ဆိုတာပါပဲ။ သမိုင်းကို ငှက်တစ်ကောင်မြင်သလို အမြင့်တစ်နေရာကနေ အထက်စီးကြည့်မယ်ဆိုရင် လူသားတွေရဲ့တိုးတက်ပုံကို ဆယ်စုနှစ်အလိုက်၊ ရာစုနှစ်အလိုက်ပဲ မြင်တယ်။ အဲဒီအခါကျရင် လူ့သမိုင်းဟာ ပေါင်းစည်းရေးဦးတည်ချက်ဆီ သွားနေသလား၊ ကွဲပြားရေးဦးတည်ချက်ဆီ သွားနေသလား ပြောရခက်ပါတယ်။ သို့ပေမယ့်လည်း ရေရှည် ဝေးဝေးလံလံ သိမြင်နားလည်ဖို့အတွက် ငှက်တစ်ကောင်ရဲ့အမြင်နဲ့ကြည့်တာဟာ အမြင်ကျဉ်းမြောင်းရာကျပါတယ်။ အာကာသ လျှို့ဝှက်ထောက်လှမ်းရေးဂြိုဟ်တုတစ်လုံးရဲ့အမြင်နဲ့ ကျွန်တော်တို့ ကြည့်မှသာ ပိုအဆင်ပြေမှာပါ။ သူက ရာစုနှစ်တွေထက် ထောင်စုနှစ်အမြင်နဲ့ ကြည့်တာကိုး။ အဲဒီလိုအမြင်ကနေ ကြည့်မယ်ဆိုရင် လူ့သမိုင်းဟာ ပေါင်းစည်းရေးဘက်ကို မနားတမ်းရွေ့လျားနေတယ်ဆိုတာကို ကြည်လင်တဲ့ ဖန်သားပြင်လို့အရှင်းသား တွေ့ရမှာပါ။ ခရစ်ယာန်တွေ ဂိုဏ်းကွဲတာ၊ မွန်ဂိုအင်ပါယာကျဆုံးသွားတာတွေဟာ လူ့သမိုင်းရဲ့ အဝေးပြေးလမ်းမပေါ်က အရှိန်လျှော့ချိုင့်ခွက်တစ်ချို့ သက်သက်ပါ။

*
သမိုင်းရဲ့ယေဘုံယျဦးတည်ချက်ကို တန်ဖိုးထားနားလည်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ တချိန်တုန်းက ကမ္ဘာမြေပြင်ပေါ်မှာ အတူရှိခဲ့ပေမယ့် တစ်ခုနဲ့တစ်ခုဝေးကွာခြားနားတဲ့ လူ့ယဉ်ကျေးမှုအရေအတွက်ကို ရေတွက်ကြည့်ရင် သိနိုင်ပါတယ်။ ဒီနေ့ခေတ်မှာဆိုရင် ကမ္ဘာဂြိုဟ်တစ်ခုလုံးကို ယူနစ်တစ်ခုအဖြစ်ယူဆကြတာ ကျွန်တော်တို့အကျင့်ပါနေပါပြီ။ ဒါပေမယ့် လူ့သမိုင်းအများပိုင်းမှာတော့ ကမ္ဘာဟာ နဂါးငွေ့တန်းကြီး တစ်ခုလို များပြားတဲ့ လူ့ယဉ်ကျေးမှုတွေ တကွဲတပြားရှိတဲ့နေရာလို့ အမှန်တကယ်ယူဆခဲ့ကြတာပါ။

သြစတေးလျတိုက်တောင်ပိုင်းက အလယ်အလတ်ကျွန်းတစ်ခုဖြစ်တဲ့ တက်စ်မေးနီးယားကျွန်းကို စဉ်းစားကြည့်ပါ။ အဲဒီကျွန်းဟာ လွန်ခဲ့တဲ့ ဘီစီ ၁၀,၀၀၀ လောက်မှာ ရေခဲခေတ်ကုန်ပြီး ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာတာကြောင့် သူ့ရဲ့ပင်မကုန်းမြေဖြစ်တဲ့ သြစတေးလျတိုက်ကနေ ကွဲထွက်သွားပါတယ်။ အဲဒီအချိန်တုန်းက ကျွန်းပေါ်မှာ အမဲလိုက်ရှာဖွေစားသောက်သူတွေ ထောင်နဲ့ချီရှိနေခဲ့ပါတယ်။ အဲဒီကတည်းက သူတို့ဟာ တခြားဘယ်လူသားနဲ့မှ ထိတွေ့ဆက်ဆံခြင်းမရှိတာ ၁၉ရာစုမှာ ဥရောပသားတွေ ရောက်လာတဲ့အထိပါပဲ။ နှစ်ပေါင်း ၁၂,၀၀၀ ကြာအောင် တက်စ်မေးနီးယန်းလူမျိုးတွေ အဲဒီမှာနေထိုင်ခဲ့ကြတယ်ဆိုတာ ဘယ်သူမှမသိခဲ့ဘူး။ ပြီးတော့ သူတို့ကလည်း ကမ္ဘာပေါ်မှာ တခြားလူမျိုးတွေရှိကြသေးတယ်ဆိုတာလည်း မသိခဲ့ကြဘူး။ တက်စ်မေးနီးယန်းတွေမှာလည်း စစ်ပွဲတွေ၊ နိုင်ငံရေး လှုပ်ရှားမှုတွေ၊ လူမှုရေးပြောင်းလဲမှုတွေ၊ ယဉ်ကျေးမှုတိုးတက်မှုတွေ ရှိခဲ့တာပဲ။ ဒါပေမယ့် အဲဒီတုန်းက တရုတ်ဧကရာဇ်သိသလောက် ဒါမှမဟုတ် မက်ဆိုပိုးတေးမီးယားက အရှင်သခင်တွေသိသလောက်ဆိုရင် တက်စ်မေးနီးယားကျွန်းဆိုတာ ဂျူပီတာဂြိုဟ်ပေါ်မှာ ရှိရင်လည်း ရှိနေနိုင်တာပဲ။ တက်စ်မေးနီးယန်းလူမျိုးတွေဟာ သူတို့ကမ္ဘာနဲ့သူတို့သာ နေထိုင်ခဲ့ကြပါတယ်။


အမေရိကတိုက်နဲ့ ဥရောပကိုကြည့်မယ်ဆိုရင်လည်း သူတို့သမိုင်းတော်တော်များများမှာ သူတို့ကမ္ဘာနှစ်ခုဟာ အချင်းချင်းတစ်ခုကိုတစ်ခုမသိကြဘဲ သီးသန့်ရှိနေခဲ့ကြတာပါ။ အေဒီ ၃၇၈ ခုနှစ်မှာ ရောမဧကရာဇ် ဗလင်စီ ဟာ အေဒရီယန်နိုဘယ်တိုက်ပွဲမှာ ဂေါ့သ်လူမျိုးတွေကို ရှုံးနိမ့်ပြီး အသတ်ခံခဲ့ရတယ်။ အဲဒီနှစ်မှာပဲ တီကာလ်မြို့က (ယနေ့ခေတ် ဂွာတီမာလာမြောက်ပိုင်းတွင်ရှိ) ချတ်တိုးအီချာတ်ဘုရင်ဟာ ထေအိုထီဝါခန်စစ်တပ် (ယနေ့ခေတ် မက္ကဆီမြို့အရှေ့မြောက်ပိုင်း) ကို ရှုံးနိမ့်ပြီး အသတ်ခံခဲ့ရပါတယ်။ (တီကာလ်ဟာ အရေးပါတဲ့ မာယန်မြို့ပြနိုင်ငံတစ်ခုဖြစ်တယ်။ ထေအိုထီဝါခန်ကတော့ အဲဒီအချိန်တုန်းက အမေရိကတိုက်မှာ အကြီးမားဆုံးမြို့ဖြစ်ပြီး နေထိုင်သူဦးရေ နှစ်သိန်းခွဲ အထိရှိခဲ့တယ်။ သူနဲ့ခေတ်ပြိုင် ရောမမြို့ရဲ့ ပမာဏထုထည်ကြီးမားပုံခြင်း အတူတူပါပဲ)။ ရောမကျဆုံးတာနဲ့ ထေအိုထီဝါခန်တို့ မြင့်တက်လာမှုအကြား ဘာဆက်နွယ်မှုတစ်ခုမှ မရှိပါဘူး။ ရောမမြို့ဟာ မားစ်ဂြိုဟ်ပေါ်မှာရှိနေပြီး ထေအိုထီဝါခန်က ဗီးနပ်စ်ဂြိုဟ်မှာ ရှိနေတယ်ပါဆိုလည်း အတူတူပါပဲ။

တစ်ခုနဲ့တစ်ခုမသိကြဘဲ တချိန်တည်းမှာ ကမ္ဘာမြေပေါ်မှာအတူရှိခဲ့ကြတဲ့ မတူကွဲပြားတဲ့လူ့ကမ္ဘာငယ်တွေ ဘယ်နှစ်ခုများ ရှိခဲ့ပါသလဲ။ ဘီစီ ၁၀,၀၀၀ ဝန်းကျင်က ကျွန်တော်တို့ရဲ့ကမ္ဘာဂြိုဟ်မှာ ထောင်ပေါင်းများစွာသောကမ္ဘာငယ်တွေ ရှိခဲ့ပါတယ်။ ဘီစီ ၂၀၀၀ လည်း ရောက်ရော အဲဒီအရေအတွက်ဟာ ရာဂဏန်းလောက် ဒါမှမဟုတ် ထောင်ဂဏန်းအနည်းငယ်အထိ တစ်စတစ်စလျော့နည်းသွားတယ်။ အေဒီ ၁၄၅၀ လောက်လည်းကျရော သူတို့အရေအတွက်တွေ သိသိသာသာကြီးကို လျော့ပါးသွားပါတယ်။ အဲဒီအချိန်မှာပဲ ဥရောပသားတွေ နယ်မြေစူးစမ်းရှာဖွေမှုတွေ မလုပ်ခင်အချိန်အထိပဲ ကမ္ဘာကြီးပေါ်မှာ ကမ္ဘာငယ်တွေလို့ပြောလို့ရတဲ့ တက်စ်မေးနီးယားလိုနေရာမျိုးတွေ တော်တော်များများ ရှိပါသေးတယ်။ ဒါပေမယ့် ၉၀ ရာခိုင်နှုန်းသောလူသားတွေဟာ တစ်ခုတည်းသော မီဂါကမ္ဘာကြီးဖြစ်တဲ့ အာရှ-အာဖရိကကမ္ဘာငယ်မှာ နေထိုင်ကြပါတယ်။ အာရှတိုက်၊ ဥရောပတိုက် နှင့် အာဖရိကတိုက်အောက်ပိုင်းအပါအဝင် အာဖရိကတိုက်အများပိုင်းဟာ ယဉ်ကျေးမှုဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ နှင့် စီးပွားရေးဆိုင်ရာ ကြီးမားတဲ့ဆက်နွယ်မှုတွေ ရှိနှင့်ပြီးသားပါ။

ကျန်နေသေးတဲ့ ကမ္ဘာ့လူဦးရေဆယ်ရာခိုင်နှုန်းကတော့ သူ့အရွယ်စားနဲ့သူရှိပြီး ရှုပ်ထွေးနက်နဲတဲ့ ကမ္ဘာငယ် ၄ ခုအကြား မျှဝေနေထိုင်ကြပါတယ်။
၁။ မက်ဆိုအမေရိက ကမ္ဘာငယ် - အမေရိကတိုက်အလယ်ပိုင်းနှင့် အမေရိကတိုက်မြောက်ပိုင်းဒေသတချို့ ပါဝင်တဲ့နေရာ။

၂။ အင်းဒီးယန်းတောင်တန်းကမ္ဘာငယ် - တောင်အမေရိကတိုက် အနောက်ပိုင်းအများစုပါဝင်တဲ့နေရာ။

၃။ သြစတေးလျကမ္ဘာငယ် - သြစတေးလျတိုက်တစ်ခုလုံးပါ ပါတယ်။

၄။ သမုဒ္ဒရာပိုင်းဒေသကမ္ဘာငယ် - ဟာဝိုင်အီ ကနေ နယူးဇီလန်အထိ ပစိဖိတ်သမုဒ္ဒရာအနောက်တောင်ပိုင်းက ကျွန်းတွေအားလုံးပါဝင် ပါတယ်။

နောက်လာမယ့် အနှစ် ၃၀၀ အတွင်းမှာ အာရှ-အာဖရိက ကမ္ဘာကြီးက ကျန်တဲ့ကမ္ဘာငယ်တွေအကုန်းလုံးကို ဝါးမြိုပစ်ပါတယ်။ စပိန်တွေက အက်ဇ်တက်အင်ပါယာကို သိမ်းပိုက်လိုက်တဲ့ ၁၅၂၁ ခုနှစ်မှာ မက်ဆိုအမေရိက ကမ္ဘာငယ် တစ်ခုလုံး ဝါးမြိုခံလိုက်ရပါတယ်။ တချိန်တည်းမှာပဲ ပထမဆုံးဝါးမြိုမှုအဖြစ် ဖာဒီနန် မက်ဂျယ်လန်က ရေကြောင်းနဲ့ကမ္ဘာပတ်ရင်း သမုဒ္ဒရာပိုင်းဒေသကမ္ဘာငယ်က အစိတ်အပိုင်းအချို့ကို သိမ်းပိုက်လိုက်ပြီး သူ့ရဲ့ကမ္ဘာပတ်ခရီးစဉ်ကို အဆုံးသတ်ခဲ့ပါတယ်။ စပိန်လူမျိုး အောင်နိုင်သူတွေက (conquistadors) အင်ကာအင်ပါယာကို ချေမှုန်းခဲ့တဲ့အချိန်မှာ အင်းဒီးယန်းတောင်တန်းကမ္ဘာငယ် ပြိုလဲသွားခဲ့ပါတယ်။ ၁၆၀၆ ခုနှစ်မှာ သြစတေးလျတိုက်ပေါ်ကို ဥရောပလူမျိုးတွေ ပထမဆုံး အခြေချခဲ့ကြပါတယ်။ ဒါနဲ့ပဲ အပြင်လူတွေ မတို့ထိရသေးတဲ့ သြစတေးလျကမ္ဘာငယ်ဟာ ၁၇၈၈ ခုနှစ် ဗြိတိသျှတွေ နယ်ပယ်ချဲ့ထွင်တဲ့အချိန်မှာ အဆုံးသတ်သွားခဲ့ပါတယ်။ နောက် ၁၅ နှစ်ကြာတော့ ဗြိတိသျှသားတွေဟာ တက်စ်မေးနီးယားကျွန်းပေါ်မှာ ပထမဆုံးအကြိမ်အခြေချမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ပဲ နောက်ဆုံးသော လွတ်လပ်တဲ့ လူ့ကမ္ဘာငယ်ဟာ အာရှ-အာဖရိကစက်ဝန်းကြီးရဲ့ သြဇာထဲ ကျရောက်လာခဲ့ပါတယ်။

အာရှ-အာဖရိက ကမ္ဘာကြီးအနေနဲ့ သူဝါးမြိုထားတဲ့အရာတွေအားလုံးကြေညက်သွားဖို့ ရာစုနှစ်များစွာ ကြာခဲ့ပါတယ်။ ဒါပေမယ့် ဒီဖြစ်ပျက်ပြီးသားကိစ္စတွေကိုတော့ နောက်ပြန်လှည့်လို့မရတော့ပါဘူး။ ဒီနေ့ခေတ်မှာ လူသားတွေအကုန်လုံးနီးပါး တူညီတဲ့ဂျီအိုပိုလစ်တစ်စနစ် ကိုမျှဝေကြပါတယ်(ကမ္ဘာဂြိုဟ်တစ်ခုလုံးကို နိုင်ငံတကာအသိမှတ်ပြု နိုင်ငံတွေအဖြစ် ခွဲခြားထားပါတယ်)။ တူညီတဲ့ စီးပွားရေးစနစ်တွေ (အရင်းရှင်စီးပွားရေးစနစ်ရဲ့လက်တံတွေဟာ ကမ္ဘာမြေရဲ့ ချောင်အကျဆုံးနေရာတွေအထိ ရောက်ပါတယ်)၊ တူညီတဲ့ တရားဥပဒေစနစ်တွေ (လူ့အခွင့်အရေးနဲ့ နိုင်ငံတကာဥပဒေတွေဟာ နေရာတိုင်းမှာ အနည်းဆုံးတော့ သီအိုရီအရ အသက်ဝင်ပါတယ်)။ ပြီးတော့ တူညီတဲ့သိပ္ပံပညာစနစ်တွေ အီရန်၊ အစ္စရေး၊ သြစတေးလျ နှင့် အာဂျင်တီးနား နိုင်ငံက ကျွမ်းကျင်ပညာရှင်အားလုံးမှာ အက်တမ်တွေရဲ့တည်ဆောက်ပုံ၊ တီဘီရောဂါကို ကုသပုံစနစ်တွေ လုံးဝတူညီကြပါတယ်။)

ကမ္ဘာ့လုံးဆိုင်ရာယဉ်ကျေးမှုအဖြစ်တစုတစည်းဖြစ်သွားတာနဲ့ အားလုံးထပ်တူညီ တစ်ပုံစံတည်းဖြစ်သွားတာတော့ မဟုတ်ပါဘူး။ သက်ရှိခန္ဓာတစ်ခုမှာ အင်္ဂါတွေ၊ ဆဲလ်တွေ အမျိုးမျိုးပါရှိသလိုပဲ ကျွန်တော်တို့ရဲ့ ကမ္ဘာ့လုံးဆိုင်ရာယဉ်ကျေးမှုတစ်ခုမှာ နယူယောက်က စတော့ရှယ်ယာပွဲစားတွေကစပြီး အာဖဂန်သိုးထိန်းသမားတွေအထိ အသက်ရှင်သန်မှုအမျိုးမျိုး၊ လူအမျိုးမျိုး ပါဝင်ပါတယ်။ သို့တိုင်အောင် သူတို့အားလုံးဟာ တစ်ယောက်နဲ့တစ်ယောက် နီးနီးကပ်ကပ် ဆက်နွယ်မှုတွေရှိကြပြီး အချင်းချင်း ပုံစံအမျိုးမျိုးနဲ့ အပြန်အလှန်လွှမ်းမိုးကြပါတယ်။ သူတို့အချင်းချင်း အငြင်းပွားပြီး စစ်ဖြစ်နေကြတုန်းပဲ ဒါပေမယ့် အဲဒီလိုအငြင်းပွားကြတဲ့အခါ သူတို့ကိုင်ဆွဲတဲ့အယူအဆတွေ၊ စစ်ဖြစ်တဲ့အခါသုံးတဲ့လက်နက်တွေ အတူတူပါပဲ။ ‘ယဉ်ကျေးမှုတွေ အမှန်တကယ်ထိပ်တိုက်ဆုံခြင်း’ ဆိုတာ နားလေးတဲ့လူတွေပြောနေကျ စကားလိုပါပဲ။ တစ်ဖက်သားပြောတာကို ဘယ်သူမှ ကောင်းကောင်းနားမလည်ကြဘူး။ ဒီနေ့ခေတ်မှာ အမေရိကန် နှင့် အီရန် အချင်းချင်း ဓားတပြပြ လုပ်နေကြတယ်။ တချိန်တည်းမှာပဲ သူတို့နှစ်ဦးလုံးသုံးတဲ့ ဘာသာစကားဟာ နိုင်ငံတွေအကြောင်း၊ အရင်းရှင်စီးပွားရေးစနစ်တွေ၊ နိုင်ငံတကာလူ့အခွင့်အရေးတွေ၊ နျူးကလီးယားရူပဗေဒတွေအကြောင်း ပါတာပါပဲ။

ခုချိန်ထိ ‘စစ်မှန်တဲ့’ယဉ်ကျေးမှု ဆိုတာကို ကျွန်တော်တို့အများကြီးပြောနေကြတုန်းပါ။ ဒါပေမယ့် ယဉ်ကျေးမှုတစ်ခုဟာ သူ့ဟာသူ တသီးတခြားလွတ်လပ်စွာ ဖွံ့ဖြိုးဖြစ်တည်လာပြီး ပြင်ပလွှမ်းမိုးမှုတွေမပါတဲ့ ရှေးဟောင်းဒေသရင်း ရိုးရာထုံးတမ်းတွေကိုသာ စစ်မှန်တဲ့ယဉ်ကျေးမှုလို့ ခေါ်ကြမယ်ဆိုရင် ကမ္ဘာပေါ်မှာ စစ်မှန်တဲ့ယဉ်ကျေးမှုတွေ မကျန်တော့ပါဘူး။ ပြီးခဲ့တဲ့ ရာစုနှစ်တစ်ချို့အတွင်းမှာပဲ ကမ္ဘာလုံးဆိုင်ရာ လွှမ်းမိုးမှုလှိုင်းလုံးအောက်မှာ လူ့ယဉ်ကျေးမှုအားလုံးဟာ မမှတ်မိနိုင်လောက်အောင် ပြောင်းလဲကုန်ပါပြီ။

ဒီဂလိုဘယ်လိုက်ဇေးရှင်းနဲ့ပတ်သက်လို့ စိတ်ဝင်စားစရာအကောင်းဆုံး ဥပမာကတော့ ‘ဒေသခံ ဟင်းလျာ’ တွေဆိုတာပါပဲ။ အီတလီစားသောက်ဆိုင်တစ်ခုမှာဆို စပဂယ်တီ အီတလီခေါက်ဆွဲကို ခရမ်းချဉ်သီးဆော့နဲ့ ရမယ်လို့ ကျွန်တော်တို့ မှန်းထားမှာပဲ။ ပိုလန် နှင့် အိုင်းရင် စားသောက်ဆိုင်တွေဆိုရင် အာလူးများများပါတဲ့ဟင်းတွေ၊ အာဂျင်တီးနားစားသောက်ဆိုင်ဆိုရင် အမဲသားကင်အမျိုးပေါင်း ဒါဇင်နဲ့ချီတဲ့ အထဲက ရွေးရမယ်။ အိန္ဒိယစားသောက်ဆိုင်ဆိုရင်တော့ ရှိရှိသမျှတွေထဲ ငရုတ်သီးထည့်ထားပြီး ဆွစ်စ်ကဖေးတိုင်းရဲ့ ထင်ရှားတဲ့အစားအစာကတော့ ချောကလက်ပျစ်ပျစ်ပူပူပေါ်မှာ ခရင်မ်တွေ တောင်လိုမောက်နေတာပါ။ ဒါပေမယ့် ဒီအစားအစာတွေထဲက တစ်ခုမှ အဲဒီနိုင်ငံတွေရဲ့ဒေသရင်း မဟုတ်ပါဘူး။ ခရမ်းချဉ်သီး၊ ငရုတ်သီး၊ ကိုကိုးပင် စတာတွေအားလုံးဟာ မက္ကဆီကိုမှာ မူလအစပြုကြတာဖြစ်ပါတယ်။ စပိန်တွေ မက္ကဆီကို ကိုသိမ်းပိုက်အောင်မြင်ပြီးနောက်ပိုင်းသာ ဒီအရာတွေ ဥရောပ နှင့် အာရှကို ရောက်လာခဲ့တာပါ။ ဂျူးလိယက် ဆီဇာ နှင့် ဒန်ထေး အလီဂေးရီတို့ ဘယ်တုန်းကမှ ခရမ်းချဉ်ဆော့တွေနှစ်ထားတဲ့ အီတလီခေါက်ဆွဲကို ခက်ရင်းနဲ့လိမ်ပတ်ပြီး မစားခဲ့ပါဘူး(အဲ့တုန်းက ခက်ရင်းကိုတောင် မထွင်ရသေးပါဘူး)။ ဆွစ်စ် သူရဲကောင်း ဝီလီယမ် တဲလ် ဟာဘယ်တုန်းကမှ ချောကလက်မစားခဲ့သလို ဗုဒ္ဓဟာလည်း သူ့အစားအစာထဲ ငရုတ်သီးထည့်မစားခဲ့ပါဘူး။ ပိုလန် နှင့် အိုင်ယာလန်ကို အာလူးတွေရောက်သွားတယ်ဆိုတာ နှစ် ၄၀၀ မကျော်သေးပါဘူး။ အာဂျင်တီးနားမှာ ၁၄၉၂ ခုနှစ်မှာ ရနိုင်တဲ့ အသားကင်ဆိုလို့ လားမာကုလားအုတ်အသားပဲ ဖြစ်မှာပါ။

ဟောလီးဝုဒ် ရုပ်ရှင်တွေကလည်း လွင်ပြင်က ရက်အင်ဒီယန်းတွေကို ရဲရင့်တဲ့မြင်းသည်တော်တွေ အဖြစ်ဖော်ပြပြီး ဥရောပနယ်ပယ်ချဲ့ထွင်သူတွေရဲ့ ရထားတွဲတွေဆီကို သတ္တိရှိရှိအသေခံတိုးဝင်ရင်း သူတို့ဘိုးဘေးတွေရဲ့ဓလေ့ထုံးတမ်းတွေကို ကာကွယ်သွားကြတဲ့ပုံရိပ်ကို ပြပါတယ်။ ဒါပေမယ့်လည်း ဒီမြင်းစီးတဲ့ အမေရိကန်ဒေသရင်းလူမျိုးတွေဟာ ဟိုးရှေးခေတ် စစ်မှန်တဲ့ယဉ်ကျေးမှုတစ်ခုကို ကာကွယ်သူတွေမဟုတ်ကြပါဘူး။ အဲဒီအစား သူတို့ဟာ ၁၇၊ ၁၈ ရာစုတွေမှာ မြောက်အမေရိကတိုက် အနောက်ပိုင်းကိုရောက်ရှိလာတဲ့ ကြီးမားတဲ့စစ်ရေး၊ နိုင်ငံရေး အပြောင်းအလဲကြီးတွေရဲ့ ထုတ်ကုန်သာ ဖြစ်ကြပါတယ်။ ရလဒ်အနေနဲ့ ဥရောပကမြင်းတွေ အဲဒီကို ရောက်လာတာပါ။ ၁၉ရာစုက အပါချီ(Apache)မျိုးနွယ်စုတွေ၊ စူး(Sioux)မျိုးနွယ်စုတွေရဲ့ ယဉ်ကျေးမှုဟာ နှစ်သက်စရာတွေ အများကြီးရှိပေမယ့် အဲဒါဟာ မော်ဒန်ယဉ်ကျေးမှုတစ်ခုပါ။ ဒါကြောင့် စစ်မှန်တယ်ဆိုတာထက်ပိုပြီး ကမ္ဘာလုံးဆိုင်ရာတွန်းအားရဲ့ ရလဒ်တစ်ခုပဲ ဖြစ်ပါတယ်။

ဘာသာပြန် - မာန်သီဟထွန်း
စာဖတ်သူအားလုံးကိုယ်ချမ်းသာပြီး စိတ်ချမ်းမြေ့ပါစေ။ ကျေးဇူးတင်ပါတယ်..
ပုံတွေကိုအောက်ပါလင့်တွေကနေယူပါတယ်။
https://www.amazon.com.au/Last-Tasmanians-Blac…/…/B07MGCQZ5J
https://www.telegraph.co.uk/…/Black-marble-new-high-resolut…
https://www.theonlyperuguide.com/alpaca-vs-llama/