Breaking News

ဇင်လင်း - လွတ်လပ်စွာ တွေးခေါ် ဝေဖန်ဆန်းစစ်ခွင့်ကို ဦးထိပ်ထားသူ အိုင်ဗင်ဘူနင်



ဇင်လင်း - လွတ်လပ်စွာ တွေးခေါ် ဝေဖန်ဆန်းစစ်ခွင့်ကို ဦးထိပ်ထားသူ အိုင်ဗင်ဘူနင်

(မိုးမခ) ဇူလိုင် ၁၆၊ ၂၀၂၁

‘အိုင်ဗန် အလက်ဆေယေဗစ်ချ် ဘူနင်’ (Ivan Alekseyevich Bunin) သည် ပထမဦးဆုံး စာပေနိုဘယ်ဆု ရရှိခဲ့သည့် ရုရှားကဗျာဆရာနှင့် စာရေးဆရာဖြစ်သည်။ ‘ဘူနင်’ သည် သူ၏ ကဗျာလင်္ကာနှင့် စကားပြေအရေးအသားများတွင် ရုရှား ရိုးရာ အစဉ်အလာများကို ဆက်ခံ၍ အလွန်တိကျသေချာစွာ ရသမြောက် သရုပ်ဖေါ်ရာ၌ နာမည်ကျော်ကြားသူဖြစ်သည်။ သူ၏ ကဗျာလင်္ကာများနှင့် ၀တ္ထုများကို ရသမြောက်အောင်ရေးဖွဲ့ရာတွင် ဘာသာစကား ဝေါဟာရ အသုံးအနှုန်း လွန်စွာ ကြွယ်ဝလှသဖြင့် ‘ဘူနင်၏ ရသမြောက် စကားတန်ဆာဆင်ရေးဟန်’ ဟုပင် တင်စားအသိအမှတ်ပြုခြင်း ခံရသည်။

‘ဘူနင်’၏ မိဘများသည် ရုရှားသူကောင်းမျိုးနွယ်မှ ဆင်းသက်သူများဖြစ်သည်။ ‘ဘူနင်’ ကို သူ့မိဘများပိုင်ဆိုင်သော ရုရှား နိုင်ငံအလယ်ပိုင်း ဗိုရိုနက်ဇ်ဒေသရှိ နေအိမ်၌ ၁၈၇၀ ခုနှစ် အောက်တိုဘာလ ၂၂ ရက်တွင် ဖွားမြင်ခဲ့သည်။ ‘ဘူနင်’ သည် ဖခင် ‘အလက်ဆေ နီကိုလာယေဗစ်ချ်ဘူနင်’ (Aleksey Nikolayevich Bunin)နှင့် မိခင် ‘လျုဒ်မီလာ အလက်ဆန်ဒရို့ဗ်နာ ဘူနီနာ’ (Lyudmila Aleksandrovna Bunina)တို့၏ တတိယမြောက်သားဖြစ်သည်။ သူ့တွင် ‘ယူလီ’ နှင့် ‘ယက်ဗ်ဂေနီ’ ဆိုသည့် အစ်ကို နှစ်ယောက်ရှိသည်။ သူ့အောက်တွင် ‘မာရှာ’ နှင့် ‘နဒ်ယာ’ ဆိုသော ညီမနှစ်ယောက်ရှိသည်။ ‘ဘူနင်’ ၏ ရှေ့မှ ဆွေမျိုးများထဲတွင် ကဗျာဆရာမ ‘အင်နာ ဘူနီနာ’ (Anna Bunina1774–1829)နှင့် ကဗျာဆရာ ‘ဗတ်ဆီလီ ဇူးကော့ဗ်စကီး’ (Vasily Zhukovsky 1783–1852) တို့ ပေါ်ထွန်းခဲ့ဖူးသည်။ ၎င်းတို့နှစ်ဦးအတွက် ဂုဏ်ယူလေ့ရှိကြောင်း ‘အိုင်ဗင်ဘူနင်’ က ၁၉၅၂ ခုနှစ်က ရေးသည့် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိတွင် ဖေါ်ပြဖူးသည်။ ‘ဘူနင်’သည် ရုရှားပြည် အလယ်ပိုင်းရှိ ‘ယေလက်စ်’ (Yelets) အလယ်တန်းကျောင်း၌ ပညာသင်ခဲ့ပြီး၊ နောက်ပိုင်းတွင် အစ်ကိုဖြစ်သူက စာသင် ပေးခဲ့ပြီး ဘွဲ့မရရှိခဲ့ဟု ဆိုသည်။ ၁၈၈၇ ခုနှစ်တွင် သူ၏ ကဗျာနှင့် ၀တ္ထုတိုများ စတင်ပုံနှိပ် ဖေါ်ပြခြင်းခံရသည်။

ဘူနင်၏ အကောင်းဆုံးလက်ရာအဖြစ် ကျော်ကြားသော ၀တ္ထုများမှာ ‘ကျေးရွာ’ (The Village -1910) နှင့် ‘အာဆေနီ ယက်ဗ်၏ ဘဝဇာတ်ကြောင်း’ (The Life of Arseniev -1933, 1939) တို့ဖြစ်သည်။ ထင်ရှားသော ၀တ္ထုတိုပေါင်းချုပ်များ မှာ ‘မှောင်ရိပ်လွှမ်းသော ဂေဟာများ’ (Dark Avenues - 1946) နှင့် ‘ကြိမ်စာသင့် နေ့ရက်များ’ (Cursed Days, 1926) တို့ ဖြစ်သည်။ ဥရောပတိုက်၌ ကွန်မြူနစ်ဆန့်ကျင်ရေး နိုင်ငံရေးခိုလှုံနေသူများ၊ ဥရောပတိုက်သား ဝေဖန်ရေးဆရာများ နှင့် သူနှင့်ခေတ်ပြိုင်စာရေးဆရာများ၏ အလယ်တွင် ‘ဘူနင်’သည် ထူးထူးခြားခြား လေးစားချစ်ခင်ခံရသည့် စာပေပညာရှင် တစ်ဦးဖြစ်သည်။ ‘ဘူနင်’ကို ‘တော်လ်စတွိုင်း’ (Tolstoy)နှင့် ချက်ကော့ဗ် (Chekhov)တို့၏ ရုရှားစာပေ သရုပ်မှန်အယူဝါဒ အမွေဆက်ခံသူအဖြစ် ရှုမြင်ကြသည်။ ‘အိုင်ဗင်ဘူနင်’သည် ၁၉၃၃ ခုနှစ်တွင် စာပေနိုဘယ်ဆုရရှိသည့် ရုရှားရိုးရာသရုပ်မှန် ရေးဟန်ဖြင့် ရသအမြောက်ဆုံး ကဗျာနှင့် ၀တ္ထု ရေးဖွဲ့နိုင်သူ ဖြစ်သည်။

၁၈၈၉ မှ ၁၈၉၂ ခုနှစ်အတွင်း အော်လော့ဗ်စကီး သံတော်ဆင့်သတင်းစာ(The Orlovsky Herald)တွင် ဘူနင် အလုပ် လုပ်ခဲ့သည်။ ၁၈၈၇ မှ ၁၈၉၁ အတွင်း ဘူနင်ရေးခဲ့သည့် ကဗျာများကို စုစည်း၍ ‘စတီခေါ့ဗိုရင်နီယာ’ (Stikhotvoreniya) ကဗျာစာအုပ်ကို ၁၈၉၁ တွင် ပထမဆုံးထုတ်ဝေခဲ့သည်။ ယင်းကဗျာများကို ပထမတွင် အော်လော့ဗ်စကီး သံတော်ဆင့် သတင်းစာ၌ နောက်ဆက်တွဲ အချပ်ပိုဖြင့် ဖေါ်ပြခဲ့သည်ဟု ဆိုသည်။

၁၈၉၀ ခုနှစ်များအတွင်းတွင် ဘူနင်သည် ‘လီယိုတော်လ်စတွိုင်း’ နှင့် ကိုယ်တိုင်တွေ့ဆုံစကားပြောခွင့် ရခဲ့ပြီးနောက်တွင် ‘တော်လ်စတွိုင်း’ ၏ စာပေအယူအဆများကို လွန်စွာ နှစ်ချိုက်သဘောကျခဲ့သည်ဟု ဆိုသည်။ ထိုနှစ်ကာလများအတွင်း မော်စကိုနှင့် စိန့်ပီတာစဘတ် စာပေနယ်ပယ်များသို့ ဖြည်းဖြည်းချင်း ၀င်ရောက်ခဲ့သည်။ ထိုစဉ်က အရှိန်ရစပြုနေသည့် ‘သင်္ကေတဝါဒီ စာပေလှုပ်ရှားမှု’ တွင်လည်း ‘ဘူနင်’ ပါ၀င်ခဲ့သည်။ ၁၉၀၁ ခုနှစ်တွင် ဘူနင်၏ ‘ရွက်ကြွေများ’ (Falling Leaves) ကဗျာစာအုပ်ထုတ်ခဲ့ခြင်းဖြင့် သူ၏ သင်္ကေတဝါဒီ အသိုက်အဝန်းအား သက်သေပြခဲ့သည်။ သို့သော်လည်း ဘူနင်၏ ကဗျာလက်ရာသည် ၁၉-ရာစု ရုရှားဂန္ထဝင် ရိုးရာစာပေလက္ခဏာများနှင့် ပိုမို တူညီနေသည်ဟု ဆိုသည်။

အထူးသဖြင့် သူ့ရှေ့မှ ခေတ်ပြိုင်စာရေးဆရာများဖြစ်ကြသော ‘တော်လ်စတွိုင်း’နှင့် ‘အန်တွန် ချက်ကော့ဗ်’ ၏ စံနမူနာများ ထင်ဟတ်နေ သည်။ ၂၀-ရာစုဆန်းချိန်တွင် ‘အိုင်ဗင်ဘူနင်’သည် ရုရှားနိုင်ငံ၏ လူကြိုက်များထင်ရှာသော စာရေးဆရာများ အနက် တစ်ဦးအပါအဝင် ဖြစ်လာသည်။ သူ၏ ၀တ္ထုများနှင့် ရုပ်ပုံလွှာသရုပ်ဖေါ်ရေးသားမှုများသည် တိကျပီပြင်၍ သဘာဝ ကို နုညံ့သိမ်မွေ့စွာ ထင်ဟပ်နိုင်သည်ဟုဆိုသည်။ ဇာတ်ကောင်စရိုက်စိတ်နေစိတ်ထားကို အနုစိပ်ဆန်းစစ် ဖေါ်ပြနိုင်ပြီး ဇာတ်အိမ် ဇာတ်လမ်းကိုလည်း ပိုင်နိုင်စွာ ထိန်းသိမ်းနိုင်သည်ဟု ဆိုသည်။ သူ၏ ထင်ရှားသော လက်ရာများမှာ ၁၉၀၀ ပြည့်နှစ်တွင် ရေးသည့် ‘အန်တိုနော့ဗ် ပန်သီးများ’(Antonov Apples)၊ ၁၉၁၀ တွင် ရေးသည့် ‘ကျေးရွာ’ (The Village)၊ ၁၉၁၂ တွင် ပုံနှိပ်သည့် ‘ခြောက်သွေ့မြစ်ဝှမ်း’ (Dry Valley)၊ ၁၉၁၆ ခု တွင် ထုတ်ဝေသည့် ‘ဆန်ဖရန်စစ္စကို က လူကြီးမင်း’ (The Gentleman from San Francisco)နှင့် ‘ပြောင်းလဲခြင်း အိပ်မက်များ’ (The Dreams of Chang)၊ ၁၉၂၂ တွင် ‘ပေါ့ပါးသော ရှင်သန်မှု’ (Light Breathing)၊ ‘မေတ္တာရှင် ဖွားအေ’ (Grammar of Love)၊စသည်တို့ဖြစ်သည်။

‘ဘူနင်’ အစောပိုင်းရေးသည့် ၀တ္ထုများနှင့်ပတ်သက်၍ ရည်ရွယ်ချက်ပမာဏ ကြီးမားလွန်းသည်ဆိုသော်လည်း နွေးထွေးစွာ ကြိုဆိုရမည့် ၀တ္ထုများဖြစ်သည်ဟု ‘အန်တွန်ချက်ကော့ဗ်’က သုံးသပ်ခဲ့သည်။ ‘ဘူနင်’၏ စကားပြေရေးဟန်နှင့် ပတ်သက်၍ ထူးထူးကဲကဲ ချိးမွှမ်းသူမှာ ‘မက္ကဇင်ဂေါ်ကီ’ ဖြစ်သည်။ ‘ဘူနင်’၏ ‘ဘိုလ်ရှီဗစ်’ဆန့်ကျင်ရေး သဘောထားများကြောင့် ဘူနင် နှင့် ဆက်ဆံရေး မကောင်းတော့သည့်တိုင် ‘ဂေါ်ကီ’ က ‘ဘူနင်’ သည် ရုရှားစာပေလောက၏ ကြီးကျယ်ထူးချွန်သည့် စာရေးဆရာများအနက် တစ်ဦးအပါအဝင်ဖြစ်သည်ဟု ချီးမွမ်းခဲ့သည်။ ထို့ပြင် နောက်မျိုးဆက် လူငယ်စာရေးဆရာများကို လည်း ဘူနင်၏ စကားပြေအရေးအသားကောင်းမွန်မှုကို စံနမူနာအဖြစ်ယူသင့်ကြောင်း ပြောကြားခဲ့သည်။ ဘူနင်၏ စကားပြေအရေးအသားသည် အပြစ်ဆိုစရာ မရှိလောက်အောင် ကောင်းမွန်သည့် ဂန္ထဝင်ရေးဟန်ဖြစ်သည်ဟု ‘ဂေါ်ကီ’ က မှတ်ချက်ပြုခဲ့သည်။

‘ဘူနင်’သည် ‘ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် တဦးချင်းလွတ်လပ်ခွင့်’ ကို အလေးထားသော အမြင်အယူအဆရှိသူ ဖြစ်သည်။ ၁၉၁၇ ရုရှား အောက်တိုဘာတော်လှန်ရေး ဖြစ်ခါနီးတွင် ‘ဘူနင်’ ၏ လူတဦးချင်းလွတ်လပ်ခွင့်ကို အလေးထားသော အယူအဆများကို ဝေဖန်ထိုက်ခိုက်မှုများ ပြင်းထန်လာသည်။ ‘ဘူနင်’ ကို နိုင်ငံရေးနှင့် နှီးနွယ်အပ်စပ်သေည့် စာရေးဆရာ အဖြစ် လက်မခံကြတော့သည့် အခြေအနေဖြစ်လာသည်။ ‘ဘူနင်’ က သူ၏ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို အထိခိုက်မခံနိုင် သဖြင့် ‘ဂေါ်ကီ’ အပါအဝင် အခြားမိတ်ဆွေ သူငယ်ချင်းဟောင်း စာရေးဆရာများနှင့် လမ်းခွဲရတော့မည်ဟု မြင်လာသည်။ ရုရှားနိုင်ငံ အပြောင်းအလဲဖြစ်တော့မည်ဆိုသည်ကိုလည်း သူသိမြင်နေသည်။ ‘၁၉၁၇ တော်လှန်ရေး’ ပြီးသည့်နောက် ၁၉၁၈ ခုနှစ် မေလတွင် သူ မော်စကိုမှ ထွက်ခွာခဲ့သည်။

ထို့နောက် ‘အိုဒက်ဆာမြို့’ (ယခု ယူကရိန်းနိုင်ငံ) ၌ ခေတ္တအခြေချသည်။ ၁၉၂၀ နှစ်စတွင် ရုရှားမှ ထွက်ခွာပြီး ‘ကွန်စတင် တီနိုပယ်’ (ယခု အစ္စတန်ဘူလ်) သို့ရောက်သည်။ ထိုမှတဆင့် ပြင်သစ်နိုင်ငံသို့ရွှေ့ပြောင်းနေထိုင်ခဲ့သည်။ ပြည်သစ်၌ နေထိုင်စဉ်မှာပင် ဘူနင်သည် ရုရှားနိုင်ငံကို စွန့်ခွာထွက်ပြေးလာသည့် နာမည်ကျော် စာရေးဆရာအဖြစ် ကျော်ကြားခဲ့ သည်။ ၁၉၂၅ ခုနှစ်တွင် ရေးသည့် ‘မစ်တယာ၏ အချစ်’ (Mitya’s Love) နှင့် ‘အာဆေနီ ယက်ဗ်၏ ဘဝဇာတ်ကြောင်း’ ၀တ္ထုများသည် နိုင်ငံရပ်ခြားရောက် ရုရှားလူမျိုးများနှင့် စာပေဝေဖန်ရေးဆရာများ၏ ချီးမွှမ်းအသိအမှတ်ပြုခြင်း ခံရသည်။ နိုင်ငံရပ်ခြားရောက် ရုရှားလူမျိုးတို့၏ ‘တစ်ဦးချင်းလွတ်လပ်မှုဆိုင်ရာနှုန်းစံတန်ဖိုး’ ကို ‘ဘူနင်’ ၏ စာပေများတွင် ထင်ဟပ် ဖေါ်ပြနိုင်ခြင်းအတွက် အသိအမှတ်ပြုခြင်းခံရသည်။ ယင်းဝတ္ထုများကို ၁၉၂၀ ခုနှစ်များအတွင်း၌ ‘ဘူနင်’ စတင်ရေးသား ခဲ့ခြင်း ဖြစ်သည်။ ၁၉၁၇ မှ ၁၉၂၀ အတွင်း ‘အိုင်ဗင်ဘူနင်’ ရေးခဲ့သော ၀တ္ထုစာပေများနှင့် နေ့စဉ်မှတ်တမ်းများသည် အကြမ်းဖက်သတ်ဖြတ်မှုများလွှမ်းမိုးနေသည့် ကြောက်မက်ဖွယ် နေ့ရက်များကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။

၁၉၂၀ နှင့် ၁၉၃၀ ခုနှစ်များအတွင်း နိုင်ငံရပ်ခြားသို့ရောက်ရှိနေကြသော ရုရှားမျိုးဆက်များက ‘ဘူနင်’ အား သူတို့ ကိုယ်စား စကားပြောကြားပေးသူအဖြစ် အသိအမှတ်ပြုခဲ့ကြသည်။ ကိုယ်ကျင့်သီလနှင့် အနုပညာစံနှုန်းကို ကျင့်သုံးကာ ‘အိုင်ဗင်ဘူနင်’က ရုရှားနိုင်ငံပြင်ပရောက် ရုရှားလူမျိုးတို့အတွက် ပုဂ္ဂလိကလွတ်လပ်ခွင့်နှင့် တရားမျှတမှုရပိုင်ခွင့်တို့ကို တင်ပြတောင်းဆိုပေးခဲ့သည်ဟု ဆိုသည်။ ထိုစဉ်က ပြည်ပရောက် ရုရှားလူမျိုးတို့သည် ‘ဘိုလ်ရှီဗစ်ဝါဒ’ ခေါ် ကွန်မြူနစ် စနစ် ကျဆုံးချိန်ကို စောင့်မျှော်နေခဲ့ကြပြီး၊ ‘တော်လ်စတွိုင်’ နှင့်’ချက်ကော့ဗ်’ တို့၏ စာပေအစဉ်အလာကို လိုက်နာသူ ‘အိုင်ဗင်ဘူနင်’ အား ကြီးမြတ်သော ရုရှားစာဆိုတော်ကြီးအဖြစ် ယုံကြည်လက်ခံခဲ့ကြသည်။ ‘ဘူနင်’ ၏ စာပေအနုပညာ အဖွဲ့အနွဲ့များသည် ရုရှားဂန္ထဝင် ရိုးရာအစဉ်အလာအတိုင်း သန့်စင်၍ အလင်္ကာမြောက်စွာ ဖန်တီးရေးသားထားခြင်း ကြောင့် ရုရှားစာပေကို ဖွံ့ဖြိုးတိုးတက်စေခဲ့သည်ဟု ဆိုသည်။ ထို့ကြောင့် ၁၉၃၃ ခုနှစ်တွင် ‘ဘူနင်’ အား စာပေနိုဘယ်ဆု နှင့် ထိုက်တန်သူအဖြစ် ရွေးချယ် ချီးမြှင့်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ထိုစဉ်က ဆွီဒင် နိုဘယ်ဆုရွေးချယ်ရေးအဖွဲ့ဝင် တဦးဖြစ်သူ ‘ပါဟောလ်စထရွမ်း’ (Per Halstroem) က နိုဘယ်ဆုပေးပွဲအခမ်းအနားတွင် ဂုဏ်ပြုစကားပြောကြားရာ၌ ‘အိုင်ဗင်ဘူနင်’ ကို ကဗျာလင်္ကာ ပါရမီဉာဏ် ရင့်သန်သူအဖြစ် ချီးမွမ်းအသိအမှတ်ပြုခဲ့သည်။

နိုဘယ်ဆုပေးပွဲအခမ်းအနားတွင် ဘူနင်၏ ပြောကြားချက်မှ ကောက်နှုတ်ချက်အချို့ကို ဖေါ်ပြလိုက်ပါသည်။

“ဆွီဒင်နိုဘယ်ဆုရွေးချယ်ရေးအဖွဲ့ဝင်လူကြီးမင်းများခင်ဗျား၊ ကျွန်တော့်ကို စာပေနိုဘယ်ဆုအတွက် ရွေးချယ်လိုက်တဲ့ အတွက် ဂုဏ်ပြုချီးမွမ်းမှုတွေ ကြေးနန်းစာတွေ မရေမတွက်နိုင်အောင် အဆက် မပြတ် ကျွန်တော်လက်ခံရရှိခဲ့ပါတယ်။ တိတ်ဆိတ်ငြိမ်သက်တဲ့ ညဘက်မှာ ကျွန်တော်တယောက်ထဲ နက်နက်ရှိုင်းရှိုင်း စဉ်းစားကြည့်မိတယ်။ ဆွီဒင်အကယ်ဒမီ အဖွဲ့က ဘယ်လိုအဓိပ္ပာယ်နဲ့ကျွန်တော်ကို နိုဘယ်ဆုပေးခဲ့တာလဲဆိုတာကို အလေးအနက် စဉ်းစားကြည့်မိတယ်။ နိုဘယ်ဆု စတင်ပေါ်ပေါက်လာစဉ်ကတည်းက လူကြီးမင်းတို့ရဲ့ဆုရွေးချယ်ရေးအဖွဲ့အနေနဲ့ ရေခြားမြေခြားမှာ ရောက်ရှိ နေတဲ့ စာရေးဆရာတယောက်ကို ဆုပေးဖို့ရွေးချယ်ခဲ့တာဟာ ဒီအကြိမ်ဟာ ပထမဆုံးဖြစ်ပါတယ်။ ကျွန်တော်ကိုယ် ကျွန်တော်လည်း ပြန်မေးခွန်းထုတ်မိတယ်။ အမှန်စင်စစ်အားဖြင့် ငါဟာဘယ်သူလဲ ဆိုတာကို မေးမိတယ်။ ကျွန်တော့်ကို နွေးနွေးထွေးထွေး ချစ်ချစ်ခင်ခင် ကြိုဆိုလက်ခံခဲ့တဲ့ ပြင်သစ်နိုင်ငံရဲ့ ကျေးဇူးတရားဟာ အလွန်ကြီးမားလှတယ်လို့ ခံစားမိပါတယ်။ လူကြီးမင်းများခင်ဗျား၊ တကယ်ဆိုရင် နိုင်ငံရပ်ခြားမှာရောက်နေရတဲ့ ကျွန်တော်နဲ့ ကျွန်တော်ရေးတဲ့ စာပေလက်ရာတွေဟာ ဂုဏ်ပြုလောက်အောင် မထိုက်တန်ပေမယ့်၊ နိုင်ငံပြင်ပမှာ ထွက်ပြေးခိုလှုံနေရတဲ့ စာရေးဆရာ တယောက်ကို နိုဘယ်ဆုပေးဖို့ ရွေးချယ်လိုက်တဲ့ ဆွီဒင်အကယ်ဒမီအဖွဲ့ရဲ့ ဆုံးဖြတ်ဆောင်ရွက်ချက်ဟာ အလွန်တရာမှ ကြီးကျယ်လှပတဲ့ သင်္ကေတ လက္ခဏာတရပ် ဖြစ်တယ်လို့ခံစားမိပါတယ်။ ဒီကမ္ဘာကြီးပေါ်မှာ အကျွင်းမဲ့ လွတ်လပ်ခွင့်ကို ပြည့်ပြည့်ဝဝလက်ခံထားတဲ့ နေရာဌာနများ ရှိဖို့လိုအပ်ပါတယ်။ ရှုမြင်ပုံအရ၊ အတွေးအခေါ်အရ၊ ဘာသာရေးသက်ဝင် ယုံကြည်မှုအရ၊ မတူကွဲပြား ခြားနားမှုတွေ ကမ္ဘာပေါ်မှာ ရှိနေတာကို သံသယဖြစ်စရာ မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အားလုံး သစ္စာတရားတခု အပေါ်မှာတော့ တညီတညွတ်ထဲ သဘောတူကြပါတယ်။ အဲဒါကတော့ လွတ်လပ်စွာ တွေးခေါ် မြော်မြင်ခွင့်နဲ့ ပိုင်းခြား ဝေဖန်ဆန်းစစ်ခွင့်ဖြစ်ပါတယ်။ အဲဒီလွတ်လပ်ခွင့်တွေအတွက် ကျွန်တော်တို့အနေနဲ့ ဖွံ့ဖြိုးတိုးတက် နေတဲ့ လူ့ယဉ်ကျေးမှုကို ကျေးဇူးတင်ကြရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ကျွန်တော် တို့ စာရေးဆရာများအဖို့ လွတ်လပ်ခွင့်ဟာ ယုံကြည်ချက်ဖြစ်သလို ဆောင်ပုဒ်လည်းဖြစ်ပါတယ်။ ဆွီဒင်နိုဘယ်ဆု ရွေးချယ်ရေးအဖွဲ့ဝင် လူကြီးမင်းများရဲ့ ရွေးချယ်မှုက ဆွီဒင်နိုင်ငံရဲ့ လွတ်လပ်ခြင်းကို ချစ်မြတ်နိုးမှု ဆိုတာကို ထင်ဟပ် နေပါတယ်။ လွတ်လပ်ခွင့်ကို မြတ်နိုးခြင်း ဟာ ဆွီဒင်နိုင်ငံရဲ့ ယုံကြည်ကိုးကွယ်မှုလို့တောင် ဆိုနိုင်ပါတယ်။” ဟု အိုင်ဗင်ဘူနင်က နိုဘယ်ဆုချီးမြှင့်သည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။

ဒုတိယ ကမ္ဘာစစ်အတွင်း၌ ‘ဘူနင်’ အား အမေရိကန်နိုင်ငံသို့လာရောက်ခိုလှုံရန် မိတ်ဆွေများက နိုင်ငံကူးလက်မှတ်များ စီစဉ်ပေးကာ ကမ်းလှမ်းခဲ့ကြသော်လည်း ပြင်သစ်မှာပင် ဆက်လက်နေထိုင်ရန် ဆုံးဖြတ်ခဲ့သည်။ စစ်အတွင်း ပြင်သစ်နိုင်ငံ တောင်ဘက်အစွန်းရှိ ဂရပ်စ် (Grasse) ဆို သည့် တောင်ပေါ်မြို့ကလေး၌ ဇနီးဖြစ်သူ ‘ဗီရာ မူရွမ်ဆီဗာ-ဘူနီနာ’ (Vera Muromtseva-Bunina) နှင့်အတူ နေထိုင်ခဲ့ သည်။ ပင်လယ်ပြင်အထက် အမြင့် ပေ ၁၁၄၈ ၌ တည်ရှိသော ဂရပ်စ်မြို့ သည် ပင်လယ်ကမ်းခြေနှင့် ၁၂ မိုင်သာဝေး သည်။ ပြင်သစ်နိုင်ငံကို နာဇီဂျာမနီတို့သိမ်းပိုက်ထားစဉ် ထိုမြို့ကလေး၌ ဘူနင် နေထိုင်ခဲ့ပြီး၊ နာဇီဝါဒနှင့်တကွ ဟစ်တလာ (Hitler) နှင့် မူဆိုလီနီ (Mussolini) တို့ကို ပြင်းပြင်း ထန်ထန် ဆန့်ကျင်ခဲ့သည်။ ထိုစဉ်က လတ်ဗီးယား(Latvia) မှ ရုရှားလူငယ်စာရေးဆရာ ‘လီယိုနစ် ဇူးရော့ဗ်’ (Leonid Zurov) နှင့် ‘နီကိုလိုင် ရို့ရှ်ချင်’ (Nikolai Roshchin) တို့နှစ်ဦးသည် ‘ဘူနင်’ ၏ ဖိတ်ခေါ်မှုအရ သူ့အိမ်သို့ရောက်လာခဲ့ကြပြီး စစ်ကြီး ပြီးချိန်အထိ ဘူနင်မိသားစု နှင့် အတူနေထိုင်ခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်ပြီးချိန်တွင် ‘နီကိုလိုင်’ က ဆိုဗီယက်ယူနီယံသို့ ပြန်သွားခဲ့သော်လည်း ‘လီယိုနစ်’ ကမူ ‘ဘူနင်’ ကွယ်လွန်ချိန်အထိ အတူနေထိုင်သွားခဲ့သည်။ စစ်အတွင်း ဂရပ်စ်၌ နေထိုင် ခဲ့ကြစဉ် ဟင်းသီးဟင်းရွက် သီးနှံအနည်းငယ်စိုက်ပျိုးကာ ချို့တဲ့စွာ နေထိုင်ခဲ့ကြရသည်။ ‘ဘူနင်’ ၏ နေအိမ်သို့ရောက်ရန် နာရီဝက်ခန့် ခက်ခက်ခဲခဲ တောင်ပေါ်သို့တက်ရသည်ဟုဆိုသည်။ ဇနီးဖြစ်သူ ‘ဗီရာ’ က အမှတ်တရများအဖြစ် ရေးသားခဲ့ ရာ၌ “ကျွန်မတို့အိမ်တွင် လူငါးယောက် ခြောက်ယောက်လောက်နေထိုင်ခဲ့ကြ ပြီး၊ အားလုံးလိုလို စာရေးခြင်းအလုပ်ကိုသာ အဆက်မပြတ် လုပ်ခဲ့ကြရသည်။ မခံသာအောင် ဆာလောင်မွတ်သိပ်မှု၊ အအေးဒဏ်ပြင်းထန်မှု နှင့် ကြောက်ရွ့ံစိုးရိ်မ်မှု စသည်တို့ကို မေ့ပျောက်ထားနိုင်ရန်အတွက် စာရေးခြင်းအလုပ်ကသာ အကောင်းဆုံးဖြစ်သည်” ဟု ရေးခဲ့သည်။

ယင်းသို့သော အခြေအနေအောက်မှာပင် ‘ဘူနင်’ က ရုရှားစစ်သုံ ့ပန်းအချို့၊ ဂျူးလူမျိုးအချို့ကို သူ့အိမ်တွင် ခိုလှုံရန် လက်ခံထားခဲ့သည်ဟု ‘လီယိုနစ်ဇီးရော့ဗ်’ က ပြောခဲ့ဖူးသည်။ ထိုအချိန်က ဂျာမန်တပ်ရင်းတခုသည် ဘူနင်၏ နေအိမ်နှင့် မီတာသုံးရာ အကွာလောက်တွင် တပ်စွဲထားသည်ဟု ‘လီယိုနစ် ဇူးရော့ဗ်’ က ဆိုသည်။ ဂရပ်စ်၌ နေထိုင်စဉ်ကာလ တလျှောက်လုံး ဘူနင်သည် စာကိုသာ အပတ်တကုတ် အဆက်မပြတ် ရေးနေခဲ့သည်ဟု ‘ဇူးရော့ဗ်’ က ဆိုသည်။ သူ့စာများကို ပုံနှိပ် ထုတ်ဝေလိုကြောင်း ထိုစဉ်က လွတ်လပ်နေသည့် ဆွစ်ဇာလန်နိုင်ငံမှ ထုတ်ဝေသူတို့က ကမ်းလှမ်းခဲ့သော်လည်း ‘ဘူနင်’ က လက်မခံခဲ့ဟု ဆိုသည်။ ဘူနင်သည် နာဇီဂျာမနီနှင့် အဆက်အဆံရှိသူများကို လုံးဝရှောင်ကြဉ်ခဲ့သည်ဟု ဆိုသည်။

ဒုတိယကမ္ဘာစစ်ပြီးသောအခါ ဘူနင်အား ဆိုဗီယက်ယူနီယန်ရုရှားနိုင်င့သို့ပြန်လာရန် ဖိတ်ခေါ်ခြင်းခံရသော်လည်း မပြန် တော့ဘဲ၊ ပြင်သစ်နိုင်ငံမှာပင် ဆက်လက်နေထိုင်ခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် ဘူနင်၏ ကျန်းမာရေး ချို့ယွင်းလာသည်။ ထိုအတောအတွင်း ရှေးဟောင်းနှောင်းဖြစ် အောက်မေ့ဖွယ်ရာများ၊ နေ့စဉ်မှတ်တမ်းများနှင့် ‘ချက်ကော့ဗ်’ (Chekhov) အကြောင်း စာအုပ် (The Unfinished Symphony) ကို ရေးသားနေခဲ့သည်။ ကျန်းမာရေးကြောင့် သူ့အား ဇနီးဖြစ်သူ ‘ဗီရာ’ နှင့် မိတ်ဆွေဖြစ်သူ ‘ဇူးရော့ဗ်’ တို့က အကူအညီပေးခဲ့ကြသည်။ ယင်းစာအုပ် အင်္ဂလိပ်ဘာသာပြန်ကို သူကွယ်လွန် ပြီးနောက် ၁၉၅၅ ခုနှစ်တွင် နယူးယော့ခ် ၌ ထုတ်ဝေခဲ့သည်။

၁၉၄၈ ခုနှစ်တွင် ဘူနင်နှင့်ပတ်သက်၍ အထူးမှတ်သားသင့်သည့် ဖြစ်ရပ်တခု ဖြစ်ပွားခဲ့ကြောင်း A.J. Heywood ဆိုသူက တင်ပြဖူးသည်။ ပြင်သစ်နိုင်ငံအခြေစိုက် ရုရှားစာရေးဆရာ သတင်းစာဆရာများ သမဂ္ဂတွင် ‘မာရီယာ ဆယ်လီနာ’ (Maria Tsetlina) နှင့် ‘ဘောရစ် ဇိုက်ဆက်ဗ်’ (Boris Zaitsev) တို့နှင့် အခြေအတင် သဘောကွဲလွဲခဲ့ကြသည်။ ဆိုဗီယက်ရုရှား နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် စာရေးဆရာများကို သမဂ္ဂမှ ထုတ်ပယ်ရန် အဆိုတင်သည့်အပေါ် ‘ဘူနင်’ နှင့် သဘောကွဲကြ ခြင်းဖြစ်သည်။ ‘ဘူနင်’ က ယင်းသို့ဆိုဗီယက်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သည့် စာရေးဆရာများကို အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်မည့်အဆိုကို ကန့်ကွက်သည့်အနေဖြင့် အဖွဲ့မှ နှုတ်ထွက်ခဲ့သည်။

၁၉၅၁ ခုနှစ်တွင် အိုင်ဗင်ဘူနင်အား PEN International အဖွဲ့ကြီးက ဂုဏ်ထူးဆောင်အဖွဲ့ဝင်အဖြစ်ခန့်အပ်ခြင်းခံရသည်။ နိုင်ငံပြင်ပ ရေခြားမြေခြား၌ နေထိုင်ကြရသော စာရေးဆရာများ၏ ကိုယ်စားလှယ်အဖြစ်လည်း ရွေးချယ်တင်မြှောက်ခြင်း ခံရသည်။ ဆိုဗီယက်ယူနီယန် ခေါင်းဆောင် စတာလင်သေဆုံးပြီးနောက် ပြည်ပရောက် ရုရှားစာရေးဆရာများ၏ စာပေများ ကို ဆိုဗီယက်ရုရှားနိုင်ငံအတွင်း ပြန်လည်ထုတ်ဝေခွင့်ပြုခဲ့ရာ အိုင်ဗင်ဘူနင်၏ စာအုပ်များကိုလည်း ပုံနှိပ်ထုတ်ဝေခွင့် ပြန်ပေးခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် အိုင်ဗင်ဘူနင်၏ စာပေါင်းချုပ် ၉ တွဲကို မော်စကို၌ ထုတ်ဝေခဲ့သည်။ သို့သော် ဘူနင်၏ ‘ကြိမ်စာသင့် နေ့ရက်များ’ (Cursed Days) စာအုပ်ကိုမူ ဆိုဗီယက်ယူနီယန်တွင် ဆက်လက်ပိတ်ပင်ထားခဲ့သည်။

၁၉၅၃ ခုနှစ် မေလ ၂ ရက်နေ့တွင် ဘူနင်က သူ၏ နောက်ဆုံးမှတ်ချက်စကားကို သူ့နေ့စဉ်မှတ်တမ်း၌ ဖေါ်ပြခဲ့သည်။ “ဤစာစုသည် အလွန်တရာ ထူးထူးခြားခြား အံ့အားသင့်စေလိမ့်မည် ထင်ပါသည်။ ယခုစာစုရေးပြီးသည့်နောက် ပိုင်းမှ အစပြု၍ ကျွန်တော်ဆိုသည့် ပုဂ္ဂိုလ် ဆက်လက်တည်ရှိနေတော့မည် မဟုတ်ပါ။ ဤလောကကြီးနှင့် သက်ဆိုင်သော အရာခပ်သိမ်း၊ ဖြစ်စဉ်ပျက်စဉ်အားလုံး၊ ကံကြမ္မာအားလုံးတို့အား ယနေ့ယခုမှစတင်၍ ကျွန်တော့်အနေဖြင့် ဂရုပြုတော့ မည် မဟုတ်ပါ။ ယခုမှစ၍ ကျွန်တော်လုပ်ရန် ကျန်ရှိသည့် အလုပ်မှာ ရေငုံနှုတ်ပိတ်လျှက် မိမိကိုယ်၌ ဖြစ်နေသည့် ထိတ်လန့်ဖွယ်ရာနှင့် အံ့သြဖွယ်ရာများကို သတိတရားရှိစွာ ထိန်းချုပ်နိုင်ရန် ကြိုးစားသွားပါတော့မည်” ဟု ရေးထားခဲ့သည်။

‘အိုင်ဗန် အလက်ဆေယေဗစ်ချ် ဘူနင်’ သည် ၁၉၅၃ ခုနှစ် နိုဝင်ဘာလ (၈)ရက်နေ့ နံနက်လင်းအားကြီးအချိန်တွင် သူ၏ ပါရီမြို့နေအိမ်၌ ကွယ်လွန်သွားခဲ့သည်။ နှလုံးရောဂါဖြင့် အမောဖေါက်လာစဉ် ချောင်းဆိုးအသက်ရှူကျပ်၍ ဘူနင် သေဆုံး ခဲ့ရသည်ဟု ဆိုသည်။ အိုင်ဗင်ဘူနင် ကွယ်လွန်သည့် အကြောင်းကို ထိုခေတ်က ပြင်သစ်နှင့် ရုရှားနိုင်ငံတို့တွင်ရှိသော ထိပ်တန်းသတင်းစာကြီးများ၌ သတင်းအသေးစိပ် ဖေါ်ပြခဲ့ကြသည်။ သူ့ရုပ်အလောင်းကို ပါရီမြို့ ရူဒါရူလမ်းရှိ ရုရှား ခရစ်ယန် ဘုရားကျောင်း၌ ခေတ္တထားရှိခဲ့ပြီး ကြီးကျယ်ခမ်းနားစွာ ဈာပနအခမ်းအနားကျင်းပခဲ့သည်။ ၁၉၅၄ ဇန်နဝါရီလ (၃၀)ရက်နေ့တွင် ဘူနင်၏ ရုပ်အလောင်းအား Sainte-Geneviève-des-Bois ရုရှားခရစ်ယန်ကျောင်းရှိ သုဿန်၌ ဂူသွင်း မြှုပ်နှံခဲ့သည်။။။

References:

(1) Ivan Bunin: From Wikipedia, the free encyclopedia

(2) Ivan Bunin, Russian author https://www.britannica.com/biography/Ivan-Bunin

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar