Breaking News

ဇင်လင်း - ရွေးကောက်ပွဲနည်းလမ်းဖြင့်သာ ဒီမိုကရေစီ အမြစ်ခိုင်မြဲအောင် လုပ်နိုင်မည်

Myanmar elections Photograph:( Reuters )


ဇင်လင်း - ရွေးကောက်ပွဲနည်းလမ်းဖြင့်သာ ဒီမိုကရေစီ အမြစ်ခိုင်မြဲအောင် လုပ်နိုင်မည်

(မိုးမခ) ဇူလိုင် ၂၄၊၂၀၂၀ 

လာမည့် နိုဝင်ဘာလ (၈) ရက်နေ့တွင် မျက်မှောက်မြန်မာ့သမိုင်း၏ အကြီးကျယ်ဆုံး၊ အဓိပ္ပာယ်အရှိဆုံး နိုင်ငံ့ အနာဂတ် အတွက် အရေးအကြီးဆုံး ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပရန် ရက်ပေါင်း ၁၀၀ သာသာမျှသာ လိုတော့သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ(EAO)နှင့် ဆက်စပ်နေသည့် ဒေသများတွင် လွတ်လပ်၍ တရားမျှတ သော ရွေးကောက်ပွဲများကျင်းပနိုင်ရေး ကူညီဆောင်ရွက်ပေးရန် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတင်းစာ ရှင်းလင်းပွဲတွင် မေတ္တာရပ်ခံခဲ့သည်။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပနိုင်ရန် အထူးသဖြင့် EAO (တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များ) နှင့်ဆက်စပ် လျှက်ရှိသည့် ဒေသများ၌ ရွေးကောက်ပွဲကျင်းပရေးအတွက် EAO များအနေဖြင့် အကူအညီပေးစေလိုသည်ဟု ဦးဇော်ဌေးက မေတ္တာရပ်ခံခဲ့သည်။

“ဝ လက်နက်ကိုင်အဖွဲ့” (UWSA) ထိန်းချုပ်သည့် ဒေသများတွင် အထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နှင့် UWSA ခေါင်းဆောင်များအကြား တွေ့ဆုံဆွေးနွေးမှုများ ရှိသော်လည်း တိကျသေချာသည့် ရလဒ်ပေါ်ထွက်လာခြင်း မရှိသေးပေ။ UWSA က ၎င်းထိန်းချုပ်ရာ ဒေသအတွင်း အထွေထွေရွေး ကောက်ပွဲကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမည်ဟု တုံ့ပြန်ထားသော်လည်း အစိုးရထံ ပြန်လည်တောင်းဆိုချက်များ ရှိနေသောကြောင့် ဆက်လက်ဆွေးနွေးရဦးမည့် အခြေအနေဖြစ်ကြောင်း သိရသည်။

တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အချို့ကလည်း ရွေးကောက်ပွဲကျင်းပရေးလုပ်ငန်းစဉ်တွင် ပူးပေါင်းဆောင်ရွက်မည်ဟု ထုတ်ဖော်ပြောကြားမှုများရှိ သည်။ သို့သော် လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း NCA လက်မှတ်မထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ရှစ်ဖွဲ့ ကျန်ရှိနေသေးသည်။ ထို့အပြင် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်ပလက်ဝဒေသနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း မြို့နယ် အချို့တွင် တိုက်ပွဲများ ဆက်ရှိနေသေးသည်။ ယင်း တိုက်ပွဲများကြောင့် ၂၀၂၀ တွင် ရခိုင်ပြည်နယ်ရှိ မဲဆန္ဒနယ်အားလုံး၌ အထွေထွေရွေးကောက်ပွဲများ ကျင်းပရေး ပျက်ပြားမည်ကို ရခိုင်နိုင်ငံရေးပါတီများက စိုးရိမ်လျှက်ရှိ သည်။

လတ်တလောတွင် ဩဂုတ်လအတွင်း ကျင်းပရန် စီစဉ်နေသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့ မြောက်ပိုင်း မဟာမိတ်အဖွဲ့အပါအဝင် NCA လက်မှတ်မရေးထိုးရသေးသည့်အဖွဲ့များကို ဖိတ်ကြားရေးအတွက် ညှိနှိုင်းနေကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တတိယအကြိမ်ကို ၂၀၁၈ ခုနှစ် ဇူလိုင်လအတွင်းက ပြုလုပ်ခဲ့သည်။ ယခု ၂ နှစ်ကျော်ကြာပြီးနောက် စတုတ္ထအကြိမ်မြောက် ညီလာခံကို ကျင်းပ တော့မည် ဖြစ်သည်။ လက်ရှိအချိန်သည် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေချိန် ဖြစ်သောကြောင့် ညီလာခံကို ကိုဗစ် စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ပြုလုပ်မည် ဖြစ်သည်။ ထို့ပြင် မြောက်ပိုင်းအဖွဲ့များအတွက် သွားရေးလာရေး ကိစ္စမှအစ စီစဉ်သွားရမည်ဟု ဆိုသည်။

ဦးဇော်ဌေးက “မြောက်ပိုင်းအဖွဲ့တွေ လာဖို့ဆိုရင်လည်း တဖက်မှာလည်း ခရီးသွားလာခွင့်လက်မှတ်တွေ ထုတ်ပေးထား တာတွေရှိတယ်။ ဒါမျိုးလေးတွေလည်း လုပ်ရမှာတွေရှိတယ်ပေါ့။ အဲ့ဒီတော့ ပြောရရင်တော့ ကျနော်တို့ ညှိနှိုင်းနေတယ်။ စီစဉ်နေတယ်။ ထွက်လာတဲ့ ညွှန်ကြားချက်အပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ အချိန်မီဆောင်ရွက်သွားမှာ ဖြစ်တယ်။” ဟု ပြောကြောင်း 7Day News အရသိရသည်။

ကိုဗစ်ကာလအတွင်း ညီလာခံ ပြုလုပ်မည်ဖြစ်၍ ညီလာခံတက်ရောက်သူ ဦးရေကို သုံးပုံတစ်ပုံစီ လျှော့ချသွားမည်ဟု ဆို သည်။ ထို့အပြင် ယခင်ညီလာခံများကကဲ့သို့ လေ့လာသူများ တက်ရောက်ခွင့်ပြုမည်မဟုတ်ဟု ဆိုသည်။ အရပ်ဘက် လူမှု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကို အနည်းဆုံးအနေဖြင့် ဖိတ်ကြားသွားမည်ဟု သိရသည်။ NCA လက်မှတ်ထိုး ထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ထိပ်သီးခေါင်းဆောင်နှစ်ယောက်စီ ဖိတ်ကြားရန် လျာထား သည်ဟု သိရသည်။ ညီလာခံသို့ ဖိတကြားခံရသူများအနေဖြင့် သတ်မှတ်ရက်တွင် ကြိုတင်ရောက်ရှိရမည်ဖြစ်သည်။ ကြိုရောက်ပြီးလျှင် ကျန်းမာရေးအရ negative အခြေအနေ ရှိသူများသာ ညီလာခံတက်ခွင့်ရှိမည်ဟု ဦးဇော်ဌေးက ဆိုသည်။ စတုတ္ထအကြိမ် ငြိမ်းချမ်းရေးညီလာခံကို ၂၀၂၀ ဩဂုတ်လ ၁၂ ရက်မှ ၁၄ ရက်နေ့အထိ ၃ ရက် ပြုလုပ်သွားမည် ဖြစ်၍ နေပြည်တော်ရှိ MICC 1 နဲ့ MICC 2 တို့၌ နှစ်နေရာခွဲ ပြုလုပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။

ဤအတောအတွင်း လာမည့် နိုဝင်ဘာလတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲပြီးသည်အထိ အပစ်အခတ်ရပ်စဲရေး အပြန်အလှန်ကြေညာကြရန် “ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်” (SNLD)ပါတီ ပြောရေးဆိုခွင့်ရှိသူ စိုင်းကျော်ညွန့် က တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား အကြံပြုတိုက်တွန်းလျှက်ရှိသည်။ ၂၀၁၅ ခုနှစ် ရွေးကောက် ပွဲ မတိုင်ခင်ကလည်း တိုက်ပွဲများဖြစ်ပွားခဲ့၍ တိုက်ပွဲကိုအကြောင်းပြု၍ ရွေးကောက်ပွဲနယ်မြေ ကန့်သတ်မှုအချို့ ရှိခဲ့သည်။ ယခု ၂၀၂၀ ရွေး ကောက်ပွဲကျင်းပရန် သုံးလကျော်သာကျန်ရှိတော့သဖြင့် ရွေးကောက်ပွဲ မကျင်းပမီ တိုက်ပွဲများ မဖြစ်ပွား စေရန် ဂရုစိုက်ရမည်ဖြစ် စိုင်းကျော်ညွန့်က ပြောသည်။ ရှမ်းပြည်နယ်အတွင်းအ ခြေအနေမှာ စိုးရိမ်စရာ မရှိသေးဟု ဆိုနိုင် သော်လည်း တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်(AA) တို့အကြား တိုက်ပွဲပြင်းထန်နေသည့် ရခိုင်မြောက်ပိုင်း မြို့နယ်များ တွင် နယ်မြေလုံခြုံရေးအကြောင်းပြု၍ ရွေးကောက်ပွဲ ပျက်ပြားနိုင်ဖွယ် ဖြစ်လာနိုင်ကြောင်း စိုင်းကျော်ညွန့်က သုံးသပ် သည်။

လက်ရှိ အခြေအနေတွင် တပ်မတော်က ဩဂုတ်လကုန်အထိ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေး ကြေညာထားသည်။ ထိုသို့ အပစ်ရပ်ကြေညာရာတွင် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ် ကြေညာခံထားရသည့် AA နှင့် ARSA အဖွဲ့တို့ လှုပ် ရှားရာ ရခိုင်မြောက်ပိုင်းမြို့နယ်များအကျုံးမဝင်ကြောင်း သိရသည်။ တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် AA၊ TNLA (တ အာင်းအဖွဲ့)၊ MNDAA (ကိုးကန့် အဖွဲ့) တို့ကလည်း ၃ ဖွဲ့ပေါင်း၍ ပူးတွဲအပစ်ရပ်ကြေညာချက် ထုတ်ပြန်ထားပြီး ဩဂုတ်လကုန်အထိ အချိန်သတ်မှတ်ထားသည်။ အဖွဲ့အသီးသီးက အပစ်ရပ် ကြေညာထားသော်လည်း တပ်မတော်နှင့် AA ၊ TNLA နှင့် RCSS တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်သည်။ တိုက်ပွဲဆက်ဖြစ်နေသည့် ရှမ်းအဖွဲ့(RCSS)သည် NCA သဘောတူစာချုပ် လက်မှတ်ရေးထိုး ထားသည့် EAO အဖွဲ့ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အစီအစဉ် ဆက်လက်အကောင်အထည်ဖေါ်ရေးအတွက် ‘၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ’သည် လတ်တလောတွင် သော့ချက်သဖွယ် ဖြစ်နေသည်။ တချိန်တည်းတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကိစ္စကလည်း အရေးပေါ် အခြေအနေဖြစ်နေသည်။ လက်ရှိ အစိုးရက ‘၂၁-ရာစုပင်လုံညီလာခံ’ ကျင်းပနိုင် ရန် ကြိုးပမ်းခြင်းသည် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အားထုတ်မှုဖြစ်သဖြင့် အရေးကြီးပေသည်။ အကြောင်းမှာ စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံညီလာခံတွင် ‘တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ် ၄ ဖွဲ့’ ပါ၀င်တက်ရောက်လာရေး အရေးပါနေသည်။ အစိုးရနှင့် တပ်မတော်အနေဖြင့် တိုင်းရင်းသားမဟာမိတ် ၄ ဖွဲ့ပါ၀င်ရန် လမ်းဖွင့်ပေးမှသာ ငြိမ်းချမ်းရေး လမ်းပွင့်မည်ဖြစ်သည်။ ယင်းသို့ ငြိမ်းချမ်းရေးလမ်းပွင့်အောင် ကြိုးပမ်းနိုင်မှသာ လာမည့် နိုဝင်ဘာ (၈) အထွေထွေ ရွေးကောက်ပွဲ အလားအလာ ကောင်းမည် ဖြစ်သည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ရခိုင့်တပ်တော်(AA)နှင့် အစိုးရ တပ်မတော်တို့အကြား အရှိန်မြင့်နေသော တိုက်ပွဲများကို ရွေးကောက်ပွဲကာလ၌ ရပ်စဲထားနိုင်ရန်အတွက် ဆွေးနွေးပွဲတွင် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့တက်လာရန် လမ်းဖွင့်ပေးဖို့ လိုသည်။

၂၀၂၀ ဇူလိုင် ၂ ရက်နေ့က ‘The Times of India’ သတင်းစာ၌ သတိပြုဖွယ် သတင်းတပုဒ် ဖေါ်ပြခဲ့သည်။ သတင်း ခေါင်းစဉ်တွင် “အိန္ဒိယနှင့် မြန်မာနိုင်ငံတို့ကို အားပျော့စေရန် တရုတ်နိုင်ငံက ရခိုင်တပ်တော်အား လက်နက်ခဲယမ်း ထောက်ပံ့လျှက်ရှိ” ဟု ဖေါ်ပြထားသည်။ ‘နေပြည်တော်အစိုးရ’ က အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာထားသော ရခိုင် တပ်တော်(AA) အား တရုတ်နိုင်ငံက ငွေကြေးလက်နက်ထောက်ပံ့နေသည်ဟု အရှေ့တောင်အာရှမှ စစ်ရေး သတင်း ရင်းမြစ်တစ်ခုကို ကိုးကားလျှက် ‘The Times of India’ က ဆိုသည်။ သတင်းရင်းမြစ်၏ အဆိုအရ AA ရရှိနေသော အထောက်အပံ့အားလုံး၏ အများစုသည် တရုတ်ထံမှဖြစ်သည်ဟူ၍ပင် ဆိုထားသည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အများစုသည် တရုတ်လက်နက်များ အသုံးပြုကြပြီး တရုတ်နယ်စပ် တစ်လျှောက် လှုပ်ရှားနေကြခြင်းဖြစ်ရာ မြန်မာနိုင်ငံအား ထိန်းချုပ်ရန် တရုတ်၏ ကြိုးစားအားထုတ်မှု တစ်စိတ်တစ်ပိုင်း အဖြစ် သံသယရှိဖွယ်ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံရှိ သူပုန်အဖွဲ့များအား လက်နက်ထောက်ပံ့မှု မရှိဟု တရုတ်က ငြင်းဆိုထားသည်။ ၂၀၂၀ ဇန်နဝါရီလ ၁၇ တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်အား ကြိုဆိုဧည့်ခံချိန်၌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယင်းလက်နက်များအရေးကို စိုးရိမ်ကြောင်း ပြောဆိုခဲ့သည်။ ‘သမ္မတ ရှီကျင့်ဖျင်’ က ယင်းကိစ္စကို တရုတ်နိုင်ငံအနေဖြင့် စေ့စေ့စပ်စပ် စစ်ဆေးဖြေရှင်းပေးမည်ဟု ကတိပြုသော်လည်း၊ သူပုန်များအနေဖြင့် အခြား လမ်း ကြောင်းမှလည်း တရုတ်လက်နက်များ ရရှိနိုင်သည်ဟု ထောက်ပြပြောဆိုခဲ့သည်။

အခြားမျက်နှာစာ၌ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAO) အကြား အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆိုင်ရာ တွေ့ဆုံဆွေးနွေးညှိနှိုင်းရာတွင် တရုတ်အစိုးရက ကြားဝင်စေ့စပ်သူအဖြစ် အဓိကအခန်း ကဏ္ဍမှ ပါဝင်နေသည်။ အထက်တွင် ဖေါ်ပြသကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အသုံးပြုသည့် လက်နက်များ သည် တရုတ်နိုင်ငံလုပ်လက်နက်များ ဖြစ်နေသည်။ တရုတ်နယ်စပ်ကိုဖြတ်၍ မှောင်ခိုဈေးကွက်မှ တစ်ဆင့် မြန်မာနိုင်ငံ အတွင်း ဝင်ရောက်လာခြင်းဖြစ်သည်ဟု စစ်ရေးကျွမ်းကျင်သူများ၏ ဝေဖန်သုံးသပ်မှုများလည်း ရှိသည်။

၂၀၁၉ ဖေဖော်ဝါရီ ၂၈ ရက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တရုတ်အထူးသံတမန် မစ္စတာ ဆွန်ကော်ရှန်းအား နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့စဉ် မြန်မာနိုင်ငံမြောက်ပိုင်းဒေသနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေးကိစ္စ ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း တပ်မတော် က သတင်းထုတ်ပြန်ခဲ့ သည်။ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား အမြန်ဆုံး ငြိမ်းချမ်းရေးစေလိုသည့် ဆန္ဒရှိနေကြောင်း အထူးပြု ပြောဆိုခဲ့ သည်ဟု ဆိုသည်။ မြန်မာနိုင်ငံက ၂၀၂၀ ခုနှစ်တွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး အတွက် ကြိုးပမ်းဆောင်ရွက်နေသည်ကို တရုတ်နိုင်ငံက အားပေးထောက်ခံကြောင်း တရုတ်နိုင်ငံ၏ အထူးသံတမန် မစ္စတာ ဆွန်ကော်ရှန်း က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နေပြည်တော်၌ တွေ့စဉ် ပြောကြားသည်ဟု ကြားရသည်။

ယခု ၂၀၂၀ ဇူလိုင်လ ၁၆ ရက်နေ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr.Chen Hai နှင့် Senior Colonel Xiong Shaowei အဖွဲ့အား နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခမ်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း စံတော်ချိန်သတင်းစာ၌ ဖေါ်ပြသည်။ တရုတ် နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ််းဆောင်ရွက်မှုများအပေါ်နားလည်ထောက်ခံပြီး မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်နှစ်ခုအကြား လက်တွေ့ကျကျ နီးကပ်စွာ ပူးပေါင်း ဆောင် ရွက်သွား မည်ဖြစ်သည်ဟု ဆိုသည်။ အာဆီယံဒေသအတွင်း စစ်ပွဲနှင့် ပဋိပက္ခများဆီ ဦးတည်သည့် မည်သည့်ဖြစ်စဉ်များ ကိုမဆို မလိုလားဘဲ၊ ငြိမ်းချမ်းစွာ အတူလက်တွဲဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဆိုသည်။ နှစ်နိုင်ငံတပ်မတော်နှစ်ရပ် အကြား ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို ချစ်ခင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးနိုင်ခဲ့သည်ဟု ‘တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့’ က ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

အိမ်နီးချင်းနိုင်ငံများ၏ တပ်မတော်များနှင့် မိတ်ဝတ်မပျက်ဆက်ဆံရေး၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ် အတိုင်းဆောင်ရွက်လျှက်ရှိသည်ဟု ဆိုသည်။ မြန်မာနိုင်ငံကလည်း မြန်မာ့နိုင်ငံခြားရေးမူဝါဒအတိုင်း လိုက်နာဆောင်ရွက် လျှက်ရှိသည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်ဟု သတင်း၌ ဖေါ်ပြသည်။ သြဂုတ်လ(၁)ရက်နေ့တွင် ကျရောက် မည့် တရုတ်ပြည်သူ့တပ်မတော် ထူထောင်ခြင်း (၉၃)နှစ်မြောက်နေ့အထိမ်းအမှတ် သဝဏ်လွှာကို မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အစောဆုံး ပေးပို့ခဲ့ခြင်းအတွက် တရုတ်တပ်မတော်က ၀မ်းမြောက်ဂုဏ်ယူကြောင်း၊ တပ်မတော် နှစ်ရပ်အကြားထူးခြားနက်ရှိုင်းသော ဆက်ဆံရေးသမိုင်းကြောင်းများကို ဆွေးနွေးခဲ့ကြသည်ဟု ထုတ်ပြန်ချက်၌ ပါရှိသည်။ ထို့ပြင် Covid-19 ရောဂါဖြစ်ပွားမှုကာလအတွင်း တပ်မတော်နှစ်ရပ်အကြား ဆေးဝါးများ အပြန် အလှန် ပေးပို့လှူဒါန်းခဲ့ ခြင်း၊ ကျွမ်းကျင်ပညာရှင်စေလွှတ် ကူညီခြင်း၊ရောဂါထိန်းချုပ် ကုသရေးဆိုင်ရာအမြင်ဖလှယ်ဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့ သည့် အခြေအနေတို့ကိုလည်း ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖေါ်ပြထားသည်။

မြန်မာပြည်သည် ပထဝီဝင် နိုင်ငံရေး စီးပွားရေးအခင်းအကျင်းအရ တရုတ်ပြည်အတွက် အလွန်အရေးပါသည့်နည်းတူ၊ တရုပ်နှင့် အာဏာချိန်ခွင်လျှာ ညှိလိုသည့် အိန္ဒိယ၊ အမေရိကန်၊ ဂျပန်၊ တောင်ကိုးရီးယား နှင့် အာဆီယံ နိုင်ငံများအတွက် လည်း အလွန်အရေးပါသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း တိုင်းရင်းသား သွေးစည်း ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးသည် အလွန် အရေးကြီးနေသည်။ အထူးသဖြင့် ယခု ၂၀၂၀ ပြည့်နှစ်တွင် “မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု အမြစ် ခိုင်မာရေး” အတွက် “လွတ်လပ်၍ တရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး” တည်ငြိမ်အေးချမ်း စွာ ကျင်းပနိုင်ရန် အရေးကြီးနေသည်။ လက်ရှိ နိုင်ငံရေး အခင်းအကျင်းကို လေ့လာလျှင် အမျိုးသားပြန်လည် သင့်မြတ် ရေးအတွက် စစ်ရေး ထိပ်တိုက်တွေ့မှုများ ရှောင်ရှားကြရန်လိုသည်။ ၂၁ ရာစုပင်လုံညီလာခံနှင့်တကွ နိုင်ငံရေး ဆွေးနွေးပွဲ များ စဉ်ဆက်မပြတ် ကြိုးပမ်းဖေါ်ထုတ်ရမည်။ အထူးသဖြင့် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့ကို စစ်မြေပြင်မှ ဆွေးနွေးရေး စားပွဲဝိုင်းပေါ်သို့ မဖြစ်မနေ တက်ရောက်လာစေရန် ၀ိုင်းဝန်းကြံဆောင်ကြရမည်။

EAOs အားလုံး တစ်ဖွဲ့မျှ မကျန် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပါ၀င်လာစေရန် အမျိုးသားပြန်လည် သင်မြတ်ရေး တံခါးကို မြင်သာထင်သာ ဖွင့်ပေးရမည်။ AA၊ TNLA၊ MNDAA နှင့် KIA တို့အပါအဝင် EAO လက်နက်ကိုင် အားလုံး အကြုံးဝင် သည့် အပစ်အခတ်ရပ်စဲရေးကို အစိုးရနှင့် တပ်မတော်တို့က ထပ်မံ ကြေညာသင့်သည်။ အထူး သဖြင့် ရခိုင်ပြည်နယ် တွင် တိုက်ပွဲများ ချက်ချင်းရပ်ပေးရန်လိုသည်။ ဤနည်းဖြင့် စစ်ဘောင်ကို ကျဉ်းမြောင်း စေ၍၊ နိုင်ငံရေး ဆွေးနွေးပွဲ ဘောင်ကို ချဲ့ထွင်သင့်သည်။ တပ်မတော် က တစ်နိုင်ငံလုံးအပစ်ရပ် ကြေညာခြင်းအားဖြင့် စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံညီလာခံ နှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မဲဆန္ဒနယ်အားလုံး၌ ကျင်းပရေးတို့ကို ထောက်ခံကြိုဆိုကြောင်း သဘောထား ပျော့ပျောင်းမှု ပြသချိန်တန်ပြီဟု သုံးသပ်မိပါသည်။။။။

(Article published in the D-Wave Journal on 23 July 2020, Thursday)