Breaking News

မိုးချိုသင်း - ငယ်ငယ်ကပုံ ... စိမ်းနုမြသွေး

Photo - Cho Wunna


မိုးချိုသင်း - ငယ်ငယ်ကပုံ ... စိမ်းနုမြသွေး

(မိုးမခ) ဇန်နဝါရီ ၂၄၊ ၂၀၂၁

တလောက ဓာတ်ပုံဟောင်းလေးတွေ ပြန်ရှာတော့ အမှတ်တရဖြစ်စရာဓာတ်ပုံလေးတွေ အများကြီးပဲ ပြန်တွေ့တယ်။ "ငယ်ငယ်က ပုံ၊ မြှူမှုန်တွေ ဖုန်တွေ လိမ်းပေမယ့်၊ စိမ်းနုမြသွေး" ဆိုတဲ့ အဖေ့ကဗျာလေးလိုပေါ့။ ကိုယ်တို့ ဖြတ်သန်းခဲ့ရတဲ့ အကြောင်းလေးတွေကို ပြောပြနေကြတယ်။အတိတ်ကိုလဲ ပြန်အောက်မေ့မိလို့ ဒီနေ့တော့ ဒီပုံလေး တင်ဖြစ်ပါတယ်။

ဒီပုံလေးက လွန်ခဲ့တဲ့ ၁၇နှစ်ကျော်က ဖြစ်ပါလိမ့်မယ်။ ကိုယ် အဖေရှိတဲ့ LA ကို ရောက်ခါစ..။ အဖေက မနက်စောစောနိုးလာရင် သူ့အခန်းထဲက စားပွဲမှာ ကဗျာရေးလေ့ရှိတယ်။ ပြီးရင် စာအုပ်ရယ် လွယ်အိတ်ရယ်ကို ယူပြီး ထွက်လာ မီးဖိုနားက စားပွဲကို ပြောင်းထိုင်တယ်။ သမီး ဟင်းချက်နေတုန်း အနားမှာ စာရေးရင်း အဖော် လုပ်တာပေါ့။ အဲဒီစားပွဲဟာ ဘယ်တော့မှ ရှင်းရှင်းလင်းလင်းရှိတယ်ရယ်လို့ မရှိဘူး။ အဖေ ရေးလက်စ စာအုပ်တွေ ရှိမယ်၊ ဆေးလိပ် နဲ့ ဆေးလိပ်ပြာခွက်ရှိမယ်၊ ဗိုက်ဆာရင် အလွယ်တကူ ယူစားလို့ရမယ့် မုန့်ပုံးတွေ ရှိမယ်။ ရေနွေးခွက်က ၃ ခွက်တောင်နော်၊ ကော်ဖီလဲ တခွက်တော့ ပါမှာပေါ့။ အဖေ ဆေးလိပ်သောက်ရင် အိမ်ပြင် ထွက်မသောက်စေချင်လို့ အေးမှာစိုးလို့ အိမ်ထဲမှာ သောက်ရအောင် ဆေးလိပ်ငွေ့ စုပ်တဲ့စက်ကလေးလဲ ဒီစားပွဲပေါ်မှာပဲ။ နေသာလို့ ရာသီဥတုသာရင်တော့ ခြံနောက်က လိမ်မော်ပင်လေးအောက်မှာ စာရေးတာပေါ့။ အဖေရေချိုးပြီးရင် ချိုင်းတွေ ကိုယ်တွေ ပေါင်ဒါလိမ်းဖို့ ပေါင်ဒါဗူးကလည်း အဆစ် ပါပါသေး။ ဖတ်လက်စ စာအုပ်က အဖေ့ ချစ်မိတ်ဆွေကြီး ဆရာနိုး လက်ဆောင်ပေးထားတဲ့ တောမှော်ရုံလမ်း တဲ့။

သမီးလုပ်သူက အဲဒီတုန်းက ဘာမှ ဟုတ်တိပတ်တိ မချက်တတ်သေးဘူး။ အိပ်မှုံစုံမွှားနဲ့ နိုးလာရင် ဒီနေ့တော့ ဘာဆော်လိုက်ရင်ကောင်းမလဲ စဉ်းစားနေတတ်တယ်။ အိုးထဲကို အကုန်ပစ်ထည့် ရောမွှေပစ်လိုက်မလို့ အကြံကြီး ကြံနေတယ်။ အိမ်က အစမ်းသပ်ခံ အသဲနှလုံး နှစ်ယောက်ဟာ သူကြံနေတာမြင်ရင် မျက်နှာမကောင်းလှဘူး။ အဖေလုပ်သူက သမီးရယ် နားပါအုံးတော့၊ အနားပဲ လာထိုင်ပါ၊ချက်မနေပါနဲ့တော့ တဲ့။ ပညာရှိနည်းနဲ့ တားဟန်ပြုတယ်။ အဖေ ဘာနဲ့မဆို စားနိုင်ပါတယ် တဲ့။ ဒါပေမယ့် အပြင်စာလဲ မကြိုက်လှတဲ့ "သူ"ကတော့ သက်ပြင်းချည်း ချလို့နေတယ်။ ကံစီမံရာ လည်စင်း ခံရတော့မှာပဲ မတတ်နိုင်ဘူးဆိုတဲ့ အပေါက်။ ကိုယ့်ကို စေ့စေ့ မကြည့်ရဲဘူး။ ဘာကြိုက်သလဲ ဘာချက်ပေးရမလဲ အမေးခံလိုက်ရမှာစိုးလို့။

သမီးလုပ်သူက မီးဖိုထဲမှာ ဒီဟင်းကို ဘာတွေ ထည့်ချက်ရမလဲ စဉ်းစားရလို့ ခေါင်းတွေပူတာ မီးဖိုနဲ့ အပြိုင်ပဲ။ ခုခေတ်လို Google လဲ သိပ် မသုံးတတ်သေး၊ Facebook က Cook member လဲ မဟုတ်သေးဆိုတော့ ဘယ်လိုချက်ရမလဲ အိုင်ဒီယာ မရတတ်ဘူး။ ဒီလိုနဲ့ စိတ်ကူးတည့်ရာ ပစ်ထည့်လိုက်ပြီး ပီတိတွေနဲ့ ပြုံးနေတတ်တယ်။ အိုးထဲကနေ မီး ဟုန်းကနဲ ထ တောက်လို့ တီဗီထဲက ဝါရင့်စားဖိုမှူးကြီးတွေလိုပါပဲလား လို့ မာန်တက်သွားသေးတယ်။ ပြီးမှ တူးသွားတဲ့ ကြက်သွန်ဖြူနီတွေ ကော်ထုတ် လွှင့်ပစ်လိုက်တယ်။ ဟင်းကို မီးခိုးနံ့သွင်းထားတယ် အဖေ လို့ ပြောတော့ အဖေက မြိန်ပြီပေါ့ သမီးတဲ့။ မတတ်နိုင်ဘူး၊ ဒီလိုပဲ ပြောရတော့မှာပဲ။

တအိုးပြီးတော့ ခေါင်းအတော်ပူသွားလို့ အနားပေးတဲ့အနေနဲ့ အဖေ့နား ဝင်ထိုင်တယ်။ အဖေ့ဖုန်း ပေး လို့ ပြောပြီး lecture ပေးဖို့ စ တယ်။ မတတ်တဲ့သူက မသိတဲ့သူကို ပညာပေးပွဲကြီး စ ပါပြီ။ သူလုပ်တတ်တဲ့ နည်း တခု နှစ်ခုနဲ့ စ ရတော့မှာပေါ့။ အဲဒီခေတ်က ဖုန်းတွေက အခုခေတ်လို touch phone တွေ မဟုတ်သေးဘူး။ ခေါက်လို့ရတဲ့ အဖုံးလေးတွေပါတဲ့ flip phone လေးတွေ..။ ကိုယ့်ဖုန်းက တဖက် အဖေ့ဖုန်းက တဖက်ကိုင်ပြီး မိတ်ဆွေတွေရဲ့ ဖုန်းနံပါတ်တွေ သွင်းပေးတယ်။ ဖုန်းနံပါတ်ရှာချင်ရင် down arrow နဲ့ သွားရတယ်လို့ ဆရာလုပ်တယ်။ ဖုန်းမြည်တဲ့အသံ (ring tone) ပြောင်းမလားလို့ အဖေ့ကို ဆရာကြီးလေသံနဲ့ လှမ်းမေးလိုက်သေးတယ်။ အဖေက သူမှတ်မိတဲ့ အသံပဲ ထားပါ သမီးရယ် တဲ့။ တောင်းပန်တဲ့ လေသံတောင် စွက်သွားသလိုပဲ။ သူ့ဖုန်းသံ သူမမှတ်မိရင် မျှော်နေတဲ့ မိတ်ဆွေတွေရဲ့ ဖုန်းတွေ လွတ်သွားမှာစိုးလို့။

ring tone တွေကို တခုပြီးတခု ရွေးတာ တအိမ်လုံး ဆူညံနေပါပေါ့။ သမီးက အဖေ့ကို ဖုန်းသံတွေ တခုပြီးတခု ဖွင့်ပြရင်း စ ရင်း ရီနေတယ်။ ပေါ် ပွမ် ဆိုပြီး အနားကပ်ပြီး အော်လိုက်တဲ့ အသံမျိုး လုပ်လိုက်ရမလား တဲ့။ ဖုန်းက သူ့လက်ထဲမှာကိုး။ အပိုင်ပဲ။ အဖေက ငါ့သမီးနှယ် ခက်ရချည်ရဲ့ တဲ့။ ပြောသာပြောတာ အဖေက ပြုံးနေတာ။ တော်ကြာနေတော့ voice mail ကို ကလိ ပြန်တယ်။ အဖေ့ မိတ်ဆွေတချို့က အဖေ့ကို ဖုန်းခေါ်လို့ မကိုင်ရင် အသံထားခဲ့တတ်တာပါ။ အဲဒီအခါ အဖေက နားမလည်တော့ voice mail ကို မဖွင့်တတ်ဘူးလေ။ ဒါနဲ့ အဖေ စိတ်အနောင့်အယှက် မဖြစ်စေချင်လို့ သမီးလုပ်သူက သူ့အသံနဲ့ သွင်းထားလိုက်တာပေါ့။ "ဒါ ဦးတင်မိုး ဖုန်းပါ၊ ကျေးဇူးပြုပြီး အသံမသွင်းခဲ့ပါနဲ့ရှင်၊ အဖေ ပြန်မခေါ်တတ်ပါဘူး" တဲ့။ ဒီမက်ဆေ့ချ်လေးကို ကြားသူတိုင်း ချစ်စနိုးနဲ့ ရီကြတာ တဟားဟားနဲ့..။

အခု အဖေ ဆက်သွယ်မှု ဧရိယာ ပြင်ပမှာ ရောက်နေတာ ၁၄နှစ်ပြည့်ခဲ့ပြီ။ ကောင်းသော သတိရခြင်းနဲ့ အမြဲ လွမ်းဆွတ်လျက်ပါ အဖေ။

covid free zone မှာ အဖေ အေးချမ်းစွာ နေပါတော့..။