လွင်(ဘော်တွင်း) - အိပ်မက်ဆိုး၌ ကူးခတ်ခြင်း
Photo- The Guardian
အိပ်မက်ဆိုး၌ ကူးခတ်ခြင်း
လွင်(ဘော်တွင်း)
(မိုးမခ) ဧပြီ ၂၃၊ ၂၀၂၀
ကိုဗစ် ၁၉ ရောဂါက တကမ္ဘာလုံးကို ပတ်ပြီးမွှေတယ်။
ကပ်ဆိုးကြီးလို့ ပြောကြတာပေါ့။ ရောဂါက ကူးစက်လွယ်တာကိုး။ တရုတ်ပြည်မှာ ၂၀၁၉ ဒီဇင်ဘာမှာ
အစပျိုး၊ ၂၀၂၀ ဇန်နဝါရီမှာ လော့ဒေါင်းတွေစဖြစ်။ နောက်တော့ အိမ်နီးချင်းနိုင်ငံအချို့ကိုကူးပြီး အူကြောင်ကြောင်လုပ်နေရင်းနဲ့ ဥရောပကို ရောက်သွားပါရောလား။ နောက် အမေရိကား။
ခုဧပြီလမှာတော့ မြန်မာနိုင်ငံမှာ ပျံ့ပွားနေပြီ။
ကူးစက်ခံရသူတိုင်း သေတာတော့မဟုတ်ဘူး။ တချို့ ကိန်းဂဏန်းတွေက ၁၀ ရာခိုင်နှုန်းထိလို့ပြောကြပြီး
တချို့ကိန်းဂဏန်းတွေက ၃-၄ ရာခိုင်နှုန်းလို့ ပြနေကြရဲ့။ အဲဒီတော့
အကြောက်ကြီး ကြောက်နေတာတော့လည်း မဟုတ်ပြန်ဘူး။ ကူးခံရရင် သေချင်သေမယ်၊
မသေချင်မသေဘူး။ ပြန်ကောင်းချင်ကောင်းမယ်။ မကောင်းချင်မကောင်းဘူး။ အဓိက အကြောက်တရားကတော့ ကူးစက်တတ်တဲ့ ဒီဗိုင်းရပ်စ်အကြောင်း လူတွေကောင်းကောင်းမသိသေးတာကြောင့်ပဲ။
ဗိုင်းရပ်စ်အကြောင်း သေသေချာချာသိသွားပြီဆိုရင် ဒီလောက်ကြောက်တော့မှာမဟုတ်ဘူး။
ဝူဟန် ကျားရို့တွေအော်နေကတည်းက အိမ်မှာ ကာကွယ်ရေးအစီအမံတွေ
စလုပ်နေပြီ။ မတ်လ ၁၄ ရက်နေ့သည် ကိုယ့်ရပ်ကွက်မဟုတ်သောအခြားမြို့နယ်များကို သွားလာတာနောက်ဆုံးပဲ။ နောက်ထပ် တခါမှမသွားတော့ဘူး။ ရပ်ကွက်ထဲမှာတော့ လေးငါးရက်တစ်ကြိမ်လောက် ဈေးသွားရတယ်။ လူခုနှစ်ယောက်ရှိတဲ့အိမ်မှာ ဈေးတော့ သွားမှ ဖြစ်မယ်မဟုတ်လား။
တစ်လပိုင်းကတည်းက ဆန်တွေဆီတွေ ခါတိုင်းဝယ်တာထက် နည်းနည်းစီပိုဝယ်ပြီး စတင်စုဆောင်းထားတယ်။
ဒါကြောင့် ပန်းနစ်ဘိုင်းရင်းလုပ်စရာမလိုလိုက်ဘူး။ နှ ာခေါင်းစည်းနဲ့ စီဗစ်က ခါတိုင်းပုံမှန်လဲဝယ်နေကျမို့
ဝယ်တယ်။ ပိုဝယ်ပြီး အိမ်မှာ သိမ်းထားတာတော့ မလုပ်ဘူး။
မတ်လ ၂၃ ရက်နေ့ မြန်မာနိုင်ငံမှာပထမလူနာစတွေ့တဲ့နေ့ဟာ သားကြီးစာမေးပွဲပြီးတဲ့နေ့ပဲ။
အိမ်က ကလေးတွေ အားလုံးစာမေးပွဲပြီးသွားပြီမို့ အေးအေးဆေးဆေးပဲ။ လေဖြတ်ထားတဲ့အဖေကို
လမ်းလျောက်ခိုင်းတာ မရဘူး။ အခုတော့ ဇွတ်ခိုင်းစရာမလိုတော့ဘူး။ အမေ့ကို ဈေးမသွားခိုင်းရတာတစ်ခုပဲထူးခြားတယ်။ ကျန်တာအားလုံးပုံမှန်။ အိမ်ဦးနတ်ကတော့ နဂိုကတည်းကအိမ်မှာပျော်တဲ့သူဆိုတော့ပြီးရော။ အိမ်တွင်းရေးဟာ သာသာယာယာပဲ။
ရပ်ကွက်ထဲက ဈေးဆိုင်တချို့တော့ ပိတ်ပြီ။ လူတွေအပြင်ထွက်တာလျော့သွားပြီ။
ကိုယ်တိုင်လဲ မဖြစ်မနေလိုအပ်တာရှိမှ အပြင်ထွက်တယ်။ နှာခေါင်းစည်းတပ်၊ လက်ဆေး။ အတိအကျပဲ။
မုန့်လုပ်စားလိုက်၊ ထမင်းချက်လိုက်၊ ဇဝေဇဝါနဲ့နှာခေါင်းစည်းတွေချုပ်လိုက်၊ ခေါက်ဆွဲလုပ်စားလိုက်၊
ရုပ် ရှင်ဇာတ်လမ်းတွေ ကြည့်လိုက်၊
Free Pdf တွေ ဒေါင်းလိုက်၊ စာအုပ်တွေဖတ်လိုက်၊ ဖေ့စဘုတ်ပွတ်လိုက် နဲ့
ကျော်ဖြတ်လာလိုက်တာ သင်္ကြန်နားနီးလာပါရောလား။
သင်္ကြန်ဟာ ကိုယ်တို့အတွက်တော့ အိမ်ထဲနေတဲ့အချိန်။
ကလေးတွေကလည်း သင်္ကြန်မှာ အပြင်မှာမပျော်တတ်ကြ။ သူတို့က ရှုပ်ထွေးဆူညံတာမျိုးကို မကြိုက်တတ်ကြ။
အေးဆေး။ ကိုယ်က မဆိုးတာကြာလို့
ဖြူတကွက်၊ ဖြူတကွက်ဖြစ်နေတဲ့ဆံပင်ကိုဆေးဆိုးချင်စိတ်ပေါက်လာတယ်။ နှစ်သစ်ကူးမှာ လှလှလေးနေမယ်လို့ စိတ်ကူးတွေယဉ်ပြီး လုပ်တာပေါ့။
ပထမရက် လျော်မဲနဲ့ ခေါင်းလျော်။ ခေါင်းနည်းနည်းကိုက်။
ဖြူနေတဲ့ဆံပင်တွေအများကြီးကျန်နေသေး။ ဒါနဲ့ ဒုတိယရက် ဆံပင်ဆေးဆိုး၊ ခေါင်းအစိုကြီးနဲ့
အကြာကြီးနေ၊ ပြီးတော့ ခေါင်းလျော်။ ချွေးမထွက်တော့။ ဖျားချင်သလိုလိုဖြစ်လာ။ ပန်ကာမဖွင့်ရင်မနေနိုင်တဲ့အဘိုးကပန်ကာကြီးတဝီဝီဖွင့်။ ပန်ကာလေမိ၊ ခြေတွေလက်တွေကိုက်ခဲလာ။ ဖျားပြီလေ။
ဖျားတော့ ဘာဖြစ်တုန်း။ ပါရာစီတမောသောက်တာပေါ့။ ပြဿနာက
ကိုဗစ်။
ဖျားတာက ရိုးရိုးဖျားတာလား၊ ကိုဗစ်လား၊ ဘယ်သိပါ့မလဲ။
ပါရာသောက်ထားပေမဲ့ ဘာဆက်လုပ်ရမလဲ မသိဘူး။ အဖျားက တက်လိုက်ကျလိုက်။ အဖျားတက်တော့မယ်ဆို
ကိုယ်တွေလက်တွေ ညောင်းညာကိုက်ခဲလာ၊ ကိုက်ခဲမှုနဲ့အတူ ကိုယ်အပူရှိန်ဒီဂရီက တဖြည်းဖြည်းမြင့်လာ၊
မျက်လုံးတွေဖွင့်မထားနိုင်တော့၊ ချမ်း စိမ့်စိမ့်ဖြစ်။ စိတ်က တောင်တွေးမြောက်တွေး တဝဲလည်လည်။
ငါကိုဗစ်ဖြစ်ပြီလား။ ဒီတိုင်းအိမ်မှာနေရမှာလား။ ကျန်းမာရေးဌာနကိုအကြောင်းကြားရမလား။
အကြောင်းကြားလိုက်ရင် ဘာတွေဖြစ်လာမလဲ။ အင်း၊ ရပ်ကွက်က လူနာတင်ကားနဲ့ လာခေါ်မယ်ထင်တယ်။ PPE တွေဝတ်လို့ပေါ့။
ပြီးတော့ သူများတွေကို ခေါ်သလို အချိန်မတော်ကြီးများလာမှာလား။
နေဦး။ ဖျားနေလို့ ကျန်းမာရေးဌာနကို အကြောင်းကြားတာမဟုတ်လား။
ဒါဆို ပိုးရှိမရှိတန်းပြီးစစ်မှာလား။ ပိုးရှိရင် ဆေးရုံမှာနေ၊ ပိုးမရှိရင် အိမ်ပြန်လာရမှာလား။ ဆယ့်လေးရက် ကွာရင်တိုင်းဆိုပြီးနေရဦးမှာလား။
ကိုဗစ်ဆိုရင်တော့ တအိမ်လုံးကို ကူးပြီးနေလောက်ပြီ။ ဒါဆို တအိမ်လုံး ကွာရင်တိုင်းသွားရမှာလား။
အခုဒီအတိုင်း အခန်းထဲမှာနေနေတာလဲ ကွာရင်တိုင်းပဲ မဟုတ်လား။ အပြင်လူတွေနဲ့ အထိအတွေ့မှ
မရှိတာ။ နေဦး။ ဘာလို့ ကိုဗစ်ဖြစ်ရမှာလဲ။ ဝူဟန်မှာ စဖြစ်ကတည်းက အနေအထိုင်ဆင်ခြင်ပြီးနေနေတာပဲ။
လက်ဆေးတာ၊ လှေကားလက်ရမ်းတွေ၊ တံခါးလက်ကိုင်တွေ သန့်ရှင်းရေးလုပ်တာ အမေစု မပြောခင်ကတည်းက။
မြို့ထဲသွားတိုင်းလဲ ရောက်တဲ့အရပ်မှာ လက်ဆေးတာ ဗိုင်းရပ်စ်ဖြစ်လာမှမဟုတ်ဘူး။ နဂိုကတည်းက
အကျင့်။ ဒါနဲ့များငါက ဘာလို့ ကိုဗစ်ကူးရမှာတုန်း။ ဒါဖြင့် အခုဘာလို့ ဖျားနေတာတုန်း။
ဒီတိုင်းရိုးရိုး အအေးမိပြီးဖျားတာမဟုတ်လား။ ဒါဖြင့်ဘာလို့ မပျောက်နိုင်ရတာတုန်း။ ကိုဗစ်မို့များလား။
ဒါဆို ကျန်းမာရေးဌာနကို အကြောင်းကြားရမှာပေါ့။ အကြောင်းကြားရင် PPE ကြီးတွေနဲ့ လာခေါ်မှာပေါ့။ ဒါဆို တအိမ်လုံးလိုက်သွားရမှာပေါ့။ အိမ်နီးနားချင်းတွေ
ကြောက်ကုန်ကြတော့မှာပဲ။ ဓါတ်ပုံတေရိုက်ပြီး ဖေ့စဘုတ်အတင်ခံရတော့မှာ။ တတိုက်လုံးအပိတ်ခံရမှာ။
ကွာရင်တိုင်းပြီးလို့ အိမ်ပြန်လာရင် ရပ်ကွက်ထဲအဝင်မခံရင် ဘယ်လိုလုပ်မလဲ။ ကြောက်တယ်။
တော်ပြီ။ အကြောင်းမကြားဘူး။
ငါက ရိုးရိုးဖျားတာ။
ငါကိုဗစ်ဆိုရင် အဖေတို့ အမေတို့ကို ကူးပြီးရောပေါ့။
ကလေးတွေကိုလည်း ကူးမှာပဲ။ ယောက်ျားကိုလည်း ကူးမှာ။ သူတို့မဖျားဘူး။ မဖျားသေးဘူး။ ကိုဗစ်ဆို သူတို့ ဖျားမှာပဲ။
သူတို့ဖျားသည်အထိ စောင့်ကြည့်နေရင်ကောင်းမလား။ ကွာရင်တိုင်းသွားရရင် ဂျီးများတဲ့ အဖေက
အဆင်ပြေမှာမဟုတ်ဘူး။ အငယ်ကောင်က အဖေအမေ အနားမှာမရှိရင် နေပါ့မလား။ ငါ့အဖေနဲ့ အမေက ကိုဗစ်ဒဏ်ကို ခံနိုင်ပါ့မလား။ စောစောသိပြီးကုသမှုခံယူတာ မကောင်းဘူးလား။
ဒါပေမဲ့ ကုမှမကုနိုင်သေးပဲ။ မိသားစုနဲ့ ခွဲခွာနေရလို့ ပိုပြီး ဒုက္ခများမှာမဟုတ်ဘူးလား။ ပြန်တွေ့ခွင့်မရပဲ ခွဲခွာသွားကြရရင်
ဘယ်လိုလုပ်မှာတုန်း။ ကြောက်စရာကြီး။ တော်ပြီ။ မသွားဘူး။ သေစရာရှိလဲ မိသားစု အတူတူသေမယ်။
မဟုတ်ဘူး။ အကြောင်းကြားရမှာ။ အခုဖွင့်တဲ့ ဖျားနာကုသရေးဆေးခန်းတွေ
သွားရမလား။ အဲဒီမှာ ဖျားနေတဲ့ လူတွေနဲ့တွေ့မှာပဲ။ ကိုယ့်ဘာသာရိုးရိုးဖျားတာ၊ ဆေးခန်းသွားကာမှ
ကိုဗစ်ကူးလာရင် ဘယ်လိုလုပ်မတုန်း။ ကိုယ့်မှာရောဂါကူးနိုင်တဲ့အကြောင်းမှမရှိပဲ။
ကိုဗစ်မဟုတ်ဘူး။ ရိုးရိုးဖျားတာ။ မသွားဘူး။ မသွားဘူး။ အကြောင်းမကြားဘူး။
ယောကျ်ားရေ၊ လုပ်ပါဦး။ အကြောင်းကြားသင့်လား။ မသင့်ဘူးလား။
အကြောင်းကြားသင့်တယ်လို့ ထင်တယ်မိန်းမ။ ဒါဆို ကွာရင်တိုင်းနေရမယ်ဆိုပြီးလာခေါ်ရင် ဘယ်လိုလုပ်မလဲ။
မင်းက ကိုဗစ်မဟုတ်လောက်ပါဘူး။ အင်း မဟုတ်လောက်ပါဘူးနော်။ မင်းအကြောင်းကြားစေချင်ရင်
ကြားလိုက်ပါမယ်။ မကြားနဲ့။ မကြားနဲ့။ ဒါဖြင့်ဆေးခန်းသွားမလား။ ဆေးခန်းက ကိုဗစ်သံသယလို့ပြောရင် ဘယ့်နှယ့်လုပ်မတုန်း။ မသွားဘူးမသွားဘူး။ ကြောက်တယ်။ အေးပါကွာ၊ အေးပါကွာ၊ မင်းမသွားချင်ရင်မသွားပါနဲ့ကွာ။
ကိုဗစ်လဲ မဖြစ်နိုင်ပါဘူးကွာ၊ ငါတို့ ဘာအဆက်အစပ်မှမရှိတာကို။
နောက်တော့ ယောက်ျားက ဆရာဝန်ဆီဖုန်းဆက်ပြီး ညွှန်ကြားမှုယူပါတယ်။
ဆရာဝန်က လက္ခဏာတွေ သေချာမေးပြီးဆေးညွှန်းပါတယ်။ ဒီလိုနဲ့ ဆေးသောက်လိုက်၊ ရှူးပေါက်လိုက်၊
အဖျားတက်ရင် ကိုဗစ်လား တွေးပြီးကြောက်လိုက်နဲ့ နေပြန်ကောင်းလာပါတယ်။ သင်္ကြန်တွင်းတလျောက်လုံးဖျားနေလိုက်တာ၊ သင်္ကြန်ပြီးမှပဲ နေပြန်ကောင်းတော့တာပဲ။
ကိုယ်ကလွဲပြီး တအိမ်လုံးကလူတွေ နှာစေချောင်းဆိုးလေးတောင်မဖြစ်ကြပါဘူး။
ဒါပေမဲ့ကိုယ့်မှာတော့ တကယ်လို့များ ကိုဗစ်အကူးခံရရင်ဆိုတဲ့စိတ်ကူးနဲ့ မေးခွန်းတွေအများကြီးထွက်လာပါတယ်။
တကယ်ရင် ဆိုင်ရဖို့ဆိုရင်တော့…….
ကြောက်ပါတယ်။ သီးခြားခွဲထားမှာကြောက်တယ်။ မတွေ့ရတော့မှာကြောက်တယ်။ PPE
ကြီးတွေနဲ့လာခေါ်မှာ ကြောက်တယ်။ တရပ်ကွက်လုံး ထွက်ကြည့်မှာကြောက်တယ်။
ရပ် ကွက်က ဝိုင်းကြဉ်မှာ ကြောက်တယ်။
အကြောက်ဆုံးကဘာလဲသိလား။ ရောဂါကူးခံရလား
မရလားမသိ၊ ကူးခံရရင်လဲ ကိုယ်မသိလိုက်ရပဲ ကူးခံရတဲ့အပေါ် အပြစ်သားတစ်ယောက်လို ဖေ့စဘုတ်ပေါ်မှာ
တောင်ပြောမြောက်ပြောလျောက်ပြောနေကြမှာကိုပါပဲ။
လွင်(ဘော်တွင်း)