Breaking News

နေသွင်ညိဏ်း - ဒီမိုကရေစီ သင်ခန်းစာများ (၁)

 

ဒီမိုကရေစီ သင်ခန်းစာများ (၁)

နေသွင်ညိဏ်း

(မိုးမခ) သြဂုတ် ၁၄၊ ၂၀၂၀

ဒီနှစ်ပိုင်းတွေအတွင်း အထူးသဖြင့် အမေရိကန် ပြည်ထောင်စုမှာ သမ္မတ ဒေါ်နယ်ထရမ့်တက်လာတဲ့အခါ  အမေရိကန် ဒီမိုကရေစီကိုစိုးရိမ်စိတ်နဲ့ ပြန်သုံးသပ်တဲ့ စာအုပ်တွေ တအုပ်ပြီးတအုပ်ထွက်လာတယ်။ ဘာလင်တံတိုင်းပြိုပြီးတဲ့နောက်ပိုင်း လစ်ဘရယ်ဒီမိုကရေစီနဲ့ စျေးကွက်စီးပွားရေးသာရွေးစရာကျန်ပြီး၊ အတွေးအခေါ် တိုက်ပွဲ ပြီးဆုံး၊ သမိုင်းနိဂုံးချုပ်ပြီးလို့ ဖူကူယားမားက ဟောကိန်းထုတ်ခဲ့ပါတယ်။ 

ကမ္ဘာမှာ  ဂျပန်နဲ့ ဂျာမနီတို့ ရဲ့ ဖက်ဆစ်ဝါဒဟာ ဒုတိယကမ္ဘာစစ်အပြီးမှာ ပြန်မပေါ်စတမ်း စုန်းစုန်းမြှုပ်ခဲ့ပါတယ်။ ကွန်မြူနစ်ဝါဒဟာလည်း ဆိုဗီယက်ပြည်ထောင်စုနဲ့ အတူ ပြိုကွဲသွားခဲ့ပါတယ်။ တရုတ်ပုံစံ နိုင်ငံရေးနဲ့ စီးပွားရေးစနစ်ဟာ နိုင်ငံတွေအတွက် အတုယူစရာ၊ မဟုတ်ဘူးလို့ ကောက်ချက်ချကြပါတယ်။ တရုတ်ရဲ့ သမိုင်းကြောင်းနဲ့ ထူးခြားချက်သာ ဖြစ်ပါတယ်။ စင်ကာပူပုံစံကို အတုယူလိူ့ မရသလိုပါပဲ။ အီရန်ပုံစံ ဘာသာရေးနဲ့ နိုင်ငံရေး ရောပြွမ်းပုံစံကလည်း လူကြိုက်နည်းပါတယ်။ ( မြန်မာပြည်မှာ တချို့အားကျသူလည်း ရှိတယ်ကြားပါတယ်၊ ထားပါတော့)

ဆိုလိုတာကတော့  ၁၉၉၀ အလွန်မှာ လစ်ဘရယ်ဒီမိုကရေစီဟာ ကမ္ဘာပြန့်သွားပါတယ်။ တချို့ပညာရှင်တွေက ရွေးကောက်ပွဲတွေသာကမ္ဘာပြန့်တာဖြစ်ပြီး လစ်ဘရယ်ဒီမိုကရေစီ ကမ္ဘာပြန့်တာရောဟုတ်ပါ့မလားလို့ သံ သယနဲ့ ချဉ်းကပ်ပါတယ်။ ဥပမာ ပေါ်ကိုလီယာရဲ '့ စစ်ပွဲများ၊ လက်နက်များနှင့် မဲပြားများ 'စာအုပ်ဟာ ၂၀၀၉ မှာ ထွက်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်မှာ ကျနော်ဖတ်ခဲ့ရပါတယ်။ 

' ရွေးကောက်ပွဲမှာ အသဲအသန်ပြိုင်ကြရုံနှင့် စစ်မှန်သော ဒီမိုကရေစီမဖြစ်နိုင်ပါဘူး။...  ရွေးကောက်ပွဲတွေဟာ သေရေးရှင်ရေးကိစ္စဖြစ်လာရင် ယှဉ်ပြိုင်သူတွေ တဖက်အစွန်းရောက်တတ်​၏။ ရလဒ်မှာ ဒီမိုကရေစီမဟုတ်တော့ဘဲ ဒီမိုခရေဇီ ဟု ဆိုရမည်' လို့ သတိပေးထားပါတယ်။

 ၂၀၀၉ ကနေနောက်ပိုင်း ဒီမိုကရေစီနဲ့ ပတ်သက်လာရင် ကျနော့် ချဉ်းကပ်မှုက ဒီဘက်ယိမ်းပါတယ်။ ဒီအကြောင်းဆောင်းပါးတွေ ရေးပြီး ၂၀၁၅ မတ်လမှာ 'မြို့ပြင်မထွက်ကြေး တော်လှန်ရေး' အမည်နဲ့ စာအုပ်ထုတ်ဖူးပါတယ်။ နိုင်ငံရေး ပညာရှင်နှစ်ယောက် Juan J Linz နဲ့ Alfred Stepan တို့ရဲ့ The only game in town' ကို ယူထားတာပါ။

ဒီတလော ဖတ်ရတဲ့ စာအုပ် ၂ အုပ်ကိုဆက်ရရင် ပထမတအုပ်က စာအုပ်ခေါင်းစဉ်အတိုင်း ၂၀ ရာစုဆီက ဒီမိုကရေစီ သင်ခန်းစာအချက် ၂၀ ထုတ်ထားပါတယ်။ သမိုင်းပညာရှင်က ထရမ့်နဲ့ အမေရိကန်ဒီမိုကရေစီကို ဘရိတ် အုပ်ဖို့ ကြိုးစားတာပါ။ ဒီမိုကရေစီမှာ ပြည်သူသာ အခရာမို့ ပြည်သူတွေ ဘာတွေသတိထားရမလဲဆိုတာကို သင်ခန်းစာ ထုတ်ပြထားပါတယ်။ ဘာရောဂါ ဖြစ်လာရင် ဘာဆေးသောက်ဆိုတဲ့ သဘောပါ။ 

ဥပမာ 'နာခံမှု အညှာမလွယ်မိစေနှင့်။'  'အင်စတီကျူးရှင်းတွေကိုကာကွယ်ပါ။'  'သတ္တိရှိပါ။'  ပညာရှင် ကျင့် ဝတ်ကို သစ္စာရှိပါ'  စသဖြင့်။ တချို့ အချက်တွေက အမေရိကန်တွေ အတွက် ဖြစ်ပုံရပါတယ်။ ဒါပေမယ့် အချက် တော်တော်များများက ဒီမိုကရေစီ နိုင်ငံသားတွေသိသင့်တဲ့ သင်ခန်းစာတွေပါပဲ။ ကျနော်က ဝါသနာအတိုင်း မြန်မာဇာတ်သွင်းပြီး စဉ်းစားပါတယ်။ 

ဒီလိုနဲ့ ဒုတိယတအုပ်ကို ဖတ်ဖို့ ဖြစ်လာပါတယ်။ ပါလီမန်ခေတ် နိုင်ငံရေးသမား သတင်းစာဆရာရေးတဲ့ စာအုပ်ပါ။အရင်က ဦးနုရေး တာတေစနေသားနဲ့ ဂါးဒီးယန်း ဦးစိန်ဝင်းရေး အကွဲအပြဲဇာတ်လမ်းတို့လို သူ့ဘက် ကိုယ့်ဘက်ရေးတဲ့စာတွေ ဖတ်ရပါတယ်။ ဒီစာအုပ်ကတော့ စနစ်ကိုဝေဖန်တဲ့သဘော ပိုကဲပါတယ်။ ဖတ်ရ ပိုကောင်းပါတယ်။ တာတေစနေသားမှာလည်း ဦးနုက သင်ခန်းစာတချို့ ရေးထားပါတယ်။ (  စာ ၂၁၇  သင်ခန်းစာ ၄ ချက်နဲ့ အခန်း ၂၇ စာ ၂၁၈  ဒီမိုကရေစီ အမြစ်တွယ်ခြင်းအကြောင်းကို ရှု)

အခု ဦးထွန်းဖေရဲ့ စာအုပ်ပါထပ်ဖြည့်ရင် မြန်မာပြည်အတွက် ဒီမိုကရေစီသင်ခန်းစာက အတော်လုံလောက်မယ်ထင်ပါတယ်။ မြန်မာပြည်မှာ ဒီမိုကရေစီကျဆုံးရတာဟာ တရားသူကြီးကအစ ပညာတတ်တွေက ကျင့် ဝတ်မစောင့်၊ ပြည်သူတွေက နိုင်ငံရေးကိုမလေ့လာ၊ နိုင်ငံရေးသမားတွေ စိတ်ထဲမှာလုပ်ပုံကိုင်ပုံမှာ ဥပဒေရဲ့ ဝိညာဉ် ' တရားမျှတခြင်း လွတ်လပ်ခြင်း ညီမျှခြင်းမကိန်းအောင်းတာကြောင့်လို့ ဆိုပါတယ်။

၁၉၄၇ ဖွဲ့စည်းပုံမှာ ကောင်းပါလျက် လူဖျက်လို့ ပျက်ရတယ်။ ဒီမိုကရေစီိဆိုဆို ဥပဒေစိုးမိုးရေး ဘယ်လိုပြောပြော လူ့စိတ်နဲ့ လုပ်ကိုင်ပုံဖောက်ပြန်ရင် ပျက်တာပါပဲ။

ဖ ဆ ပလ ခေတ်မှာ နိုင်ငံရေးသမားတွေကွဲကြပုံကို အမျိုးမျိုးရေးကြတယ်။ စစ်တပ်အာဏာသိမ်းတာမှန်သလိုလို ဝါဒဖြန့်ကြတာက တပိုင်းပါ။ အယူအဆ၊ အုပ်စု ဂိုဏ်းဂဏ အာဏာအားလုံးကြောင့်ပါပဲ။ ဒီလိုနဲ့... 

'ဖဆပလ သည် တပ်ဦးအခြေအနေမှ ပါတီအခြေသို့ ရောက်နေသည်ကို မည်သူမျှမငြင်းနိုင်' ( စာ ၂၄၁) 

ဒီအကြောင်းတွေကို အားလုံးက သင်ခန်းစာယူကြရင် ကောင်းမှာပဲလို့ တွေးနေပါတယ်။ 

နေသွင်ညိဏ်း

၁၃/ ၈/ ၂၀၂၀ 

https://www.facebook.com/nethwin.nyein/posts/1095208204229600 မှ ယူပါသည်။