Breaking News

YDF (Saw) ရဲ့ ဒလန်ရှင်းလင်းရေး ခေါင်းစဥ်အောက်က မိသားစုလိုက် သတ်ဖြတ်မှု


မြန်မာနွေဦး ခရိုနီကယ် - ဩဂုတ် ၂၂ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၂၃ ၊ ၂၀၂၂


YDF (Saw) ရဲ့ ဒလန်ရှင်းလင်းရေး ခေါင်းစဥ်အောက်က မိသားစုလိုက် သတ်ဖြတ်မှု 

YDF (Saw) လို့ အမည်ပေးထားတဲ့ ဆောနယ်က ကာကွယ်ရေးတပ်ဖွဲ့တဖွဲ့က ဆောမြို့က နေအိမ်တအိမ်ကို ဒလန်ရှင်းလင်းရေး ခေါင်းစဥ်နဲ့ အသက် ၁၃ နှစ်အရွယ် မိန်းကလေးအပါအဝင် မိသားစုဝင်၅ ဦးနဲ့ ရပ်ကွက်ထဲက အိမ်နီးချင်းတဦး စုစုပေါင်း ၆ ဦးကို ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ ရက်နေ့ညက ပစ်သတ်ခဲ့ပြီး နေအိမ်က ကား ၂စီး ၊ ရွှေ၊ ငွေတွေနဲ့ အသုံးအဆောင်တွေပါ ယူဆောင်သွားခဲ့ကြတယ်လို့ သတင်းတွေ ထွက်ပေါ်လာပြီး နောက်တရက် အကြာမှာပဲ ယောဒေသက အခြားသော PDF အဖွဲ့တွေက ဒီလုပ်ရပ်ကို ပြင်းထန်စွာ ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန် ကန့်ကွက်ခဲ့ကြပါတယ်။ 

PDF တွေကို အကူအညီပေးနေတဲ့  ကိုးရီးယားနိုင်ငံရောက် ယောဒေသသား အဖွဲ့ကလည်း ကန့်ကွက်ရှုတ်ချစာ ထုတ်ပြန်တဲ့အထဲပါဝင်တာတွေ့ရပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ကျူးလွန်တဲ့အဖွဲ့အစည်းကလည်း သြဂုတ်လ ၂၂ ရက်နေ့နေ့စွဲနဲ့ပဲ သူတို့အဖွဲ့က သတ်ဖြတ်ခဲ့တဲ့ အဆိုပါမိသားစုနဲ့ပတ်သက်လို့ ဒီမိသားစုက ဦးခင်မောင်လင်းဟာ သတင်းပေးဖြစ်ကြောင်းနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်လို့၊ သေနတ်လုယူလို့ ၆ ဦးသေဆုံးရတာ ဖြစ်ကြောင်း တုံ့ပြန်တဲ့ ထုတ်ပြန်ချက်ကို ထုတ်ခဲ့ပါတယ်။ ဦးခင်မောင်လင်းရဲ့ မြေးဖြစ်သူ အသက် ၁၃ နှစ်အရွယ် မိန်းကလေးကိုပါ သေနတ်လုယူတာကြောင့် ကျည်ထွက်ပြီး သေဆုံးရပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကာကွယ်ပြောဆိုထားပါတယ်။ 

အခုလို ဒလန်ရှင်းလင်းရေး ၊ သတင်းပေးဆိုတဲ့ခေါင်းစဥ်တွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်မဟုတ်တဲ့ အရပ်သားတွေ အပြစ်မဲ့သူတွေ သေဆုံးရတာတွေက ခုအဖြစ်အပျက်က ပထမဆုံးတော့မဟုတ်ပါဘူး။ မြို့တွေအပါအဝင် အနယ်နယ်အရပ်ရပ်မှာ ဖြစ်ပျက်မှုတွေ ရှိနေတာဖြစ်ပြီး အချို့လည်း သတင်းမီဒီယာပေါ် ရောက်မလာတော့တာ အများအပြားရှိနိုင်ပါတယ်။ စစ်ကိုင်းတိုင်းထဲမှာလည်း ရွာတွေမှာ မြို့တွေမှာ တချို့သော စျေးသည်တွေ စစ်သားနဲ့ ရဲကို စျေးရောင်းမိတဲ့ အဖြစ်ကို သတင်းပေးတယ်လို့ စွပ်စွဲသံသယရှိပြီး လုပ်ကြံပစ်သတ်ကြတာတွေ မကြာခဏ ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။ အချို့ရွာတွေမှာလည်း PDF တွေဘက်က သတင်းပေးဆိုပြီး ပစ်ခတ်သတ်ဖြတ်ခံလိုက်ရတဲ့ မိသားစုဝင်တွေအတွက် အမှန်တရားကို ဖြစ်စေချင်ပေမယ့်လည်း အခြေအနေက လုံခြုံမှုမရှိတဲ့ အနေအထားမှာ ထုတ်ဖေါ်ပြောဆိုမိပြီးနောက် ထပ်ပြီးအန္တရာယ် ကျရောက်နိုင်ခြေကို တွက်ဆပြီး နှုတ်ဆိတ်နေလိုက်ကြရတဲ့ အဖြစ်တွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။ 

သပြေအေးဆရာတော် ခေါ် ဗိုလ်သံမဏိ ခေါင်းဆောင်တာဝန်ယူတဲ့ ယင်းမာပင် PDF က ရွာနီးချင်း က PDF နဲ့ မီးသတ်တပ်ဖွဲ့ဝင် အပါအဝင် ၉ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်လည်း ပြီးခဲ့တဲ့ နှစ်ကုန်မှာ ဖြစ်ပျက်ခဲ့ဖူးပြီး အဆိုပါ ဖြစ်ရပ်နဲ့ပတ်သက်လို့ NUG ရဲ့  စုံစမ်းရေးကော်မတီ ဖွဲ့စည်းစုံစမ်းခဲ့ပေမယ့် အခုချိန်ထိ အရေးယူမှုသော်လည်းကောင်း တွေ့ရှိမှု အချက်အလက်မှန်တွေကို သော်လည်းကောင်း ထုတ်ပြန်နိုင်ခြင်း မရှိသေးတာလည်း သတိပြုမိပါတယ်။ 

ဒီလို လက်နက်ကိုင်ဆောင်ထားပြီး ရံပုံငွေ လိုအပ်လာတဲ့အခါ ငွေကြေး၊ ပစ္စည်း လုယူမှုတွေ၊ မိမိတို့နဲ့ ပုဂ္ဂိုလ်ရေး မကြေလည်မှုရှိတဲ့သူတွေကို သတင်းပေး၊ စစ်ကောင်စီ ထောက်တိုင် စသဖြင့် စွပ်စွဲကာ သတ်ဖြတ်မှုတွေဟာ တော်လှန်ရေးရဲ့ အောင်မြင်မှုကို တိုက်ရိုက် ထိခိုက်စေနိုင်တာ ဖြစ်ပါတယ်။ NUG အနေနဲ့ ဒီအဖွဲ့တွေက သူတို့ လက်အောက်က မဟုတ်ဘူးလို့ ပြောဆိုခဲ့ရင်လည်း မြန်မာ့နွေဦးတော်လှန်ရေးဟာ အဖွဲ့ပေါင်းများစွာ တရွာတပုဒ်ဆန်း လက်နက်ကိုင် တိုက်ခိုက်နေကြတဲ့ အဖြစ်အပျက်လို့ ဆိုလိုက်တာ ဖြစ်ပြီး NUG ရဲ့ ကွပ်ကဲမှု အောက်မှာရှိတယ်လို့ ဆိုခဲ့ရင်လည်း အခုလို အရပ်သား သတ်ဖြတ်မှုတွေအတွက် တာဝန်ရှိလာမှာ ဖြစ်ပါတယ်။ 

လက်နက်ကိုင်တော်လှန်ရေး ဆိုတာဟာ စာပေ အနုပညာလှုပ်ရှားမှု တခုမဟုတ်သလို လူမှုရေး ပရဟိတ လုပ်ဆောင်မှုတခုနဲ့လည်း မတူပါဘူး။ မိမိတို့ မူနဲ့ စံနဲ့လုပ်ကိုင်ကြ၊ မိမိတို့ ယုံကြည်သလို လုပ်ကိုင်ကြ အချိန်ကျရင် တော်လှန်ရေးက အောင်ပွဲရမှာလို့ ရည်ရွယ်ထားတယ်ဆိုရင် အတော့်ကို လွဲမှားတဲ့ နိုင်ငံရေး အယူအဆ ဖြစ်ပါတယ်။ လက်နက်ကိုင် အဖွဲ့အစည်းမဟုတ်တဲ့ နိုင်ငံရေးပါတီ တရပ်မှာတောင် တဦးချင်းလိုက်နာရမယ့် စည်းမျဥ်းစည်းကမ်းတွေ ရှိပြီး လက်နက်ကိုင် အဖွဲ့အနေနဲ့ဆို နိုင်ငံရေးပါတီထက် ပိုပြီး တင်းကျပ်တဲ့ စည်းမျဥ်းစည်းကမ်းတွေ နဲ့ ကြပ်မတ်ဖို့ လိုအပ်တာဖြစ်ပါတယ်။ အဖွဲ့အပေါ် သစ္စာရှိရေးတခုထည်းနဲ့ မပြီးပဲ အရပ်သားတွေအပေါ်မှာ လက်နက်နဲ့ အနိုင်ကျင့်တာ၊ ပစ္စည်း၊ ရံပုံငွေအတွက် လက်နက်ကို အသုံးချတာတွေ မဖြစ်ဖို့ နိုင်ငံရေး ဦးတည်ချက်ပန်းတိုင်ရှိဖို့ ဆိုတာတွေက အရေးကြီးသလို ဘယ်လို စည်းမျဥ်းစည်းကမ်းတွေ ချမှတ်ထားသလဲ၊ ဘယ်လို ထိန်းကွပ်သလဲ၊ အရပ်သားတယောက် သို့မဟုတ် သုံ့ပန်းတယောက်ရဲ့ အသက်ကို သတ်ဖြတ်ဖို့ အပြစ်ပေးလောက်အောင် ဘယ်လောက်ကြီးမားတဲ့ ပြစ်မှုလိုမျိုးကို ကျူးလွန်မှ ဆိုတာမျိုး၊ ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်ကို ဘယ်လို ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့ အတည်ပြုသလဲ ဆိုတာလည်း အရေးကြီးပါတယ်။ စွပ်စွဲချက်နဲ့တင် ကျူးလွန်တယ်ဆိုတာမျိုးတွေ မြို့တွေပေါ်မှာ ဒလန်ရှင်းလင်းရေး ဆိုပြီး အရပ်သားတွေ အရပ်ဘက်ဌာနက အောက်ခြေဝန်ထမ်းတွေကို လုပ်ကြံသတ်ဖြတ်တာမျိုးတွေကလည်း မေးခွန်းတွေ အများကြီးရှိလာနိုင်တာ ဖြစ်ပါတယ်။ သူ့ဒေသအလိုက် သူ့နေရာအလိုက် သူ့အစုအဖွဲ့အလိုက် ပေါ်ထွက်လာကြတဲ့ တချို့နိုင်ငံရေးနဲ့ လက်နက်ကိုင်တွေက LPDF လို့ခွဲခြားခေါ်ဆိုပြီး ဒေသကတော့ PDF လို့ပဲခေါ်ဆိုကြတဲ့ အဖွဲ့တွေ အားလုံးလိုက်နာရမယ့် စည်းမျဥ်းစည်းကမ်းတွေ ချမှတ်ထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ 

အခြားတဖက်မှာလည်း အဲဒီအဖွဲ့တွေကို NUG အနေနဲ့ ငွေကြေးနဲ့ လက်နက် မထောက်ပံ့နိုင်ခဲ့ရင် ပြောဆိုခွင့် ရှိ/ မရှိဆိုတဲ့ ပြဿနာလည်း ရှိနေတာဖြစ်ပါတယ်။ ငွေကြေး တပြားတချပ်မှ မထောက်ပံ့နိုင်ပဲ၊ လက်နက် တလက် ကျည်တထောင့်မှ မထောက်ပံ့နိုင်ဘဲ ဘယ်စည်းမျဥ်းစည်းကမ်း လိုက်နာပါလို့ ဆိုတာ သဘာဝမကျဘူးလို့ ဆင်ခြေပေးကောင်းလည်း ပေးနိုင်ပါတယ်။ သို့ပေမယ့် တကယ် စုစည်းမှုရှိတဲ့ စုပေါင်းအင်အားနဲ့ အောင်မြင်မှုကို ယူမယ်လို့ ရည်မှန်းထားတယ်ဆိုရင်တော့ ဒီနွေဦးတော်လှန်ရေးမှာ ပါဝင်တဲ့ ဘယ်အဖွဲ့မဆို စစ်ရေးစည်းမျဥ်းစည်းကမ်း ဒီမိုကရေစီကို ရည်မှန်းချက်ပန်းတိုင်ထားတဲ့ အတွက်အဲဒါနဲ့ လိုက်လျောလျော်ညီတဲ့ စည်းမျဥ်းစည်းကမ်းတွေက ရှိကို ရှိသင့်ပြီး လိုက်လည်းလိုက်နာမှသာလျင် အောင်မြင်မှု ရနိုင်မှာဖြစ်ပါတယ်။ 

စစ်ရေးလမ်းစဥ် တနည်းအားဖြင့် လက်နက်ကိုင် တိုက်ခိုက်ကြမယ့် နည်းလမ်းကို ရွေးချယ်ခြင်းဟာ နိုင်ငံရေး ရည်မှန်းချက် အတွက်သာဖြစ်တယ်၊ ပုဂ္ဂိုလ်ရေး လက်စားချေလိုမှု၊ “ထောက်တိုင်”ဆိုတဲ့ လက်ဝဲအစွန်းရောက် နိုင်ငံရေးစကားလုံးတွေနဲ့ အယူအဆမတူသူတွေကို ရှင်းလင်းသတ်ဖြတ်တဲ့ လုပ်ရပ်တွေကို မလုပ်ရမယ့် လုပ်ရပ် လုံးဝလက်မခံနိုင်တဲ့ လုပ်ရပ်ဖြစ်တယ်ဆိုတာ ဒီမိုကရေစီကို ရည်မှန်းချက်ပန်းတိုင်ထားတဲ့ နွေဦးတော်လှန်ရေးက သတ်မှတ်ထားပြီး ကျင့်ကြံဖို့လည်း ထိန်းကွပ်ကြရမှာ ဖြစ်ပါတယ်။ 

နို့မဟုတ်ခဲ့ရင်တော့ မြန်မာ့နွေဦးတော်လှန်ရေးရဲ့ ရည်မှန်းချက် ပန်းတိုင်ကို ရောက်ဖို့ဝေးသထက်ဝေးသွားကာ အပြန်ပြန် အလှန်လှန်သတ်ဖြတ် လက်စားချေကြတဲ့ လက်နက်ရှိသူသာ အာဏာနဲ့ ရပ်တည်နိုင်တဲ့ အကွဲကွဲအပြားပြား ကျဆုံးသွားတဲ့ နိုင်ငံတနိုင်ငံအဖြစ်ကို ရောက်သွားနိုင်တဲ့ အန္တရာယ်ရှိနေတာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar