Breaking News

ဒီသစ် - ပြောင်းဖူးပြုတ်

ပြောင်းဖူးပြုတ်
ဒီသစ်
(မိုးမခ) ဇန်နဝါရီ ၂၃၊ ၂၀၂၁

ဆောင်းက အထွက်ကြမ်းနေတာလား၊ အထွက်ရမ်းနေတာလားတော့မသိ။ အေးတာကတော့ကြောက်ခမန်းလိလိပါပဲ။ ညဉ့်ဦးပိုင်းမှာတောင် ခြေဖျားတွေထုံနေတော့တယ်။

သူငယ်ချင်းရဲ့ လက်ဖက်ရည်ဆိုင်သစ်ကလေးမှာ လေကွယ်ရာ နေရာယူပြီးထိုင်နေတုန်း... ကားလမ်းမကြီးထက်မှာတော့ ကားကြီးတွေက တဝူးဝူး ဟောဟဲထ ပြေးလွှားဆဲ။ မီးရောင်ခြင်းရှုတ်ယှက်ခတ်ပွေလိမ်ဆဲ။

လမ်းမရဲ့တဖက်ခြမ်းကနေ အမျိုးသမီးအသံစူးစူးတသံ ထွက်ပေါ်လာတယ်။

"ပြောင်းဖူး...ပြုတ်...ပူပူလေး"

အသံလာရာဆီ အကြည့်ဖျတ်ခနဲရောက်သွားတော့...မီးရောင်မှုန်မှုန်အောက်မှာ ရေနွေးငွေ့ခိုးလေးတအူအူနဲ့ တွန်းလှည်းကလေးတွေ့လိုက်ရတယ်။ ဈေးအော်ရောင်းနေတဲ့အသံကတော့ စူးစူးမှန်မှန်ထွက်လာနေဆဲ။(အမှန်က သွင်းပြီးသားအသံကို ပြန်ဖွင့်ထားတာ။)

"ပြောင်းဖူး...ပြုတ်...ပူပူလေး"

ကြားနေရင်း၊ ကြားနေရင်းကနေ အသံကို ပိုပိုနားစိုက်ထောင်လာမိတယ်။

"ပြောင်းဖူး...ပြုတ်" ... လား။
"ပြောင်းပူး...ပြုတ်" ... လား။
"ပြောင်းဘူး...ပြုတ်" ... လား။ သိပ်မသဲကွဲဘူးဖြစ်နေတယ်။

ကြားနေရတဲ့အသံတွေထဲမှာ ဘယ်အသံကအမှန်လဲ...အတွေးဆန့်မိတော့ အတွေးက စန့်သွားပါလေရော။

"ဖူး"...လား။
"ပူး"...လား။
"ဘူး"...လား။
အသံက မှန်ဖို့ရော လိုလို့လား။ အသံက အရေးရော ကြီးလို့လား။

စကားနဲ့အသံ ဘယ်ဟာက ရှေ့ကျလဲ။ စကားပြီးမှ အသံလား။ အသံပြီးမှ စကားလား။ "စကားကအရင်၊ စာကနောက်" ဆိုတော့ "အသံရယ်၊ စကားရယ်၊ စာရယ်"... ဆက်စပ်မှုတွေ၊ ပြောင်းလဲခြင်းဖြစ်စဉ်တွေ၊ တန်ဘိုးတွေ...အတွေးစီးကြောင်းကားဖြတ်မရတော့။

*****

လမ်းပေါ်မှာတော့မီးရောင်တွေ ရှုတ်ကြပ်ဆဲ။ တွန်းလှည်းလေးဆီမှအသံကလည်း ပုံမှန်ထွက်ပေါ်နေဆဲ။ 
"အသံ"။
"အသံ"တွေရဲ့ "သင်္ကေတ"ဟာ စကားလုံးဆိုရင်၊ "အသတ်"ဆိုတာကလည်း "အသံ"ရဲ့မျိုးဆက်တွေပဲမဟုတ်ပါလား။

အယ်ဒီတာစားပွဲထိုင်ခဲ့စဉ်က "ပရုဖ်" တွေဖတ်ရတော့ အများဆုံးသတိထားပြင်ပေးခဲ့ရတာ "ကသတ်"နဲ့"တသတ်" ပဲဆိုတာကို ပြန်သတိရလာမိတယ်။ "အသက်"ဆိုရင် "အသတ်"လို့ရိုက်ကြတယ်။ "ဖျတ်ဖျတ်လတ်လတ်" ကို "ဖျက်ဖျက်လက်လက်" လို့ရိုက်ကြတယ်။ "ထပ်ထပ်မြတ်မြတ်" လို့တောင်ရိုက်ကြတဲ့အထိတွေ့ရဖူးတယ်။ ဒီတော့ စာစီပေးတဲ့တပည့်လေးကို "သားစိတ်မှာ 'ကသတ်' လို့ထင်ရင် 'တသတ်'နဲ့ရိုက်ကွာ။ 'တသတ်' လို့ထင်ရင် 'ကသတ်' နဲ့ရိုက်ကွာ" လို့ပြောတော့မှ နည်းနည်းအဆင်ပြေသွားတယ်။ ဒါတောင် သူက "ပြောင်းပြန်ကြီးရိုက်နေရသလိုခံစားရတယ်...ဆရာရယ်" ...လို့ ပြန်တွန့်တာခံရသေး။ 

ခုကြတော့ fb ဖေ့ဘွတ်ပေါ်ကစာတော်တော်များများမှာ တွေ့နေရတယ်။ စာရေးခြင်းကိုမဖြစ်မနေလုပ်ရပြီး အသက်မွေးဝမ်းကြောင်းမှု ပြုနေကြရသူတချို့ရဲ့ အရေးအသားတွေမှာပါ တွေ့နေရတယ်။ 

"အသတ်မှားတော့ ဘာဖြစ်လဲ" ...
"အနှစ်သာရ လျော့သွားသလား" ...
အသံ၊ စကား၊ စာ.... ဖြစ်စဉ်ထဲ ပြန်လည်သွားမိပြန်ရော။

တွန်းလှည်းလေးဆီမှအသံကလည်း ပုံမှန်ထွက်ပေါ်နေဆဲ။
"ပြောင်းဖူး...ပြုတ်...ပူ...ပူ...လေး..."

*****

"စကားကအရင်၊ စာကနောက်" ဆိုတာကတော့ အားလုံးသိပြီးသားအကြောင်းအရာ။ ပြောချင်တာက၊ နှစ်ပေါင်း ရာစု (၁၀)စုစာတောင် မရှိသေး၊ မခိုင်မြဲသေး လို့ဆိုရမယ့် ဘာသာစကားတခုမှာ ဒီလောက် အရွေ့များ၊ အရွှေ့များနေတာ ကောင်းတဲ့လက္ခဏာ ဖြစ်ပါ့မလား အတွေးရောက်လာတာကိုပါ။

ဘာသာစကားပျောက်ရင်၊ Death Language ဖြစ်သွားရင်၊ လူမျိုးပါပျောက်သွားတယ်ဆိုတာကလည်း သမိုင်းရေးအချက်အလက်တွေကသက်သေရှိနေတော့ စိတ်ထင့်မိတာဝန်ခံရမှာပဲ။

"စကား" ဆိုတော့...ကိုယ့်ဘာသာစကားရဲ့ "ဧကဝဏ္ဏ"သဘောသဘာဝကို သတိရမိတယ်။ အခြေခံကိုက "မတြာပြည့်" အသုံးများတဲ့အသံ။ အသံကို ကိုယ်စားပြုလာတဲ့ သင်္ကေတ၊ အက္ခရာတွေက တလုံးချင်းအနက်ထမ်းလာတာကအများသား။ ("မတြာ"ဝက်သံပါတော့ ပါပါရဲ့၊ အသုံးကနဲတယ်မို့လား။ ဥပမာ-"လှေကလေး" ဆိုတဲ့ စကားရပ်မှာ "က" ကိုဆိုရတဲ့အသံမျိုး။ "မဟုတ်ဘူး" ဆိုတဲ့စကားရပ်မှာ "မ"ကိုဆိုရတဲ့အသံမျိုး။ အသုံးနဲနဲပါးပါးပဲရှိတာမို့လား။

ကိုယ်တွေ အရေးတကြီးသင်ယူနေရတဲ့ဘာသာစကားကြတော့ "မတြာဝက်" အသုံးများတဲ့ သဘောသဘာဝရှိနေတာ။ Nature ချင်းကအတော်ကလေးခြားနားနေတာ။ "အသံ၊ အသတ်" ဘာမျှမဆက်စပ်။ သင်္ကေတ၊ အက္ခရာ လုံးလုံးမနီးစပ်။ ရောသံ၊ နှောသံ၊ ဝါယမ မတူ။ ဝီရိယ မဆိုင်။ 

တွေးရင်းတွေးရင်းနဲ့ "အသံ"၊ "အသတ်" ကမ်းစပ်မြင်သလိုရှိနေတုန်း....
လမ်းမပေါ် ဘယ်ပြန်ညာပြန်အလင်းရောင်တွေရှုတ်ယှက်ခတ်နေတဲ့ကြားက တွန်းလှည်းလေးရဲ့နောက်နားဆီမှာ လက်ခနဲ တွေ့လိုက်ရလို့ အကြည့်ကိုစူးလိုက်မိပြန်တယ်။

*****

တိုင်တတိုင်ထဲမှာစုတင်ထားတဲ့ ကြိုးအရှုတ်အထွေးတွေကြားထဲမှာ စတီးကြက်ခြေခတ်လိုလို တွေ့လိုက်ရတယ်။ ဘာများလဲ...ပေါ့။သေချာစူးစိုက်ကြည့်လိုက်တော့မှ ဆက်သွယ်ရေးကြိုးတွေ၊ ကြီးငယ်မျိုးစုံ လုံးထွေးနေတာပဲ။

ဆက်သွယ်ရေးဆိုတော့...
"ဘာသာစကားဆိုတာ၊ ဆက်သွယ်ရေးကရိယာ" ဆိုတဲ့ "အဆို"ကို သွားသတိရမိတယ်။
"Every form of language is speech. " လို့ဆိုရဲ့မဟုတ်ပါလား။ 

(စကားမစပ်) ဆက်သွယ်ရေးဆိုလို့...ဟိုတုန်းက ဆက်သွယ်ရေးရုံးသွားသွားပြီးဖုန်းဆက်ရတာလေးသတိရမိသေးတယ်။ ဖုန်း ကိုယ်ပိုင်မဝယ်နိုင်ကြတော့ ဆက်သွယ်ရေးရုံးမှာ သွားဆက်ကြရတာကိုး။ ရုံးက အိမ်ဖုန်းရတဲ့သူနဲ့များသိရင် အကောင်ပဲ။ (အသံတွေ လေလှိုင်းထဲကလွှတ်ရတာ တယ်မလွယ်တဲ့ခေတ်။ အတော်မလွတ်လပ်တဲ့ခေတ်။

အသိတယောက်က ဆက်သွယ်ရေးရုံးက အရာရှိငယ်။ ဆိုတော့... အရေးကြီးဖုန်းဆို သူ့အိမ်(ဝန်ထမ်းအိမ်) မှာ ညပိုင်းသွားသွားဆက်မိတယ်။ (ပိုက်ဆံကလည်း ပေးရသက်သာတာ ပါတာပေါ့လေ။) 

တရက်တော့၊ သူ့ဘုရားစင်မှာ ပြောင်းဖူးတွေတင်ထားတာ အများကြီးတွေ့လိုက်မိတယ်။ မျက်နှာကျက်မှာ တန်းလန်းဆွဲထားတာလည်းအများကြီးပဲ။ 

ကိုယ်က မနေနိုင်မထိုင်နိုင် သွားစပ်စုမိတယ်။ ဘာကြောင့်လဲပေါ့။

မိတ်ဆွေက "တီမာရောက်လာ ကြာပီလေ၊ အီလော်လေးအီဆင်ပြေလယ်၊ မီဖြောင်းချင်ဖူးလေ၊ မီး မ ခ ဗီလင်တွားမေးလာ ယီဒီယာချီရမေပြောလာနဲ့ အဲ့လာ...လုပ်ထားလာ..."

အသံ၊ အသတ်၊ အက္ခရာ...
အတော်ရှုတ်ကုန်တယ်။ ဘာပြောချင်တယ်ဆိုတာ အားစိုက်တွေးရတာ ချာချာလည်ပါပဲ။ "ခေတ်" ကို"ခစ်" လို့ ပြောရတော့မလိုလို။ မပြောင်းချင်တာများ...ပြောင်းဖူးနဲ့ ယတြာ ချေသကိုး...။

အတွေးတို့ပျံ့လွင့်နေဆဲမှာ ဆောင်းအထွက်လေက တချက်ဆောင့်တိုးလိုက်တော့၊ စိမ့်ခနဲခံစားလိုက်ရတယ်။ လမ်းတဖက်တွန်းလှည်းလေးဆီက အသံကတော့ ပုံမှန်ထွက်ပေါ်နေဆဲပါပဲ။ ဆောင်းလေ အေးထုံထုံမှာ ကြားရတဲ့အသံကလည်း ပိုပိုစိုထိုင်းထိုင်းဖြစ်လာတယ်ထင်ပါရဲ့။
ဘာတဲ့...

"ပြောင်ဘူး...
ပြုတ်...
ပူ...
ပူ...
လေး..."....ဆိုပါ့လား။

ဒီသစ်
(၁၉၊ ၁၊ ၂၀၂၁)