ပြည်တွင်းစစ်၊ ပိတ်ဆို့မှု နဲ့ အငတ်ဘေး
မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၉ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၁၀၊ ၂၀၂၄
ပြည်တွင်းစစ်၊ ပိတ်ဆို့မှု နဲ့ အငတ်ဘေး
ပြည်တွင်းစစ် ဖြစ်ပွားလာတာ ၃ နှစ်နီးပါးရောက်ရှိလာသလို ယခု ၂၀၂၄ ခုနှစ်ထဲမှာ စစ်ပွဲရဲ့ အရှိန်အဟုန် ဖြစ်ပွားတဲ့နေရာ အကျယ်အဝန်း၊ လူထိခိုက်မှု အရေအတွက်၊ မြို့တွေက နေအိမ် အဆောက်အဦ ပျက်စီးမှုတွေက လက်ရှိ အချိန်အထိ အမြင့်ဆုံး အဆင့်ကိုရောက်လာနေတယ်လို့ ဆိုနိုင်ပါတယ်။ သေဆုံးမှုတွေ မှာ ၁၀ ဂဏန်းအောက်ရှိတဲ့ အရေအတွက်တွေက သတင်းမဖြစ်ဘူးလို့ ဆိုရလောက်အောင် ဂရုပြုစရာ ကိန်းဂဏန်းတွေ မဟုတ်ကြတော့ပါဘူး။ အရပ်သား သေဆုံးမှု၊ ဖမ်းဆီးခံရမှု၊ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခြင်း၊ တိုက်ပွဲအတွင်း သေဆုံးတဲ့ အရေအတွက်၊ မြို့ရွာ ပျက်စီးဆုံးရှုံးခြင်း စတဲ့ အရာတွေက နိုင်ငံရဲ့ နေရာအတော်များများမှာ နေ့စဥ်ဖြစ်နေကျ အရာတွေလို မှတ်ယူလာကြတဲ့ အနေအထားရောက်လာပါတယ်။
လက်ရှိ အနေအထားကိုကြည့်ရင် စစ်ကောင်စီက အကျယ်ပြန့်ဆုံး ပိတ်ဆို့မှု လုပ်ထားတဲ့ ရခိုင်ပြည်နယ်မှာ လူဦးရေ သိန်းနဲ့ချီ အစားအစာ ရိက္ခာရရှိနိုင်ဖို့ ဝယ်ယူနိုင်ဖို့ အခက်အခဲနဲ့ ကြုံနေကြရပါတယ်။ ရခိုင်ပြည်နယ် တခုလုံးကို AA လက်နက်ကိုင် အဖွဲ့က အင်အားအသာစီးရပြီး စစ်ကောင်စီတပ်တွေထက် ပိုမိုကျယ်ပြန့်တဲ့ နယ်မြေ၊ မြို့တွေကို ထိန်းချုပ်ထားနိုင်တာဖြစ်လို့ စစ်ကောင်စီဘက်က ရခိုင်ပြည်နယ်အတွက် သယ်ဆောင်မယ့် ရိက္ခာ၊ လောင်စာဆီ၊ ဆေးဝါးတွေကို ဝင်ပေါက်လမ်းကြောင်းတွေမှာ တင်းတင်းကျပ်ကျပ် ကန့်သတ်ထားပြီး ၄င်းတို့ ရဲ့ လက်နက်ကိုင် တပ်တွေအတွက်လိုအပ်တဲ့ ရိက္ခာ၊ ၄င်းတို့ အုပ်ချုပ်ရေး ယန္တရားထဲက ဝန်ထမ်းတွေ နဲ့ အနည်းငယ်မျှသော အရပ်သားတွေအတွက် သယ်ယူပို့ဆောင်မယ့် ပမာဏကိုသာ အဓိကအားဖြင့် ရေလမ်းနဲ့ ပို့ဆောင်ပြီး ထိန်းချုပ်ခွဲဝေရောင်းချနေတဲ့ အနေအထား ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် အနေနဲ့ ဆန်စပါးစိုက်ပျိုးနိုင်တဲ့ ဒေသဖြစ်ပေမယ့်လည်း ကြိုတင်သိုလှောင်ထားနိုင်တဲ့ အခွင့်အလမ်းမျိုး တနယ်နဲ့ တနယ် သယ်ဆောင်ရောင်းဝယ်ဖို့ ရာမှာ လုံခြုံရေး၊ လောင်စာဆီ စတဲ့ အခက်အခဲတွေနဲ့ ကုန်စျေးနှုန်းမတန်တဆ မြင့်မားနေပြီး သာမန်အရပ်သားတွေ အနေနဲ့ အငတ်ဘေးနဲ့ ရင်ဆိုင်ရနိုင်တဲ့ အနေအထားကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၃ ရက်နေ့ ရခိုင်ပြည်နယ်မှာ AA နဲ့ စစ်ကောင်စီ တပ်တို့အကြား တိုက်ပွဲစတင်ပြီး နောက်တရက်မှာ စခဲ့တဲ့ ပိတ်ဆို့မှုဟာ အခုဆို ၁ နှစ်ပြည့်ဖို့ ရက်အနည်းငယ်သာ လိုတော့တာ ဖြစ်ပါတယ်။
ဒီလို ပိတ်ဆို့မှုနဲ့ လက်နက်ကိုင် တိုက်ပွဲတွေအကြားကနေ အခြားသော ဒေသတွေကို တိမ်းရှောင်နိုင်ဖို့ ငွေကြေးတစုံတရာ တတ်နိုင်တဲ့သူ တိမ်းရှောင်ဖို့ လမ်းကြောင်းနဲ့နီးစပ်သူတွေ တိမ်းရှောင်ခဲ့ကြပေမယ့် အများအပြားက တိမ်းရှောင်နိုင်ခြင်း မရှိကြပါဘူး။ ရခိုင်ပြည်နယ် တောင်ပိုင်း သံတွဲမြို့လိုက ဒေသခံတွေ အဖို့ တိုက်ပွဲတွေ ကူးစက်လာချိန်မှာ ဆက်စပ်နေတဲ့ ဧရာဝတီတိုင်းကတဆင့် တိုက်ပွဲလွတ်တဲ့ ဒေသတွေကို တိမ်းရှောင်နိုင်ပေမယ့် ရခိုင်ပြည်နယ် မြောက်ပိုင်းလို အနောက်ပိုင်းလို ဒေသက အရပ်သားတွေ အဖို့ စစ်တွေ၊ ကျောက်ဖြူတို့လိုမြို့က တဆင့် လေကြောင်းခရီးနဲ့သာ တိမ်းရှောင်နိုင်မယ့် အခွင့်အလမ်းရှိပြီး ကုန်ကျစရိတ် များပြားတာကြောင့် အများတတ်နိုင်တဲ့ အနေအထားမဟုတ်ကြပါဘူး။ လေကြောင်းခရီးနဲ့ ထွက်ခွာနိုင်တဲ့ စစ်တွေ၊ ကျောက်ဖြူတို့ကိုလည်း ရခိုင်ပြည်နယ်ထဲက အခြားမြို့၊ ရွာတွေကနေ လွယ်လွယ်ကူကူ သွားရောက်နိုင်တဲ့ အနေအထားမဟုတ်ပါဘူး။
နယ်မြေအားဖြင့် အကျယ်ပြန့်ဆုံး ပိတ်ဆို့မှုရဲ့ အကျိုးဆက်ကြောင့် နောင်နှစ်လယ်လောက်မှာ ရခိုင်ပြည်နယ်မှာ ရှိတဲ့ လူဦးရေ ၂ သန်းလောက် အငတ်ဘေးကြုံရနိုင်ကြောင်း မကြာသေးခင် ရက်ပိုင်းအတွက်း ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဥ်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ အစားအသောက် ရိက္ခာ၊ လောင်စာနဲ့ ဆေးဝါးတွေလိုမျိုးကို တင်သွင်းခွင့် ကန့်သတ်လိုက်တာရဲ့ အကျိုးဆက်က အသက်မွေးဝမ်းကြောင်း လုပ်ငန်း၊ ဒေသတွင်း ရိက္ခာထုတ်လုပ်မှုကိုပါ ထိခိုက်စေသလို မယုံနိုင်လောက်တဲ့ ကုန်စျေးနှုန်းတွေ မြင့်တက်မှုကြောင့်လည်း ဝယ်ယူစားသုံးနိုင်ခြင်း မရှိတဲ့အခြေအနေတွေကို ဆိုက်ရောက်စေတာ တွေ့ရတဲ့ သဘောဖြစ်ပါတယ်။ အဲဒီအစီရင်ခံစာမှာ ဖေါ်ပြထားရာမှာ ရခိုင်ပြည်နယ်ရဲ့ လူဦးရေ ၉၅ ရာနှုန်းလောက်ဟာ အန္တရာယ်ကျရောက်နိုင်တဲ့ အနေအထားထိ ဖြစ်စေနိုင်တယ်လို့ ဆိုထားပါတယ်။
စစ်ကောင်စီအနေနဲ့ ရိက္ခာ၊ လောင်စာ၊ ဆေးဝါး ပိတ်ဆို့မှုက စစ်ရေးအတွက် အသာစီးရဖို့ ရည်ရွယ်ပြီး လုပ်ခဲ့တာဟာ ၁ နှစ်ပြည့်တဲ့အချိန်မှာ စစ်ရေးအရ အရှုံးများစွာနဲ့ ရင်ဆိုင်နေရပြီး နယ်မြေ အများအပြား လက်လွှတ်ဆုံးရှုံးကာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဆုံးရှုံးလုအခြေအနေရောက်နေတာ တွေ့ရမှာဖြစ်ပါတယ်။ ဒီလိုပိတ်ဆို့မှုက စစ်ရေးအရ ထိရောက်တဲ့ အကာအကွယ် ဖြစ်မနေဘဲ ရခိုင်ပြည်နယ်ထဲမှာနေထိုင်တဲ့ သန်းနဲ့ချီတဲ့ အရပ်သားတွေကိုသာ ကြီးမားတဲ့ သက်ရောက်မှုတွေ အကျပ်အတည်းတွေထဲ ရောက်ရှိစေခဲ့တာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောရရင် စစ်ကောင်စီက လူသားတွေအပေါ်မှာ ကျူးလွန်တဲ့ ပြစ်မှု crime against humanity လို့ဆိုရမှာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar