Breaking News

အောင်သူငြိမ်း ● မယ်ခွေအရေးနဲ့ ဖတ်စာအုပ်မူဝါဒ

အောင်သူငြိမ်း ● မယ်ခွေအရေးနဲ့ ဖတ်စာအုပ်မူဝါဒ
(မိုးမခ) ဇွန် ၉၊ ၂၀၁၉

မယ်ခွေရဲ့ “ဆေးလိပ်လက်ဆောင်”ကဗျာကို သင်ရိုးက ဖြုတ်လိုက်တာနဲ့ ပတ်သက်ပြီး ပွဲဆူနေတာပေါ့။ ကျနော်က ဒီကိစ္စ ကန့်ကွက်-ထောက်ခံ ပြောဆိုဖို့ မဟုတ်ပါဘူး။ ကျနော်မြင်တဲ့ ဖတ်စာအုပ်မူဝါဒကို ဆွေးနွေးချင်တာ။

ကျနော့် သမီးငယ်ငယ်က ထိုင်းနိုင်ငံမြို့ငယ်လေးမှာ ၄-တန်း ကျောင်းတက်နေတဲ့ကာလ။ ညနေပိုင်းဆို ကျနော်က ဈေးတန်းလမ်းလျှောက် ကိုယ်ကြည့်ချင်တဲ့ ခိုးကူးဗီဒီယိုအခွေလေးတွေ ဝယ်လေ့ရှိတယ်။ တခါတော့ သမီးက ကျနော် ဗီဒီယိုအခွေတွေရှာနေတုန်း မျက်ရိပ်မျက်ကဲနဲ့ မဝယ်ဖို့ ပြောတယ်။ ကျနော်လည်း ဘာဖြစ်လို့လည်းပေါ့။ သူက နောက်မှ ဆိုင်ကနေကွယ်သွားမှ ပြောတယ်။ “အဖေ… ဥပဒေချိုးဖောက်နေပြီ” တဲ့။ ခိုးကူးခွေတွေ အားပေးတာ ဥပဒေချိုးဖောက်ရာ ကျကြောင်း အဖေကို ပြန်သင်သွားတာ။ အဲဒီကတည်းက ထိုင်းပညာရေးကို ကျနော် အထင်မသေးတော့ဘူး။ ဒါပေမယ့် သူတို့မှာလည်း ပြောစရာပြဿနာတွေ အများအပြား ရှိသေးတယ်။

သမီးကြီးငယ်ငယ်က ဘာအကြောင်းကြောင့် မသိဘူး။ ဖတ်စာအုပ်တွေ ကျောင်းကနေ သူမရဘူး။ ကျနော်က အဲဒါနဲ့ အပြင်ဆိုင်ကနေ ရှာဝယ်ပေးဖို့ လုပ်ရတယ်။ ဒါနဲ့ ကျောင်းသုံးပစ္စည်း အရောင်းဆိုင်ရောက်တော့ သူ့အတန်းကိုပြောပြီး မေးတယ်။ ဆိုင်ရှင်ကပြောတယ်.. ဘယ်ကုမ္ပဏီက ထုတ်တဲ့ ဖတ်စာအုပ်လဲတဲ့။ ဒါမှမဟုတ်ရင်လည်း ဖတ်စာအုပ်က ဘားကုဒ် (Bar code) ကို ယူလာပါ။ သူရှာပေးမယ်တဲ့။ အဲဒီတော့မှ ထိုင်းကျောင်းတွေမှာ ဖတ်စာအုပ်ကို အစိုးရက ထုတ်တာ မဟုတ်ဘူး။ ကုမ္ပဏီက ရေးတယ်ဆိုတာ သိတော့တယ်။ ကုမ္ပဏီတွေက သူတို့ဖတ်စာအုပ် ရောင်းကောင်း အောင် အမြဲအသစ်ဖြည့်စွက် Update လုပ်နေရတယ်။ ကလေးတွေကြိုက်ဖို့ အရောင်၊ ရုပ်ပုံတွေ စိတ်ဝင်စားဖွယ် ထည့်ရတယ်။ ကျောင်းတခုနဲ့ တခု ကိုင်တဲ့ဖတ်စာအုပ်ချင်း မတူကြဘူး။ ဖတ်စာအုပ်ကောင်းလေ သူတို့ကုမ္ပဏီက ပိုရောင်းရမှာပဲ။

ဒီလိုနဲ့ ကျနော်ထိုင်းနိုင်ငံ NIDA မှာ ကျောင်းတက်ဖြစ်တော့ အတန်းဖော်က ဖတ်စာအုပ် (text-book) ရေးတယ်တဲ့။ ကုမ္ပဏီတခုအတွက် ရေးပေးတာ။ ကျနော်လည်း စိတ်ဝင်စားလို့ မေးကြည့်တယ်။ ဘယ်လိုလုပ်ငန်းစဉ်တွေ ဆောင်ရွက်ရ သလဲပေါ့။ နောက်တော့ သိရသလောက် ယခင်ထိုင်းနိုင်ငံ သည်နေးရှင်း (The Nation) သတင်းစာ အယ်ဒီတာဟောင်း၊ နောက်တော့ မြန်မာနိုင်ငံမှာ အလုပ်လာလုပ်သွားသေးတဲ့ ကာဝီ ချုံကစ်တာဝန် (Kavi Chongkittavorn) နဲ့ ရင်းနှီးလာ တော့လည်း သိရတာက သူ့ဇနီးက ဖတ်စာအုပ်ရေးတဲ့သူ။ နောက်တော့ စိတ်ဝင်စားလို့ လိုက်ဖတ်ကြည့်တော့ ထိုင်း နိုင်ငံ ဆရာများသမဂ္ဂ (teachers’ union) လို အဖွဲ့အစည်းတွေက ဖတ်စာအုပ်ရေးတာ၊ ရောင်းတာ ဈေးကွက်မှာ လွှမ်းမိုးထား ကြတာ သိရတယ်။ ကောင်းသားပဲလို့ တွေးမိတယ်။ ဆရာသမဂ္ဂတွေလည်း ဝင်ငွေရ၊ တဘက်ကလည်း သူတို့သင်ကြား ရမယ့် နယ်ပယ်၊ ဘာသာရပ်ကို ကျွမ်းကျင်ကြသူတွေ မဟုတ်လား။

အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) က ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာမှာ ထုတ်ဝေတဲ့ “အာရှနိုင်ငံများရှိ ဖတ်စာအုပ် မူဝါဒများ” (Textbook policies in Asia) အစီရင်ခံစာ ကို တွေ့မိတယ်။ [Andy Smart and Shanti Jagannathan. 2018 Dec. “Textbook Policies in Asia: Development, Publishing, Printing, Distribution, and Future Implications”. ADB.] သူတို့ ပြောထားတာက အစိုးရက ဖတ်စာအုပ် (textbook) တွေ ပုံနှိပ်ထုတ်ဝေတယ်ဆိုတာ အတိတ်မှာ ကျန်ခဲ့ပါပြီ တဲ့။ အစိုးရက ပုံနှိပ်ဖတ်စာအုပ်တွေ ထုတ်ဝေဖို့ ပစ္စည်း ကိရိယာတွေကို ရင်းနှီးမြှုပ်နှံ ဝယ်ယူကြတာလည်း မရှိကြတော့ ပါဘူး။ ထိရောက်တဲ့ ဖတ်စာအုပ်မူဝါဒ (textbook policies) လိုအပ်ပါတယ်။ ဖတ်စာအုပ်တွေက ပညာရေးတန်းတူမှု အပေါ်မှာရော၊ အရည်အသွေး အတွက်ရော အရေးကြီးလှပါတယ်။

အာရှတိုက်က ဖွံ့ဖြိုးပြီးနိုင်ငံတွေ (ဥပမာ-စင်္ကာပူ) လိုမျိုးမှာ ဖတ်စာအုပ်နဲ့ စာမေးပွဲ (Textbook and exam) ချိတ်ဆက် နေမှုကို ဖြတ်တောက်ခဲ့ပါတယ်။ သဘောက ဖတ်စာအုပ်ပေါင်းစုံ (multiple textbooks system) အသုံးပြုစေတာပါ။ အချို့နိုင်ငံတွေကတော့ ပုဂ္ဂလိကကဏ္ဍကို အားပြုကြပါတယ်။ ပုဂ္ဂလိက ကုမ္ပဏီလုပ်ငန်းရှင်တွေကို နေရာပေးတာပါ။ ဒါပေမယ့် တရုတ်၊ ဗီယက်နမ်လို နိုင်ငံမျိုးမှာ တင်းတင်းကျပ်ကျပ် ထိန်းကြပါတယ်။ ဂျပန်၊ တောင်ကိုရီးယား၊ စင်္ကာပူ တို့ မှာတော့ ရောထွေးပုံစံ (mixed format) ကို သုံးကြပါတယ်။ ဒါပေမယ့် သေချာတာက ပညာရေး/ကျောင်းတွေအတွက် သင်ကြားရေး ဝါဒ (teaching philosophy)၊ ဘယ်လိုသင်မလဲဆိုတဲ့ နည်းနာစံ (pedagogy principles) ခိုင်ခိုင်မာမာ ရှိထားဖို့ အရေးကြီးသလို၊ ပုဂ္ဂလိကကဏ္ဍ ဖက်ကလည်း ဗဟုသုတ၊ ကျွမ်းကျင်မှု၊ ရေရှည် သံန္နိဌာန်ပြုမှု (long-term commitment) တွေ လိုအပ်ပါတယ်။ အစိုးရဆီကနေ ပုဂ္ဂလိကကဏ္ဍကို ဖတ်စာအုပ် ပုံနှိပ်ထုတ်ဝေရေး အာဏာလက်လွှဲ ပြောင်းပေးတာ ချောမွေ့လွယ်ကူတဲ့ လုပ်ငန်းစဉ်တော့ မဟုတ်ပါဘူး။ ပုဂ္ဂလိကဖက်က ထုတ်ဝေရေးမှာလည်း ရေးသားမယ့်သူ၊ ပုံနှိပ်သူ၊ တိုင်ပင်အကြံရယူမယ့် ပညာရှင်များ၊ တည်းဖြတ်မှု၊ တင်ဆက်မှု ပေါင်းစုံ လိုအပ်ပါလိမ့်မယ်။ ဖတ်စာအုပ်တခုတည်းသာ မဟုတ်။ လေ့ကျင့်ခန်းများ၊ ဆရာကိုင်.. စသည်ဖြင့် နောက်ထပ် သူတို့ရောင်းချစရာ စာအုပ် တွေ ထပ်ပြုစုနိုင်ပါသေးတယ်။

ကျနော်ကတော့ ဖတ်စာအုပ်မူဝါဒတခု သေချာလိုအပ်တယ် မြင်မိတယ်။ ဒါဆိုရင် မယ်ခွေကဗျာ မထည့်လို့ပြောမယ် ဆိုရင်လည်း အစိုးရက အနေသာချည်း၊ ပုဂ္ဂလိက ကုမ္ပဏီတွေပဲ အပြောခံရမှာ။ ကျောင်းတွေကလည်း မယ်ခွေ ကဗျာ ကြိုက်ရင် ပါတဲ့ဖတ်စာအုပ် ဝယ်သုံး။ မပါတဲ့ ဖတ်စာအုပ် ဝယ်မသုံးနဲ့ပေါ့။ ဟုတ်ဖူးလား။