Breaking News

သီအိုဇော် - ရုရှား-မြန်မာ-တရုတ် သုံးပွင့်ဆိုင် အခင်းအကျင်း ( ၃ )



သီအိုဇော် - ရုရှား-မြန်မာ-တရုတ် သုံးပွင့်ဆိုင် အခင်းအကျင်း (၃)

(မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၂၂


‘ရုရှား-မြန်မာ’နဲ့ နှိုင်းယှဥ်ပြောရရင် အစဥ်အဆက် ပိုအရေးပါတဲ့ ‘တရုတ်-မြန်မာ’ နှစ်နိုင်ငံဆက်ဆံရေး အကြောင်းကို ဒီအပိုင်း (၃) မှာ အာရုံစိုက် ရေးသားလိုပါတယ်။ အခုတော့ စစ်ကောင်စီခေါင်းဆောင်ရဲ့   ရုရှားခရီးစဥ်ကနေ ပြောစရာဆိုစရာ ဖြစ်ခဲ့ရတဲ့ ပုံကြီးချဲ့စကားလုံးများ အကြောင်းကို  သာဓကအချို့နဲ့ အကျဥ်းထောက်ပြရင်း ’ရုရှား-မြန်မာ’ကဏ္ဍ တခန်းရပ်လိုက်ပါမယ်။

‘အီရန်’နိုင်ငံလို့ ဆိုလိုက်တာနဲ့ နျူးကလီးယားလက်နက်၊ နျူးကလီးယားနည်းပညာတွေနောက် တစိုက်မတ် မတ်လိုက်ပါ လုပ်ဆောင်နေတဲ့ နိုင်ငံတခုအဖြစ် သတိထားမိကြပါတယ်။ နိုင်ငံတကာအဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ရဲ့ ဖော်ပြချက်အရ အီရန်ရဲ့ တခုတည်းသော အဏုမြူဓာတ်ပေါင်းဖို ‘BUSHEHR’က နိုင်ငံလျှပ်စစ်ဓာတ်အား လိုအပ်ချက်ရဲ့ ၁.၈၄ ရာခိုင်နှုန်း - ၂၀၁၉ သာ ထုတ်လုပ်ပေးနိုင်တာကို တွေ့ရှိရပါတယ်။

 ‘Carnegie Endowment for International Peace’ ရဲ့ အချက်အလက်တွေအရဆိုရင် ဒီ‘BUSHEHR’ ပရောဂျက်ကို ဆယ်စုနှစ် ၄ ခုနီးပါး ကြိုးစားခဲ့ရတာဖြစ်ပြီး အခုကာလတန်ဖိုးနဲ့ ဒေါ်လာ ၁၀ ဘီလီယံလောက် အကုန်အကျခံခဲ့ရတယ်လို့ သိရပါတယ်။ ၁၉၅၀ ပြည့်လွန်နှစ်များကတည်းက စတင်ခဲ့တဲ့  နျူးကလီးယားစီမံကိန်းဟာ စုစုပေါင်း ဒေါ်လာ ၁၀၀ ဘီလီယံ ခန့် သုံးစွဲခဲ့ရပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါဆိုရင် ဒီကနေ့မှာ အရေးတယူပြုနေရတဲ့ အီရန်ရဲ့ နျူးကလီးယား ခရီးရှည်ကို ပိုမြင်သာပြီး အချိန်၊ ငွေကြေး ဘယ်‌ရွေ့ဘယ်မျှ ရင်းနှီးမြှုပ်နှံခဲ့ရတယ်ဆိုတာ သိသာပါတယ်။ ဒါကြောင့် ငွေကြေးမရှိ အချိန်လည်း မကျန်တော့တဲ့ စစ်ကောင်စီရဲ့ နျူးကလီးယားလက်နက်အိပ်မက် ဆိုတာကတော့ ဖြစ်နိုင်ခြေ မရှိသလောက်ပဲလို့သာ ဆိုရပါမယ်။

စွမ်းအင်အတွက် အဏုမြူဓာတ်ပေါင်းဖို ရည်ရွယ်တည်ဆောက်ခဲ့ရင်တောင်မှ စွန့်ပစ်ရေဒီယိုဓာတ်ကြွပစ္စည်း အရေးကိစ္စ ဘယ်လိုဖြေရှင်းကြမလဲ ဆိုတာက အငြင်းပွားရလေ့ ရှိကြတာပါ။ ဘယ်ပြည်နယ် တိုင်းတွေ၊ ဘယ် တိုင်းရင်းသားပြည်သူတွေက လိုလိုလားလား လက်ခံပေးကြမှာလဲ ဆိုတာကအစ အသေးစိတ် စဥ်းစားရမယ့် ကိစ္စ ဖြစ်ပါတယ်။

တဆက်တည်း စစ်ကောင်စီ‌ခေါင်းဆောင်ရဲ့ ရုရှားအစိုးရပိုင် ‘RIA Novosti’ သတင်းအေဂျင်စီ အင်တာဗျူးမှာ ဖြေသွားတဲ့ ရုရှား စစ်အခြေစိုက်စခန်း ကိစ္စကိုလည်း ရှင်းလင်းလိုပါတယ်။ ယူကရိန်းကျူးကျော်စစ် မတိုင်မီ အနေအထားနဲ့တောင် စစ်အခြေစိုက်စခန်းအဆင့် ထားရှိနိုင်တာက ယခင်ဆိုဗီယက်ယူနီယံဟောင်း အဝန်းအဝိုင်းက နိုင်ငံအချို့မှာသာ ဖြစ်ပါတယ်။ အဲဒါတွေကလွဲရင် ဆီးရီးယား တနိုင်ငံမှာပဲ စစ်အခြေစိုက်စခန်း ရှိတာပါ။ တချို့နိုင်ငံတွေ ခွင့်ပြုထားတဲ့ ပြင်ဆင်ဖို့၊ ဆီဖြည့်ဖို့ ဆိပ်ကမ်းအသုံးပြုခွင့်ရတာမျိုးကို ဒီစာရင်းထဲ ထည့်လို့ မရနိုင်ပါဘူး။ 

နိုင်ငံတကာအဆင့် ဗျူဟာမြောက် စစ်အခြေစိုက်စခန်းတွေဟာ အကုန်အကျ များလှပါတယ်၊ ခြင်းကြားထဲ ခေါက်ဆွဲခြောက် ထည့်ပေးလိုက်ရုံနဲ့ မရတဲ့အတွက် အခုလို ယူကရိန်းတဝိုက် ငွေကုန်စစ်ပန်းနေချိန်မျိုးမှာ မြန်မာနိုင်ငံပိုင်နက်အတွင်း စစ်အခြေစိုက် စခန်းလာရောက် ထားရှိဖို့ဆိုတာက စိတ်ကူးယဥ်ဆန်လွန်းတယ်လို့ပဲ ဆိုရမှာပါ။ တရုတ်နိုင်ငံအနေနဲ့ကရော သူ့ဩဇာ ဖြန့်ကြက်ထားရာ ဒေသတဝိုက်မှာ လွယ်လွယ်ကူကူ ဝင်ရောက်နေရာယူခွင့် ပေးပါ့မလား ဆိုတာကလည်း မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။

နောက်ထပ်တစ်ချက် ရှိပါသေးတယ်။ ပြည်သူတွေ လက်မခံတဲ့ကြားက စစ်ကောင်စီ ကုပ်ကပ်တွယ်ဖက်နေတဲ့ ၂၀၀၈ ခြေ/ဥရဲ့ အခန်း (၁) နိုင်ငံတော် အခြေခံမူများ ပုဒ်မ (၄၂)၊ ပုဒ်မခွဲ(ခ)အရ ဆိုရင်တောင်မှ နိုင်ငံခြားတပ်ဖွဲ့များ ခြေချလို့ မရပါဘူး။ ဒီအချက်တွေကိုကြည့်ရင် ‘နျူးကလီးယားတို့၊ စစ်အခြေစိုက်စခန်း’တို့ ဆိုတာတွေဟာ ရေးရေးရာရာမရှိတဲ့ ခေါင်းကြီးသတင်းဖြစ်လိုရုံ ’ဂျင်း’စကားလုံးကြီးကြီးတွေပဲလို့ ဆိုနိုင်ပါတယ်။ လောလောလတ်လတ် ဖြစ်လာနိုင်ခြေရှိတဲ့ ကိစ္စတွေကတော့ ရုရှား-မြန်မာ ကုန်သည်ကြီးများအသင်း အဆင့်သာသာနဲ့တောင်  အလုပ်ဖြစ်မယ့် ကုန်ရောင်းကုန်ဝယ် ဆက်သွယ်မှုတွေပဲ ဖြစ်လိမ့်မယ်လို့ ဖိပြောလိုက်ချင်ပါတယ်။

တရုတ်-မြန်မာ ဆက်ဆံရေး အကြောင်းလို့ဆိုလိုက်တာနဲ့ ရေးရိုးရေးစဥ်ဆိုရင်  ‘ပျူ’ခေတ်တို့ ၊ ‘တန်’မင်းဆက် (Tang Dynasty)တို့က အတိတ်ဇာတ်ကြောင်းတွေကစလို့  နောက်ကြောင်းပြန် ဖွဲ့နွဲ့ရေးတတ်ကြပါတယ်။တ ကယ်တော့ ဒါတွေဟာ မျက်မှောက်ကာလ ဆက်ဆံရေးကို ဘယ်လိုမှ အကျိုးသက်ရောက်မှု မရှိတဲ့နောက် ရာဇဝင်ထဲမှာပဲ ထားခဲ့လိုက်ချင်ပါတယ်။ ယုတ်စွအဆုံး (၉) ကြိမ်မြောက် စံချိန်တင်ရောက်ရှိခဲ့တဲ့  တရုတ်ဝန်ကြီးချုပ် ‘ချူအင်လိုင်း’ရဲ့ ချစ်ကြည်ရေးခရီးစဥ်များ အကြောင်းကိုလည်း ရာဇဝင်ထဲမှာပဲ ချန်ထားရစ်လိုက်ပါဦးမယ်။ 

ဒါပေမဲ့ ’ကလိ’ချင်စိတ်ကို ထိန်းမရအောင် ဖြစ်စေတဲ့ ‘ချူအင်လိုင်း’ရဲ့ နိုင်ငံခြားရေးဝန်ကြီး  ‘မာရှယ်ချန်းယိ’ (Marshal Chen Yi) ချစ်ကြည်ရေး အထိမ်းအမှတ် ချီးမြှင့်ခံခဲ့ရတဲ့ ‘အဂ္ဂမဟာသရေစည်သူ’ဘွဲ့အကြောင်းကို တော့ ထည့်ရေးချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ နှစ်ဆန်း ၁ ရက်နေ့က စစ်ကောင်စီ‌ခေါင်းဆောင် သူ့ကိုယ်သူပြန်ပေးလိုက်တဲ့ ‘သတိုးမဟာသရေစည်သူ’ဘွဲ့က’ ကွန်မြူနစ်စစ်ဗိုလ်ချုပ်ကြီး ပေးအပ်ခံရတဲ့ ဘွဲ့ထက် တဆင့်နိမ့်နေလို့ ဖြစ်ပါတယ်။ ကိုယ့်ဘာသာကိုယ် ပြန်ပေးတဲ့ဘွဲ့ကိုတောင် အဆင့်နှိမ့်ချထားရလောက်အောင် မဝံ့မရဲစိတ်များ ရှိနေသလား ဆိုပြီးတော့ပါ။ တခြား အကြောင်းများကြောင့်လည်း ဖြစ်နိုင်ပါတယ်။

အရှေ့မြောက်ဆီက လေနီကြမ်းလား၊ လေ‌ပြည်ညင်းလား

‌ခေါင်းစဥ်အဖြစ်သာ ပေးလိုက်ရပါတယ်။ အများသိအဖြေက အထင်းသား ပေါ်နေသလိုပါပဲ။ ဒါပေမဲ့ နိုင်ငံရေးမှာ တရက်၊ တပတ်ဆိုတာ အလွန်ရှည်လျားတာဖြစ်လို့ ထင်မှတ်ထားသလို မဟုတ်ဘဲ၊ တွက်ဆမထားတာတွေလည်း မျက်စိတမှိတ် လျှပ်တပြက် အတွင်းမှာ ဖြစ်သွားတတ်ပါတယ်။

နွေဦးတော်လှန်ရေးကို ဘယ်သို့ဘယ်ပုံ တရုတ်တို့ဘက်က စဥ်းစားချင့်ချိန်နေကြသလဲ ဆိုတာက အရေးကြီး တဲ့ စူးစမ်းမှုဖြစ်သလို အမေး လွယ်သလောက် အဖြေရခက်တဲ့ အကြောင်းအရာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ‘စမှတ်’ တခုအနေနဲ့ တရုတ်အစိုးရနဲ့ NLD အစိုးရကြား ဆက်ဆံမှုများကနေ ပြန်လေ့လာကြည့်လိုပါတယ်။

NLD အစိုးရသစ်လက်ထက် ၂၀၁၆ခုနှစ် ဧပြီလ ၅ ရက်နေ့မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး’ဝမ်ယိ’ဟာ ဒေါ်အောင်ဆန်းစုကြည်က ပထမဦးဆုံး လက်ခံတွေ့ဆုံခဲ့တဲ့ အစိုးရဧည့်သည်တော်တဦး ဖြစ်ခဲ့ပါတယ်။ မည်သည့်နိုင်ငံမှာမဆို အာဏာရအစိုးရသစ် လက်ထက် ဘယ်နိုင်ငံအစိုးရအဖွဲ့နဲ့ ပထမဦးဆုံးတွေ့မယ်၊ ဘယ်နိုင်ငံကို အစိုးရဧည့်သည်အနေနဲ့ ပထမဦးဆုံး သွားရောက်လည်ပတ်မယ် ဆိုတာတွေဟာ နည်းဗျူဟာကျကျ စီစဥ်ရေးဆွဲထားကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း အာဆီယံနိုင်ငံများပြင်ပ ပထမဆုံး ခရီးစဥ်အဖြစ် တရုတ်နိုင်ငံကိုပဲ ရွေးချယ်ခဲ့ကာ ၂၀၁၆ ခုနှစ် ဩဂုတ် ၁၇ ရက်နေ့က သွားရောက်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ် မေလနဲ့ ၂၀၁၉ ခုနှစ် ဧပြီလတို့မှာလည်း ‘BRI’ ဖိုရမ်တွေ တရုတ်နိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။ NLD အစိုးရမဖြစ်မီ ၂၀၁၅ခုနှစ် ဇွန်လက တရုတ်နိုင်ငံ ခရီးစဥ်ကိုပါ ထည့်တွက်ရင် နှစ် အနည်းငယ်အတွင်းမှာ တရုတ်နိုင်ငံကို ဒေါ်အောင်ဆန်းစုကြည် စုစုပေါင်း ၄  ကြိမ် ရောက်ရှိခဲ့ပါတယ်။ ဒါဟာ သူမရဲ့ အိမ်နီးချင်းတရုတ်နိုင်ငံနဲ့ ဆက်ဆံရေးအပေါ်  အလေးအနက်ထားမှုကို ပြသခဲ့ခြင်းလည်း ဖြစ်ပါတယ်။ သမ္မတကြီး ဦးထင်ကျော်ကလည်း ၂၀၁၇ခုနှစ် ဧပြီလ (၆-၁၁) ရက်နေ့များမှာ နိုင်ငံတော်ခရီးစဥ်အဖြစ် တရုတ် နိုင်ငံကို သွားရောက်ခဲ့ဖူးပါတယ်။

ဒါ့အပြင် ၂၀၁၉ခုနှစ်နဲ့  ၂၀၂၀ခုနှစ် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွေကို ပြန်လှည့်ကြည့်ရင် အနောက်အုပ်စုနိုင်ငံတွေက  ‘ရှင်းဂျန်’ဒေသရှိ ‘ဝီဂါ’လူမျိုးများ အရေးကိစ္စနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံအပေါ် ‌ဝေဖန်ရှုတ်ချတဲ့  အဆိုတင်သွင်းရာမှာလည်း NLD အစိုးရက တရုတ်ဘက်ကသာ ထောက်ခံပေးခဲ့တာပါ။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ (၁၇-၁၈) ရက်နေ့က တရုတ်နိုင်ငံသမ္မတ’ရှီကျင့်ဖျင်’ လာရောက်စဥ်ကလည်း မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံမှ ခွဲထွက်မရတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ ‘တိုင်ဝမ်’ ’တိဗက်’ရှင်းဂျန်’ အရေးကိစ္စတွေကို ဖြေရှင်းဖို့ တရုတ်နိုင်ငံရဲ့ ကြိုးပမ်းမှုကို ထောက်ခံတယ်ဆိုပြီး သတင်းထုတ်ပြန်ပေးခဲ့ပါတယ်။

အထက်ကဖော်ပြခဲ့တဲ့ အချက်တွေကိုကြည့်ရင် တရုတ်ဘက်က အလွန်အရေးထားတဲ့ ထိလွယ်ရှလွယ် ကိစ္စတွေမှာ အနောက်အုပ်စုဘက် ယိမ်းမယ်လို့ တွက်ဆထားတဲ့၊ ပထဝီဝင်အနေအထားအရ  အချက်အချာကျတဲ့ အိမ်နီးချင်းအစိုးရရဲ့ လိမ္မာပါးနပ်စွာ တွက်ချက်ချဥ်းကပ်မှုဟာ တရုတ်နိုင်ငံအတွက်တော့ ကျေနပ်စရာလို့ပဲ မှတ်ချက်ပြုနိုင်မယ် ထင်ပါတယ်။

တဘက်ကပြန်ကြည့်ရင်လည်း နှစ်နိုင်ငံကြား ပြန်လည်ပြင်ဆင်ခဲ့ရတဲ့ စီမံကိန်းများ၊ ဆက်လက်ရပ်ဆိုင်းထား ရတဲ့ စီမံကိန်းများ ရှိပါတယ်။ နိုင်ငံတကာကန်ထရိုက် သဘောတူစာချုပ်တွေရဲ့ သဘောသဘာဝအရ ရပိုင်ခွင့်၊ အကျိုးစီးပွားကာကွယ်ပေးမှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ စံနှုန်းစံထားများ၊ လိုက်နာသင့်တဲ့ နိုင်ငံတကာ ကန်ထရိုက်စည်းမျဥ်းဥပဒေများနဲ့ လိုက်လျောညီထွေစွာ ထောက်ပြ ညှိနှိုင်းပြင်ဆင်မှုများ ပြုလုပ်ရတဲ့အခါမျိုးလည်း ရှိပါတယ်။ စိတ်ကသိကအောက်ဖြစ်စရာလို့ သဘောထားနိုင်ပေမယ့် ကမ္ဘာအနှံ့ ပရောဂျက်မျိုးစုံ လုပ်နေတဲ့ တရုတ်နိုင်ငံအတွက် အထူးအဆန်းလို့တော့ မဆိုနိုင်ပါဘူး၊ နိုင်ငံတကာ သဘောတူစာချုပ်တွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရေးကိစ္စများအဖြစ် သဘောထားလို့ရပါတယ်။

ဥပမာတခုအနေနဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း သဘောတူညီချက် ပြင်ဆင်မှုကို ကြည့်လိုပါတယ်။ NLD အစိုးရလက်ထက်မှာ စီမံကိန်းပထမအဆင့်ကို ဒေါ်လာ ၇.၃ ဘီလီယံ ပရောဂျက်ကနေ ဒေါ်လာ ၁.၃ ဘီလီယံသာ အသုံးပြုဖို့ ပြန်ညှိကြတာဟာ တရုတ်တို့ဘက်က စီမံကိန်းအရွယ်အစား သေးငယ်ပေးလိုက်ဖို့ အတွက် ညှိနှိုင်းကြခြင်း ဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံမှု အချိုးအစားကို (၈၅း၁၅) ရာခိုင်နှုန်းကနေ (၇၀း၃၀) ရာခိုင်နှုန်း ပြောင်းသွားတာလည်း မြန်မာနိုင်ငံဘက်က ရှယ်ယာပိုထည့်လိုက်တဲ့သဘောပါပဲ၊ မြန်မာဘက်က နောက်ထပ် ၁၅ ရာခိုင်နှုန်း ထပ်ပြီး ရင်းနှီးမြှုပ်နှံကျခံမယ် ဆိုတာမျိုးပါ။ မြန်မာနိုင်ငံအတွက် အနှောင်အဖွဲ့ ဝန်ထုပ်ဝန်ပိုးများ လျော့ကျပြီး ရည်ရှည် ရလဒ်ကောင်းမွန်စေတဲ့ ပြင်ဆင်မှု ၂ ခု ဖြစ်ပါတယ်။ တရုတ်ဘက်ကတော့ မူလကန်ထရိုက်စာချုပ်ကို ပိုသဘော‌တွေ့မှာ ဖြစ်ပေမယ့် အခုလို ပြောင်းလဲပေးလိုက်ရတာဟာ ဈေးနှုန်းလျှော့၊ အိတ်ကပ်ထဲက စိုက်ထုတ်ပေးလိုက်ရတာမျိုးလည်း မဟုတ်လေတော့ လက်သင့်ခံလို့ရတဲ့ အနေအထားပါ။

နောက်တချက်က ဒေါ်လာသန်းရာဂဏန်းတို့၊ ဘီလီယံတို့ဆိုတာ မြန်မာနိုင်ငံအနေနဲ့ကြည့်ရင် မနည်းလှပေမယ့်၊ ဒီစီမံကိန်းကို ဆောင်ရွက်တဲ့ တရုတ်နိုင်ငံက China International Trust and Investment Corporation (CITIC) အတွက် ရှူသာရှိုက်သာရှိတဲ့ ကိန်းဂဏန်းတွေလို့ ဆိုရပါမယ်။ မိခင် CITIC  စီးပွားရေးလုပ်ငန်းစုကြီးဟာ အများစုအစိုးရပိုင်ဖြစ်ပြီး လုပ်ငန်းခွဲများစွာရှိပါတယ်။ ကုမ္ပဏီတန်ဖိုးကို နှိုင်းယှဥ်‌ဖော်ပြရရင်   ‘စင်ကာပူ၊ မလေးရှား၊ ဟောင်ကောင်၊ ဗီယက်နမ်’ တို့အားလုံးရဲ့  ၂၀၂၀ ပြည့်နှစ် ဂျီဒီပီစုစုပေါင်းခန့် ရှိပါတယ်။ BRI အတွက် အရေးပါတဲ့ စီမံကိန်းတွေ ရပ်တန့်မသွားဖို့ထက် အရေးကြီးတာ ဘာမှမရှိလို့၊ လိုအပ်တဲ့ညှိနှိုင်းမှုတွေကို အကျိုးအမြတ် လျော့နည်းသွားနိုင်သည့်တိုင် လိုက်လျောပေးနိုင်စွမ်း ရှိကြပါတယ်။

ဒါ့ကြောင့်လည်း သမ္မတ’ရှီကျင့်ဖျင်’ရဲ့ ခရီးစဥ်အတွင်းမှာ ‘ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်းဆိုင်ရာ သဘောတူစာချုပ်နဲ့ အစုရှယ်ယာများနှင့် သက်ဆိုင်သော သဘောတူစာချုပ်’ကို လက်မှတ် ရေးထိုးနိုင်ခဲ့ကြပါတယ်။ သဘောတူညီချက်၊ နားလည်မှုစာချွန်လွှာနဲ့စာလွှာ စုစုပေါင်း ၃၃ ခုကိုလည်း လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြပါတယ်။

သမ္မတ’ရှီကျင့်ဖျင်’ရဲ့ ဒီခရီးစဥ်ဟာ ၂၀၀၁ ခုနှစ်တုန်းက သမ္မတ’ကျန်ဇီမင်း’ ခရီးစဥ်နောက်ပိုင်း ၁၉ နှစ်အကြာမှာ တရုတ်နိုင်ငံသမ္မတအနေနဲ့ ပထမဆုံးလာရောက်ခြင်းလို့ ပြောရမှာဖြစ်ပါတယ်။ စစ်တပိုင်းအစိုးရလက်ထက်မှာ သမ္မတခရီးစဥ် ဖြစ်ပေါ်မလာဘဲ NLD အစိုးရလက်ထက်မှာ လာရောက်ခဲ့တာဟာလည်း ထူးခြားမှုတခုပါ။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပြယုဂ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သဘောတူညီ လုပ်ဆောင်ခွင့်ရရှိမှုများ၊ ယှဥ်တွဲဖော်ပြခံရမှုများက တရုတ်နိုင်ငံရဲ့ ပုံရိပ်ကို အပေါင်းလက္ခဏာဆောင်စေတယ် ဆိုတာကို နိုင်ငံတကာက လျှော့မတွက်ကြတော့တဲ့ အိမ်နီးချင်းနိုင်ငံကြီးရဲ့  ခေါင်းဆောင်များက သဘောပေါက်ခဲ့ကြပါတယ်။

၃ နှစ်တာကာလအတွင်း ယခုကာလတန်ဖိုး ဒေါ်လာ ၅၇၀ သန်းခန့်ရှိနိုင်တဲ့ ယွမ် ၄ ဘီလီယံကို ဖွံ့ဖြိုးတိုးတက်ရေး အကူအညီ အဖြစ်ပေးမယ်ဆိုတဲ့ ကြေညာချက်ပါဝင်တဲ့ ဒီခရီးစဥ်ဟာ နှစ်နိုင်ငံကြား အတိုင်းအတာတခုအထိ ကောင်းမွန်တဲ့ ဆက်ဆံရေး လမ်းကြောင်းပေါ်မှာ ရှိခဲ့တယ်ဆိုရင် ငြင်းပယ်ဖို့ ခက်ပါလိမ့်မယ်။

အခုကာလမှာတော့ အပြောင်းအလဲတွေကို တွေ့မြင်နေရပါတယ်။ အာဏာသိမ်းခံရပြီးနောက်ပိုင်း တစထက် တစ အေးခဲလာတဲ့ ဆက်ဆံရေးဟာ လေနီကြမ်းဆင်‌တော့မယ့် အရိပ်အယောင်လား၊ စပြီးတိုက်ခတ်နေပြီလား၊  မှန်းဆရခက်တဲ့ အနေအထားကို တဖြည်းဖြည်း ရောက်ရှိလာခဲ့ပါပြီ။ သဘာဝ လေနီကြမ်း မဟုတ်တဲ့အတွက် ထိန်းကျောင်းပေးတဲ့သူတွေ ရှိပါလိမ့်မယ်။ လေနီကြမ်းကို ဘယ်သူတွေ ဘယ်လို ထိန်းကျောင်းနေကြပါသလဲ၊ ဒါဟာ တကယ့်လေနီကြမ်းအစစ်လား၊ လေပြည်လေးညင်းလေးရော ရောယှက်ပါလာလေဦးမလား။

(ဆက်လက်ဖော်ပြပါဦးမည်)

သီအိုဇော်

 



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar