Breaking News

ခင်လေး (Aotearoa) - တိမ်ဆိုင်ဖြူရှည်ရှည်လေးရှိရာမြေက ကိုဗစ်-၁၉၊ ဒုတိယလှိုင်း- မှတ်တမ်း-၂

 

www.stuff.co.nz

တိမ်ဆိုင်ဖြူရှည်ရှည်လေးရှိရာမြေက 

ကိုဗစ်-၁၉၊ ဒုတိယလှိုင်း- မှတ်တမ်း-၂

ခင်လေး (Aotearoa)

(မိုးမခ) သြဂုတ် ၁၄၊ ၂၀၂၀

ပဌမနေ့၊ သတိပေးချက် အဆင့် ၃

ဒီနေ့ မနက်ကျောင်းသွားပြီး ထုံးစံအတိုင်း အိမ်ကနေ အလုပ်လုပ်ဖို့ လိုအပ်တဲ့ စက်တွေ ထုတ်ပေးတဲ့ အလုပ် လုပ် လုပ်ရပြန်ပါတယ်။ အတွေ့အကြုံ ရှိပြီးသွားပြီဆိုတော့ အရင်တစ်ခေါက်တုန်းကလောက်တော့ သရုပ် မပျက်ဘူးပေါ့။ ကိုယ့်အတွက်ကတော့ အိမ်မှာလုပ်လို့ရတဲ့ မျက်မမြင်စာရိုက်ဖို့ ရှိတာလေးတွေ ဘာလေးတွေ ယူလာဖြစ်ပါတယ်။ အိမ်ကကလေးတွေလဲ ကျောင်းမသွားရတော့ စာလုပ်တဲ့သူကလုပ်ကစားတဲ့သူက ကစားပေါ့။ စံပြလုပ်သားကြီးကတော့ အော်ကလန်အပြင်ဖက်ကိုထွက်ပြီး အလုပ်လုပ်ရလေ၏။ ကိုယ်က ပူပေမယ့် သူကတော့ အေးအေးပဲ။ ည ၁၀ နာရီမှ အိမ်ပြန်ရောက်တယ်။ စစ်ဆေးရေး ဂိတ်တွေကျော်ပြီး အဝင်အထွက်လုပ်ရတာ သူပဲ မကြောက်မလန့်။ 

ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ကိုးဗစ်ဖြစ်တဲ့မိသားစုအကြောင်း အတော်များများ ပြောသွားတယ်။ မိသားစု ၈ ယောက်ရှိတဲ့ထဲမှာ ၄ ယောက်က ရောဂါပိုး ကူးစက်ခံနေရတဲ့အကြောင်း၊ လူကြီး ၃ ယောက် ဆယ်ကျော် သက် ၁ ယောက်ဖြစ်ကြောင်း၊ ကျန်တဲ့မိသားစုဝင်တွေကိုလဲ နေ့တိုင်းဆေးစစ်နေကြောင်း၊ ဖြစ်တဲ့သူ ထဲက ၂ ယောက်က အလုပ်လုပ်ကြောင်း၊ သူတို့ အလုပ်လုပ်တဲ့ဌာနတွေကိုလဲ ပိတ်ထားကြောင်း၊ နောက် ၂ ယောက် က ကျောင်းသွားကြောင်း၊ သူတို့ ကျောင်းတွေကိုလဲ ပိတ်ထားကြောင်း၊ အဲဒီနေရာတွေမှာ ကျောင်းတက်၊ အလုပ်လုပ်တဲ့ သူတွေကိုလဲ သတိပေးထားကြောင်းကို အလုပ်ဌာန နာမည်တွေ ကျောင်းနာမည်တွေ အတိ အကျနဲ့ ပြောပြသွားပါတယ်။ သူတို့ထဲက ၂ ယောက်ဟာ အော်ကလန်ကနေ ၃-၄ နာရီလောက် ကားမောင်း သွားရင် ရောက်တဲ့မြို့လေးတမြို့ကို သွားလည်ထားသေးတယ်လို့လဲ ပြောပါတယ်။ သူတို့တည်းခဲ့တဲ့ ဟိုတယ်နာမည်၊ သွားခဲ့တဲ့နေရာတွေနဲ့ စားခဲ့တဲ့ နေရာတွေပါ နေ့ရက် အချိန်အတိအကျနဲ့ ပြောသွားပါသေးတယ်။ အဲဒီအချိန်မှာ အဲဒီနေရာတွေကို ရောက်ခဲ့တဲ့သူတွေ ဆေးစစ်ကြည့်နိုင်ဖို့ပေါ့။

သူတို့အားလုံးဟာ အော်ကလန်တောင်ပိုင်းမှာနေတဲ့ ပစိဖိတ်ကျွန်းသားမိသားစုကပါ။ ပစိဖိတ်ကျွန်းသားတွေဟာ ကိုယ်တို့ မြန်မာပြည်မှာလိုပဲ သိုက်သိုက်ဝန်းဝန်းနေတတ်ကြပါတယ်။ အဖိုးအဖွား အဖေအမေ သားသမီး မြေးမြစ်တွေ အိမ်တစ်လုံးထဲမှာစုနေပြီး အိပ်ခန်းတစ်ယောက်တစ်ခန်းဆိုတာမျိုး မရှိ ပါဘူး။ ဘာလုပ်လုပ် စုစုရုံးရုံး တနင်္ဂနွေနေ့ဆိုလဲ အိမ်ရှိလူကုန် ဘုရားကျောင်းတက်တတ်ကြပါတယ်။ ဘာသာတရားလည်း ကိုင်းရှိုင်း၊ အလှူအတန်းလဲ ရက်ရောကြပါတယ်။ ကိုယ့်ကျောင်းက ဆာမိုဝန်ကျွန်းသူ ဆရာမကြီးတယောက် တုန်ဂန်ကျွန်းသားတွေရဲ့ ဘုရားကျောင်းအစည်းအဝေးသွားတာ ဝက်ကောင်လုံးကင် တစ်ယောက်တစ်ကောင်အပါအဝင် စားစရာမျိုးစုံကို အစည်းအဝေးတက်ကြသူတွေ အားလုံး (၁၀ ယောက် လောက်)ကို ဧည့်ခံကျွေးမွေးပါတယ်။ 

အစည်းအဝေးလဲပြီးရော သူ့ရှေ့မှာစားလို့မကုန်ပဲ ကျန်တာတွေအကုန်လုံးကို သေချာထုပ်ပိုးပြီး ကားထဲအရောက် ထည့်ပေးလိုက်ပါသတဲ့။ တစ်ယောက်ယောက်ဆုံးရင်လဲ လှူတာ ဒီအတိုင်းပါပဲ။ ကိုယ်ကျောင်းတက်တုန်းက အတန်းထဲကသူငယ်ချင်းတစ်ယောက် အဖိုးဆုံးလို့ ကူငွေ သွားပေးကြပါတယ်။ ဥရောပသားတွေမှာ အဲဒီဓလေ့ မရှိပေမယ့် ပစိဖိတ်ကျွန်းသားတွေမှာ ရှိပါတယ်။ ကိုယ်တို့အတိုင်းပါပဲ။ ငါတို့တိုင်းပြည်မှာလဲ ဒီလိုပဲလို့ပြောရင်း ကိုယ်တို့လက်ဝါးချင်းရိုက်လေ့ရှိပါတယ်။ နာရေးပြီးလို့ ကျောင်းလဲပြန်တက်ရော ကိုယ်တို့ အား လုံးကို ချောကလက်တစ်ယောက် တစ်ဗူးပေးပါတယ်။ နာရေးကူတဲ့အတွက်တဲ့။ အံ့ရော။

ဆိုလိုချင်တာက အဲဒီလို သိုက်သိုက်ဝန်းဝန်းနေတတ်လေတော့ သူတို့တတွေနဲ့ ထိတွေ့မှု ရှိတဲ့သူတွေဟာ နည်းမှာ မဟုတ်ပါဘူး။ ဒါ့အပြင် overstay နေနေတဲ့သူတွေလဲ ထောင်နဲ့ချီပြီး ရှိနေတယ်လို့ ပြောသွားပါ တယ်။ သူတို့တွေ ဆေးလာစစ်မှာမဟုတ်တာ သေချာပါတယ်။ စိတ်ပူစရာပေါ့။

ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ နှာခေါင်းစည်း(မျက်နှာဖုံး) တပ်ဖို့ ဝန်ကြီးချုပ်က တိုက်တွန်းနေပါတယ်။ ဒေါက်တာအက်ရှ်လီကတော့ ဘာမှမပြောပါဘူး။ ဒီကိစ္စကို ငြင်းကြခုန်ကြတဲ့သူတွေ လဲရှိနေပါတယ်။ အစောပိုင်းကတော့ နှာခေါင်းစည်း(မျက်နှာဖုံး)တပ်တာ မကောင်းဘူး၊ သေချာ မစွန့်ပစ်ရင် မသန့်ရှင်းရင် မလျှော်ရင် အန္တရာယ်များတယ်လို့ ပြောနေတာ မှတ်သားခဲ့ရပါတယ်။ ခုတော့ နှာခေါင်းစည်း(မျက်နှာဖုံး) တပ်ဖို့ တိုက်တွန်းနေ အမိန့်ထုတ်နေလေတော့ ကိုယ်နည်းနည်းမျက်စေ့လည်နေပါတယ်။ 

ဘာပဲပြောပြော သိုးမွှေးထိုးစက်ထိုင်ဖို့ အခွင့်အလမ်းရတယ်လို့ မှတ်ပြီး နှာခေါင်းစည်း(မျက်နှာဖုံး)လေးတွေ ထိုးကြည့်လိုက်ပါဦးမယ်။ တစ်ချို့ဗွီဒီယိုတွေထဲမှာ ခြေအိပ်လေးတွေကို ဖနောင့်နေရာပဲချန်ညှပ်ပြီး နှာခေါင်းစည်း (မျက်နှာဖုံး) အနေနဲ့ သုံးနည်းပြနေတာ တွေ့ရတော့ အဲဒီနေရာလေးပဲ ကွက်ပြီးထိုးကြည့်ဖို့ ကိုယ်စိတ် ဝင်စားနေပါတယ်။ ချည်သားညက်ညက်နဲ့ စမ်းထိုးကြည့်ရမယ်။ ဒီစနေ တနင်္ဂနွေအတွက်အလုပ်ပေါ့။ 

မြို့ထဲမှာလဲ ဆိုင်တွေပိတ် လူခြေတိတ်တဲ့ ချိန်ကို ပြန်ရောက်နေပြန်ပြီလေ။ စီးပွားရေးလုပ်ငန်းတွေ နာလန်ထ ဖို့ ကြံနေတုန်းပဲရှိသေးတဲ့အချိန်မှာ ခုလိုထပ်ဖြစ်တော့ ဆိုင်ပိုင်ရှင်တွေဟာ မျက်နှာငယ်လေးတွေနဲ့ သူတို့ ဒီ ဒဏ်ကိုခံနိုင်ပါ့မလား ဘယ်လောက်ကြာကြာဒီလိုဖြစ်နေမှာလဲဆိုတဲ့မသိခြင်းများစွာတွေအကြောင်းကို ထပ်တလဲ လဲ ပြောနေကြတယ်။ စူပါမားကက်တွေမှာလဲ ဝယ်လိုအားတွေ တအားတက်နေတာဆိုင်ထဲဝင်ပြီး စျေးဝယ်ဖို့ ၃ နာရီလောက် တန်းစီရသတဲ့။ မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေဖြစ်တဲ့ ဂျုံမှုန့်တို့ အီတလီ ခေါက်ဆွဲခြောက်၊ပတ်စ်တာ၊ စပါဂက်တီတို့ တစ်ရှူးတို့ကို ကိုတာနဲ့ပဲရောင်းတော့တယ်တဲ့။ ကိုးဗစ်စစ်တဲ့နေရာတွေမှာလဲ ကားတန်းရှည်ကြီးတွေနဲ့ စောင့်နေကြတယ်၊ တချို့ဆို ၈ နာရီတောင်ကြာသတဲ့။ တစ်ယောက်ဆို ညနေ ၄ နာရီမှာ ပိတ်လို့ သူစစ်ခွင့်မရလိုက်တဲ့အကြောင်း ရောဂါပိုးက ၄ နာရီထိုးလို့ဆိုပြီး ကူးစက်တာ ခဏရပ်ထားမှာမဟုတ်တဲ့အကြောင်း စိတ်ပေါက်ပေါက်နဲ့ ပြောနေတာကြားလိုက်ရတယ်။

အစိုးရက ဒီတစ်ခါ ပြတ်ပြတ်သားသား ညွှန်ကြားချက်တွေ ပေးတယ်။ COVID app ကို လူတိုင်း ဖုန်းထဲမှာ ချ ထားရမယ်၊ ဘယ်သွားသွားရောက်တဲ့နေရာမှာ QR code ကို scan ဖတ်ရမယ်။ မရှိရင် ကိုယ့်ဘာသာ လက်နဲ့ ရိုက်ထည့်ပြီး ဘယ်နေရာ ဘယ်အချိန်မှာ ဘယ်နေရာမှာရှိနေတယ်ဆိုတာကို မှတ်ထားရမယ်၊ ဒါကို ထိထိ ရောက်ရောက်လုပ်နိုင်ဖို့အတွက် ဆိုင်တွေကလဲ QR code တွေကို ကပ်ထားပေးရမယ်။ သတိပေးချက် အဆင့် ၂ မြို့တွေက ဆိုင်တွေတိုင်းမှာ QR code ရှိရမယ်၊ မရှိရင် ဒီတစ်ပတ်အတွင်း ရအောင် လုပ်ရမယ်။ မလုပ်နိုင်ရင် အရေးယူဖို့ စီစဉ်ထားတယ်လို့ ဝန်ကြီးချုပ်က ပြောသွားပါတယ်။ 

ဖွင့်တဲ့ ဆိုင်တွေမှာလဲ ရောင်းသူနဲ့ဝယ်သူ မျက်နှာချင်းမဆိုင်ရဘူး၊  နှာခေါင်းစည်း(မျက်နှာဖုံး) တပ်ရမယ်၊ စားပွဲတစ်လုံးနဲ့ တစ်လုံးကြား သတ်မှတ်ထားတဲ့အကွာအဝေးအတိုင်းရှိရမယ်၊ လူတွေ ၂ မီတာခြားနေရမယ်၊ လက်သန့်စင်ရည်သုံးရမယ်ဆိုတာ ကိုးဗစ်သတိပေးချက် အဆင့် ၂ မှာဖွင့်တဲ့ဆိုင်တွေအတွက် ညွှန်ကြား ချက်တွေပါ။

အော်ကလန်ကလူတွေ ဘယ်မှ မထွက်ရတော့ဘူးဆိုတော့ နယူးဇီလန်ရဲ့ အခြားမြို့တွေလဲ စီးပွားရေး ထိခိုက် ကြပါတယ်။ သူတို့ဆီကို သွားလည်တဲ့သူ အများစုက အော်ကလန်ကဆိုတော့ ထိကုန်ကြတာပေါ့။ ပရော်ဖက်ဆာကြီး တစ်ယောက်ကတော့ ၃ ပတ်ကနေ ၇ ပတ်အထိ ဖြစ်နိုင်တယ်လို့ ခန့်မှန်းသွားလေရဲ့။ အမြန်ဆုံး အေးချမ်းပါစေလို့ပဲ ဆုတောင်းရမှာပါပဲ။

Stay home, save lives! အိမ်မှာနေ၍ အသက်ကယ်ပါ။

ခင်လေး (Aotearoa)

12:34 a.m. 13.08.2020 Thursday

...

ဒုတိယနဲ့ တတိယနေ့၊ သတိပေးချက် အဆင့် ၃

ဒုတိယနေ့မှာ ပိုးတွေ့တဲ့သူ ၁၃ ယောက်ထပ် တိုးတယ်။ အားလုံး အော်ကလန်ကချည်းပဲ။ အခြေအနေ သိပ် မကောင်းလှဘူး။ အဲဒီလူတွေဟာ ကျောင်းလေးကျောင်းနဲ့ပတ်သက်နေတယ်လို့ ဒီနေ့မနက်သတင်းမှာ ပြော သွားတယ်။ တစ်နွယ်ငင်တစ်စင်ပါဆိုတာ ဒါမျိုးနဲ့တူပါရဲ့။ မနေ့ကသတင်းအင်တာဗျူးတစ်ခုမှာလဲ နယူးဇီလန် ရဲ့အခြားမြို့တွေဆီကိုရောက်ဖို့ ဘယ်လောက်လွယ်ကြောင်း ပြောသွားသေးတယ်။ ဒီနေ့ညအထိ အော်ကလန် က အဆင့်၃ မှာရှိရမယ် အခြားမြို့တွေက ၂ မှာ ရှိရမယ်လို့ ပြောထားတာဆိုတော့ အဲဒီနောက် ဘာဖြစ်မယ်ဆို တာကို ဒီနေ့ ညနေ ၅ နာရီ ခွဲ အစိုးရအဖွဲ့အစည်းအဝေးအပြီးမှာ ပြောမယ်လို့ ကြေညာထားပါတယ်။ 

Stay home, save lives! အိမ်မှာနေ၍ အသက်ကယ်ပါ။

ခင်လေး (Aotearoa)

 10:15 a.m. 14.08.2020 Friday