Breaking News

ဇော်သစ်ကြည် - တွေးတောပူပန် မနေစေလို




ဇော်သစ်ကြည် - တွေးတောပူပန် မနေစေလို(မိုုုုုုုးမခ) ဧပြီ ၁၃၊ ၂၀၂၀

ဒီနေ့နေ့လည် MRTV ကနေ သတင်းတစ်ပုဒ် ကြားခဲ့ရပါတယ်။ ထုံးစံအတိုင်း ကိုဗစ်နိုင်တီးနဲ့ ပါတ်သက်တဲ့ လိုက်နာစရာတွေပဲပေါ့။ သီးသန့်ခွဲခြားစောင့်ကြည့်ခံရသူတွေအတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ လမ်းညွှန်ချက်တွေပေါ့။ သတိထားမိတဲ့အချက်လေး တစ်ချက် ဆွေးနွေးချင်ပါတယ်။ ကိုဗစ်သတင်းတွေချည်း ကြည့်နေပြီး စိုးရိမ်ပူပန်နေတာမျိုး မဖြစ်စေနဲ့တဲ့။ တကယ့်အရေးပေါ်ကာလမှာ အမိန့်နာခံတတ်မှုဟာ တကယ် ထိရောက်လှပါတယ်။ ရွှေပြည်အေးတရားဟောနေဖို့ အချိန်မှ မရှိတာ။ ဆိုပါတော့၊ ရန်သူဘက်က ဒုံးကျည်နဲ့ ဆော်လိုက်ပြီ၊ ကျွန်တော်တို့က မြေပုံကြီးရှေ့ချပြီး ဗျူဟာခင်းနေလို့မှ မရတာပဲ။ ‘ဝပ်’ ဆိုတဲ့ အမိန့်ပဲ ပေးရမှာပေါ့၊ မဟုတ်ဘူးလား။ ဥပမာ ပြောတာပါ၊ ဒုံးကျည်က ဝပ်လို့ ရမရတော့ မမှန်းတတ်ပါဘူး။

ဆက်စပ်တာလေး အတွေးထဲရောက်လာပါတယ်။ ကျွန်တော်က တရားစာအုပ်လေးဘာလေး ဖတ်ဖူး တော့၊ ကမ္မဌာန်း ဆရာတော်တစ်ပါးထံ မေးလျှောက်ဖူးပါတယ်။ တရားထိုင်နေရင်း ငါတော့ ဘာဖြစ်တော့မယ် ထင်တယ်၊ ငါတော့ အကြားအမြင်တွေ ရတော့မယ် ထင်တယ်၊ အလင်းရောင်တွေ ဖြာထွက်နေပြီ တန်ခိုး ဣဒ္ဓိပါဒ်တွေ ရလာပြီ ထင်တယ် စသဖြင့်ပေါ့လေ။ မျက်နှာ ချွေးပေါက်တွေကနေ အခိုးအငွေ့တွေက တရှိန်ရှိန် ဖြစ်နေတာက တေဇောကသိုင်းများ အောင်လို့လားပေါ့။ အဲလို တောင်တောင်အီအီတွေးနေတာက ကိုယ့်ကို ကိုယ် ဆန်းစစ်တယ်လို့ ခေါ်တာလားဘုရားလို့ လျှောက်တော့၊ တရားထိုင်တဲ့အခါ တရားပဲ ထိုင်နေပေါ့တဲ့။ ဘာဖြစ်ရမယ်၊ ညာဖြစ်ရမယ်လို့လည်း ကြိုမတွေးနဲ့။ ဘာဖြစ်တာလဲ မသိဘူးလို့လည်း စဉ်းစားမနေနဲ့။ ပေါ်လာသမျှ ရှု၊ မှတ်နေရုံပဲ လုပ်ပါ။ အတွေးဝင်လာရင် အတွေး ဝင်လာတယ်ပေါ့၊ ခန္ဓာကိုယ်ကြီး ပေါ့ပါးနေရင် ပေါ့ပါးတယ်ပေါ့၊ စိတ်ထဲက ကျေနပ်နေရင် ကျေနပ်တယ်ပေါ့။ ဒါမှမဟုတ် ထုံကျဉ်ကိုက်ခဲနေရင်လည်း ထုံကျဉ် ကိုက်ခဲတယ်ပေါ့၊ စိတ်က အလိုမကျ ခံရခက်တယ်ဆိုလည်း ခံရခက်တယ်ပေါ့။ စကားလုံးလည်း ရှာစရာ မလို ဘူး၊ ဖတ်ထားတဲ့ တရားစာတွေနဲ့လည်း ပိုင်းခြားဝေဖန်နေစရာမလိုဘူး။ ကိုယ်မှာ၊ စိတ်မှာ ဖြစ်သမျှ ပေါ်သမျှ မလွတ်တမ်း ရှုမှတ်နေပါ။ တရားက တရားအလုပ် လုပ်သွားပါလိမ့်မယ်တဲ့၊ ရှင်းပြပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီလို အကြံဉာဏ်ပေးဖူးပါတယ်။ မျှော်လင့်နေရမယ်၊ စိတ်ကူးတော့ မယဉ်နဲ့တဲ့။ မျှော်လင့်တယ်ဆိုတာ လုပ်စရာရှိတာ ကျေပွန်အောင် လုပ်ကိုင် ပြီး၊ ဖြစ်လာမယ့် ရလာဒ်ကောင်းတွေကို စောင့်စားနေတာပါ။ စိတ်ကူးယဉ်တာကတော့ ဘာမှ မလုပ်မကိုင်၊ ကိုယ်နဲ့သက်ဆိုင်တဲ့ အခန်းကဏ္ဍမှာ တာဝန်မကျေဘဲ၊ ထိုင်ရာမထ လိုချင်တောင့်တနေတာမျိုးပေါ့။ ကျွန်တော်တို့မှာ မျှော်လင့်ပိုင်ခွင့်ရှိပါတယ်၊ စိတ်ကူးယဉ် အတွေးကြောထဲ မျောနေခွင့်တော့ မရှိတော့ပါဘူး။ နန်းတော်ကြီး မီးလောင်နေတာကို စောင်းတီးပြီး ရှုစားသလိုမျိုးပေါ့။ အချိန်က ကိုဗစ်နိုင်တီး ရောဂန္တရ ကပ်ဆိုက်နေချိန်မဟုတ်လား။ လက်ဖက်ရည်ဆိုင် ဖင်ပူအောင်ထိုင်၊ ဆေးလိပ်ငွေ့ တိမ်တိုက်ထဲမှာ၊ မျောချင် တိုင်း မျောနေချိန် မဟုတ်ပါဘူး။

ဒဿနိကဗေဒဆရာတွေကတော့ ဘယ်လိုပြောကြ ဝေဖန်ကြလေမလဲ မသိပါဘူး။ ဆရာချစ်ဦးညိုက စာပေဟောပြောပွဲ တစ်ခုမှာ ပြောခဲ့ဖူးပါတယ်။ သူက ဖလော်ကျောင်းသားဆိုတော့ တွေးရတယ်တဲ့။ ဟို အကြောင်းတွေး၊ ဒီအကြောင်းတွေးပေါ့လေ။ တစ်နေ့ကျ သူ့ဆရာကို သွားမေးပါတယ်။ တွေးစရာတွေ ကုန်ပြီ၊ ကျောင်းသင်ခန်းစာတွေရော၊ ပတ်ဝန်းကျင် လက်လှမ်းမီသမျှရောပေါ့။ နနွင်းဟာ ဝါတယ်၊ ဝါဟာ ချည်မျှင် ထုတ်နိုင်တယ်၊ ချည်မျှင်က အထည်ယက်လို့ ရတယ်၊ ဒါကြောင့် နနွင်းဟာ အထည်ယက်လို့ ရတယ် ဆိုတာ မျိုး နေမှာပေါ့။ အဲတော့ ဆရာက ပြန်ပြောပါတယ်၊ ဘာတွေးရမလဲဆိုတာကို ပြန်တွေးနေကွာတဲ့။ အခုလည်း ငါသည် တွေးသည်၊ ထို့ကြောင့် ငါသည် လူဖြစ်သည် လို့ ငြင်းချက်ထုတ်နေဦးမလား။

တွေးတယ်ဆိုရာမှာ စဉ်းစားတွေးခေါ်တာမျိုးနဲ့ တွေးတောပူပန်တာမျိုး ဆိုပြီး ရှိပါတယ်။ စဉ်းစား တွေးခေါ်တယ်ဆိုတာမျိုးကတော့ ပညာရှင်တွေရဲ့ အလုပ်ပါ။ ဒီနေရာမှာ ပညာရှင်ဆိုတာလည်း ကဏ္ဍ အသီးသီး ရှိမယ် ထင်ပါတယ်။ ကိုယ်နဲ့ ဆိုင်ရာ ဆိုင်ရာပဲ လက်ခံစဉ်းစားသင့်ပါတယ်။ ကျွန်တော်က ဖခင်တစ် ယောက် ဖြစ်တဲ့အတွက် ကျွန်တော်မိသားစုနဲ့ ဆိုင်တဲ့ တွေးတောချင့်ချိန်မှုကိုပဲ လုပ်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံရဲ့ အခန်းကဏ္ဍတွေကို လက်လှမ်းမမီပါဘူး။ ကျွန်တော့အလုပ်က လက်ထောက်ကျန်းမာရေးမှူး သာဖြစ်လို့ အထူးကုဆရာဝန်ကြီးရဲ့ အလုပ်မျိုး မလုပ်နိုင်ပါဘူး။ ဒါမျိုးကို ပြောချင်တာပါ။ ခုလို ကိုဗစ်နိုင်တီး ကာလမှာ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေကိုပဲ ပြည်သူတွေကို ဝေမျှပါတယ်။ ကာကွယ်ဆေး ထုတ်လုပ်ပုံအဆင့်ဆင့်၊ ရောဂါကုသနေတဲ့ ဆေးဝါးတွေအကြောင်း ပြောစရာ မလိုပါဘူး။ ကျွန်တော် မပြောတတ်ပါဘူး။

အဲဒီတော့ ကျွန်တော်တို့ ပြည်သူတွေက ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေ ကိုပဲ လိုက်နာနေဖို့ အထူးလိုအပ်ပါတယ်။ အိမ်မှာပဲ နေဖို့၊ လက် ခဏခဏဆေးဖို့၊ နှာချေ ချောင်းဆိုးရင် အကာအကွယ်နဲ့ ဆိုးဖို့၊ လိုအပ်လို့ အပြင်ထွက်ရင် နှာခေါင်းစည်းတပ်ဖို့၊ လူစုလူဝေးတွေ ရှောင်ဖို့၊ နေထိုင် မကောင်းရင် ကျန်းမာရေးဌာနသို့ ချက်ချင်းပြသဖို့ စတာတွေပဲ ဖြစ်ပါတယ်။ နိုင်ငံခြားပြန်၊ ထိတွေ့မှု ရှိသူ၊ ရောဂါသံသယရှိသူတွေ အနေနဲ့လည်း လိုအပ်လို့ သီးခြားခွဲထားရင် နားထောင်ဖို့ လိုပါတယ်။ ငြင်းဆန်တာ၊ ထွက်ပြေးတာ၊ လိမ်လည်ထွက်ဆိုတာတွေကမှ ရှက်စရာဖြစ်ရပ်ပါ။

တွေးပူတာမျိုးက ထိတ်လန့်စရာတွေကို ပုံကြီးချဲ့ တွေးမြင်နိုင်ပါတယ်။ ငယ်ငယ်က သင်ခဲ့ဖူးတဲ့ ယုန်ကလေးအကြောင်းလေ၊ မှတ်မိသေးတယ် မဟုတ်လား။ ဥသျှစ်ပင်အောက်က ထန်းလက်ခြောက်လေးနား ဝပ်နေရင်း ‘မြေပြိုခဲ့ရင်’ဆိုတာကို ခြေခြေမြစ်မြစ်မရှိဘဲ တွေးတောနေတာပေါ့။ တောင်ရောက်မြောက်ရောက် တွေးပူနေချိန်မှာပဲ၊ ဥသျှစ်သီးက ထန်းလက်ခြောက်ပေါ် ကြွေကျလာတယ်။ ဟ… မြေပြိုပြီဟေ့ ဆိုပြီး ထပြေး လာတာပေါ့၊ လမ်းမှာ တွေ့သမျှတွေကလည်း လုံးစေ့ပတ်စေ့ မမေးမြန်းဘဲ၊ နောက်က ပြေးလိုက်လာကြ ပေါ့။ တစ်တောလုံး အုံးအုံးကြွပ်ကြွပ်၊ ခြင်္သေ့မင်းက မေးတယ်၊ ဘယ်သူမှ မဖြေကြဘူး၊ အပြေးလည်း မရပ်ကြဘူး။ ဒီတော့ တောင်ကမူပေါ်တက်ပြီး သုံးခါတိတိ ဟိန်းဟောက်လိုက်မှ ရပ်တန့်သွားကြပါတယ်။ ဘာလဲ၊ ဘာဖြစ်ကြတာလဲ။ တချို့က မသိဘူး၊ သူများပြေးလို့ ပြေးတာ။ ရှေ့ကို လက်ညှိုးထိုးပြတာပေါ့။ အဲဒီရှေ့က လည်း ဟိုး ရှေ့ကို ထပ်ထိုးပြကြပေါ့။ နောက်ဆုံးတော့ ဇာတ်လိုက်မင်းသား ကိုရွှေယုန်ထံ ဆုံချက်ရောက်သွား ပါတယ်။ မြေပြိုလို့ဗျ… ပြန်ဖြေပါတယ်။ စဉ်းစားတတ်တဲ့ အထက်အရာရှိဆိုတော့ လိုက်ပြခိုင်းတယ်။ ယုန် ကလေးက ကြောက်ရွံ့တုန်လှုပ်စွာနဲ့ လမ်းပြတာပေါ့။ ရောက်တော့၊ လိုက်ပါလာသူတွေအားလုံး ငိုအားထက် ရယ်အားသန် ဖြစ်ကုန်ကြပါတယ်။ မင်း ပြောတဲ့ မြေပြိုတာကြီးက ထန်းရွက်ခြောက်ပေါ် ဥသျှစ်သီး ကြွေတာပဲ ကိုး။

တွေးပူနေတော့ စိတ်ဓာတ်သွေးလေ ခြောက်ခြားပြီး ကျန်းမာရေးကို ထိခိုက်စေပါတယ်။ စိတ်ဖိစီးမှု ကြောင့် ခန္ဓာကိုယ်တွင်းမှာ စိတ်ဖိစီးမှုကို တွန်းလှန်ဖို့၊ စိတ်ဖိစီးမှု အခြေအနေကို တော်လှန်ဖို့ ဟော်မုန်း တစ်မျိုး ထွက်ပေးရပါတယ်။ အဲဒီဟော်မုန်းက အသက်ရှူနှုန်း၊ နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန်တွေကို မြှင့်တင် ပေးတာပေါ့။ ဒါပေမယ့် လိုတာထက် ပိုသွားရင်၊ ခဏ ခဏ ထွက်ပေါ်နေရရင် သွေးတိုးရောဂါ၊ နှလုံးရောဂါ စတဲ့ နာတာရှည် မကူးစက်တတ်တဲ့ရောဂါမျိုးတွေ ဖြစ်လာတတ်ပါတယ်။ ဘေးထွက်ဆိုးကျိုးအနေနဲ့ပေါ့။ ဒါကြောင့် ဘေးအန္တရာယ် တစ်ခုခုကို ရင်ဆိုင်နေရပြီဆိုရင် စိတ်ခိုင်ခိုင်ထားဖို့၊ ရောဂါတစ်ခုခု ခံစားရချိန်မှာ ဘယမဖြစ်ဖို့ ကျန်းမာရေးပညာရှင်တွေက တိုက်တွန်းကြတာပေါ့။ အဖော်အပေါင်းနဲ့၊ အဖွဲ့လိုက် ရင်ဆိုင်နေ ရချိန်မှာတောင် စိတ်ဓာတ်ကျဆင်းမှု၊ စိတ်ဓာတ်ပြိုကွဲမှု ဖြစ်တတ်ကြသေးတာ၊ တစ်ယောက်တည်း၊ မမြင်ရတဲ့ ရန်သူကို တိုက်ခိုက်နေရရင် ပိုပြီး ဖယိုဖရဲ ဖြစ်နိုင်တာပေါ့။ ဥပမာ- ထောင်ကျတုန်းက စကားပြောဖော် ရှိသေးတယ်၊ တိုက်ပိတ်ခံရရင် ကွဲတော့တာပဲ။ ဒါကြောင့်မို့ တစ်နေရာရာမှာ သီးသန့်ထား စောင့်ကြည့်ခံရသူ တွေဟာ စိတ်ဓာတ်ကြံ့ခိုင်နေဖို့ အထူးလိုအပ်လှပါတယ်။

မြို့နားနီးတဲ့သူတွေက ဖြေသာပါသေးရဲ့၊ အဝေးကနေ လူရိပ်လူယောင် မြင်နိုင်တယ်။ တီဗွီ ကြည့်နိုင် တယ်။ ဖုန်းကလိနိုင်တယ်။ လိုင်းပေါ်တက်ပြီး ချက်တင်ထိုင်လို့ ရပါသေးတယ်။ စာဖတ်မလား၊ ဘာစားချင်လဲ၊ ထောက်ပံ့ကူညီပေးမယ့်သူတွေ ရှိကြပါတယ်။ တနေ့က သူငယ်ချင်းတစ်ယောက် တင်ထားတဲ့ ပို့စ်မှာ နယ်စပ်က လုံးချင်းတဲကလေးတွေ။ အိပ်ရာလေးပဲ တွေ့တယ်၊ ကင်းတဲလောက်လေးပေါ့။ ဖုန်းလည်း မရှိ၊ တီဗွီ လည်း ဝေး၊ ရေဒီယိုလေးတောင် မမြင်မိဘူး၊ မရှိလောက်ဘူး။ ငုတ်တုတ်ကလေးတွေ၊ ငေးငေးငိုင်ငိုင်။ အချင်း ချင်း စကားပြောချင်ရင် အော်ပြောရမယ် ထင်တယ်။ ဒါတွေကို ကြည့်ပြီး မြို့နားနီးတဲ့ သီးသန့်သမားတွေက အားတင်းထားရမှာပေါ့။

ဒါနဲ့ပတ်သက်ပြီး ဆရာအော်ပီကျယ်ရဲ့ ကာတွန်းလေးကို မြင်ယောင်မိပါတယ်။ စိတ်ဓာတ်ကျနေတဲ့ လူတစ်ယောက်ကို ဆရာဝန်က အကြံပေးနေတာပေါ့။ ကိုယ့်အောက် နိမ့်ပါးတဲ့သူတွေကို တွေးပြီး စိတ်ဖြေစမ်း ပါဗျာ။ အဲလို တွေးလိုက်လို့ ပိုစိတ်ဓာတ်ကျလာတာ ဆရာရဲ့။ ဘာလို့လဲဆိုတော့ အဲလိုလူတွေက ကျနော့် အမျိုးတွေ ဖြစ်နေလို့ပဲတဲ့။ တော်ကြာ၊ အဲလိုဖြစ်မှာလည်း စိုးရပါတယ်။ မြန်မာပြည်သူ ပြည်သားအချင်းချင်း၊ ကမ္ဘာသူ ကမ္ဘာသားအချင်းချင်းဆိုတော့လေ၊ လက်သည်းဆိတ်တော့ လက်ထိပ်နာတယ်။ မနေ့က လူနာ နံပါတ်(၃၀)နဲ့ ပါတ်သက်ပြီး သိလိုက်ရတော့ အတော်လေး ဝမ်းနည်းမိတယ်။ ကိုဗစ်လူနာတစ်ဦးကို ဆေးကုသစောင့်ရှောက်မှုပေးရင်း ကူးစက်ခံရတဲ့ ဆရာဝန်မကြီး။ နှစ်ယောက်သုံးယောက် လုပ်ရမယ့် အလုပ် ကို တခြားသူတွေ ကူးစက်မှာစိုးလို့ တစ်ယောက်တည်း စွန့်စားပေးလိုက်တဲ့ အကျိုးပေါ့။ ဝမ်းနည်းအံ့ဩရင်း လေးစားအားကျသွားပါတယ်။ သူလိုမျိုး သတ္တိရှိရှိ တာဝန်မကျေရဲဘူးလား။ ဘာဖြစ်လဲ၊ တစ်နေ့ သေရမယ့် အတူတူ၊ သိက္ခာရှိရှိ၊ ဂုဏ်ရှိရှိ မသေရဲဘူးလား။ အကျင့်စာရိတ္တထက် မြင့်မြတ်တာ ဘာများ ရှိသေးလို့လဲ။

ဒါပေမယ့် ဒီနေရာမှာ ထည့်သွင်းပြောချင်တာလေးတစ်ချက်တော့ ရှိပါတယ်။ မိုက်ရူးရဲဆန်တာနဲ့ ရဲရင့်ပြတ်သားတာတော့ မတူဘူးပေါ့။ အခု မေ့ဆေးဆရာဝန်မကြီး ဒေါ်မြင့်မြင့်စိန်က ရဲရင့်ပြတ်သားတာပါ။ အကာအကွယ်တွေ တတ်နိုင်သလောက် ယူခဲ့ပါတယ်။ သူလုပ်မှ ရမယ်ဆိုတာလည်း သူ သိပါတယ်။ ဒီလို မလုပ်ရင်၊ အသက်ရှူကိရိယာ မတပ်ပေးရင် လူနာရဲ့ အသက်အန္တရာယ်ရှိပါတယ်။ ဒါကြောင့် ဒီအန္တရာယ်ကို ယူပြီး လုပ်ဆောင်ပေးလိုက်တာ ဖြစ်ပါတယ်။ မျက်ကန်းတစ္ဆေမကြောက်တော့ မဟုတ်ပါဘူး။

ဒီလိုမျိုး ရှေ့တန်းစစ်မြေပြင်မှာ ကိုဗစ်နိုင်တီး ရန်သူတွေကို ကာကွယ်တိုက်ခိုက်နေရတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေ အများကြီးပါပဲ။ ကျန်းမာရေးအသိကတော့ သာမန်ပြည်သူတွေထက် အများကြီး သိကြတာပေါ့။ သူတို့လည်း အိမ်မှာနေချင်တယ်၊ အိမ်မှာ အေးဆေးနေပြီး အားရှိအောင် စား၊ အားရှိအောင် အိပ်ချင်တာပေါ့။ ဖေ့စ်ဘုတ်ပေါ်တက် ပွတ်လိုက်၊ မက်ဆင်ဂျာနဲ့ ချက်လိုက်၊ ဟာသတွေ ဖတ်လိုက်၊ ဝေမျှလိုက်၊ ဒါမှ ပျင်းသေးရင် ဂရုချက်နဲ့ အဖွဲ့လိုက်ကြီး တစ်ယောက်တစ်ပေါက် ပြောနေချင်မှာ ပေါ့။ သူတို့မှာ ရေသောက်၊ သေးပေါက် (ကန်တော့ပါရဲ့)ဖို့တောင် မလွယ်လှပါဘူး။ ကျွန်တော် တွေးကြည့် တယ်၊ ဘယ်လိုများ စားသောက်နေထိုင်နေကြသလဲပေါ့။ ကျွန်တော်တို့က သာမန်လူတွေကို သံသယစိတ်နဲ့ ရှောင်ခွာနေလို့ ရပေမယ့် သူတို့နဲ့ အမြဲထိတွေ့နေရသူတွေက ပိုးတွေ့လူနာတွေ၊ နိုင်ငံခြားပြန် စောင့်ကြည့် ခံရသူတွေ၊ သံသယလူနာတွေ။

သူတို့ကို ကျေးဇူးတင်စိတ်ကလေးနဲ့ ကျွန်တော်တို့ အားတင်းထားရမှာပါ။ သူတို့ကို လေးစားတဲ့ စိတ်နဲ့ ကျွန်တော်တို့ လိုက်နာရမှာပါ။ ကျွန်တော်တို့ကို နေအိမ်အကျယ်ချုပ် ထားတာမှ မဟုတ်တာ။ အပြစ် ကျူးလွန်လို့ အချုပ်ထဲ၊ ထောင်ထဲ ထည့်ထားတာမှ မဟုတ်တာ။ ခဏလေးပါ၊ (၂၁)ရက်၊ (၇)ရက် အားလုံး ပေါင်းမှ (၂၈)ရက်ပေါ့။ ဒါ အလွန်ဆုံးပါပဲ။ ဒါက ကောင်းစေချင်လို့ နတ်ပြည်ဆွဲခေါ်နေတာပါ၊ အေးတယ်ဆိုပြီး ခုန်မချလိုက်ပါနဲ့။ နောက်ဆုံးအနေနဲ့ ဒေါက်တာ ဒေါ်မြင့်မြင့်စိန်ရဲ့ ပိုးတွေ့ခဲ့ရင် ဆိုတဲ့ သူ့ပြင်ဆင်ချက်ကလေး တွေနဲ့ တင်ပြမှုကို ရပ်နားပါရစေ။

Swab အဖြေက positive ဆိုရင် (၁) သီးသန့်ဆောင်မှာ ပြောင်းနေမယ်။ (၂) အစားအစာကို လိုအပ် သလောက် မှာစားမယ်။ (၃) အိပ်ရာခင်းကို သက်တောင့်သက်သာဖြစ်အောင် ပြင်ဆင်ပြီး အိပ်ပျော်အောင် အိပ်မယ်။ (၄) မနက်တစ်ခါ နေ့လည်တစ်ခါ ညတစ်ခါ ယောဂနဲ့ Aerimobic ၁၅ မိနစ်လုပ်မယ်။ (၅) မနက် စောစောမှာ တစ်ခါ၊ နေ့လည်မှာ တစ်ခါ၊ ညအိပ်ရာဝင်မှာ တစ်ခါ နာရီဝက် တရားထိုင်မယ်။ (၆) နေ့လည်ဘက်မှာ သီချင်းဆိုမယ်၊ သီချင်းနားထောင်မယ်။ (၇) မနက်တစ်ခါ နေ့လည်တစ်ခါ ညတစ်ခါ အဖျား တိုင်းမယ်။ (၈) ဖျားလာရင် ပါရာစီတမော သောက်မယ်၊ ရေနွေးကြမ်းသောက်မယ်၊ ဂျင်းပြုတ်ရည်လေး လာပေး ရင် သောက်မယ်။ (၉) ချောင်းဆိုးရင် mask တပ်ထားမယ်။ အသက်ရှူလေ့ကျင့်ခန်းလုပ်မယ်။ (၁၀) အသက်ရှူခက်လာရင် ဝင်လေ ထွက်လေ ကြိုးစားမှတ်မယ်။ (၁၁) အောက်ဆီဂျင်ကို လက်လှမ်းမှီတဲ့နေရာမှာ ကိုယ့်ဘာသာ ထိန်းညှိနိုင်အောင် လုပ်မယ်။ (၁၂) မော်နီတာကို ကိုယ့်ဘက် လှည့်မထားဘူး။ (၁၃) စမ်းသပ်ဆေးဝါးများ လက်မခံပါ။ (၁၄- ၁၇ ) အသက်ရှူစက် လုံးဝမတင်ပါ။ အသက်မရှူနိုင်တော့ရင်၊ နှလုံးခုန် ရပ်သွားရင် အသက်ရှူအားကူးနည်းတွေ မလုပ်ပါနဲ့။ (၁၈) စောင့်ကြည့်ရက်ပြီးလို့ အဖျားကျရင် အိမ်မှာ သီးသန့်ခွဲနေပါဦးမယ်။ (၁၉) အားအင်ပြန်ဖြည့်မည်။ (၂၀) တရားထိုင်မည်။ (၂၁) သီချင်းဆိုမည်။ (၂၂) ကမည်။ (၂၃) ချစ်သောသူများနဲ့ နှုတ်ဆက်မည်။ (၂၄) ကိုဗစ်နိုင်တီးကို ပြန်ရင်ဆိုင်မည်။ (၂၅) ကိုဗစ်အပြီး ၂၀၂၁- တွင် အလုပ်ထွက်မည်၊ ခရီးထွက်မည်။

မျှော်လင့်ချက်ထားပါ။ စိတ်ကူးတော့မယဉ်ပါနဲ့။


ဇော်သစ်ကြည်

၁၂.၄.၂၀၂၀ နေ့လည် ၁၂နာရီ ၁၁မိနစ်။