Breaking News

ခိုင်မာကျော်ဇော - သူရဲကောင်းလား Zombie လား


Photo - Khai Mar Kyaw Zaw


ခိုင်မာကျော်ဇော - သူရဲကောင်းလား Zombie လား

(မိုးမခ) မေ ၃၊ ၂၀၂၀

ကိုဗစ်၁၉ ကာလမှာ ကျမက မရှိမဖြစ်တဲ့ အလုပ်သမားတယောက်လား။

အလုပ်ထဲမှာ မန်နေဂျာက ကျမ ကို လျှောက်လွှာစာရွက်တရွက် လာပေးတယ်။ တာဝန်ရှိသူတွေ မေးလာခဲ့ရင် ပြလို့ ရအောင်တဲ့။

စာရွက်ပေါ်က အဓိက အကြောင်းအရာက ကိုဗစ်ကာလမှာ ကျမ ဟာ မရှိမဖြစ် အလုပ်သမားတစ်ယောက် ဖြစ်ကြောင်းကို ကုမ္ပဏီကနေ သက်ဆိုင်ရာကို အသိပေးခြင်းပါ။

" မရှိမဖြစ် အလုပ်သမားတဲ့လား"

ကြီးကြီးကျယ်ကျယ် ပြောရရင်တော့ ကျမ အလုပ်က အွန်လိုင်း ဝန်ဆောင်မှု အလုပ်ပါ။ အများနားလည်အောင် ပြောရရင်တော့ အွန်လိုင်ပေါ်ကနေ စျေးရောင်းရတဲ့ အွန်လိုင်းစျေးသည်ပါ ။ ကမ္ဘာပေါ်မှာ အကြီးဆုံး၊ အကောင်းဆုံးနဲ့ အဆင့်မြင့်ဆုံးနည်းတွေနဲ့ အွန်လိုင်းကနေ စျေးရောင်းတဲ့ Amazon ဆိုရင် လူအတော်များများ သိကြပါတယ်။

အမေဇုန်ဟာ အမေရိကန်ပြည်ထောင်စုမှာ အခြေစိုက်ပြီး ယခုလက်ရှိ ပြည်နယ် (၁၇)ပြည်နယ်မှာအလုပ်ရုံကြီးတွေ ရှိပြီး နိုင်ငံပေါင်း (၁၆) နိုင်ငံမှာလည်း လုပ်ငန်းတွေ တိုးချဲ့ထားပါတယ်။

လုပ်ငန်းပိုင်ရှင် သူဌေးကြီး Jeffery Preston Bezos ဟာ ကမ္ဘာမှာ နံပါတ်တစ် နေရာကိုပိုင်ဆိုင်ထားတဲ့ သူဌေးကြီး တဦးပါ။ Jeff Bezos ဟာ လကမ္ဘာ့ကို အလည်သွားချင်ရင်တောင် အရောက်ပို့ပေးမယ့် ဝန်ဆောင်မှုကိုပါ ခြေလှမ်းပြင်နေသူလည်း ဖြစ်ပါတယ်။

ကမ္ဘာ့နဲ့အဝှမ်း လုပ်သားအင်အား (၈) သိန်းနီးပါးရှိတဲ့ Amazon မှာ ကျမက အမေရိကန်ပြည်ထောင်စုက အလုပ်သမား တစ်ယောက်ပါ။

တရုတ်ပြည် ဝူဟန်မြို့က စခဲ့တဲ့ ကိုဗစ်၁၉ဟာ Amazon အလုပ်သမားတွေကိုပါ ရိုက်ခတ်လာပါတယ်။
အမေရိကန်ပြည်ထောင်စုက ပြည်နယ်အများစုမှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေ များလာ ၊ အသေအပျောက် သတင်းတွေ မီဒီယာတွေက ပြောလာမှ Amazon က သူ့ဝန်ထမ်းတွေကို အခြေခံလုပ်ခအပေါ် တနာရီ (၂) ဒေါ်လာ တိုးပေး၊ အချိန်ပိုကြေး (၂)ဆ ပေးမယ့် အကြောင်းကို ပြောလာပြီး အဓိက ကျတဲ့ လုပ်ငန်းခွင် လုံခြုံရေးကိုတော့ တာဝန်ရှိသူတွေက သတိမပြုကြသေးပါ။

ဧပြီလလယ်လောက်မှာ အမေရိကန်ပြည်ထောင်စုဟာ ကိုဗစ်နိုင်တင်းနဲ့ နပန်းလုံးနေရပါပြီ။
နယူးယော့ခ်မြို့ တမြို့ထဲမှာပဲ တနေ့ကို ( ၁,၀၀၀)ကျော်လောက် လူ့အသက်တွေ ဆုံးရှုံးနေပါတယ်။
ရောဂါ ကူးစက်မှုတွေဟာ တနေ့ထက် တနေ့ လျှင်လျှင်မြန်မြန်ကြီးကို ထိုးတက်နေပါတယ်။

ကိုဗစ်ဟာ အမေဇုန် အလုပ်သမားတွေဆီလည်း ရောက်ရှိလာပါတယ်။ ဒါကြောင့်ဘဲ လုပ်ငန်းခွင် လုပ်ခြုံရေး အထူး ကြပ်မတ်ဆောင်ရွက်ပေးဖို့ အတွက် နယူးယော့ခ် Staten Island က အမေဇုန် အလုပ်သမားတွေ ဆန္ဒပြခဲ့ကြတယ်။ အမေဇုန်ကတော့ ဆန္ဒပြပွဲကို ဦးဆောင်တဲ့ အလုပ်သမားခေါင်းဆောင်ကို အလုပ်ထုတ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီဆန္ဒပြပွဲဟာ ဒီလောက်နဲ့ ရပ်မသွားဘဲ အမေရိကန်ပြည်ထောင်စုက တခြား ပြည်နယ်က အမေဇုန်လုပ်သားတွေသာမက Walmart, Whole Food က အလုပ်သားတွေစီပါ ပျံနှံ့သွားပါတယ်။

ဒီလိုဂယက်တွေ ရှိလာမှ ကျမတို့ရဲ့ အမေဇုန် အလုပ်ရုံက ဆိုရှယ်ဒစ်စတန်ဇင်းကို လုပ်ဆောင်လာပါတယ်။

နားနေဆောင်ခန်းမက စားပွဲတွေ၊ ထိုင်ခုံတွေကို ဆိုရှယ်ဒစ်စတန်ဇင်းနဲ့ ညီအောင် အပြောင်းအလဲတွေ လုပ်တာ သန့်ရှင်းရေး အလုပ်သမားတွေက စားပွဲ၊ ကုလားထိုင်၊ မိုင်ခရိုဝေ့ စက်တွေကို ငါးမိနစ်တကြိမ်ခြား ပွတ်တိုက် ရှင်းလင်းတာ၊  တိုင်းကဒ် ဆွဲချိန်မှာလည်း ခြောက်ပေစီခွာ တန်းစီစောင့်ဆိုင်းတာ၊
ဌာနဆိုင်ရာလိုက် သတင်းအချက်အလက်ပေးတာ၊ လေ့ကျင့်ခန်း လုပ်တာတွေကို ခေတ္တရပ်ဆိုင်းခဲ့ပါတယ်။

တကယ့် လုပ်ငန်းခွင်ထဲ ဆင်းကြည့်ရင်တော့ အလုပ်သမားတွေ အသုံးပြုနေတဲ့ လက်အိတ်တွေက ယခင်အသုံးပြုနေကြ သာမန်လက်အိတ်တွေကိုပဲ သုံးနေကြပါတယ်။ ​ဧပြီလ ၅ ရက်နေ့အထိကို မတ်ခ်တွေ တပ်ဖို့ သတိမပေးသေးပါ။

အလုပ်ရုံထဲမှာ သူရဲကောင်းဖြစ်ချင်ကြတဲ့ အလုပ်သမား တချို့ကလည်း တပူးပူး တတွဲတွဲ၊ တချို့လည်း သားအကြောင်း သမီးအကြောင်း၊ ခွေးအကြောင်း ကြောင်အကြောင်း ပြောလို့ ကောင်းနေကြတုန်း။

လုပ်ငန်းကြီးကြပ်နေတဲ့ မန်နေဂျာတွေ ကိုယ်တိုင်က လက်အိတ်မစွပ်၊ မတ်ခ် မတပ်။
နေရာစုံ သွားနေ ကုန်ပစ္စည်းမျိုးစုံကို ထိတွေ့ ကိုင်တွယ်နေကြတုန်းပါ။

လုပ်ငန်းသဘောအရ အမှာစာရတဲ့ ပစ္စည်းကို ပစ္စည်းရှာတဲ့ အဖွဲ့ကရှာ။ အမျိုးစားမှန်မမှန်၊ အနာအဆာ ကင်းမကင်း စစ်တဲ့အဖွဲ့က စစ်။ ပြီးရင် ထုပ်ပိုးတဲ့ ဌာနကိုပို့။ လိပ်စာ စိစစ်။ ပို့ဆောင်ဖြန့်ဖြူး။
အဆင့်ပေါင်းများစွာ လက်ပေါင်းများစွာဖြတ်ကျော်ပြီးမှ နောက်ဆုံးမှာ အွန်လိုင်း စျေးဝယ်သူတွေထံ ရောက်တာပါ။

လုပ်သား (၂၀၀၀) ကျော်ရှိတဲ့ အလုပ်ရုံကြီးထဲမှာ ကိုဗစ်၁၉ ဟာ ဘယ်သူဆီကနေ စပြီးကူးသလဲ ၊
ဘယ်သူဆီမှာ ပုန်းအောင်းနေလဲ၊ ဘယ်သူ့ဆီ ရောက်သွားလဲ၊ ဘယ်သူ့ဆီကနေ ပြန်လှည့်လာလဲ။
ဘယ်သူမှ မသိ။

အလုပ်သမား မိသားစုတွေကနေ၊ အလုပ်သမားတွေဆီလား။
အလုပ်သမားတွေကနေ စျေးဝယ်သူတွေ ဆီကိုလား။
ဘယ်သူမှ မသိကြ။

အလုပ်ရုံထဲမှာ ဘယ်သူကတော့ ကူးနေပြီ၊ ဘယ်သူ့ ဆီက ရသွားတာ ဆိုတဲ့ တီးတိုးစကားတွေက ဟိုမှာ ဒီမှာ။

တာဝန်ရှိသူတွေက အပူချိန်တိုင်းတာ ပိုးရှိ မရှိစစ်ဆေးတာ၊ ဆေးဖြန်းတာတွေ မလုပ်ကြသေး။

ဟီးရိုးတချို့က တော့ ထိုးထိုးထောင်ထောင်။
စိုးရိမ်သူတချို့ကလည်း မျက်နှာငယ်လေးတွေနဲ့။
မိသားစုအရေး တွေးကြသူတချို့ကတော့ အားတင်းလို့ပေါ့။

မြင်နေ တွေ့နေကြ လုပ်ဖော်ကိုင်ဘက် တချို့ ပေါ်လိုက် ပျောက်လိုက်။
တချို့လည်း လုံးဝကို မတွေ့ရတော့။ အလုပ်ထွက်သွားတာလား။
တခြားအလုပ်ပဲ ပြောင်းသွား သလား၊ ကိုဗစ်လား။

လားပေါင်းများစွာနဲ့ အလုပ်တွေ လုပ်ရင်း ကျမကတော့ အလုပ်ရုံ ပိတ်ရက်ကို မျှော်မိတယ်။ အလုပ်သမား အများစု လိုလားတဲ့ ပိုမိုလုံခြုံတဲ့ လုပ်ငန်းခွင်ဖြစ်ရေးကိုလည်း ကျမတောင့်တ မိတယ်။

ကိုဗစ်ကာလမှာ ကျောင်းတွေပိတ်၊ ရုံးတွေပိတ်၊ အလုပ်အတော်များများပိတ်လို့ လူတွေ အိမ်ထဲမှာ နေရချိန်မှာ မရှိမဖြစ်စာရင်းဝင်တဲ့ ကျန်းမာရေး၊ သန့်ရှင်းရေး ၊ လုံခြုံရေး၊ စာတိုက်၊ ဆေးဆိုင်၊ စျေးဆိုင်၊ သားငါးစက်ရုံနဲ့ Amazon လို အွန်လိုင်းပေါ်က စျေးရောင်းတဲ့ အလုပ်သမားတွေဟာ အိမ်ပြင်ထွက် အလုပ် လုပ်နေရတယ်။

သူတို့ဟာ နိုင်ငံအတွက် မရှိ မဖြစ်တဲ့ အလုပ်သမားတွေ ဖြစ်တယ်။
သူတို့ဟာ သူရဲကောင်းတွေ ဖြစ်တယ်လို့ ဆိုရှယ်မီဒီယာတွေ ၊ သတင်းတွေမှာ ဖော်ပြ​ကြတယ်။
သမ္မတထရန့်အားပေးတွေက ဒါကို လော်ဘလီ လုပ်ကြတယ်။

အခုလို ကိုဗစ်ကာလမှာ မိမိတို့ အသက်ကို ပဌါန မထားဘဲ လူနာတွေရဲ့ အသက်ကို စွန့်စွန့်စားစား ကယ်တင်နေတဲ့ ကျန်းမာရေးလုပ်သားတွေနဲ့ အခြားသော အလုပ်သမားတွေအတွက်တော့ သူရဲကောင်းဆိုတဲ့ နာမဝိသေသနနဲ့ ထိုက်တန်ပါတယ်။

ကျမအတွက်တော့ အဲ့ဒီစကားချပ်ဟာ အတော်လေး ခါးသီးပါတယ်။

အထူးသဖြင့် ဖိနပ်၊ ရေကူးဝတ်စုံ၊ အောက်ခံဘောင်းဘီ၊ ဘော်လီ၊ ဂျင်းဘောင်းဘီ၊ ပွဲတက်ဝတ်စုံ၊ အလှပြင်ပစ္စည်းမျိုးစုံ၊ဂိမ်းစက်မျိုးစုံ၊ လက်ကိုင်အိတ်မျိုးစုံနဲ့ ဇိမ်ခံပစ္စည်မျိုးစုံကို ရှာဖွေ စုဆောင်း ပေးရတဲ့ အချိန်မျိုးမှာ ကျမ ဒေါသတွေဟာ ဒီရေတွေလိုဘဲ တရိပ်ရိပ်တက်လာတယ်။

ဆေးဝါး၊ သန့်ရှင်းရေး ပစ္စည်း၊ စားကုန်သောက်ကုန်နဲ့ ကလေး စာအုပ်တွေ ရှာဖွေ စုဆောင်းစဉ်က အိမ်ပြင် မထွက်နိုင်တဲ့ လူကြီးတွေအတွက်၊ ထွက်ဖို့ အခက်အခဲဖြစ်နေသူတွေအတွက်၊ အိမ်ထဲမှာ အနေကြာတဲ့ ကလေးလေးတွေအတွက် ကူညီခွင့်ရတယ်၊ သူတို့ အခက်အခဲကို ဖြည့်ဆည်းခွင့်ရတယ် ဆိုတဲ့ ကျမရဲ့ ပီတိလေးတွေဟာ ပျောက်ဆုံးကုန်တယ်။

ဆိုက်စုံ တံဆိပ်စုံ၊ ဖိနပ်အရံပေါင်း (၁၀၀) ကျော်ကို စုဆောင်းပေးဖို့ အော်ဒါကို လက်ခံပြီးချိန်မှာတော့ ကျမ ဆုံးဖြတ်ချက်တခုကို ချလိုက်တယ်။

အမေဇုန်ရဲ့ ရောင်းအားဟာ ဧပြီလထဲမှာ ယခင်ထက် နှစ်ဆ။
အိမ်ကြီးတွေ ခြံကျယ်ကြီးတွေထဲက လူတွေက ရေကူးဝတ်စုံတွေနဲ့ ရေတွေကူးလို့ ။
အိမ်တွင်းပုန်းတချို့က ဖေ့စ်ဘွတ်တင်ဖို့ အလှပြင်ကုန်ပစ္စည်းမျိုးစုံနဲ့ အလုပ်ရူတ်လို့။
ပါတီပွဲတက်ဖို့ ခြေလှမ်းပြင်နေသူတွေကတော့ ပွဲတက်ဝတ်စုံတွေနဲ့ ဟန်ရေးပြင်လို့။
ဂိမ်းစက်မျိုးစုံကတော့ အိမ်ကြီးတွေထဲမှာ သောင်းကျန်းနေကြပါပြီ။

အရင်းရှင်နိုင်ငံကြီးထဲမှာ ကျမ သူရဲကောင်းလည်း မဖြစ်ချင်ပါ။
အပြောင်းအလဲများတဲ့ စီးပွားရေးသမ္မတရဲ့ လက်ခုပ်သံကိုလည်း ကျမ မကြားချင်ပါ။
ကိုဗစ်၁၉ ရဲ့ Zombie လည်း ကျမ လုံးဝ လုံး မဖြစ်လိုပါ ။