Breaking News

မိုက်ခဲစိန် - ဘာနီဆန်းဒါးက ဆိုရှယ်လစ်မို့ ဆန့်ကျင်ကြ ဆိုသတဲ့လား


မိုက်ခဲစိန် - ဘာနီဆန်းဒါးက ဆိုရှယ်လစ်မို့ ဆန့်ကျင်ကြ ဆိုသတဲ့လား

(မိုးမခ) ဖေဖော်ဝါရီ ၂၅၊ ၂၀၂၀

၂၀၂၀ အမေရိကန်သမ္မတ အကြိုရွေးကောက်ပွဲဆိုတာ နယ်လှည့်ပြီး ဘောလုံးကန်တဲ့ ဖလားလုပွဲ ကြည့်နေရသလိုပဲ။ ဟော ဟိုမှာ ကန်ကြပြီ၊ ပရိသတ်အချင်းချင်း ချကုန်ကြပြန်ပြီ။ ဟိုအသင်းနဲ့ သည်အသင်း ဆဲကြဆိုကြ ရှုံးလို့ ရှုံးမဲမဲကြ။ ဂျာနယ်တွေ တီဗီတွေမှာ လက်မှတ်ရောင်းကောင်းအောင် ဗျူးကြ ဗြဲကြ။ ဘုရားပွဲစျေးက ကြည့်ချင်ပွဲတွေလိုပဲ ပရိသတ်အတွက် ရသာစုံပေးတယ်။ ရွေးကောက်ပွဲဆိုတာက သမ္မတလောင်းကော မဲဆန္ဒရှင်ကော တက်ကြွစွာ ပါဝင်လို့ရတဲ့ ဖျော်ဖြေပွဲကြီး တခုလိုပဲပေါ့။

သည်နေရာမှာ ထူးခြားတာကတော့ အသက် ၇၉နှစ် အရွယ် အဖိုးကြီးတယောက် ဒီမိုကရက်သမ္မတလောင်းပြိုင်ပွဲမှာ ရှေ့ဆုံးက ပြေးနေတာ။ ဘာနီဆန်းဒါး တဲ့။ ခေါင်းဖြူ ခါးကိုင်း ဆံပင်ပါး ပြူးကြောင်ကြောင်နဲ့ အဘိုးကြီး။ ဘဘဦးဝင်းတင်ကိုတောင် သတိရမိသေးတော့။

၂၀၁၆ တုန်းက ဒီမိုကရက်သမ္မတလောင်းဝင်ပြိုင်တယ်။ ဟီလာရီကလင်တန်ကို ရှုံးသွားလို့ နောက်ဆုတ်လိုက်ရတယ်။ ဟီလာရီကလင်တန်က ထရန့်နဲ့ အမေရိကန်သမ္မတဝင်ပြိုင်တယ်။ ဟီလာရီရှုံး ထရန့်အနိုင်။ အခု ၂၀၂၀ မှာ အဘိုးကြီး ဘာနီ ဒီမိုကရက်သမ္မတလောင်း ဝင်ပြိုင်ပြန်ပြီ။ မလျော့ရေးချ မလျော့ထဲကပဲ။

သူ့ကို ၂၀၁၆ ကတည်းက လူကြိုက်များတယ်။ သူ့ပရိသတ်က ၂၁ရာစုသစ်မျိူးဆက်၊ ဂျင်း ဝိုင်၊ ဂျင်း ဇက်တွေ။ အသက် ၄၀ အောက်တွေ ဆိုကြပါစို့။ ကျောင်းသားတွေ လူငယ်တွေ လူရွယ်တွေ အကြိုက်။ ဘာကြောင့်ကြိုက်ကြသလဲဆိုတော့ အဘိုးကြီးဘာနီရဲ့ ကြွေးကြော်သံတွေ သူရဲ့သမိုင်းဖြတ်သန်းပုံတွေကို မျိုးဆက်သစ်တွေက အသည်းခိုက်ကြလို့။ ဒီအဘိုးကြီးက ငါတို့ဘော်ဒါပဲ။ ငါတို့လို မျိုးဆက်သစ်တွေပဲလို့ သူတို့တွေက ခံစားမိကြလို့ ဖြစ်တယ်။

သူ့ပေါ်လစီနဲ့ ဖြတ်သန်းမှုတွေက ဘာတွေမို့လဲ။ ၁၉၄၁ မှာ မွေးတယ်။ သည်တော့ သူက ဘေဘီဘွန်မားတဦးပေါ့။ သို့သော် သူက အရင်းရှင်ဆန့်ကျင်ရေး နိုင်ငံသားအခွင့်အရေးလှုပ်ရှားမှု ၁၉၆၀ နှောင်းပိုင်း Civil rights movement ကနေ မွေးဖွားကြီးပြင်း ဖြတ်သန်းပြီး အဲသည်ရဲ့ လက်ဝဲသန်သော လှုပ်ရှားမှုအလံတော်ကို ဆက်လက်ကိုင်စွဲပြီး ရှင်သန်တာ အခု အသက် ၈၀ နားနီးပြီ ဘယ်တော့မှ နောက်မဆုတ်ခဲ့လို့ပါပဲ။

သူက အရင်းရှင်တွေရဲ့ လက်ဝါးကြီးအုပ် အမြတ်ကြီးစားမှုကို ဆန့်ကျင်တယ်၊ ဘဏ်တွေ ကော်ပိုရိတ်ကြီးတွေ၊ အခွန်စနစ်တွေ၊ စွမ်းအင်ကုမ္မဏီ၊ ကျန်းမာရေးအာမခံလုပ်ငန်း၊ အကျဉ်းထောင်စနစ်၊ စတဲ့ အဲသည်စနစ်တွေထဲက နိုင်ရာစား လူလည်ကျတဲ့ အကျင့်ပျက်ခြစားမှုတွေကို နိုင်ငံရေးလုပ်စားမှုတွေကို ဆန့်ကျင်တယ်။ စစ်ကိုလည်း ဆန့်ကျင်တယ်။ ဒီအရင်းရှင်ကြီးတွေကို ဦးစားပေးတဲ့ လက်ယာအစွန်းရောက်ချယ်လှယ်မှုတွေကနေ လူထုလူတန်းစားအားလုံးအတွက် စာနာကြည့်ရှုစောင့်ရှောက်တဲ့ အစိုးရ လူမှုစနစ်တရပ်အဖြစ် ပြုပြင်ပြောင်းလဲရေးကို တိုက်ပွဲဝင်တယ်။ သူ့တသက်ပဲ ဆိုကြပါစို့။ သည်တော့ သူ့ကို အမေရိကန် လက်ယာစွဲတွေက သမုတ်ကြ၊ အမည်မည်းတွေ ပေးပြီး စွပ်စွဲကြတယ်။ ဘာနီဆန်းဒါးဟာ ဆိုရှယ်လစ်တယောက်ပဲ။ တိုင်းပြည်ကို ကွန်မြူနစ်ဇာတ်သွင်းမယ့် ကြောက်စရာ အကောင်ကြီးတဲ့။ ဘာနီကို ဆန့်ကျင်ကြ ဆိုသတဲ့လား။

ဘာနီကို ဆန့်ကျင်ကြလို့သာဆိုတယ်။ သူက အသက် ၄၀ကတည်းက သူ့ပြည်နယ်က မြို့တခုမှာ မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တာ ၁၉၈၁ ကနေ ၁၉၉၀ ခုနှစ်အထိ။ ပြီးတော့ အောက်လွှတ်တော်အမတ်အဖြစ် သူ့ပြည်နယ် ဗားမောင့်ကို ကိုယ်စားပြုခဲ့တာ ၁၉၉၁ ကနေ နောက် ၁၆နှစ် တိုင်တိုင်။ ပြီးတော့ ၂၀၀၇ မှာ ပြည်နယ်ကိုယ်စားပြု အထက်လွှတ်တော်အမတ်ဖြစ်လာတာ ခုထိပဲ။ သူ့ကို သူ့ပြည်နယ်က ထောက်ခံတယ်။ ပြီးတော့ သူက တသက်လုံး တသီးပုဂ္ဂလအမတ်။ သမ္မတဝင်ပြိုင်လို့သာ ဒီမိုကရက်ကို ကိုယ်စားပြုတယ်လို့ ခံယူတာ။

သူ့အကြောင်းကို တီဗီဟာသအစီအစဉ်မှာ တင်ပြချက်က သင်းတယ်။ ငယ်ငယ်တုန်းက အက်တီဗစ်၊ အရင်းရှင်ကြီးတွေ ဆန့်ကျင်ရေး၊ ကြီးလာတော့ သူက သတင်းသမား။ ဟောပြောတော့လည်း သည်ဆန့်ကျင်ရေးပဲ။ နောက် အမတ်ဖြစ်တော့လည်း သည်စကားတွေပဲ တောက်လျောက်ပြောတာ၊ ရပ်တည်တာ။ အီရတ်စစ်ဆန့်ကျင်ရေးလည်း သူပဲ တဦးတည်းရပ်တာ။ လူမွဲတွေ၊ ကျောင်းသားတွေဘက်ကကာကွယ်ပေးဖို့ ဥပဒေတွေ အဆိုတွေလည်း သူချည်းပဲ တင်ခဲ့တာ။ တသက်လုံး ဒါတွေပဲ ပြောဟောခဲ့တာဆိုတော့ ဒီအဘိုးကြီးက စိတ်ကော မှန်သေးရဲ့လားတဲ့။ ဟာသလုပ်ကြတယ်။ လူတွေဆိုတာ အမြဲတန်း ဟိုဘက် ဒီဘက် စိတ်ပြောင်း ဘက်ပြောင်းနေကျဆိုတော့ ဒီလူကြီးက ငယ်ကတည်းက ခုထိကို အရင်းရှင်ကြီးတွေ ဆန့်ကျင်ကြပဲ တရေးနိုးလည်း ထပြောနေဦးမှာပဲဆိုပြီး ပြက်လုံးထုတ်ကြပါတယ်။

ဒီလိုမျိူး သူ့ကို ဟားတော့ သူက ပြန်ချေပတယ်။ ငါ့ကို မင်းတို့က ဆိုရှယ်လစ်လေး ကွန်မြူနစ်လေး ပြောကြတယ်။ ၂၀၁၆တုန်းက ငါပြောတော့ မင်းတို့က ဆန့်ကျင်တယ်။ အခု ၂၀၂၀ မှာ လူတိုင်းက ထောက်ခံနေကြပြီ။ လူတိုင်းမှာ ကျန်းမာရေး အာမခံချက် ရှိရမယ် တဲ့။ လူတိုင်း အနည်းဆုံးဝင်ငွေ တနာရီ ၁၅ ကျပ် ရှိရမယ် တဲ့။ လူချမ်းသာတွေကိုပဲ ဘက်လိုက်နေတဲ့ အခွန်စနစ် ပြင်ကြရမယ်တဲ့။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ရှေ့တန်း တင်ရမယ် တဲ့။ အကြွေးတင် ကျွန်ဖြစ်တဲ့ ပညာရေးစာရိတ်တွေကို ပြုပြင်ရမယ် တဲ့။ အခု ဒါတွေက ငါပြောတာ မဟုတ်တော့ဘူး။ လူတိုင်း လူငယ်တိုင်းက ပြောနေ တောင်းဆိုနေတာ ဖြစ်နေပြီ။ ဒါဟာ ဘယ်သူက ပိုမှန်သလဲဆိုတာ ပြတဲ့ သက်သေပဲတဲ့။ သည်တော့ အဲသည်လှိုင်းလုံးတွေ တောင်းဆိုမှုတွေ ခေတ်ပြောင်းဖို့ အသံတွေကို ဆိုရှယ်လစ်တွေ ကွန်မြူနစ်တွေလို့ တံဆိပ်ကပ်ကြဦးမှာလား တဲ့။ အဘိုးကြီးက ပြုံးပြုံးကြီး တုန့်ပြန်ပါတယ်။

အခု ဒီမိုကရက်တွေရဲ့ သမ္မတအကြိုရွေးကောက်ပွဲတွေကို ပြည်နယ်အလိုက် ကျင်းပနေကြပြီ။ အိုင်အိုဝါမှာ သူ ဒုတိယလိုက်တယ်။ နယူးဟန်းရှိုင်းမှာ ဗိုလ်စွဲတယ်။ နဗားဒါးမှာ ဗိုလ်စွဲပြန်တယ်။ ဒီမိုကရက်တွေထဲက လူဟောင်း ဂျွတ်တက်တွေက ထိတ်လန့်သွားကြတယ်။ ရီပတ်ဘလစ်ကန်တွေကလည်း အဘိုးကြီး က မခေဘူးလို့ ကျောတွန့်ကုန်ကြတယ်။ အရင်းရှင်သူဌေးကြီးတွေက နှစ်ဘက်သောပါတီတွေ နောက်ကွယ်ကနေ ကြိုးကိုင် ဇိမ်ခံပြီး မှိန်းနေကြရကနေ မျက်လုံးပြူးကြည့်ကြတယ်။  လူငယ်တွေ မျိုးဆက်သစ်တွေက အားတက် လာကြတယ်။ ၂၀၁၆တုန်းက ဘေဘီဘွန်မားမဲတွေနဲ့ ထရန့်က ဟီလာရီကလင်တန်ကို ဖြတ်ချခဲ့တာကိုး။ ၂၀၁၆ သမ္မတရွေးပွဲမှာ ဘာနီကို ဒီမိုကရက်ပါတီက ဖယ်ပြီး ဟီလာရီကို တွန်းတင်ခဲ့တော့ ဂျင်းအိတ်စ် ဝိုင် ဇက်တွေရဲ့ မဲတွေ ဆုံးရှုံးခဲ့တာကို ဒီမိုကရက်ပါတီက သင်ခန်းစာယူပါ့မလားဆိုတာ သံသယဖြစ်စရာ ရှိနေဆဲပါပဲ။

ဘာနီတို့ ချောင်စကီတို့ အမေရိကန်နိုင်ငံသားအခွင့်အရေးတိုက်ခဲ့ကြသူတွေ (၁၉၆၀-၇၀) က အမေရိကန်၏ နိုင်ငံရေးပါတီစနစ်တွေ မဲစနစ်တွေ ရွေးကောက်ပွဲစနစ်တွေကို တကယ်တန်း ယုံကြည်ကြသူတွေ မဟုတ်ပါ။ ရွေးကောက်ပွဲစနစ်ဆိုတာဟာ ဓနရှင်၊အရင်းရှင်ကြီးတွေက ကျောမွဲတွေ လူလတ်တန်းစားတွေကို စိတ်အပမ်းဖြေစေဖို့ တီထွင်ပေးခဲ့ကြတဲ့ အားကစားပွဲလို့ သဘောထားပါတယ်။ သို့သော်လည်း သည်အားကစားပွဲကိုလည်း ပေါ့သေးသေးထားလို့ မဖြစ်ပြန်တော့ နိုင်ငံရေးသမားတွေအဖြစ်ခံယူပြီး ဝင်ကစားနေကြရသေးတာပေ့ါဗျာ။ ဓနနဲ့ အာဏာဟာ လူတန်းစားအားလုံးအတွက် သည်းခြေကြိုက်ကိုး။

စကားတွေ ဘယ်တွေရောက်ကုန်ပါလိမ့်။ ဆိုရှယ်လစ်ဆိုပြီးပဲ ဆန့်ကျင်ကျင်၊ အရင်းရှင်တွေပဲဆိုပြီး ဆန့်ကျင်ကျင် ... အားကစားပွဲတွေရဲ့ ထုံးစံက နိုင်တဲ့သူ အကုန်ယူစတန်း ဖြစ်တာကို ယခု သမ္မတကြီး ထရန့်ကိုကြည့်ပြီး သဘောပေါက်နိုင်ပါကြောင်း။