Breaking News

ကေဇော်မိုး - တိုက်တန်းနစ်၊ ကိတ်ဝင်းစလက်၊ ဂျိမ်းကင်မရွန်

တိုက်တန်းနစ်၊ ကိတ်ဝင်းစလက်၊ ဂျိမ်းကင်မရွန်
ကေဇော်မိုး   
(မိုးမခ) ဇူလိုင် ၂၄၊ ၂၀၂၀

နှစ်ပရိစ္ဆေဒတို့ဆိုတာ ကြည်နူးမှု၊ ကြေကွဲမှု၊ ဝမ်းနည်းပူဆွေးမှုအဖုံဖုံတို့ကို သိုဝှက်သိမ်းဆည်းရာ အမတေတစ်ရပ်ပင် ဖြစ်ပါတယ်။ ကုန်ဆုံးသွားခဲ့တဲ့နှစ်ကာလများရဲ့ ဖလင်ပြားများထက် ခိုတွယ်လိုက်ပါသွားတဲ့အရာတွေဟာလည်း ဘဝတစ်ခုရှင်သန်ရခြင်း၏ ရုပ်ကြွင်းသက်သက်သာ ဖြစ်ပါတယ်။ ထိုရုပ် ကြွင်းများကို မမေ့နိုင်သောစိတ်နှလုံးဖြင့် တူးဆွဖော်ထုတ်မိသောအခါ ကြည်နူးမှု၊ ကြေကွဲမှုအဖုံဖုံတို့ဟာ နှလုံးအိမ်မှာ တရစပ်ရိုက်ခတ်နေတဲ့ နှင်တံတစ်ချောင်းပမာ။ ထိုနှင်တံ၏စေညွှန်ရာအတိုင်း ပြန်ငဲ့စောင်းရစ်ကြည့်မိသောအခါ...။
           အလင်းမရှိတဲ့ အမှောင်ယံဟာ အုံ့ဆိုင်းလို့။
ကြယ်စင်တွေဟာ မှိန်ဖျော့အသက်မဲ့လို့။
              လတစ်စင်းပျောက်နေတဲ့ကောင်းကင်ဟာ အစိမ်းရောင်လက်​ကြမ်းကြမ်းတစ်စုံထဲ ခိုက်တုန်လို့နေခဲ့တယ်။
၁၉၉၇ ခုနှစ်....
            အနုစင်ဆုံး၊ အတက်ကြွဆုံးလူငယ်ဘဝ။
             တက္ကသိုလ်​ကျောင်းတံခါးတွေပိတ်ထားချိန်က ကျ​နော့်အတွက်တော့ စိတ်အား၊ လူအားဖြစ်နေချိန်တစ်ခုပါပဲ။ အဲဒီအတွက် စာတွေဖတ်လိုက်၊ သီချင်းတွေနားထောင်လိုက်၊ ဂစ်တာတီးလိုက်နဲ့ အချိန်တွေကို သုံးပစ်ရပါတော့တယ်။ ဂီတဝါသနာပါသူအစ်ကို​တော်တွေရဲ့ unity ဆိုတဲ့အမည်နဲ့ဖွဲ့စည်းထားသော ဂစ်တာဝိုင်းလေးထဲ ယောင်လည်လည်နဲ့ရောက်ရှိသွားခဲ့ပါ​တော့တယ်။ unity band ရဲ့ အစ်ကိုတော်တွေထဲမှာ စာ ဂျပိုးတွေပါဝင်​ကြသလို၊ ဂီတပိုင်းဆိုင်ရာနှံ့စပ်သူ ၊ ရုပ်ရှင်ဂျပိုးတွေလည်း ပါဝင်ကြပါတယ်။ ( unity ဆိုတဲ့ ဂီတဝါသနာရှင်အဖွဲ့လေးအကြောင်းကို °ငယ်ငယ်လေးများ° စာအုပ်ထဲ အကုန်ရေးထားတဲ့အတွက် ဒီမှာထည့်မရေးတော့ပါဘူး)
     ခရမ်းပြေရောင်ဆည်းဆာဖြင့် အနားသတ်ထားသော ညနေခင်းကလေးတစ်ခုမှာ ကျနော်တို့ဂစ်တာထိုင်ခေါက်နေကြပါတယ်။ အရှိန်ကလေးရတုန်းရှိသေးတယ် ကျနော်တို့အဖွဲ့ထဲက အစ်ကိုမင်းသူရောက်လာပြီး ဗွီဒီယိုသွားကြည့်ဖို့ခေါ်ပါတော့တယ်။ မကြည့်ချင်ဘူး။ ဂစ်တာပဲတီးမယ်လို့ ငြင်းဆန်နေကြတဲ့အခါ အစ်ကိုမင်းသူက ဗွီဒီယိုကြည့်ခသူပေးပါမယ်ဆိုတဲ့အတွက် လိုက်ကြည့်ဖြစ်ပါတော့တယ်။

" ဒီည​ပြမယ့်ဇာတ်ကားက အတော်ကောင်းလွန်းလို့ ကြည့်စေချင်တယ်ဟ။ အခုကားကနိုင်ငံတကာမှာလဲ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ကား။ ဒီမှာသာ ရုံမတင်သေးတာ။ ဒီမှာတင်ရင်လဲ လူကြိုက်များမှာ။ ဇာတ်ဝင်တေးကလည်း အရမ်းကိုကောင်းတယ်။ မင်းသမီးကလည်း ရေရေလည်လည်လှတာ"

အစ်ကိုမင်းသူက ပြောဆိုစည်းရုံးတဲ့အတွက် ဗွီဒီယိုရုံကို အုပ်စုလိုက်ချီတက်သွားကြပါတော့တယ်။ ရုံထဲရောက်တော့ ကျနော်တို့အုပ်စုပါမှ လူနှစ်ဆယ်လောက်သာ ရှိတာပါ။ ဇာတ်လမ်းစဖွင့်တည်းက ရုပ်ရှင်နဲ့လူ အားလုံးတသားတည်းဖြစ်သွားခဲ့တာ ဇာတ်ကားပြီးသွားမှသာ အသိပြန်ဝင်လာကြပါတော့တယ်။ အဲဒီကားကြည့်ပြီးတော့မှ အနုပညာဆိုတဲ့အရာကို ပိုမိုသဘောပေါက်လာခဲ့ရပါတယ်။ တစ်ပတ်တိတိ အာရုံထဲကဖျောက်ဖျက်လို့မရနိုင်အောင် ဖမ်းစားသွားခဲ့ပါ​လေရော။ တစ်ကြိမ်တည်းကြည့်ရတာ အားမရသေးတဲ့အခါ  တစ်ခြားရုံတွေမှာ ထပ်မံပြသတဲ့အတွက် ဒုတိယအကြိမ်၊ တတိယအကြိမ်ရောက်တဲ့အထိ ထပ်မံကြည့်ရှု့မိပါတယ်။ ဒုတိယအကြိမ်မှာလဲ ပထမဆုံးကြည့်ရှု့ရသလိုပါပဲ။ ဇာတ်လမ်းအပေါ် စူးစူးနစ်နစ်စွဲလန်းသွားရတာပါ။ လူပျိုအရွယ်ဆိုတော့လဲ မင်းသမီးရဲ့အလှနဲ့ညှို့ဓာတ်က ကျနော့်အပေါ်အတော်ကြီးကိုဖမ်းစားခဲ့တာပါ။ မဟာဆန်တဲ့ မင်းသမီးရဲ့အလှတရားက စိတ်နှလုံးကိုကောင်းကောင်းကြီးကို သိမ်းပိုက်သွားခဲ့ပါတယ်။ ကျနော်တို့ ကြည့်ရှု့ခဲ့တဲ့ဇာတ်ကားက.....

"တိုက်တန်းနစ်"
"ဘယ်တော့မှ မနစ်မြှုပ်နိုင်တဲ့သင်္ဘော"
"ဒဏ္ဍာရီဆန်ဆန်မှတ်တမ်း"
"ဂျက်"
"ရို့စ်"
"ကိတ်ဝင်းစလက်"
      ကျနော်တို့နိုင်ငံမှာ တိုက်တန်းနစ်ဇာတ်ကားက ဗွီဒီယိုအခွေကနေတဆင့် အကြီးအကျယ်ကိုပေါက်ထွက်သွားခဲ့ပါတယ်။ နိုင်ငံတကာမှာလဲ ဝက်ဝက်ကွဲအောင်မြင်နေခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား။ တိုက်တန်းနစ်သင်္ဘောကြီးပေါ်မှာ ဂျိမ်းကင်မရွန်ဖန်တီးခဲ့တဲ့ ဂျက်နဲ့ရို့စ်တို့ရဲ့အချစ်ဇာတ်လမ်း​လေးက လူငယ်တွေအပေါ်အကြီး အကျယ်လွှမ်းမိုးသွားခဲ့ပါတော့တယ်။ လူငယ်တိုင်းရဲ့ကိုယ်ပေါ်မှာ တိုက်တန်းနစ်ထဲက ဂျက်နဲ့ရို့စ်ရဲ့ သင်္ဘောဦးပိုင်းမှာလက်ဆန့်တန်းရင်း လေဟုန်စီးနေတဲ့ဇာတ်ဝင်ခန်းပုံတီရှပ်တွေနေရာယူလာခဲ့ကြပါတယ်။ ကိတ်ဝင်းစလက်ကို တိုက်တန်းနစ်ဇာတ်ကားနဲ့မှ လူသိသွားကြတာပါ။ အရင်ကတော့ ပြင်သစ်မင်းသမီးချောကိတ်ဝင်းစလက်ကို လူသိပ်မသိကြပါဘူး။ မရှက်တမ်းဝန်ခံရရင် ကျနော့်ဘဝအတွက် တိုက်တန်းနစ်ထဲက ရို့စ်ဇာတ်ကောင်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ ကိတ်ဝင်းစလက်က အတော်ကိုလွှမ်းမိုးခဲ့ပါတယ်။ ညှို့ဓာတ်ပါတဲ့အကြည့်နဲ့ အရယ်အပြုံးတွေက အာရုံထဲအမြဲဖမ်းစားနေခဲ့ပြန်တယ်။ ကိတ်ဝင်းစလက်ပုံတွေရှာပြီး အိမ်ခန်းထဲမှာ နံရံအပြည့်ကပ်ထားသလို ကိတ်ဝင်းစလက်ပုံတီရှပ်ကိုလည်း ခက်ခက်ခဲခဲတံဆိပ်ရိုက်ကာ ဝတ်ဆင်ခဲ့မိပြန်ပါရော။ တိုက်တန်းနစ်ဇာတ်ကားထဲက ပန်းချီရေးဆွဲတဲ့ဇာတ်ဝင်ခန်းက ကျနော်အကြိုက်ဆုံးအခန်းပါ။ ညှို့မင်းသမီးကိတ်ဝင်းစလက်ရဲ့ နောက်ပိုင်းဗလာကျင်းတစ်ကဒ်နဲ့ရှေ့ပိုင်းဗလာကျင်းတစ်ကဒ်ပါဝင်တာကြောင့်ပါ။
       ဗမာ​​ပြည်မှာ တိုက်တန်းနစ်ဇာတ်ကားရုံတင်လာတော့ ထပ်မံအားပေးရပြန်ပါတယ်။ အဲဒီကာလတွေတုန်းက နိုင်ငံခြားဇာတ်ကားတွေ ပြည်တွင်းမှာပြသမှုက အရမ်းနောက်ကျပါတယ်။ ဒီနေ့ခေတ်လို နိုင်ငံ တကာနဲ့တပြိုင်နက်တည်း ရုံတင်တာမဟုတ်ပါဘူး။ ကျနော်တို့ သူငယ်ချင်းတစ်စု တိုက်တန်းနစ်ဇာတ်ကားကြည့်ဖို့ ကြိုတင်လက်မှတ်သွားတိုးရပါတော့တယ်။ ကြိုတင်လက်မှတ်ကိုတောင် တန်းစီတိုးဝယ်မှရတာပါ။ သွားကြည့်မယ့်ရုံက နဝဒေးရုံပါ။ အဲဒီတုန်းက ကျနော့်မှာ နံရိုးလေးတစ်ချောင်းရှိနေပြီးသားပါ။ သူ့နာမည်က "နှင်းပွင့်ရည်" တဲ့။ နဝဒေးရုပ်ရှင်ရုံမှာကြည့်ဖို့ ဒီစီတန်းက လက်မှတ်ရှစ်စောင် ရအောင်ဝယ်ယူနိုင်ခဲ့ပါပြီ။ လူရှစ်ယောက်ဆိုတာ အတွဲလေးတွဲပါပဲ။

    တိုက်တန်းနစ်
    စာတန်းစထိုးစကတည်းက ရုပ်ရှင်ထဲမှာ နစ်မြောသွားကြတာပေါ့။ လဗ်ဆင်န်းတွေရောက်လို့ ဂျက်နဲ့ရို့စ်တို့နမ်းကြပြီဆိုရင် ဒီစီတန်းကအတွဲအားလုံးကလည်း သည်းသည်းမည်းမည်းနမ်းကြပြန်ပါတယ်။ အဲဒီတုန်းက နဝဒေးရုပ်ရှင်ရုံဟာ တနင်္ဂ​နွေလိုနေ့မျိုးဆို ဒီစီတန်းက ခုံအားလုံးက အတွဲတွေအပြည့်ပါပဲ။ ကျနော်မျှော်နေတာက ပန်းချီရေးဆွဲတဲ့အခန်းပါ။ တီဗွီဖန်သားပြင်ပေါ်မှာထက် ပိတ်ကားပေါ်က ရို့စ်ခေါ်ကိတ်ဝင်းစလက်ရဲ့အလှနဲ့ ညှို့အားကို ခံစားကြည့်ချင်လို့ပါ။ ပန်းချီရေးဆွဲခံဖို့ ရို့စ်ထွက်လာပြီး ဂျက်စ်ရှေ့ရောက်ချိန်မှာတင် နောက်တစ်ခန်းပြောင်းသွားပါရော။ ကျနော်လဲအူကြောင်ကြောင်ဖြစ်သွားပါတော့တယ်။ ဒီအခန်းကို သုံးကြိမ်တိတိ ကျနော်ကြည့်ခဲ့တာမို့လို့ပါ။ ကြည့်မိတဲ့ သုံးကြိမ်စလုံးမှာလဲ ရင်မောရ၊အာခေါင်ခြောက်ရ၊ရင်ခုန်ရနဲ့ ရသစုံကို ခံစားခဲ့ရတာပါ။

"ဝေး....ဆင်ဆာဖြတ်တယ်။ ငိုးမတွေ ဘာလို့ဖြတ်ချတာလဲ။ ပြန်ပြပေး ပြန်ပြပေး"

အော်ထပ်ကအော်လိုက်တဲ့ အသံဗလံတွေကြောင့် ကျနော်အသိပြန်ဝင်လာပါတယ်။ ဟုတ်ပါ့။ ဂျက်နဲ့ရို့စ်ပန်းချီရေးဆွဲတဲ့အခန်းကို ဆင်ဆာဖြတ်ထားတာပဲ။ ဒါနဲ့ ကျနော်လည်း ဘေးကသူငယ်ချင်းကို ဆင်ဆာဖြတ်တာကိုလှမ်းပြောတော့ သူကလည်း ခေါင်းတငြိမ့်ငြိမ့်နဲ့ထောက်ခံပါတယ်။ အဲဒီအခါ ကျနော့်နံရိုးလေးက
"မောင်နော် ဇာတ်လမ်းထဲစိတ်မရောက်ဘဲ ကိတ်ဝင်းစလက်ဆီပဲ စိတ်ရောက်နေတာမလား။ ဟင်း..မသိရင်ခက်မယ်"
"နှာဗူး ကိတ်ဝင်းစလက် ဝတ်လစ်စားလစ်ပုံ ကြည့်ချင်နေတာမလား"
ပြောလဲပြော။ မျက်စောင်းလဲ လှမ်းထိုးတဲ့အပြင် ပုခုံးကိုဖက်ထားတဲ့ လက်ကိုလဲ ပုတ်ချပါတယ်။ အဲဒီတော့မှ ကျနော်ပြန်ချော့ရပါတော့တယ်။

" မဟုတ်ပါဘူး နှင်းရာ။ မောင်က တိုက်တန်းနစ်ဇာတ်ကားကို ကြိုက်တာပါ။ ကိတ်ဝင်းစလက် မဟုတ်ပါဘူး။"
" သွားပါ။ အခုမှ လာချော့မနေနဲ့။ မယုံပါဘူး"

" တကယ်ပါ နှင်း။ မောင် ကိတ်ဝင်းဆလက်ကိုကြိုက်မိရင် ဒီဘဝမှာ နှင်းနဲ့ဝေးရပါစေ။ နှင်းနဲ့မဆုံရပါစေနဲ့ "

        နှစ်လရာသီများကား တဖြုတ်ဖြုတ်ကြွေဆင်းလို့။

        နှစ်ချို့နွေဦး
        လေရူးဝဿန်
        ဟေမာန်ငွေနှင်း.....။
        သက္ကရာဇ် ၂၀၂၀ ပြည့်နှစ်။

        ကမ္ဘာကျော်တိုက်တန်းနစ်ရုပ်ရှင်ထွက်ရှိခဲ့ခြင်းကား နှစ်ဆယ့်သုံးနှစ်တိတိရှိခဲ့ပါပြီ။ ပျိုရွယ်မှုတို့သည်လည်း ဇရာ၏လက္ခဏာအောက်ဝယ် ပြားပြားဝပ်ဆင်းလို့နေဆဲပင်။  အသက်(၄၁)နှစ်ကျော်လူရွယ်တစ်ဦးအဖြစ် တိုက်တန်းနစ်ရုပ်ရှင်ကိုပြန်ကြည့်မိတော့ ငယ်ရွယ်စဥ်ကလိုပင် ရင်ခုန်ဆဲ။ ပျိုမြစ်နုနယ်မှုနဲ့ အတိတ်အရိပ်များကို နှလုံးသားဖလင်ပြားပေါ်တင်ကာ ပြန်မြင်ယောင်လာခဲ့ပါတယ်။  ငယ်ရွယ်စဥ်က ကြည့်ရှု့မိခဲ့တဲ့ တိုက်တန်းနစ်က ဒီနေ့ကာလအထိ ကျနော့်အားညှို့အားကောင်းနေဆဲမို့ အံ့သြထိတ်လန့်မိပါတယ်။  

အနုပညာစစ်စစ်ဆိုတာ နှစ်သက်တမ်း ဘယ်လောက်ကြာကြာ ပြန်လည်မြည်းစမ်းကြည့်ရင် ရသမပျောက်တာ အမှန်တရားပါပဲ။ အရင်လို ကိတ်ဝင်းစလက်ကို ရင်ခုန်သလားဆိုတော့ အမျိုးအမည်မဖော်ပြနိုင်တဲ့ ခံစားမှုတစ်မျိုးက ရင်ထဲဖြတ်သန်းစီးဆင်းသွားခဲ့ပါတယ်။ အဲဒီခံစားမှုကို အနီးစပ်ဆုံး အနက်အဓိပ္ပာယ်ဖော်မိရင် နှမြောတသဆိုတဲ့ အရာကိုသွားတွေ့ရတယ်။ ဘာကိုနှမြောတသ​​ဖြစ်ရတာလဲဆိုတာကိုတော့ ကျနော်လည်း ဝေခွဲဖို့ရာ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

     တိုက်တန်းနစ်ကိုလား။
     မူလလက်ဟောင်းဂျိန်းကင်မရွန်ကိုလား။(အခု ဂျိန်းကင်မရွန် ရိုက်ကူးတာတွေကို အရင်တုန်းကလို ခံတွင်းမတွေ့တော့။)

     ရို့စ်ခေါ်ကိတ်ဝင်းစလက်ကိုလား။
     စင်္ကါပူကို မိသားစုလိုက် အပြီးပြောင်းရွေ့သွားတဲ့ နှင်းပွင့်ရည်ကိုလား။
     ငယ်အရိပ်ကိုလား.......။

ကေဇော်မိုး