လှကျော်ဇော - တရုတ်ပြည်ရဲ့ခရီးရှည်ချီတက်ပွဲသစ် ( ၂ )
လှကျော်ဇော - တရုတ်ပြည်ရဲ့ခရီးရှည်ချီတက်ပွဲသစ် ( ၂ )
(မိုးမခ) နိုဝင်ဘာ ၉၊ ၂၀၂၂
၂၁ ရာစု မာ့က်စ်ဝါဒ ကိုရှာဖွေခြင်း
တရုတ်ပြည်မှာ ၂၀၂၁ တုန်းက ကွန်မြူနစ်ပါတီ ထူထောင်ခြင်း နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်ပွဲ များ တနှစ်လုံး ကျင်းပခဲ့ပါတယ်။ ပါတီသမိုင်းဝင်အဖြစ်အပျက်များကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်များ၊ ဇာတ်လမ်းတွဲများ၊ သတင်းကားများ အများအပြား ပါဝင်ပါတယ်။ ပါတီသမိုင်းပြတိုက်များမှာ သိမ်းဆည်းထားတဲ့ တကယ့်သမိုင်းဝင် အဖြစ်အပျက်မှတ်တမ်းများ၊ ရုပ်ရှင်အခွေလေးများကိုလည်း ဖွင့်ထုတ်ပြသပေးတဲ့အတွက် အဲဒီဇာတ်လမ်းများကတဆင့် ပါတီတွင်းတိုက်ပွဲများကို တစေ့တစောင်း တွေ့မြင်ကြရပါတယ်။
တကယ်တော့ ပါတီစတင်ထူထောင်ချိန် (၁၉၂၁) ကာလတွေမှာ ပါတီကိုဦးစီးသူများဟာ ပီကင်းတက္ကသိုလ်ကြီးက ပါမောက္ခများပါဝင်တဲ့ပညာတတ်အုပ်စုပါ။ သူတို့က ဆိုဗီယက်ယူနီယံက အောက်တိုဘာတော်လှန်ရေးကို တိုက်ရိုက်ကူးချပြီး မြို့တွေပေါ်မှာ အလုပ်သမားတွေကို စည်းရုံးကာ သပိတ်စုံသူပုန်ထရေးတို့၊ စစ်တပ်တွင်းက တက်ကြွသူများနဲမြို့ကြီးများ သိမ်းယူရေး စတဲ့လမ်းစဉ်တွေ ချခဲ့ကြ၊ အဲဒီအတိုင်း လုပ်ဆောင်ခဲ့ကြနဲ့ တရုတ်ပါတီဟာ အကြိမ်ကြိမ် ရှုံးနိမ့်ပြီး နာလန်မထူအောင် ဖြစ်လာခဲ့ရပါတယ်။ အဲဒီတုန်းက ပါတီ ဗဟိုတွင်းမှာ ဟူနန်ပြည်နယ်က ကိုယ်စားလှယ် မော်စီတုံးက တရုတ်ပြည်ကြီးဟာ လယ်ယာနိုင်ငံကြီး ဖြစ်လို့ တော်လှန်ရေးကို လယ်သမားထုမှာ အခြေခံသင့်တယ် လို့ ခဏခဏ တင်တတ်လို့ သူ့ကိုလယ်သမားကြီးလို့တောင် နောက်ပြောင်ခေါ်ဝေါ်ဖူးပါတယ်။
မြို့ပေါ်ပါတီအဖွဲ့အစည်းတွေ ပြိုကုန်တော့ မော်စီတုံးဟာ တောကြိုတောင်ကြား အလွန်ခေါင်တဲ့ ကျင်ကန်းစန်း ဆိုတဲ့အရပ်မှာ လယ်သမားတွေကို စည်းရုံးပြီး နိုင်ငံရေးပညာတွေပေး၊ လယ်သမားတပ်ကို စဖွဲ့စည်းပြီး အနီးအနားက ရဲဌာနတွေ၊ တပ်စခန်းတွေ ဝင်စီး၊ လက်နက်တွေသိမ်း၊ အဲဒီက ဖမ်းမိတဲ့ရဲတွေ၊ စစ်သားတွေကို စည်းရုံး ဒီလိုနဲ့ တဖြည်းဖြည်း ကြီးထွားလာပြီး မြို့ပေါ်က ဆင်းပြေးလာကြတဲ့ အလုပ်သမားတွေ၊ ပညာတတ်တွေ၊ကျောင်းသားတွေနဲ့ တရုတ်ပြည်သူ့တပ်မတော်ကြီး ပေါ်ထွက်လာတာပါ။ ဒါကို ချန်ကေရှိတ်ရဲ့ ကူမင်တန်တပ်ကြီးက ဝိုင်းဝန်းချေမှုန်းတော့ မော်တို့တတွေ ၁ နှစ်ကျော် ၂ နှစ်နီးပါး ခရီးရှည်ချီတက်ပွဲ ဆင်နွှဲပြီး ၁၉၃၅ မှာ မြောက်ပိုင်းဘက်မှာရှိတဲ့ ယင်အန်း ဆိုတဲ့ အရပ်မှာအခြေစိုက်ခဲ့ရပါတယ်။ ၁၉၃၅- ကစလို့ မော်ဟာချန်ကေရှိတ်ရဲ့ ကူမင်တန်တပ်ကိုရော၊ ၁၉၃၇ မှာ စတင်လာတဲ့ ဂျပန်ရဲ့ ကျူးကျော်စစ်ကိုရော နည်းနာပေါင်းစုံနဲ့ တိုက်ခိုက်နိုင်ရုံမက ယင်အန်းအရပ်မှာလည်း အခြေခံဒေသကြီးကို အောင်အောင်မြင်မြင် တည်ဆောက်နိုင်ခဲ့ပါတယ်။ ၁၉၄၅ မှာ ကျင်းပတဲ့ ၇ ကြိမ်မြောက် ကွန်ဂရက်မှာမှ မော်ရဲ့ ခေါင်းဆောင်မှု အခိုင်အမာ တည်ဆောက်နိုင်ပြီး မော်ရဲ့ အခြေခံအတွေးအခေါ် ဖြစ်တဲ့ ကျေးလက်အခြေခံ
- မြို့ကိုဝိုင်း ဆိုတဲ့ မူဝါဒအများအပြား ပါတီရဲ့လမ်းညွှန်ချက်များဖြစ်လာပါတော့တယ်။ အဲဒီကတဆင့် တပြည်လုံးကို ၁၉၄၉ မှာ လွတ်မြောက်စေလိုက်နိုင်ပါတယ်။
ဒါဟာ မော်စီတုန်း အမှူးပြုတဲ့ တရုတ်ကွန်မြူနစ်များရဲ့ မာ့က်စ်ဝါဒအခြေခံပေါ်မှာ တရုတ်မှုပြုလိုက်တဲ့ အတွေးအခေါ်များရဲ့ ပထမဦးဆုံးအောင်ပွဲရလဒ်ပါ။ ဒီလိုနည်းနဲ့ တရုတ်ကွန်မြူနစ်များဟာ မာ့က်စ်ဝါဒ ဘဏ္ဍာတိုက်ကို ခေတ်ကာလနဲ့ ကိုက်ညီတဲ့ အတွေးအခေါ်သစ်များနဲ့ ဖြည့်ပေးပြီး လူသားသမိုင်းကို ကောင်းမှုပြုခဲ့ပါတယ်။
ဒီနောက်မှာလည်း တရုတ်ပြည်ရဲ့ တိုင်းပြည်တည်ဆောက်ရေး ဖွံ့ဖြိုးတိုးတက်ရေးခရီးလမ်းတလျှောက်မှာလည်း အဆက်ဆက်သော ခေါင်းဆောင်များဟာ အချိန်ကာလများနဲ့ ကိုက်ညီစွာ မာ့က်စ်ဝါဒကို တရုတ်မှု အမျိုးမျိုး ပြုခဲ့ကြတာ အခု ၂၀ ကြိမ်မြောက် ကွန်ဂရက်အထိပါပဲ။
ဒီကွန်ဂရက်မှာ ပါတီရဲ့ လမ်းညွှန်အဖြစ် တရုတ်ဝိသေသ ထူးခြားချက်နဲ့ ဆိုရှယ်လစ်စနစ် ခေတ်သစ်ကာလရဲ့ ရှီကျင့်ပင် အတွေးအခေါ်များ ဆိုတာကို ပါတီရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအတွင်း ထည့်သွင်းလိုက်ပါတယ်။ ဒီအတွေးအခေါ် ဘယ်လို ဖြစ်တည်လာသလဲ။
အဲဒီ ၂၀ ကြိမ်မြောက် ကွန်ဂရက်အဖွင့်နေ့ (အောက်တိုဘာ - ၁၆ ရက်) မှာ ရှီကျင်ပင် ပြောကြားတဲ့ အစီရင်ခံစာရဲ့ အခန်းတခန်းကတော့— ခေတ်ကာလရဲ့လိုအပ်မှုနဲ့အတူ မာက်စ်ဝါဒကိုတရုတ်ပြည်ရဲ့အခြေအနေများနဲ့ ပေါင်းစပ်ညှိနှိုင်းတဲ့ နယ်ပယ်သစ်... တဲ့။
အဲဒီအခန်းတခန်းလုံးမှာ-မာ့က်စ်ဝါဒရဲ့ အလွန်ခိုင်လုံအားကောင်းတဲ့ သဘောတရားရေးရာလမ်းညွှန်မှုဟာ တရုတ်ပါတီအနေနဲ့ မိမိတို့ရဲ့ ခိုင်မာမြဲမြံသော ယုံကြည်ချက်ကို ဖြစ်ပေါ်စေခဲ့ရုံမက သမိုင်းဝင်လက်ဦးမှုကို ရယူနိုင်ခဲ့ပုံတွေကို စနစ်တကျ သိပွံနည်းကျစွာ ခွဲခြမ်းစိတ်ဖြာပြထားပါတယ်။
သူတို့ရဲ့အတွေ့အကြုံများအရလည်း သူတို့ပါတီရဲ့ တရုတ်ဝိသေသ ထူးခြားချက်များနဲ့ ဆိုရှယ်လစ်စနစ် အောင်မြင်မှုများဟာ အရင်းခံအားဖြင့် မာ့က်စ်ဝါဒ ကျေးဇူးကြောင့်ဖြစ်ကြောင်းနဲ့ ဒီအောင်မြင်မှုများက မာ့က်စ်ဝါဒ အလုပ်ဖြစ်ကြောင်း မှန်ကန်ကြောင်း ပြသနေတယ်။ အထူးသဖြင့် ခေတ်ကာလနဲ့ ကိုက်ညီစွာ တရုတ်မှုပြုနိုင်တဲ့အခါမှာ ပိုပြီးအောင်မြင်မှုတွေ ရတယ်... တဲ့။
ဒီနေရာမှာ အချက် ၃ ချက် ပါပါတယ်။
၁။ မာ့က်စ်ဝါဒကို အခြေခံရေး
မာ့က်စ်ဝါဒရဲ့အခြေခံဟာ ပြည်သူလူထုကိုဗဟိုပြုပြီး ၊ လွတ်မြောက်ရေးလမ်းများကို နည်းစနစ်ကျစွာရှာဖွေခြင်းဖြစ်တယ်။ တရားသေကူးချမှုများကို ရှောင်ရှားပြီး၊ အတွေးအခေါ်လွတ်မြောက်ရေး၊ လက်တွေ့အချက်အလက်များမှ အမှန်တရားရှာဖွေရေး၊ အချိန်ကာလနဲ့ အညီ လှုပ်ရှားရေး၊ လက်တွေ့ကျစွာ ချဉ်းကပ်ရေး စတာတွေကို ဆက်လက်လုပ်ဆောင်ဖို့လိုတယ်... လို့ ဆိုထားပါတယ်။
၂။ တရုတ်လူမျိုးများရဲ့ ယဉ်ကျေးမှု၊ အခိုင်အမာအခြေအနေများနဲ့ ပေါင်းစပ်ရေး
တရုတ်ရှေးရိုးအစဉ်အလာ ယဉ်ကျေးမှုများအရ တချို့အရေးကြီးတဲ့ မူတွေ ရှိပါတယ်။ လူသားအားလုံး ကောင်းကျိုးအတွက် ရှေးရှုတာ၊ ပြည်သူလူထုကို နိုင်ငံတော်ရဲ့အခြေခံအဖြစ် သဘောထားတာ၊ သူတော်ကောင်တရားနဲ့အညီ စီမံအုပ်ချုပ်တာ၊ ခေတ်နောက်ကျတာတွေ ပစ်ပယ်ပြီး အသစ်များနဲ့ အစားထိုးတာ၊ အရည်အသွေးပေါ် မူတည်ပြီး အမှုထမ်းများကို ရွေးချယ်တာ၊ မိမိရဲ့တိုးတက်ရေးကို မနေမနားကြိုးစားလိုက်စားတာ၊ စေတနာကောင်းနဲ့ အိမ်နီးချင်းများကို ဆက်ဆံတာ စတာတွေဟာ တရုတ်တွေရဲ့ အကျင့်သိက္ခာ၊ လူ့အဖွဲ့အစည်းနဲ့ ကမ္ဘာကြီးပေါ်ကြည့်မြင်နည်းများဖြစ်ပြီး သိပွံနည်းကျ ဆိုရှယ်လစ်စနစ်ရဲ့ တင်ပြချက်များနဲ့ အလွန်ကိုက်ညီပါတယ်... တဲ့။
၃။ ခေတ်ကာလ
ကမ္ဘာကြီးရဲ့ ခေတ်ကာလ အပြောင်းအလဲများကိုလည်း မျက်ခြည်မပြတ် စောင့်ကြပ်ကြည့်ရှု လေ့လာနေရမှာပါ... တဲ့။
ဒါတွေကတော့ အကျဉ်းချုပ်သဘော ဖော်ပြလိုက်တာပါ။
အဲဒီအခန်းမှာပဲ တခြား စိတ်ဝင်စားဖွယ်ကောင်းတဲ့ အချက်များလည်း ရှိပါသေးတယ်။
— ဒီကနေ့ တရုတ်ကွန်မြူနစ်များရဲ့ သမိုင်းပေးတာဝန်ဟာ မိမိတို့ရဲ့အကန့်အသတ်မရှိတဲ့ လက်တွေ့ များကနေ သင်ခန်းစာများ ထုတ်ယူပြီး၊ အလွန်ရှုပ်ထွေး လျင်မြန်စွာ ပြောင်းလဲလှုပ်ရှားနေတဲ့ ခေတ်ကာလနဲ့အညီ မာ့က်စ်ဝါဒကို သဘောတရားရေးရာ တီထွင်ဖန်တီးမှုများနဲ့ အခန်းသစ်များ အဆက်မပြတ် ဖွင့်လှစ်ပေးနေရမယ်။
ဒီအတွက် အခြေခံရမယ့်အချက်များက—
— ပြည်သူလူထုရဲ့အကျိုးကို ဦးစားပေးရမယ်။
— ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုအပြည့်နဲ့ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်ရမယ်။
— အခြေခံမူများအပေါ် မြဲမြံစွာရပ်တည်ပြီး နယ်ပယ်သစ်တွေကို တိုးဝင်ရဲရမယ်။
— ပြဿနာများကို ဇောင်းပေး ချဉ်းကပ်ရမယ်။
— စနစ်တကျစဉ်းစားတွေးခေါ်မှုရှိရမယ်။
— တကမ္ဘာလုံးချီတဲ့ အမြင်ရှိရမယ်
ဆိုတာတွေကို အသေးစိတ် ရှင်းပြသွားပါတယ်။
ဒီလိုနည်းတွေနဲ့ ရှီကျင့်ပင် အတွေးအခေါ်ဆိုတာ နယ်ပယ်ပေါင်းစုံ (စီးပွားရေး၊ စစ်ရေး၊ သံခင်း တမန်ခင်း စသဖြင့်)မှာ ပေါ်ထွက်လာပြီး အခုအခါ ကံကြမ္မာတွေကို မျှဝေထားတဲ့ လူအဖွဲ့အစည်းတည်ဆောက်ရေး ဆိုတဲ့ အသံတွေ ပေါ်ထွက်လာဟန် ရှိပါတယ်။ ဒါတွေကို ကုလသမဂွက တင်သွင်းထားတဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတက်ရေး အစီအစဉ်များနဲ့ ဆွဲစပ်တာတွေလည်း ရှိပါတယ်။ ဒါ့အပြင် နိုင်ငံတကာပွဲများမှာ ရှီကျင့်ပင်က မိန့်ခွန်းတွေပေးရာမှာ တကမ္ဘာလုံး ချီတဲ့ အမြင်တွေဖြစ်တဲ့
၁။ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု ပိုမိုတရားမျှတရေး
၂။ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆိုပြုချက်
၃။ ကမ္ဘာ့လုံခြုံရေးဆိုင်ရာအဆိုပြုချက်
စတာတွေကို တင်ပြနေတာတွေလည်း ရှိပါတယ်။ ဒါတွေကို ကုလအထွေထွေအတွင်းရေးမှူးက စလို့ နိုင်ငံတချို့ (ဖွံ့ဖြိုးဆဲနိုင်ငံများ)က ခေါင်းဆောင်များကပါ ကိုးကားပြောဆိုမှုတွေ၊ ထောက်ခံအားပေးမှုတွေကို တွေ့လာနေရပါတယ်။
ဒါကြောင့် ဒီ ရှီကျင်ပင်အတွေးအခေါ်များကို တချို့ တရုတ်သုတေသီများက ၂၁ ရာစုရဲ့ မာက်စ်ဝါဒလို့ သတ်မှတ်နိုင်ကြောင်း ဆိုလာနေပါတယ်။ နိုင်ငံတချို့က ပါမောက္ခများ၊ နိုင်ငံရေးသမားများက ဒီအမြင်ကို ထောက်ခံဆွေးနွေးတာတွေလည်း တွေ့ရပါတယ်။
ရှီကျင့်ပင်ကတော့ တရုတ်ပြည်သူများအနေနဲ့ နိုင်ငံတကာပြည်သူများနဲ့ အပြန်အလှန် နားလည်မှု၊ ချစ်ခင်မှုများကို တည်ဆောက်ပြီး၊ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုအမျိုးမျိုးကို အတူတကွ ရင်ဆိုင်ဖြေရှင်းလိုကြောင်း၊ လူသားများရဲ့ ဘုံတန်ဖိုးတွေဖြစ်တဲ့ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီရေး၊ တရားမျှတမှု၊ လွတ်လပ်မှုနဲ့ အမှန်တရားများ ထွန်းကားပြန့်ပွားအောင် ဆောင်ရွက်လိုကြောင်း၊ တရုတ်ပြည်အနေနဲ့ နိုင်ငံတကာပြည်သူများနဲ့အတူ လက်တွဲကာ လူသားတို့ရဲ့ ပိုမိုကောင်းမွန်သော အနာဂတ်အလားအလာကို ဖန်တီး တည်ဆောက်ရန် ဆန္ဒရှိကြောင်း စတာတွေပြောပြီး နိုင်ငံတကာအသိုင်းအဝိုင်းကို သတင်းစကားပေးခဲ့ပါတယ်။
လှကျော်ဇော
၈-၁၁-၂၀၂၂။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar