Breaking News

မယ်မွှေးနှင့် ပြဇာတ်ဆန်သူ



မယ်မွှေးနှင့် ပြဇာတ်ဆန်သူ

မယ်မွှေး၊ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၉

တနင်္ဂနွေ မနက် ၁၀ နာရီထိုးပြီဖြစ်သော်လည်း မနက်ကတည်းကပင် ညိုမည်းနေသော ကောင်းကင်မှာ ခုထိ မှုန်မှုန်မှိုင်းမှိုင်းပင်။ နေပြောက်မမြင်သည်မှာ ရက်များစွာ ကြာခဲ့ပြီဖြစ်သောကြောင့် သဘာဝသတ္တလောကကြီးမှာ မကြည်မသာသယောင်ရှိ၏။ လေးလံထိုင်းမှိုင်းနေ၏။ ထိုမကြည်သာမှုကိုကော်ဖီတစ်ခွက်၊ သီးစုံဒိန်ချဉ်တစ်ပွဲ၊ နို့ပေါင်မုန့်ပျော့ပျော့တစ်လုံး၊ ပူတင်းတစ်ခု အစရှိသည်တို့ဖြင့် အရည်ဖျော်ပစ်ချင်သူတို့ကား အထက်ကြည့်မြင်တိုင်လမ်းမပေါ်မေးတင်ကာ ဖွင့်ထားသော မုန့်နှင့်ဖျော်ရည်များရောင်းချသော ဆိုင်တစ်ခုထဲတွင်စုဝေးကြဟန်ရှိ၏။ မီးရောင်တလက်လက်အောက်မှာ ကော်ဖီဆိုင်၏ နွေးထွေးသော ဆင်စွယ်ရင့် အဝါဖေါက် အဆင်အပြင်သည် ရောက်လာသူကို စိတ်သက်သာစေသည်မှာအမှန်။ မယ်မွှေး၏ စားပွဲဘေးကပ်ရပ်တွင် စားပွဲတစ်လုံးလွတ်နေသေးသည်မှအပ အခြားစားပွဲဝိုင်းများတွင် လူအများပြည့်လျှက်ပင်။ မယ်မွှေး၏ မျက်စောင်းထိုးတွင်ကျူရှင်ကပြန်လာပုံရသောနှစ်တန်းအရွယ်ကျောင်းသူကလေးကို ဖခင်က ယုယုယယပင်မုန့်ကိုစောင့်ကျွေးနေသည်။ ဘေးတစ်ခုံကျော်တွင်မူ ကုန်သည်ပွဲစားလူရည်တတ်၊လူဝကြီးများ ငါးယောက်ခြောက်ယောက်ဝိုင်းဖွဲ့လို့နေသည်။ သူတို့ဘေးတွင်မူ နှစ်ဆယ်ကျော်စုံတွဲလေးတစ်တွဲသည် သီးစုံဒိန်ချဉ်ကို မတို့ချင်တို့ချင် မျက်လုံးချင်းဆိုင်လို့နေသည်။ ဖန်ခွက်ရှည်ရှည်ထဲမှ ကော်ဖီလတ်တေးသည် ပူနွေးဆဲပင်။ မယ်မွှေးကားလမ်းမဘက်ကိုမှန်ချပ်များကြားမှ အတိုင်းသားမြင်နေရသောခုံတွင်ထိုင်နေသည်မို့ တစ်ယောက်သောသူဆိုင်ထဲဝင်လာတာကိုမြင်ပါသည်။

သူသည် တောက်ပသော ကျောပိုးအိတ်၊ လမ်းလျှောက်ဖိနပ်နှင့်ဦးထုတ်ကိုဆောင်းထားသည်။ သူ့အသွင်သည် ဇေဒဗာရီသွေးများရောသလားထင်ရအောင်ပင် ဖြူသောအသားအရေတွင် မျက်ခုံး၊ မျက်လုံးတို့က ထင်ရှားပြတ်သားစွာနက်နက်မှောင်မှောင်ရှိသည်။ ပါးရိုးကျကျမျက်နှာသွယ်သွယ် အရပ်မြင့်လှသည်မဆိုနိုင်သူပဲဖြစ်သည်။ မိုးရေကြားတွင်ဖြတ်လာသောသူသည် မယ်မွှေး၏ ဘေးမှ ခုံတွင် ဝင်ထိုင်သောအခါ သူ့မိုးကာလို ခေါင်းစွပ်အင်းကျီပေါ် မိုးစက်တို့ တွဲခိုနေတုန်းပင်။ သူဝင်ထိုင်လိုက်သည့်ဟန်ပန်သည် သိသာစွာပင် အရှိန်ပါသည်။ စိတ်ရောကိုယ်ပါ အရှိန်ဖြင့်ရောက်လာပုံက မုတ်သုံ မိုးဦးလေဦးလို။ အမှန်ကတော့ မယ်မွှေးထိုင်နေသောဆိုင်သည် မိမိမှာယူလိုသည်များကို မိမိဘာသာကောင်တာတွင်ငွေရှင်းမှာယူပြီးမှ ထိုင်လိုရာအရပ်တွင် စားစရာသောက်စရာများလာချပေးသောစားပွဲထိုးကိုစောင့်ရုံသာ။ အများအားဖြင့် စားပွဲတွင်ကြာကြာထိုင်လိုသော စာဖတ်ချင်သူ ကွန်ပျူတာတစ်လုံးနှင့် အလုပ်လုပ်ချင်သူတွေလည်းမရှား။ ပွဲခစျေးဆစ်ညှိနှိုင်းနေကြသော အိမ်ခြံမြေရောင်းဝယ်ငှားတို့ ဝင်မထိုင်ချင်လောက်အောင် စျေးကြီးသောဆိုင်လည်းမဟုတ်တော့လူရှုပ်ပါသည်။ ထိုလူတအုံးအုံး မနက်ခင်းတွင် မယ်မွှေးနှင့်ကပ်လျက်စားပွဲတွင်ထိုင်သောသူ၏ စားပွဲထိုးကိုခေါ်ယူသောအသံသည် ထိုဝန်းကျင်တခိုတွင်ထိုင်နေသောသူများက အခြားအလုပ်များကိုရပ်တန့်၍ သူ့ဆီကိုသာအာရုံရောက်သွားအောင် အနှောက်အယှက်ပြုနိုင်သောအသံပေ။

ထိုလူ - “ညီလေး- မင်းတို့ဆိုင်က ငါးရှဉ့်ခြောက်စပ်ရသလား။”
စားပွဲထိုး- “မရဘူးအစ်ကို၊ ကျွန်တော်တို့ဆိုင်က ကော်ဖီတို့၊ အအေးတို့ ပြီးတော့ ပေါင်မုန့်ကိတ်မုန့်၊ ဒါတွေပဲရပါတယ်။”
ထိုလူ- “သြော်အေးအေး၊ ငါသိပြီ။ မင်းတို့ဆိုင်က ဘိတ်ကရီ Bakery သက်သက်ပဲ။ ဒီလောက်ဆိုနားလည်ပြီ။”

သူ့အသံမှာကျယ်တာရော သြောတာရောပေါင်းသောအသံဖြစ်မည်ထင်သည်။ သူစကားပြောနေတုန်းတခြားလူတွေမျက်လုံးကသူ့ဆီရောက်ကုန်လောက်အောင် စကားကို ကျော်ဆွေတို့ ကောလိပ်ဂျင်တို့ခေတ်က ရုပ်ရှင်ဆန်ဆန်ပြောသော အဖြတ်အတောက်ဖြင့် ပြောသည်။ မယ်မွှေးမှာ သူငါးရှဉ့်ခြောက်စပ်မေးကတည်းက မနက်ခင်းမှာ ဘယ်လိုအသောက်သမားက ဆိုင်မှားရောက်လာပါလိမ့်ဟုတွေးမိ၏။ သို့မဟုတ် ဒီလို ဆိုင်ခွဲတွေတမြို့လုံးဖြန့်ထားသောဆိုင်တစ်ခုကို မုန့်တိုက်တစ်ခုဟု မသိလောက်အောင်ပင် သူသည် အခြားနိုင်ငံတစ်ခုခုတွင်ကြီးပြင်းခဲ့သည့်ကလေးတစ်ယောက်လားဟုတွေးမိသည်။ တခါတရံမှ ဆွေမျိုးတွေရှိရာ မြန်မာပြည်ပြန်လာ။ သူက ဆိုင်တွေကိုမသိ။ ဟယ် ဟုတ်သေးပါဘူး။ ဒီခေတ်ကြီးမှာ Google မရှိတာမှတ်လို့၊ တစ်နေရာသွားချင်ရင်ခက်တဲ့ ခေတ်ကြီးမှ မဟုတ်ဘဲဟု ကိုယ့်အထင်ကိုယ်ဖျက်ပစ်လိုက်သည်။ သူ့ဝတ်ပုံစားပုံကလည်း အကောင်းစားတွေချည်းဖြစ်နေရာ နိုင်ငံတကာခရီးသွားဟု ထင်စရာရှိသည်ကိုး။ မဟုတ်သေးပါဘူး။ ပုံမှန်တော့မဟုတ်ဘူး။

ထိုအချိန်တွင် ထို မစ္စတာ၏ဖုန်းမှာမြည်လာခဲ့သည်။ ထိုဖုန်းကိုသူလက်ခံလိုက်ချိန်တွင် စားပွဲထိုးကလေးမှာပြန်ထွက်သွားခဲ့သည်။ သူ့ထံတွင် အမှာကိုလက်ခံရန် တာဝန်မရှိပြီ မဟုတ်ပါလား။
ထိုလူ။ ။ “ဟုတ်ကဲ့။ မင်္ဂလာပါ ကြီးကြီးခင်ဗျား။ ကြီးကြီးအခုလိုဖုန်းဆက်တာကို ကျေးဇူးတင်လှပါတယ်ခင်ဗျား။”
အင်.. အသုံးအနှုန်းကလည်း လိုတာထက်ရုံးကန္နားဆန်နေတာအမှန်ပင်။ ဆွေမျိုးတစ်ယောက်က တစ်ဖက်မှ ပြောနေပုံရသည်။

“ဟုတ်ကဲ့ကြီးကြီးခင်ဗျာ၊ ကျေးဇူးလည်းသိပ်တင်ပါတယ်။ ကျွန်တော်လည်း ထမင်းလာစားချင်ပါတယ်။ ဒါပေမယ့် မြန်မာပြည်ကတက်စီတွေက အရမ်းအရမ်း စျေးကြီးတာပါပဲခင်ဗျာ။ ကျွန်တော်တစ်နေ့က ကြည့်မြင်တိုင်ကနေ သုဝဏ္ဏကိုသွားတာ ရှစ်ထောင်တောင်းတယ်ခင်ဗျ၊ ကျွန်တော်ဒီရက်ပိုင်းတွေမှာ တက်စီဖိုးပဲ တော်တော်ကုန်ပါတယ်ခင်ဗျာ။ တစ်နေ့ကို နှစ်သောင်းကျော်ကုန်နေတာတော့ လမ်းထွက်ရတာစိတ်ညစ်စရာပါပဲ။ ကျွန်တော်ကလည်း လိုင်းကားမှမစီးတတ်ပဲကိုးကြီးကြီးရဲ့။ အကုန်အကျခံရမှပေါ့မဟုတ်ဘူးလား။”

သူ့အသံကိုသတိထားနေကြသောဘေးဝိုင်းသည်သူ့၏ ပြဇာတ်ဆန်သော လေယူလေသိမ်းနှင့်ထူးခြားပုံကို သတိထားမိကြမည်ပင်။သူသည် တယ်လီဖုန်းမှ စကားစပြတ်သွားပြီးမကြာမီပင် နောက်တစ်ဦးထံ ဖုန်းခေါ်လိုက်လေသည်။

“ဟဲလို၊ ကိုပြေတီဦးရှိသလားခင်ဗျား ကိုပြေတီဦးနဲ့တွေ့ချင်လို့ပါ။”
ထိုနေရာအရောက်တွင် မယ်မွှေးသည်မိမိ၏ လူကဲခတ်အစွမ်းကို ချီးကျူုးလိုက်၏။ “တွေ့လား ငါထင်ရင်မမှားပါဘူး။ ဒီလို ရုပ်ရှင်ဆန်တဲ့ ဟန်ပန် အော်ပရာသီချင်းဆိုသလို စကားပြောနေတဲ့လေယူလေသိမ်းဟာ အနုပညာရှင်တစ်ယောက်၊ ဒါမှမဟုတ်ရှင်ရှင်ရူးတစ်ယောက်သာဖြစ်မယ်။ ခုပဲသူက မင်းသားကိုဖုန်းခေါ်နေပြီမဟုတ်လား”ဟုတွေးသည်။ ဘေးလူအသံကြောင့်ဖတ်နေသောမဂ္ဂဇင်းမှာလည်း ဆက်ဖတ်မရတော့သည့်အတူတူ နားမထောင်သော်လည်း ဆက်ကြားနေရလေသည်။
“ဟဲလို ဟုတ်ကဲ့။ သြော် ကိုပြေတီဦးလားခင်ဗျား၊ တွေ့ရတာဝမ်းသာပါတယ်။ အကို့ဆိုင်မှာ ဘာတွေရလဲဗျ၊ ငါးရှဉ့်ခြောက်စပ်တို့ဘာတို့ပို့ပေးလား။ နေ့လည်စာကို အကိုတို့ဆိုင်က မှာချင်လို့ပါဗျ။”
“ခင်ဗျားတို့က အိမ်ကိုပို့ပေးသလားဗျ၊ သြော်ဒါနဲ့ Expenditure လေးတဆိတ်လောက်ပြောပါဗျာ။ ခင်ဗျားတို့ဆိုင်က ဟင်းပွဲတွေရဲ့ expenditure။ မမှာခင် စျေးနှုန်းကိုသိမှ ကောင်းမယ်မဟုတ်လားဗျာ။”
မယ်မွှေးသည် ဟိကနဲရယ်မိမလိုဖြစ်ရသည်။ ကိုပြေတီဦးသည်တကယ်တော့ စားသောက်ဆိုင်က ဖြစ်နေသည်။ ဘယ့်နဲ့ စျေးနှုန်းကိုလည်း Expenditure လို့ပြောနေရင် ကျန်တာတွေကို အင်္ဂလိပ်လို ဘယ်လိုပြောမယ်မသိဘူး၊ ဟန်များတဲ့မောင်ပဲကိုးဟု ကျိတ်ပြုံးမိ၏။

“ဒီလိုအစ်ကိုရဲ့ အခု အိမ်မှာ ကျွန်တော့်ဖားသားကြီးနဲ့ မားသားကြီးက မရှိကြဘူးဗျ၊ လန်ဒန်ဗီဇာက ရသွားပြီလေ (အသံမှာပိုကျယ်သွား)၊ ဟိုမှာ သုံးလလောက်အပန်းဖြေရင်းနေကြမယ်ပြောတယ်။ ကျွန်တော့်ညီမလေးက ဟိုမှာအလုပ်ရသွားပြီဗျ၊ အဲဒီတော့ သူတို့သမီးနဲ့အတူ လည်ကြပတ်ကြမယ်တဲ့ဗျား၊ ကျွန်တော့ကတော့ တစ်ယောက်တည်းဒီမှာရွာလည်တာပေါ့ခင်ဗျာ၊ ရန်ကုန်က တက်စီစရိတ်ကလည်းသိပ်ကုန်တော့ ကျွန်တော့မှာ ဆိုင်တွေကို ပတ်ပြီးစားတာက ပိုကုန်တယ်ဗျ၊ တစ်နေ့တစ်နေ့ကိုသိန်းချီကုန်နေတော့ မခက်ဘူးလား။ ဘာတွေရသလဲဗျာ၊ မှိုကန်ဇွန်း၊ ကုန်းဘောင်ကြီးကြော် ဟုတ်လား၊ ပြည်လုံးချမ်းသာဆိုတာ ဘယ်လိုဟာမျိုးလဲဗျ၊ ကျွန်တော်မသိလို့ပါ။နည်းနည်းပြောပြပေးလို့ရမလားခင်ဗျာ၊ သြော် ဂျပန်တို့ဟူးနဲ့လား၊ ဟင်းသီးဟင်းရွက်ထက် အသားလေးပါမှ အဆင်ပြေမယ်ဗျ၊ ငါးရှဉ့်ခြောက်စပ်လေးပါပါစေဗျာ။ ကျေးဇူးကြီးပါရဲ့။”

“သြော် ဟုတ်ကဲ့ ဟုတ်ကဲ့ ၊ နီးနီးနားနားမြို့နယ်တွေပဲပို့တာလား။ ကျွန်တော် ကြည့်မြင်တိုင်မယ် နေပါတယ် ခင်ဗျား၊ One of the Condos in KyeeMyinDaing ပေါ့ခင်ဗျား။ One of the Condos in KyeeMyinDaing ပေါ့။ ပို့ပေးနိုင်တယ်မဟုတ်လားအစ်ကို ကျွန်တော် မှာပြီးရင်တော့ လိပ်စာပြောလိုက်ပါ့မယ်ဗျ။”

သူ့အမူအယာနှင့်အသံကြောင့် ပတ်ဝန်းကျင်က သူ့ကို ဂရုစိုက်စေလိုခြင်းကို အသည်းအသန်လိုအပ်နေဟန် သူ့ထံတွင်အထင်အရှားတွေ့ရသည်။ သူဘာတွေစားသည်၊ ဘယ်လိုသွားသည်၊ ဘယ်မှာနေသည်ဆိုသည်ကို ဘေးပတ်ဝန်းကျင်က သိစေလိုလှသည်။ သူ့တွင် အင်္ဂလန်သို့အလည်သွားနိုင်သောမိဘများရှိသည်။ ကိုပြေတီဦးထံဖုန်းဆက်နိုင်သေးသည်။ ကျွန်တော်အင်္ဂလိပ်လိုလည်း ပြောတတ်ပါတယ်ခင်ဗျားဆိုတာလေးလည်းပါသေးသည်။ ငွေသုံးနိုင်ကြောင်း ပြချင်လှသည်။ စကားပြောနေချိန်တွင်ဖုန်းကို တစ်ဖက်မှနားထောင်နေသူထက်စာလျှင် ဘေးနားကဝိုင်းအတွက် ဦးတည်ပြောနေသလို ရှိလှသည်။ တစ်လုံးတည်းနှင့်ဆိုရသော် သူသည် အသိအမှတ်ကိုခံယူလိုခြင်း validation ကိုတောင်းလိုဟန်ရှိသည်။ စပ်စပ်စုစုနှင့်မျက်နှာကိုသေသေချာချာမကြည့်ဖြစ်သော်လည်း တစ်ခုခုတော့လွဲပြီဆိုတာကိုတော့ မယ်မွှေးရိပ်မိပါပြီ။ ထိုသူသည် စကားကိုတရစပ်ပြောပြီးချိန်တွင် တစ်ဖက်မှဖုန်းကိုင်သူ စားသောာက်ဆိုင်မှ ကိုပြေတီဦးကားစိတ်ရှုပ်ပြီထင့်၊ စကားကိုဖြတ်စပြုပြီ။ တစ်ဖက်မှဖုန်းချလိုက်ချိန်တွင် သူသည် ဤဆိုင်တွင် ဘာမှစားတော့မည်မဟုတ်ဟု ဆုံးဖြတ်နိုင်သွားသည်ထင့်။ ဝင်လာတုန်းကလိုပင် လေရူးနှယ် ကော်ဖီဆိုင်လှေကားများကိုဖြတ်ကာ ကားလမ်းတစ်ဖက်ခြမ်းသို့မိုးရေများအောက်မှကူးသွားလေ၏။ မိုးကားတအုံးအုံးရွာဆဲပင်။ သူ့စားပွဲမှာရှင်းလင်းလျှက်။ ဘာမျှမှာ၍စားသောက်မသွားပေ။

အသိအမှတ်ပြုမှုကိုတောင်းဆိုလိုသော ထိုကိုအဝှာသည် နောက်ဆုံးတွင် မယ်မွှေးအတွက် ဘာမျှ ထူးဆန်းမနေပေ။ သူလိုကိုယ်လို လူပေါင်း ခုနှစ်ဘီလီယံထဲမှတစ်ယောက်သာပင်။ တစ်နေ့တစ်နေ့ အသိအမှတ်ပြုခံရဖို့ အားထုတ်ကြရခြင်းတွေ ဒုနဲ့ဒေးရှိသည်။ ပညာအားဖြင့်၊ဥစ္စာအားဖြင့်၊ ဆွေမျိုးအားဖြင့်၊ ဂုဏ်အားဖြင့်၊ ဝါအားဖြင့် အမျိုးမျိုးပင်တွေ့ကြရပါသည်။
တစ်ခါသော် အဆိုတော် ဆီယာ (SIA) သည် Cheap Thrill သီချင်းဖြင့် 2016 America got talent တွင်ဖျော်ဖြေပါသည်။ ဖျော်ဖြေရေးပြီးဆုံးချိန်တွင် နောက်ဆုံးစကာတင်များကို သင်ကြားအကြံပြုခဲ့သော ဆီယာအား အစီအစဉ်တင်ဆက်သူကမေးပါသည်။ ပြိုင်ပွဲဝင်သူတွေကိုဘယ်လိုထင်ပါသလဲတဲ့။ ဆီယာပြန်ပြောသောစကားမှာ မှတ်မှတ်သားသားပင်ချစ်စရာကောင်းပါသည်။ သူတို့က လူထဲက လူတွေလိုပါပဲတဲ့လေ။ အသိအမှတ်ပြုခံချင်ကြတာချည်းပဲတဲ့။ ချစ်ခင်တာကိုရလိုတာချည်းပဲတဲ့။ ငါကလည်း သူတို့လိုတာပေးပစ်လိုက်ချင်တာပါပဲတဲ့။ They are like any other human beings. They are asking for love and validation. I just wanna give it to them တဲ့။

ဘဝမှာ အသိအမှတ်ပြုခြင်းကို သိသိသာသာတောင်းခံသူတွေနဲ့တွေ့ရကြုံရတာ မဆန်းပေ။ မိုးရွာနေတဲ့နေ့မှာလည်းတွေ့နိုင်သလို နေသာနေတဲ့နေ့မှာလည်းတွေ့နိုင်ပါသည်။ ရုံးခန်းထဲမှာလည်းတွေ့နိုင်သလို စျေးထဲမှာလည်းတွေ့တတ်ကြပါသည်။ ကိုယ်ကိုယ်တိုင်လည်း ပြေတီဦးဆီဖုန်းဆက်မိကြပါသည်။ အင်္ဂလိပ်စာတတ်ကြောင်းပြမိကြပါသည်။ Expenditure လို့ပြောပြီး တတ်သိကြောင်းကြွားရင်းအရှက်ကွဲမိကြသည်လည်းရှိ၏။ One of the Condos တွင်နေကြောင်းပြောမိခြင်းဖြင့် ငါဘယ်လိုလူဆိုတာသိလားလုပ်ချင်ကြပါသည်။

ဒီလိုအဖြစ်မျိုးကြုံတဲ့အခါ ဘယ်လိုတုံ့ပြန်ဖြစ်သလဲဆိုတာက စကားပြောမည်ထင်သည်။ လူထဲကလူတစ်ယောက်ပေမယ့် Sia လိုသဘောထားက ရက်ရောမှုအလှကို ချစ်ခင်စရာမြင်ရသည်ပဲလေ။ လူကြီးလူငယ်မရွေးလိုချင်တာ အသိအမှတ်ပြုခြင်းပဲ။ ချစ်ခင်စေလိုခြင်းပဲ။ ချစ်ခင်ခြင်း၊အသိအမှတ်ပြုခြင်းများကို ပေးလိုက်လို့အဓိပ္ပါယ်ရှိနေတုန်း၊ ပေးနိုင်တုန်းပေးလိုက်တာ အကောင်းဆုံးပါပဲလို့တွေးမိရင်း မိုးရေထဲထွက်သွားသူ ကျန်ရစ်တဲ့ တစ်ရှုးတွေပေပွနေသော စားပွဲကိုငေးရင်း မယ်မွှေးမှာ ဆိုင်ထဲတွင် ကျန်ရစ်သည်။ နောက်ဆုံးကော်ဖီတကျိုက်မှာ မနွေးတော့သေ်ာလည်း အရသာဆိမ့်နေတုန်းပင်။

(သူ့ဖေ့စ်ဘွတ်စာမျက်နာကနေ ကူးယူဖော်ပြပါတယ်)