Breaking News

အောင်သူငြိမ်း - တရုတ် ၂၀၂၅ (China 2025)

အောင်သူငြိမ်း - တရုတ် ၂၀၂၅ (China 2025)
(မိုးမခ) သြဂုတ် ၇၊ ၂၀၂၂

တရုတ်ပြည်မှာလုပ်သည် ၂၀၂၅ “Made in China 2025” ဆိုတဲ့ ကြွေးကြော်သံကို စတင်ကြားရတာက ၂၀၁၅ ခုနှစ်၊ မေလမှာပါ။ တရုတ်သမ္မတနိုင်ငံ ထူထောင်တဲ့နှစ် ၁၀၀ ပြည့်တဲ့ကာလ ၂၀၄၉ ခုနှစ်ကျရင် “လူသုံးကုန်ထုတ်လုပ်တဲ့ အင်အားကြီးနိုင်ငံအဖြစ်ကနေ ကမ္ဘာ့လူသုံးကုန်ထုတ်လုပ်တဲ့ မဟာနိုင်ငံကြီး world manufacturing power အဖြစ်” အသွင်ပြောင်းယူမယ်ဆိုတဲ့ စဉ်းစားချက်နဲ့ပါ။ သမ္မတရှီကလည်း “ခေတ်မီ ကြွယ်ဝချမ်းသာတဲ့ ဆိုရှယ်လစ်နိုင်ငံတော်” ထူထောင်ရေး အိပ်မက်နဲ့လည်း ဆက်စပ်နေပါတယ်။ 

ဒီလို ကြွေးကြော်သံအရ ကဏ္ဍ ၁၀ ခုကို ဦးတည်ထားပါတယ်။ သတင်းနည်းပညာ (IT)၊ ရိုဘော့တစ် (robotics) ကနေပြီးတော့ စွမ်းအင်လောင်စာသစ်ယာဉ်များ၊ ဇီဝနည်းပညာ (biotech)၊ စိုက်ပျိုးရေးစက်မှုပစ္စည်း၊ အာကာသနည်းပညာ (aerospace)၊ ပင်လယ်ရေကြောင်း (maritime) နဲ့ ရထားလမ်းသုံးပစ္စည်း (railway equipment) စတာတွေအထိ ပါဝင်ပါတယ်။ ဒီလိုလုပ်ဆောင်ရာမှာ တီထွင်ဆန်းသစ်မှု (innovation) နဲ့ ဈေးကွက်ပုံစံ ချည်းကပ်မှုနဲ့ အစိုးရရဲ့ လမ်းညွှန်မှုကို ပေါင်းစပ်ကျင့်သုံး ရမယ်လို့ ဆိုပါတယ်။ 

“Made in China 2025” ကြွေးကြော်သံ စတင်ပြီးခဲ့တဲ့ ၇ နှစ်အကြာကစလို့ ဒီကြွေးကြော်သံအပေါ် လူသိရှင်ကြားဆွေးနွေးမှု လျှော့နည်းလာတာတော့ သတိပြုမိပါတယ်။ 

Fitch Ratings အကဲဖြတ်ကုမ္ပဏီရဲ့ သုံးသပ်ချက်အရ “Made in China 2025” ကြွေးကြော်သံနဲ့အတူ အစိုးရဘဏ္ဍာထောက်ပံ့မှုကို အများဆုံး နည်းပညာကုမ္ပဏီတွေက ရကြပါတယ်။ ချွင်းချက်အနနဲ့ စွမ်းအင်ကုမ္ပဏီတွေကလည်း ထောက်ပံ့မှု အများအပြား ရကြပါတယ်။ ဖြစ်နိုင်တာကတော့ ဈေးနှုန်းတည်ငြိမ်မှုအတွက် ဖြစ်နိုင်ပါတယ်။ 

၂၀၂၁ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ အကြီးဆုံးမော်တော်ကား ထုတ်လုပ်သူ SAIC Motor က ထောက်ပံ့ငွေ အများဆုံး ၄.၀၃ ဘီလီယံ ယွန် ($၅၉၈ သန်း) ရပါတယ်။ အရင်နှစ်ထက်စာရင် ၃၁% ပိုများလာပါတယ်။ အရင်နှစ်တွေက China Petroleum & Chemical ဒါမှမဟုတ် Sinopec ကုမ္ပဏီတွေက ရနေရာကနေ လူသစ်ပြောင်းသွားတာပါ။ မော်တော်ကားထုတ် ကုမ္ပဏီ ၃ ခု (BYD, Great Wall Motor and Anhui Jianghuai Automobile Group- JAC) တို့က ထိပ်တန်း ထောက်ပံ့ကြေးရသူ ၁၀ ဦးထဲမှာ ပါဝင်ကြပါတယ်။ ဒါကြောင့် (BYD) ကားကုမ္ပဏီက ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ကားကုမ္ပဏီ (EV maker) ဖြစ်သူ တယ်လ်ဆာ (Tesla) ကို ကား အရောင်းဂဏန်းမှာ ကျော်တက်သွားပါတယ်။ 

ထို့အတူ ချစ်ပ်နဲ့ ရုပ်ထွက် (Chips and displays) ကိစ္စအများမှာလည်း ထောက်ပံ့ပါတယ်။ တရုတ်နိုင်ငံရဲ့ အဓိက ဆယ်မီ ကွန်ဒတ်တာ ထုတ်လုပ်သူ Semiconductor Manufacturing International Corp. (S.MIC) နဲ့ အဓိက ရုပ်သွင်ပြ ဖန်ပြား ထုတ်လုပ်သူ BOE Technology Group ကိုလည်း အကြီးအကျယ် ထောက်ပံ့မှုပေးပါတယ်။ အဲဒါအပြင် 5G ကွန်ရက်လုပ်ငန်းဖြစ်တဲ့ China Mobile နဲ့ China Telecom တို့ကိုလည်း အကြီးအကျယ် ထောက်ပံ့ပေးနေပါတယ်။ 

ကုမ္ပဏီအငယ်လေးတွေကိုလည်း ထောက်ပံ့မှုတွေ ရှိနေတာတွေ့ရပါတယ်။ ဥပမာအားဖြင့်- ဇီဝနည်းပညာနဲ့ ဆေးထုတ်တဲ့ ကုမ္ပဏီတွေ ဖြစ်တဲ့ Shanghai YJ.Zb.ong Pharmaceutical နဲ့ Mabwell (Shanghai) Bioscience တို့ကို ထောက်ပံ့မှုမျိုးပါ။ 

ဒါပေမယ့် ပြဿနာတွေတော့ ရှိနေပါသေးတယ်။ တရုတ်နိုင်ငံမှာ အခွန်လျှော့ပေါ့မှုတွေနဲ့အတူ တရုတ်ဒေသန္တရအစိုးရတွေရဲ့ ဝင်ငွေ ဆုတ်ယုတ်လာနေပါတယ်။ ဒါဆိုရင် မဟာဗျူဟာမြောက်ကုမ္ပဏီတွေကို ထောက်ပံ့ကြေး လျှော့နည်းသွားနိုင်မလား စဉ်းစားစရာပါ။ 

Source: KENJI KAWASE, Nikkei Asia chief business news correspondent. (July 22, 2022). 'Made in China 2025' thrives with subsidies for tech, EV makers. Nikkei Asia.

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar