မိုးမခအက်ဆေး - လင်းလက်နွေဦး '' ဒီမိုကရေစီဟင်းပေါင်း ''
မိုးမခအက်ဆေး
အောက်တိုဘာ ၃၊ ၂၀၂၁
'' ဒီမိုကရေစီဟင်းပေါင်း ''
လင်းလက်နွေဦး
အဓိကတရားခံက အမေကြီးပါပဲ။ နွေရာသီကျောင်းပိတ်ရက်ရှည်ရောက်တိုင်း ရှင်မယ်ခံနေကျ။ ရှင်မယ်ခံတယ်ဆိုတာ သူ့အတွက် လွယ်လွယ်လေး၊ ကန် တော့ပွဲလေးခေါင်းပေါ်ရွက်လို့ မြေးလေးတွေကိုလက်ဆွဲလို့။ အဖော်ကောင်းတော့ ကျောက်ပန်းတောင်းတခေါက်ဆိုသလို၊ နီးရာနွယ်ရာတွေလည်း'ကိုရင်' လိုက်ဝတ်ကြတာပဲ။ ဦးဇင်းတစ်ပါးပြောသလို သာသာမနေတဲ့သာမဏေတွေပေါ့လေ။ ဒီတော့ နွေရာသီယဉ်ကျေးမှုသင်တန်းမှာ ကိုရင်ဝတ်ကလေးတွေနဲ့ပေါ့။ ယဉ်ကျေးမှုတက်တိုင်း ယဉ်ကျေးမောင်တွေမဖြစ်ပေမယ့် တူညီတဲ့အချက်တွေတော့ တွေ့ရှိခဲ့ပါတယ်။
ဘုန်းကြီးဆိုတာနဲ့ သွေးထဲသားထဲကကြောက်တာ၊ ဘုန်းကြီးကွယ်ရာမှာ ကြွက်ထသလို ဆော့ကြတာမျိုးပေါ့။ ထင်ရှားတဲ့အချက်ကတော့ ဘုန်းကြီး ကျောင်းထွက်တိုင်း 'ဟင်းပေါင်း'ကြိုက်တာပါပဲ။ ကျောင်းဖွင့်လို့ သူ ငယ်ချင်းအချင်းချင်း စကြနောက်ကြသလို ‘ဘုန်းကြီးကျောင်းသား အကောင်းစား’ ပေါ့လေ။ ဘယ်ဟော်တယ်မှမရနိုင်တဲ့ ‘ဟင်းပေါင်း’မျိုး။
ဘုန်းကြီးကျောင်းကပ်နေပြီး ဟင်းပေါင်းမကြိုက်တဲ့သူလည်းရှိတော့ ရှိသေးတယ်။ ခေတ်ကောင်းမှဘောင်ချာစုတ်ရမယ့်ဟာတွေ။
နိုင်ငံရပ်ခြားရောက်နေသူတွေ၊ ဇာတိမြေနဲ့ ဝေးနေတဲ့သူတွေနဲ့စကားပြောဖြစ်တိုင်း တခုတ်တရထည့်ပြောတဲ့စကားတခွန်းက 'ရွာပြန်ရောက်ရင် ဟင်းပေါင်းအဝစားမယ်'တဲ့။ သူတို့ရဲ့ ဖျူးခြားပလန်ပေါ့။ ခုတော့ အနာဂတ်စီမံကိန်းတွေဟာ ဇာတ်သိမ်းပိုင်းစုတ်ပြဲနေတဲ့ဝတ္ထုတစ်ပုဒ်လိုပဲ။
စီဒီအမ်မဟာအလုပ်နဲ့ ရွာရောက်နေတော့ ကိုယ့်လိုဟင်းပေါင်းမစားနိုင်တဲ့သူတွေကို ပြေးသတိရတယ်။ အထူးသဖြင့် ကြိုက်လျက်နဲ့မစားရတဲ့သူတွေပေါ့။ ညနေစာစားနေရင်း ဒါတွေကို သတိရလာရော။
ဘုရားလောင်းက ဘုရားဖြစ်ခါနီး အိပ်မက်မက်တယ်တဲ့။ ခေါင်းက ဟိမဝန္တာတောင်တန်းကိုခေါင်းအုံးတာတို့ဘာတို့ပေါ့လေ။ အဲအထဲကတခုကို သဘော ကျတယ်။ အရပ်ရပ်ကလာတဲ့ရောင်စုံငှက်တွေဟာ ဘုရားလောင်းရှေ့ရောက်တဲ့အခါ အဖြူတစ်ရောင်တည်း ဖြစ်ကုန်တယ်တဲ့။ အတိတ်ကောင်း နိမိတ် ကောင်းတွေနော်၊ မင်္ဂလာမည်လိုက်တာ။
ဘုရားဖြစ်တော့လည်း လူတွေနားလည်လွယ်အောင် ဥပမာလေးတွေပေးပေးပြီး ဟောတတ်တယ်။ အဲထဲက ဥပမာပေးထားတာလေးတခုကိုလည်း တွေးမိပြန်တယ်။ မြစ်ကြီးမြစ်ငယ်အသွယ်သွယ်တွေပင်လယ်ထဲရောက်တော့ တစ်ရောင်တည်း၊ အရသာတခုတည်းပဲ ရှိတော့တယ်တဲ့။ ဒါက ဂင်္ဂါ၊ ဒါက ယမုံ နာလို့လည်း မကွဲပြားတော့ဘူးတဲ့လေ။ ဒါဘာလဲ၊ ပင်လယ်ကြီးပေါ့။ ‘ကျယ်ပြောခြင်း၊ နက်ရှိုင်းခြင်း’ ဆိုတဲ့ဂုဏ်တွေအပြင် ပညာဉာဏ်ကြီးသူ၊ လုံ့လကြီးသူတွေအတွက် အသင့်စောင့်နေတဲ့ ရတနာတွေလည်း ရှိရဲ့။
‘မလိုက်ရဲရင်လည်း အသိုက်ထဲမှာပဲကျန်ခဲ့လေ’ ဆိုတဲ့ကဗျာလေးလိုပဲ၊ လှိုင်းမူးတာလောက်တောင်ကြောက်နေရင်တော့ ပင်လယ်ရသကို တို့ထိခံစားနိုင်မှာတော့ မဟုတ်ပါဘူး။ အိပ်မက်ထဲမှာပဲ ရွက်လွှင့်နေပေါ့။
နှိုင်းယှဉ်မိတော့၊ ဟင်းပေါင်းလည်းဒီလိုပဲ၊ ကြက်သား၊ ငါး၊ အာလူး၊ ကန်စွန်းရွက်...စတဲ့နာမည်တွေမရှိတော့ဘူး၊ ဟင်းပေါင်းပဲ ရှိတော့တယ်။ အရသာကလည်း တစ်မျိုးတည်း ဖြစ်သွားတယ် မဟုတ်လား။ အာလူးစားသူများလည်း မရှိတော့ပါဘူး။
ဒီလိုပြောတော့ သမီးဖြစ်သူက ဟင်းပေါင်းခွက်ထဲကကြက်ဟင်းခါးသီးတဖတ်လာထည့်ပေးတယ်။ သူက ကိုယ့်ထက်လက်တွေ့ပိုဆန်တယ်။ ဒီတော့ စားကြည့်တယ်၊ နည်းနည်းတော့ခါးတယ်၊ ဒါပေမယ့် ကြက်ဟင် းခါးသီးဟင်းထဲလောက်တော့ မခါးတော့ပါဘူး။ ဟင်းပေါင်းကဟောင်းလွန်း အိုလွန်းရင်တော့ မူရင်းဂုဏ်သတ္တိတွေပျောက်သွားနိုင်တယ်။ ဒီမှာတော့ မနက်ဆွမ်းဗျက်ထဲက ဟင်းအသစ်တွေချည်းပဲ ပေါင်းထားတာကိုး။ စားပြီးသား ကျန်လို့ပေါင်းထားတာမဟုတ်ဘူး။ နှမြောစာမဟုတ်ဘူး။ မြတ်နိုးစာတွေ။
ဒီမိုကရေစီဆိုတာလည်း ဒီလိုပဲထင်တယ်။ ဖယ်ဒရယ်ဒေသတွေစုထားတဲ့ဟင်းပေါင်းတစ်ခွက်ပေါ့။ အရသာကတော့ 'တရားမျှတခြင်း'ပေါ့။ မတူကွဲပြားချက်ကလေးတွေတော့ ရှိမယ်။ အတင်းတန်းညှိလိုက်ရင် မူလဂုဏ် သတ္တိတွေပျောက်ကုန်တဲ့ရက်လွန်ဟင်းပေါင်းဖြစ်သွားမယ်။ စားလို့မရတော့ဘူး၊ ချဉ်သွား သိုးသွားတော့မယ်။ ထင်းကုန်မယ်၊ ဆားကုန်မယ်၊ ကောင်းလိမ့်နိုးနဲ့ ထပ်ထည့်လိုက်တဲ့ဟင်းအသစ်တွေအလကားဖြစ်ကုန်မယ်ပေါ့။
မဟုတ်ဘူးလား။
လင်းလက်နွေဦး
၁.၁၀.၂၀၂၁ ည ၈နာရီ ၂၈ မိနစ်။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar