သီအိုဇော် - စစ်လက်နက်ဝယ်ယူခြင်းနှင့် စစ်အသုံးစရိတ် ဘတ်ဂျက်ပြဿနာ (၁)
သီအိုဇော် - စစ်လက်နက်ဝယ်ယူခြင်းနှင့် စစ်အသုံးစရိတ် ဘတ်ဂျက်ပြဿနာ (၁)
(မိုးမခ) သြဂုတ် ၇၊ ၂၀၂၂
ကမ္ဘာ့ဘဏ်၏သတ်မှတ်ချက်အရ မြန်မာနိုင်ငံသည် အလယ်အလတ် ဝင်ငွေစီးပွားရေးအုပ်စု၏ အောက်ပိုင်း လွှာနိုင်ငံ (lower-middle income country-LMC) များတွင်ပါဝင်ပြီး ၂၀၂၀ ခုနှစ် ကမ္ဘာ့ဘဏ်မှတ်တမ်းအရ ထို နိုင်ငံများသည် မိမိနိုင်ငံဂျီဒီပီ၏ (၂.၂) ရာခိုင်နှုန်းကို ကာကွယ်ရေးအသုံးစရိတ်အဖြစ် အသုံးပြုကြသည်။ မိမိနိုင် ငံသားများကို အကာအကွယ်မပေးပဲ စစ်မက်ပြုနေခြင်းကြောင့် မြန်မာနိုင်ငံအတွက်မူ စစ်အသုံးစရိတ်ဟု သာ သုံးနှုန်းလိုပြီး နိုင်ငံဂျီဒီပီ၏ (၂.၉) ရာခိုင်နှုန်း သုံးစွဲသည်ဟု ဖေါ်ပြထား၍ အုပ်စုတူတိုင်းပြည်များထက် ပို များပြားသည်။ သို့သော်လည်း စစ်တပိုင်းအစိုးရလက်ထက် ၂၀၁၅ ခုနှစ်က ဂျီဒီပီ၏ (၄.၃) ရာခိုင်နှုန်း အသုံးပြုခဲ့သည်နှင့်နှိုင်းယှဥ်ရလျင် နည်းသေးသည်ဟု ဆိုရမလိုပင်။
စစ်အာဏာရှင်များလက်ထက်၌ စစ်အသုံးစရိတ်ကြီးမြင့်လာခြင်းမှာ မြန်မာနိုင်ငံအတွက်တော့ အဆန်းမဟုတ်၊၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးနောက် ၁၉၆၃ ခုနှစ် စစ်အသုံးစရိတ်သည် ကမ္ဘာ့ဘဏ်၏ (၁၉၆၁-၂၀၂၀) အ တွင်း မြန်မာနိုင်ငံစစ်အသုံးစရိတ်မှတ်တမ်းတွင် ဂျီဒီပီ၏ (၆.၈) ရာခိုင်နှုန်း သုံးစွဲခဲ့ခြင်းဖြင့် အမြင့်မားဆုံး စံချိန် တင်ထားခဲ့သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီအမည်ဖြင့် တပါတီအာဏာရှင်အဖြစ် မကူးပြောင်းမီကာလ (၁၉၆၂-၁၉၇၃) တွင် စစ်အသုံးစရိတ်သည် နိုင်ငံဂျီဒီပီ၏ (၅) ရာခိုင်နှုန်းအထက်၌ အမြဲရှိခဲ့သည်။ ဦးစားပေးသုံး စွဲရမည့် နိုင်ငံ၏လိုအပ်ချက်များကို လျစ်လျူပြုခဲ့သည့် စီမံခန့်ခွဲမှုအလွဲအမှားများက ကမ္ဘာသို့ ဆန်တင်ပို့ ရောင်းချမှု အမြင့်မားဆုံးနှင့် အရှေ့တောင်အာရှ၏ ကြွယ်ဝသောနိုင်ငံဟု သတ်မှတ်ခြင်းခံခဲ့ရသည့် မြန်မာနိုင်ငံကို လမ်းကြောင်းမှန်ပေါ်မှ တိမ်းစောင်းချွတ်ချော်စေခဲ့သည်။
အာဏာသိမ်းစစ်ကောင်စီ၏ လွှတ်တော်အတည်ပြုစရာမလိုပဲ စိတ်ကြိုက်ပြဌာန်းသည့် ၂၀၂၂-၂၃ ခုနှစ် ရသုံး ခန့်မှန်းခြေငွေစာရင်းကို ကြည့်ရှုပြီးနောက် ကျန်းမာရေး၊ ပညာရေးအသုံးစရိတ် (၂) ခုပေါင်းထက်ပင် များပြား နေသော စစ်အသုံးစရိတ် ဘတ်ဂျက်နှင့် ပတ်သက်သည့်အကြောင်းအရာများကို ရေးသားသင့်သည်ဟု ထင်မိ သည်။ ပွင့်လင်းမြင်သာမှုမရှိပဲ အသုံးပြုခဲ့သည့် ဘဏ္ဏာငွေကြေးတိုင်းသည် နိုင်ငံ၏ ကျန်းမာရေး၊ ပညာရေး၊ ဆောက်လုပ်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး အစရှိသည့်အရေးကြီး ကဏ္ဏများအတွက် အသုံးမပြုနိုင်ပဲ လေလွင့်ဆုံးရှုံးလိုက်ရသည်များပင် ဖြစ်လိမ့်မည်။
၁၉၈၉-၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ လက်နက်ဝယ်ယူတင်သွင်းမှုနှင့်ပတ်သက်သည့် ကိန်းဂဏန်းများကို ဆွီဒင်နိုင်ငံ စတော့ဟုမ်းအခြေစိုက် ‘STOCKHOLM INTERNATIONAL PEACE RESEARCH INSTITUTE’ (SIPRI) က ထုတ်ပြန်ထားသည့် အချက်အလက်များကို မူတည်၍ စူးစမ်းခဲ့သည်။ SIPRI သည် ဆွီဒင်အစိုးရ၏ ငွေ ကြေးထောက်ပံ့မှုများကို လက်ခံရယူထားသော်လည်း သီးခြားလွတ်လပ်သည့် သုတေသနအဖွဲ့ အစည်းအ ဖြစ်ရပ်တည်သည်။ နိုင်ငံတကာ ကာကွယ်ရေးအသုံးစရိတ်များနှင့်ပတ်သက်သည့် ကုလသမဂ္ဂအစီရင်ခံစာ များသည် ကမ္ဘာ့ဘဏ်မှရရှိသော အချက်အလက်များကို ရည်ညွှန်းလေ့ရှိပြီး၊ ကမ္ဘာ့ဘဏ်ကိုယ်နှိုက်က SIPRI ၏ထုတ်ပြန်ဖေါ် ပြထားမှုများကို ကိုးကားလေ့ရှိသည်။
သို့ရာတွင် SIPRI ၏အချက်အလက်များကို ရာနှုန်းပြည့်လက်ခံနိုင်ခြင်း ရှိ/မရှိ ဆိုသည်မှာ ဝယ်ယူရောင်းချသည့် နိုင်ငံများ၏ ပွင့်လင်းမြင်သာမှု၊ နိုင်ငံတကာစံထုံးစံထားများကို လိုက်နာမှုတို့ အပေါ်မှာလည်း မူတည်ပေမည်။ ၁၉၈၉-၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ မြောက်ကိုရီးယားမှ လက်နက်ရောင်းချမှု စုစုပေါင်း(၃)ကြိမ်မျှသာ (၁၉၉၉၊ ၂၀၀၉၊ ၂၀၁၀ ခုနှစ်-တန်ဖိုးအားဖြင့် စုစုပေါင်း ဒေါ်လာ၂၂ သန်း) ရှိသည်ဟု ဖေါ်ပြထားမှုမျိုးသည် မေး ခွန်းထုတ်စရာ ဖြစ်နိုင်သည်။ မည်သို့ပင်ဆိုစေ နိုင်ငံတကာအနေဖြင့် SIPRI မှ သုတေသနပြုထားသော စာရင်း အချက်အလက်များကို အဓိက မှီငြမ်းကြရသည်ဖြစ်၍ ဤဆောင်းပါးတွင်လည်း SIPRI၏ ထုတ်ပြန်ချက်များ ကို ကိုးကားထားသည်။
၁၉၈၈ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ၁၉၈၉-၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ စစ်လက်နက်တင်ပို့ရောင်း ချသူ (၂၃) ဦးရှိပြီး နိုင်ငံ (၂၂) နိုင်ငံနှင့် အမည်ဖေါ်ပြနိုင်ခြင်းမရှိသည့် (၁) နေရာပါဝင်သည်။ ထိုအမည်မသိဒေသမှ (၂၀၁၁၊ ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၉၊ ၂၀၂၁)ခုနှစ်များ၌ စုစုပေါင်းတန်ဖိုး ဒေါ်လာ (၁၅) သန်း တင်သွင်းခဲ့သည်။၁၉၈၉-၂၀၂၁ ခုနှစ်အထိ ထိုတင်ပို့ရောင်းချသူအားလုံးထံမှ မြန်မာနိုင်ငံကဝယ်ယူသည့် ငွေကြေးပမာဏ စုစုပေါင်း သည် ဒေါ်လာ (၅,၉၇၀) သန်း ရှိပြီး ယင်းတန်ဖိုးအနက်မှ (၉၇.၂၇) ရာခိုင်နှုန်းဖြစ်သည့် ဒေါ်လာ (၅,၈၀၇) သန်း အား နိုင်ငံ (၉) နိုင်ငံမှ ရောင်းချခဲ့သည်။ ထိုနိုင်ငံများ၏ တစ်နိုင်ငံချင်းရောင်းချခဲ့ငွေသည် ဒေါ်လာ (၅၀) သန်းအထက်တွင်ရှိပြီး အောက်ပါဂရပ်၌ ရေးဆွဲပြသထားသည်။
အထက်ဖေါ်ပြပါဂရပ်အရ ယင်း (၉) နိုင်ငံအနက် တရုတ်နိုင်ငံက(၅၈.၅)ရာခိုင်နှုန်းဖြင့် စျေးကွက်ကို ဦးဆောင် ပြီး ရုရှားနိုင်ငံက(၃၀.၄၃)ရာခိုင်နှုန်း၊အိန္ဒိယနိုင်ငံက(၃.၇၃)ရာခိုင်နှုန်း အသီးသီးဖြင့် ဒုတိယနှင့်တတိယ အများ ဆုံး ရောင်းချသောနိုင်ငံများအဖြစ် စာရင်းဝင်ကြသည်။ SIPRIက ပြုစုထားသော စာရင်းအချက်အလက် များ ကို ၁၉၅၀ ခုနှစ်မှ စတင်၍ ရှာဖွေကြည့်သောအခါ တရုတ်နိုင်ငံသည် ၁၉၈၉ ခုနှစ်၊ရုရှားနိုင်ငံသည် ၁၉၉၅ ခုနှစ် သို့ ရောက်မှသာ မြန်မာနိုင်ငံသို့ လက်နက်စတင်ရောင်းချခဲ့သည်ကို သတိပြုမိသည်။
အလားတူစွာပင် အိန္ဒိယနိုင်ငံက ၂၀၀၀ ခုနှစ်မှ စတင်ရောင်းချခဲ့ပြီး တန်ဖိုးများပြားစွာ ရောင်းချနိုင်ခဲ့သည်ကို တော့ မတွေ့ရပေ။ ၂၀၂၀ ခုနှစ်အတွက် အရောင်းပမာဏကသာ ဒေါ်လာ (၁၄၈) သန်း (စုစုပေါင်း ရောင်းချခဲ့သ မျှ၏ ၆၈.၂ ရာခိုင်နှုန်း) အထိရှိခဲ့ပြီး တပတ်ရစ်ရေငုပ်သင်္ဘော ရောင်းချခဲ့သည့်ကာလနှင့် တိုက်ဆိုင်ခဲ့သည်။ ယင်းမှလွဲ၍ ဒေါ်လာ(၂၀)သန်းထက် ပိုမိုသောရောင်းချမှုသည် ၂၀၁၅ ခုနှစ်အတွက် ဒေါ်လာ (၂၇) သန်းဖိုး ရောင်းချခဲ့ခြင်း ဖြစ်သည်ကိုသာတွေ့ရပြီး ကျန်နှစ်များ၌ ရောင်းချမှုများမှာလည်း နိုင်ငံတခုအတွက် ပမာဏ အားဖြင့် မကြီးမားလှဟု ပြောရမည်။
ဤသည်မှာလည်း သဘာဝကျသည်ဟု ဆိုနိုင်သည်၊အဘယ့်ကြောင့်ဆိုသော် အိန္ဒိယနိုင်ငံသည် ၂၀၂၀ခုနှစ်နှင့် ၂၀၂၁ ခုနှစ် စာရင်းများအရ ကမ္ဘာတွင် လက်နက်တန်ဖိုး အများဆုံးဝယ်ယူသောနိုင်ငံသာဖြစ်ပြီး၊ နိုင်ငံတကာ စျေးကွက်တွင် ထိပ်တန်း ထုတ်လုပ်ရောင်းချသူအဖြစ် ရပ်တည်နိုင်ခြင်း မရှိသေးချေ။ ၂၀၀၀ခုနှစ်မှ ၂၀၂၁ ခုနှစ် တွင်း နိုင်ငံတကာသို့ စုစုပေါင်းဒေါ်လာ (၆၂၂) သန်းသာ ရောင်းချနိုင်ခဲ့ပြီး ထိုစုစုပေါင်းရောင်းချတန်ဖိုး၏ (၃၄.၉) ရာခိုင်နှုန်းကို မြန်မာနိုင်ငံမှ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ အထက်တွင်ဖေါ်ပြခဲ့သလို ရုရှားလုပ် ရေငုပ်သင်္ဘော အဟောင်း၏တန်ဖိုး ပါဝင်ခြင်းကြောင့် များပြားရသည်ဟုလည်း ယူဆရသည်။
မြန်မာနိုင်ငံအတွက် အများဆုံး စစ်လက်နက်တင်ပို့သူမှာ တရုတ်နိုင်ငံဖြစ်သော်လည်း ကမ္ဘာ့ဒုတိယအကြီးဆုံး လက်နက်ထုတ်လုပ်ရောင်းချသူ ရုရှားနိုင်ငံထံမှ စစ်လက်နက်ပစ္စည်းများကို ဝယ်ယူလိုသော အာသီသစိတ် ပို ရှိသည်မှာ ဖုံးကွယ်ထား၍မရ။ လက်တွေ့တွင် တရုတ်နိုင်ငံကိုယ်တိုင်ကလည်း (၁၉၅၀-၂၀၂၁) ခုနှစ်အတွင်း ဒေါ်လာ (၇၀,၃၈၄) သန်းတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများကို ဆိုဗီယက်ယူနီယံနှင့် ရုရှားနိုင်ငံတို့မှ ဝယ်ယူ တင်သွင်းခဲ့ပြီး၊ ယင်းသည် ထိုကာလများက တရုတ်နိုင်ငံအတွက် ဝယ်ယူငွေစုစုပေါင်း၏ (၈၆) ရာခိုင်နှုန်း ရှိသည်။
ဤရက်ပိုင်းတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး’ဆာဂေးလက်ဗရောဗ့်’ မြန်မာနိုင်ငံသို့လာရောက်ခဲ့ပြီး အများတွက် ဆကြသလို စစ်လက်နက် အရောင်းအဝယ်ကိစ္စသည်လည်း ဆွေးနွေးမှုများတွင် ပါဝင်နိုင်သည်။ ၂၀၁၃ ခုနစ် ဇန်နဝါရီလ (၁၆) ရက်နေ့က နေပြည်တော်သို့ ‘ဆာဂေးလက်ဗရောဗ့်’ ရောက်ရှိခဲ့စဥ်က ယခင်ဆိုဗီယက် ခေါင်း ဆောင် ‘ခရူးရှက်ဖ်’၏ ၁၉၅၅ ခုနှစ်နှင့် ၁၉၆၀ ခုနှစ် မြန်မာနိုင်ငံ အလည်အပတ် ခရီးစဥ်နောက်ပိုင်း ရုရှား နိုင်ငံ၏ပထမဦးဆုံးသော အဆင့်မြင့်ပုဂ္ဂိုလ်ခရီးစဥ်အဖြစ် အသိအမှတ်ပြုခဲ့ကြသည်။
‘ခရူးရှက်ဖ်’လာရောက်စဥ်က ချစ်ကြည်ရေး လက်ဆောင်အဖြစ် တည်ဆောက်ပေးခဲ့သော ရန်ကုန်စက်မှု တက္ကသိုလ်၊ အင်းယားလိပ်ဟိုတယ်၊ တောင်ကြီးစပ်စံထွန်းဆေးရုံတို့ကဲ့သို့ နိုင်ငံဖွံ့ဖြိုးရေးရှေ့ရှု ချစ်ကြည်ရေး အထိမ်းအမှတ် ပြယုဂ်များ ယခုနောက်ပိုင်းဆက်ဆံရေးတွင် မတွေ့မြင်ရတော့ပဲ စစ်လက်နက်ရောင်းချရေး၊ နှစ်ဖက်စစ်တပ်ဆက်ဆံရေးတို့ လွှမ်းမိုးထားသော ‘ကာကွယ်ရေး သံခင်းတမန်ခင်း’(Defence Diplomacy)ဖြင့် အာဏာရှင်အချင်းချင်း ကျားကန်ပေးခြင်းဟုသာ ဆိုရမည်။
အထက်တွင်ဖေါ်ပြထားခဲ့သလို (၁၉၉၅-၂၀၂၁) ခုနှစ်အတွင်း ရုရှားနိုင်ငံမှ ဒေါ်လာ (၁,၇၆၇) သန်းဖိုး လက်နက် များ ဝယ်ယူခဲ့၍ ရုရှားသည် မြန်မာနိုင်ငံအတွက် အရေးကြီးသော လက်နက်တင်ပို့သူအဖြစ် ပြောနိုင်သည်။ ဤကာလအတွက် ရုရှားနိုင်ငံမှ နိုင်ငံတကာသို့ လက်နက်ရောင်းချရငွေ စုစုပေါင်း ဒေါ်လာ (၁၄၅,၄၁၇)သန်းနှင့် နှိုင်းယှဥ်ပါမူ မြန်မာနိုင်ငံ၏ဝယ်ယူမှုသည် (၁.၂၂) ရာခိုင်နှုန်းသာရှိသည်။ သို့ရာတွင် ရုရှားနိုင်ငံမှလက်နက်ဝယ် ယူသူ နိုင်ငံများနှင့်အဖွဲ့အစည်း(၁၀၂) ရှိသည့်အနက် ဒေါ်လာ (၁,၀၀၀) သန်းနှင့်အထက် ဝယ်ယူသူ (၁၈) နိုင်ငံသာရှိပြီး ထိုအထဲတွင် မြန်မာနိုင်ငံပါဝင်သည်ကိုလည်း သတိပြုကြရမည်ဖြစ်သည်။ ပြင်းထန်သော ပြည် တွင်းစစ် ဆယ်စုနှစ်တစ်ခု ကျော်လွန်ခဲ့ပြီဖြစ်သည့် ဆီးရီးယားနိုင်ငံ၏ ဝယ်ယူမှုသည်ပင် ဒေါ်လာ (၂,၃၈၅) သန်းမျှသာရှိရာ မြန်မာနိုင်ငံမှဝယ်ယူမှုကို နည်းသည်ဟု ဆို၍မရ။
ဤကာလတွင် ယူကရိန်းကျူးကျော်စစ် နောက်ဆက်တွဲ အကျပ်အတည်းများ ဘက်ပေါင်းစုံ၌ ကြုံတွေ့နေရ သော ရုရှားနိုင်ငံသည် မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေးတိုးမြှင့်လိုမည်မှာ မငြင်းနိုင်။ မြန်မာနိုင်ငံအနေနှင့် ရုရှားနိုင် ငံ၏ ငွေပေးချေမှု သတင်းပေးပို့စနစ် (SPFS) အတွင်းသို့ ဝင်ရောက်ရန် ပြင်ဆင်နေသည်ကလည်း ရုရှားအ တွက် မြန်မာစျေးကွက်ကို ယခင်ထက်ပို၍ စိတ်ဝင်စားလာနိုင်သည့် အနေအထားဖြစ်စေသည်။ စောင့်ကြည့် စစ်ဆေးခြင်းနှင့် ထိန်းကျောင်းမှုကင်းမဲ့သော ရသုံးခန့်မှန်းခြေငွေစာရင်း လက်ဝယ်ရှိနေမှုကို လက်နက်ရောင်း ချရေးအတွက် အခွင့်ကောင်းဟု ရုရှားဖက်က တွက်ဆနိုင်သည့် အနေအထားဖြစ်သည်။
နိုင်ငံတော်ဘတ်ဂျက်ကိုသုံး၍ ၁၉၈၉-၂၀၂၁ ခုနှစ်အတွင်း နိုင်ငံတကာမှဝယ်ယူခဲ့သော စုစုပေါင်း ဒေါ်လာ (၆) ဘီလီယံတန်ဖိုးခန့်ရှိသည့် စစ်လက်နက်ပစ္စည်းများသည် မြန်မာပြည်သူများအတွက်တော့ အကျိုးမရှိရုံမျှသာ မက၊ ပြည်သူတို့၏ အသက်စည်းစိမ်ဥစ္စာများကိုပင် ပျက်စီးဆုံးရှုံးစေသည့် ပြည်သူ့ဘဏ္ဏာ ပြုန်းတီးစေမှုဟု ဆိုလျင်လည်း မှားမည်မထင်။
(ဆက်လက်ဖေါ်ပြပါဦးမည်)
သီအိုဇော်
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar