Breaking News

အောင်မော်ဦး- ကိုဗစ် ဘယ်တော့ပြီးမလဲ

ကိုဗစ် ဘယ်တော့ပြီးမလဲ 
အောင်မော်ဦး
(မိုးမခ) မေ ၄၊ ၂၀၂၀
ကိုဗစ်နဲ့ပတ်သက်ပြီး ဖတ်မှတ်လေ့လာကြည့်ရှုရသမျှ (သေစာရင်းအပါအဝင်)ဟာ စိတ်ချမ်းသာစရာတခုမှ မရှိပါဘူး။ ရှေ့ကတွေ့ရှိချက်တွေဟာ မမှန်ပါဘူးဆိုပြီး သက်သေထူပြတဲ့ နောက်ထပ် အသစ်တွေ့ရှိချက်တွေကြောင့် လူတွေက ဘာကိုယုံပြီး ဘယ်လိုလိုက်နာလုပ်ဆောင်ရမှန်းမသိလောက်အောင် အခက်တွေ့ရစေပါတယ်။
ကုရာနထ္ထိဆေးမရှိသေးတဲ့ ကိုဗစ်ဘယ်တော့ပြီးမလဲဆိုတဲ့ မေးခွန်းအတွက်အဖြေကတော့ -
ကာကွယ်ဆေးမထိုးရသေးတဲ့ ခင်ဗျားအတွက် ကိုဗစ်က မပြီးသေးပါဘူး။
ကာကွယ်ဆေးမထိုးရသေးတဲ့ ခင်ဗျားမိသားစုအတွက် ကိုဗစ်က မပြီးသေးပါဘူး။
ကာကွယ်ဆေးမထိုးရသေးတဲ့ ခင်ဗျားရပ်ရွာသူ ရပ်ရွာသားတွေအတွက် ကိုဗစ်က မပြီးသေးပါဘူး။
ကာကွယ်ဆေးမထိုးရသေးတဲ့ ခင်ဗျားနိုင်ငံသူ နိုင်ငံသားတွေအတွက် ကိုဗစ်က မပြီးသေးပါဘူး။
ဆိုကြပါစို့။ မူးပြီး သင်းချိုင်းကုန်းထဲ သွားအိပ်နေလို့ ကာကွယ်ဆေးမထိုးဖြစ်လိုက်တဲ့သူဟာ အနာဂတ်မှာ ပေးရှင့်ဇီးရိုးဖြစ်လာနိုင်သူပါ။
ဒါကြောင့် ပံ့ပိုးနိုင်တဲ့ ဘတ်ဂျက်နဲ့မျှတအောင် ကိုဗစ်ကို လူအုပ်စုတွေခွဲပြီး ရင်ဆိုင်ကြရင်ကောင်းမလားစဉ်းစားမိပါတယ်။

အုပ်စု(၁) အသက်အရွယ်ကြီးသူတွေ၊ ရောဂါတခုခုအခံရှိကြသူတွေ၊ ကလေးသူငယ်တွေ စသဖြင့်။ (တတ်နိုင်သမျှ လူစုလူဝေးရှောင်သင့်တဲ့အုပ်စုပါ)
အုပ်စု(၂)။ ကျန်းမာရေး၊ သန့်ရှင်းရေး၊ လုံခြုံရေးဝန်ထမ်းတွေ စသဖြင့်။ (PPE ဝတ်စုံ မုချရသင့်တဲ့ အုပ်စုပါ)
အုပ်စု(၃)။ စက်ရုံအလုပ်ရုံ၊ စျေးသူစျေးသား၊ ကား၊ ရထား၊ သင်္ဘော စသဖြင့် ယာဉ်မောင်းတွေ။ (မတ်၊ လက်အိတ် စသဖြင့် မုချရသင့်တဲ့ အုပ်စုပါ)

သက်ဆိုင်ရာအုပ်စုအလိုက် သွားရန်လာရန် အချိန်/နေ့ရက် ပိုင်းခြားသတ်မှတ်တာမျိုးကလည်း လူစုလူဝေးမဖြစ်အောင်ကူညီပေးမှာပါ။

နောက်တခုက ထုံးတမ်းစဉ်လာစည်းမျဉ်းတချို့ကို (ယာယီ/ရေရှည်) ကျန်းမာရေးရှုထောင့်ကနေ ပြန်သုံးသပ်ဖို့ပါ။
ဘုရားရင်ပြင်တော်တွေနဲ့ ဘုန်းကြီးကျောင်းဝင်းတွေမှာ ဖိနပ်မစီးဘဲသွားရတဲ့ အစဉ်အလာကို ကျန်းမာရေးရှုထောင့်ကနေ ပြန်သုံးသပ်ဖို့ပါ။

လက်နဲ့စားတဲ့အလေ့အထကနေ ဇွန်းနဲ့စားတဲ့အမူအကျင့်ကို ကျန်းမာရေးရှုထောင့်ကနေ ပြန်သုံးသပ်ဖို့ပါ။
မြစ်တွေ၊ ချောင်းတွေ၊ ကန်တွေမှာ လူ၊ ကျွဲနွား စသဖြင့် ရေချိုးကြတဲ့ အလေ့အထကို ကျန်းမာရေးရှုထောင့်ကနေ ပြန်သုံးသပ်ဖို့ပါ။
တပ်ထားတဲ့ မတ်(နှာခေါင်းစည်း)တွေကို မိုးရေစိုတဲ့အခါ အလွန်အန္တရာယ်များလှပါတယ်။ ဒါကြောင့် မတ်ရှေ့မှာ မိုးရေကာတဲ့ပစ္စည်းလေးတွေတီထွင်ပြီး လူအများသုံးနိုင်အောင် စီစဉ်ပေးသင့်ပါတယ်။

လူတကာမျက်မုန်းကျိုးလောက်အောင် ဆရာကျတဲ့ အမေရိကန်အစိုးရဟာ အမှားတွေအများကြီးကျူးလွန်ခဲ့ပါတယ်။ သူ့မှာရှိတဲ့ ဓနအင်အား၊ ပညာရှင်အင်အား၊ လုပ်သားအင်အားတွေကို မှန်မှန်ကန်ကန် အသုံးမချနိုင်ခဲ့ပါဘူး။ စုဘူးဖောက်သုံးနေလို့သာ သိပ်ကြီးရုပ်မပျက်သေးတာပါ။ သမတကစလို့ သူတလူငါတမင်း အုပ်ချုပ်ရခက်တဲ့ အမေရိကန်တွေဟာ သေ နတ်တွေကိုင်ပြီး မြို့တော်ခန်းမထဲထိ ဆန္ဒသွားပြခဲ့ကြပြီးပါပြီ။ သွေးရည်ကြည်ထုတ်ရောင်းတာမျိုး၊ သွေးရည်ကြည်ဓားပြတိုက်တာမျိုးတော့ မလုပ်လောက်ဘူးထင်ပါရဲ့။
ဒါကြောင့် မြန်မာအစိုးရကို ကိုဗစ်နဲ့ပတ်သက်ပြီး ကျနော့်အနေနဲ့ သိပ်ကြီးအပြစ်မဖို့လိုပါဘူး။
သူ့အခြေအနေနဲ့ သူအများကြီးမလုပ်နိုင်ပါဘူး။ ဒါပေမယ့် ဒီ(၄)ချက်လောက်လုပ်နိုင်ရင်တော့ အသိအမှတ်ပြုရမှာပါ။

(၁) စစ်ပွဲကို ချက်ချင်းရပ်ပစ်ဖို့ပါ။
(၂) ကျန်းမာရေး ပညာရှင်တွေကို ပွဲထုတ်ပြီး လူမှန်နေရာမှန်ထားလိုက်ရင် သိသိသာသာကို ကောင်းသွားမှာပါ။
(၃) စီးပွားရေး ပညာရှင်တွေကို ပွဲထုတ်ပြီး အစိုးရက လိုအပ်တဲ့ဥပဒေတွေ ပြင်ဆင်ပေးလိုက်ရင် ငတ်မွတ်ခေါင်းပါးမှု သက်သာနိုင်မှာပါ။
(၄) အလုပ်သမားအရေး၊ နိုင်ငံရေးအကျဉ်းသားအရေးတွေကို ကိုဗစ်ကာကွယ်ရေးအောက်ကနေ လူသားချင်းစာနာစွာ ဖြေလျော့ပေးဖို့ပါ။

ဒေါက်တာဖောက်ချီက “We may never get back to normal” လို့ဆိုပါတယ်။ ဒါဆိုလည်း “New Normal” ပေါ့ကွာဆိုပြီး ထရမ့်ကပြောပါတယ်။

ထရမ့်ကိုလုံးလုံးမကြိုက်တဲ့ကျနော်ဟာ ဒီစကားကိုတော့ အလေးထားစဉ်းစားမိပါတယ်။ သူပြောတဲ့ “New Normal” ဆိုတာကို “ပုံစံသစ်နဲ့ ပုံမှန်ဖြစ်ရပေမပေါ့ကွာ”ဆိုပြီး ဗမာလို ဘာသာပြန်ဆိုကြည့်မိပါတယ်။ အဲဒီလို ပုံစံသစ်နဲ့ ပုံမှန်ဖြစ်အောင်နေထိုင်သွားကြဖို့ဆိုတာက ပုံစံဟောင်းတွေကို ထားတန်တာထားခဲ့ပြီး ပြင်တန်တာပြင်ပစ်မှသာရပါလိမ့်မယ်။ အသစ်ထွင်သင့်ရင်လည်း အသစ်ထွင်ပစ်ကြရပါလိမ့်မယ်။ ကျနော်တို့ရဲ့ နေ့စဉ်နေထိုင်မှုပုံစံတွေကို ပြောင်းပစ်လိုက်တဲ့ ကိုဗစ်က ကျနော်တို့ရဲ့ သမရိုးကျစဉ်းစားမှုနဲ့ ပြုမူဆောင်ရွက်မှုတွေကိုရော ခွင့်ပြုပါဦးမတဲ့လား။
အောင်မော်ဦး
မေ ၃၊ ၂၀၂၀။
-https://www.facebook.com/aungmawoo/posts/3206954196015325 ... မှ ယူပါသည်။