Breaking News

သန်း၀င်းလှိုင် - ကင်းဝန်မင်းကြီးဦးကောင်း (၆)


သန်း၀င်းလှိုင် - ကင်းဝန်မင်းကြီးဦးကောင်း (၆)

မိုးမခစာအုပ်စင် ကောက်နုတ်ချက်၊ ဇူလိုင် ၃၊ ၂၀၁၉

အခန်း (၅)
ကင်းဝန်မင်းကြီးအဖြစ်

ထို့နောက် မြင်းကွန်း၊ မြင်းခုံတိုင်အရေးတော်ပုံကြီးပြီးနောက် ကျောက်တစ်လုံးကင်း၊ မင်းကွန်းကင်း၊ စပ္ပာယ်နဂိုရ်ကင်းဟူသော ရေကင်း များနှင့် ဆင်ကြန်ကင်း၊ မြောက်ဦးကင်း၊ လေသာကင်း၊ ပြင်းထိပ်ကင်း၊ နတ်ထိပ်ကင်း၊ ရှောင်ကဗွေစသော အရပ်ရပ်ကြည်းကင်းများကို ကြီးကြပ် ကွပ်ကဲရသော ကင်းဝန်မင်းကြီးအရာ ထပ်မံခန့်တော်မူခဲ့သည်။

'ကင်းဝန်'ရာထူးနှင့်ပတ်သက်၍ မြန်မာ့စွယ်စုံကျမ်းအတွဲ (၁) စာမျက်နှာ ၃၃၃ တွင် 'တိုင်းပြည်နိုင်ငံတော်၌ ကင်းဝန်နှင့် တာဝန်ဝတ္တရား များ'ဟူ၍ အောက်ပါအတိုင်း တွေ့ရသည်။

''နေပြည်တော်မြို့ကြီး ရွာကြီးတို့တွင် ကင်းဝန်ဟူ၍ အကာအကွယ် အစောင့်အရှောက်ထားသော ကင်းစစ်သည်တို့ကို အုပ်ချုပ်ခန့်ခွဲရန်သာ မဟုတ်။ နယ်စပ်ဒေသတို့တွင် ကူးလူးဆက်ဆံရောင်းဝယ်နေသော ကုန်သည် ခရီးလမ်းတို့ကိုပါ အုပ်ချုပ်၍ အကောက်အခွန်များ စည်းကြပ်ရသည့် တာဝန် လည်းပါသည်''ဟူ၍ ဖော်ပြထားသည်။

ရွှေနန်းသုံးဝေါဟာရ အဘိဓာန်၌မူ-

''ကင်းဝန်ဟူသည် ကင်းဝန်ကောက်ခံရာဌာန ကင်းတော်များကို အစောင့်အနေ အကောက်တော် အခွန်တော်မှစ၍ မလစ်လပ်ရအောင် ကင်း စာရေးတို့ကို စီမံရသည်''ဟူ၍ အနက်ပေးထားသည်။

ကုန်းဘောင်ခေတ်တွင် 'ဆိပ်၊ တည်၊ ပွဲ၊ ကင်း၊ ကူးတို့၊ အပေါ်ဝန်' စသည့် အကောက်ခွန်ဌာနများကို သီးသန့်ထားရှိသည်။

'ဆိပ်'ဟူသည်မှာ ကုန်းလမ်းဌာနတွင် ယာဉ်နှင့် လူ သို့မဟုတ် ကုန်အဝင်အထွက်ပေါ်တွင် အခွန်တော်စည်းကြပ်ရာဌာန သို့မဟုတ် ရုံးဖြစ် သည်။ တနည်းဆိုရသော် ကုန်းလမ်းခရီးသွားကုန်၊ လူအဝင်အထွက်ပေါ်တွင် ကောက်ခံသော အခွန်တော် ဖြစ်သည်။

'ပွဲ'ဟူသည်မှာ ဆိပ်ကမ်းရှိ အခွန်တော်ကောက်ခံသည့် အကောက် ရုံး ဖြစ်သည်။ ကုန်ကို လွှဲပေးသော ပွဲစားတို့ရသည့် ပွဲခပေါ်တွင် အခွန် တော်ကောက်ခံရသော ရုံးဖြစ်သည်။

'ကင်း'ဟူသည်မှာ အခွန်အတုတ် ကောက်ခံရန် ရေဆိပ်ဖြစ်၍ ရေ ကင်းဟူ၍လည်း ခေါ်သည်။ ကုန်လမ်း၌ ကားကုန်၊ လူအဝင်အထွက်ပေါ် တွင် ကောက်ခံသော အခွန်လက်ခံရရှိမည့်နေရာ 'ကြည်းကင်း' ဖြစ်သည်။

'ကူးတို့'ဟူသော ဝေါဟာရမှာ ရေလမ်းတွင် တစ်နေရာတစ်နေရာ ပို့ဆောင်ပေးရပြီး ပို့ဆောင်ရာတွင် ကောက်ခံရရှိသည့် အခွန်တော်များ ကောက်ခံထိန်းသိမ်းရာဌာန ဖြစ်သည်။

'အပေါ်ဝန်'ဟူသော ဝေါဟာရမှာ တရားစီရင်ရာတွင် ကွမ်းဖိုးအဖြစ် အခွန်ကောက်၍ ဆင်၊ မြင်း၊ ကျွဲ၊ နွားများ အရောင်းအဝယ်ပြုရာတွင် အခွန် အတုတ်ကောက်ယူရသောဌာန ဖြစ်သည်။

ခရစ်နှစ် ၁၈၇၀ ပြည့်နှစ်တွင် အောက်မြစ်စဉ်မြို့များမှာ အင်္ဂလိပ် ပိုင်နယ်မြေနှင့် နီးစပ်ယှက်တင်နေသောကြောင့် ဆက်သွယ်မှုပြေပြစ်ချောမော ကာ ရာဇဝတ်ရေးကင်းလွတ် လုံခြုံအောင် ကင်းဝန်မင်းကြီးသည် မြစ်စဉ်ဝန်၊ စစ်ကဲအကြီးစသူတို့ကို ကြီးကြပ်အုပ်ချုပ်ရသည်။ ကင်းဝန်မင်းကြီးသည် မင်းလှမြို့မှနေ၍ ဤအရေးကြီးသော တာဝန်သစ်ကို အောင်မြင်စွာ ထမ်းရွက် ခဲ့လေသည်။

ထို့နောက် သက္ကရာဇ် ၁၂၃၀ ပြည့်နှစ် (၁၈၆၈ ခုနှစ်) အတွင်းဝန် ထောက်တော် ကင်းဝန်များနှင့် ထမ်းရွက်စဉ် ကိုယ်မှုပြည့်စုံသဖြင့် ခုံပညာရှိ တရားဓမ္မိက ပြုလုပ်လိုသူ နောင်လာနောင်သားတို့ အလွယ်တကူ မှတ်ယူ လေ့လာရန် မနုမနော၊ ရွှေမျဉ်း၊ မနုဝဏ္ဏနာစသော ဓမ္မသတ်ကျမ်းစောင်ရေ ၃၀ ကျော်တို့ကို ထုတ်နုတ်၍ သံခေပအဖြစ် လင်္ကာဖွဲ့ဆိုရေးသားသော ပဏာမနိဒါန်းနှင့်တကွ နှုတ်လွန်ခန်း၊ လက်ရောက်ခန်း၊ အမွေခန်း၊ အိမ်မှု ခန်း၊ မြို့မှုခန်း၊ ကျွန်ခန်းဟူသော ခုနစ်ခုပါရှိသော 'ဗု-စံ-သံ-န'ချီ အဍ္ဍသံစိပ်ဓမ္မသတ်လင်္ကာပုဒ်ရေ (၇၂)၊ (၉)ကြောင်းရေး (က)အစ (ဃ) အဆုံး ၃ အင်္ဂါ ၅ ချပ်ရှိ ဓမ္မသတ်ကျမ်းကို ရေးသားခဲ့သည်။

အခန်း (၆)
နိုင်ငံခြားသို့ သံကြီးအဖြစ် သွားရောက်ရခြင်း

မင်းတုန်းမင်းတရားသည် ကင်းဝန်မင်းကြီးကို အဂ္ဂမဟာသေနာပတိ ဝန်ရှင် တော်မင်းကြီးရာထူးချီးမြှင့်၍ အင်္ဂလိပ်တို့နှင့် ပိုမိုရင်းနှီးစွာ တိုက် ရိုက်ဆက်ဆံနိုင်ရန် လည်းကောင်း၊ ဥရောပတိုက်ရှိ အခြားနိုင်ငံတို့နှင့် နိုင်ငံခြားဆက်သွယ်မှုရရှိရန် လည်းကောင်း၊ သက္ကရာဇ် ၁၂၃၃ ခုနှစ် တပေါင်းလပြည့်ကျော် ၉ ရက် (ခရစ် ၁၈၇၂ ခုနှစ် မတ်လ ၂ ရက်)စနေနေ့ တွင် မင်းတုန်းမင်းတရားကြီးက ကင်းဝန်မင်းကြီး ဦးကောင်းခေါင်းဆောင် သော သံအဖွဲ့ကို စေလွှတ်ခဲ့သည်။ ထိုသံအဖွဲ့မှ မြန်မာမင်းလက်ထက်က မြန်မာနိုင်ငံမှ ဥရောပနိုင်ငံများသို့ ပထမဆုံးစေလွှတ်ခဲ့သော သံအဖွဲ့ဖြစ် သည်။

အဆိုပါသံအဖွဲ့တွင် မဟာစည်သူဘွဲ့ခံ ဝန်ကြီး ကင်းဝန်မင်းကြီး ဦးကောင်းက သံကြီး၊ ဝန်ထောက် ပန်းတဉ်းဝန်မဟာ မင်းကျော်ထင်ဦးရွှေ ဘင်နှင့် ဝန်ထောက်ဖန်ချက်ဝန် မဟာမင်းကျော်ရာဇာ ဦးရွှေအိုးတို့က သံလတ်နှင့် စာရေးကြီး မင်းလှဇေယျသူ ဦးခြိမ့် (နောင်သီရိမဟာဇေယျဘွဲ့ ဖြင့် မြောင်လှမြို့စား မြှောက်စားခံရသူ)တို့က သံငယ်အဖြစ် ပါဝင်ကြပြီး၊ ဘုရင့်ရာဇသဝဏ်လွှာများ၊ လက်ဆောင်ပဏ္ဏာတော်များ သယ်ဆောင်သွားခဲ့ ကြလေသည်။

ကင်းဝန်မင်းကြီးသံအဖွဲ့သည် သက္ကရာဇ် ၁၂၃၄ ခု နယုန်လပြည့် ကျော် ၁၄ ရက် (ခရစ် ၁၈၇၂ ခုနှစ် ဇွန်လ ၄ ရက်) အင်္ဂါနေ့တွင် အင်္ဂလန် ပြည် ဒိုဗာဆိပ်ကမ်းသို့ ပြင်သစ်ပိုင် ကာလေမြို့မှ စကြာယဉ်ပျံသင်္ဘောဖြင့် ဆိုက်ရောက်သည်။ ကင်းဝန်မင်းကြီးတို့အဖွဲ့အား လန်ဒန်မြို့တော်မှ အမတ် ကြီးနှင့် ဗာရာကင်မြို့စားကြီးတို့က တင့်တယ်စွာ ကြိုဆိုကြောင်း မြန်မာ သတင်းစာတို့၌ ၁၈၇၂ ခုနှစ် ဇွန်လ ၁၄ ရက်တွင် ဖော်ပြပါရှိသည်။

သို့သော် အင်္ဂလန်သို့ ရောက်လျှင် ရောက်ချင်း ဝိတိုရိယဘုရင်မ၏ ရှေ့တော်သို့ ဝင်ခွင့်မရခဲ့ကြသေး။ အိန္ဒိယဆိုင်ရာအတွင်းဝန်ချုပ် ဒျူ့အာဂိုက် (Duke of Argyll - Secretary of State for India) နှင့် တွေ့ဖို့ရန်ပင် ရက်အတန်ကြာမျှ စောင့်ဆိုင်းခဲ့ရသည်။ ကင်းဝန်မင်းကြီးကား အင်္ဂလန်ပြည် အစိုးရအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးနှင့်သာ တိုက်ရိုက်တွေ့ဆုံလိုသည်။ အိန္ဒိယဆိုင်ရာ အတွင်းဝန်ချုပ်သည် ကိုယ့်မင်းကိုယ့်ချင်း မြန်မာနိုင်ငံ၏ အရေး နှင့် ဘာမျှဆိုင်သည်မဟုတ်ချေ။ သို့သော် အင်္ဂလန်ပြည်သို့ရောက်လျှင် မိမိ တို့ထဲက လူရင်းတစ်ယောက်မျှမရှိသည်နှင့် ဒျူ့အာဂိုက်ကိုပင် အမှီပြု၍ ဝိတိုရိယဘုရင်မရှေ့တော်သို့ ၁၂၃၄ ခု ဝါဆိုလဆန်း ၁၄ ရက် (ခရစ် ၁၈၇၂ ခုနှစ် ဇွန်လ ၁၉ ရက်) ဗုဒ္ဓဟူးနေ့ကျမှပင် တွေ့ဆုံခွင့်ရခဲ့လေသည်။

ဘုရင်မကြီးနှင့် တွေ့သောအခါ၌လည်း ဘုရင်မက 'မာ၏လော' 'ချမ်းသာစွာခရီးလာခဲ့ရ၏လော'ဟူသော စကားနှစ်ခွန်းမျှသာ မေးသည်ကို ပြန်ဖြေပြီးလျှင် အခမ်းအနားပြီးခဲ့ရသည်။ မြန်မာနိုင်ငံသို့ အင်္ဂလိပ်သံတမန် များလာသည့်အခါ မည်မျှပင် အဆင့်အတန်း နိမ့်ကျသော သံတမန်ပင်ဖြစ် စေ၊ မြန်မာမင်းတို့က အတော်အသင့်စကားလက်ခံ ပြောဆိုခဲ့ကြရ၏။ သို့နှင့် ပင် အချို့ကပ္ပတိန်ခေါ် ဗိုလ်ကြီးရာထူးမျှသာရှိသော 'မင်းစေ'တို့က မြန်မာ ဘုရင်က ၎င်းတို့ကို ကြာကြာလက်ခံစကားမပြောရကောင်းလားဟူ၍ ၎င်း တို့၏ မှတ်တမ်းများတွင် အားမနာပစကားများကို ရေးသားဖော်ပြကြသည်။ မြန်မာဘုရင်ဘက်ကမူ ဘုရင်မင်းမြတ်၏ထံပါးတွင် ခစားရသော မင်းတိုင် ပင်ဝန်ကြီးတစ်ပါးကိုယ်တိုင် သံတမန်အဖြစ်နှင့် အင်္ဂလန်ပြည်ဘုရင်မထံသို့ စေလွှတ်ခဲ့သည်။ သို့ပါလျက်နှင့်လည်း ဦးစွာ၌ ကင်းဝန်မင်းကြီးသည် အေးစက်စက်နှင့် ဧည့်ခံခြင်းကိုသာ တွေ့ခဲ့ရလေသည်။

သို့သော် ကင်းဝန်မင်းကြီးကား စိတ်မပျက်ခဲ့ချေ။ အလိုက်အထိုက် နှင့် ပြေပြေပြစ်ပြစ်ဖြစ်အောင် ဆောင်ရွက်ခဲ့လေရာ တစ်မြို့မှ တစ်မြို့သို့ လည်ပတ်သည့်အခါတိုင်း ကင်းဝန်မင်းကြီး၏ ဂုဏ်သတင်းမှာ ကျော်စော ၍ လာခဲ့သည်။ ထို့ကြောင့် နယူးကာဆယ်မြို့သို့ ရောက်သောအခါ ကင်းဝန် မင်းကြီးကို နယူးကာဆယ်မြို့သူ မြို့သားတို့က သောင်းသောင်းဖျဖျ ကြိုဆို ကြလေသည်။

ယင်းသို့ ကြိုဆိုကြပုံကို နယူးကာဆယ်မြို့တော်ဝန်ရုံးက ၁၈၇၂ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့စွဲ မှတ်တမ်းတွင် ရေးသားဖော်ပြထားသည်။ ထိုမှတ်တမ်းအရ အကျဉ်းချုံးဖော်ပြရလျှင်-

မြန်မာသံအဖွဲ့မှာ လူပေါင်း ၂၁ ဦးပါဝင်သည်။ မင်းကြီးမဟာစည်သူ ကင်းဝန်မင်းကြီးကား အာဏာကုန်လွှဲအပ်ခြင်းခံရသော သံတော်ကြီး ဖြစ် လေသည်။ မဟာမင်းလှကျော်ထင် ပန်းတဉ်းဝန်ထောက်နှင့် မဟာမင်းကြီး ရာဇာ ဖန်ချက်ဝန်ထောက်တို့မှာ ဒုတိယအဆင့်အတန်းရှိသော တွဲဖက်သံတို့ ဖြစ်ကြသည်။ နေမျိုးသိဒ္ဓိအောင်မြဆိုသူကိုမူ မြန်မာနိုင်ငံ ဘုရင်မင်းမြတ် ၏ အိမ်တော်ဝန်ဟု ဆိုထားသည်။ စာရေးတော်ကြီး မင်းလှဇေယျသူကား သံအဖွဲ့၏ ပထမအတွင်းဝန် ဖြစ်သည်။ ၎င်းတို့နှင့်အတူ ဗိုလ်မှူးမက္ကမေဟုန် (ြသြေမ ခြ ြေ့သာ) နှင့် မစ္စတာ အိပ်ချ်ဂျူန်းစ် (မြ" ံ" ဲသညနျ) တို့လည်း သံအဖွဲ့တွင် ပါဝင်ကြသည်။ ဂျူန်းစ်မှာ မြန်မာနိုင်ငံတော် အစိုးရကို ကိုယ်စားပြုသည့် ကောင်စစ်ဝန်ဟု ဖော်ပြထားသော်လည်း ဗိုလ်မှူး မက္ကမေဟုန်မှာ မည်သည့်အဆင့်အတန်းရှိသည်ဟု မပါရှိလေ။ ထူးခြားသည့် အချက်မှာ အင်္ဂလိပ်တစ်ဦးက မြန်မာ့သံရုံးအတွက် ကောင်စစ်ဝန် (ဃသညျကူ ွနညနမေူ) ဖြစ်နေခြင်း ဖြစ်သည်။

ကင်းဝန်မင်းကြီးနှင့် အဖွဲ့ကို ကြိုဆိုကြသူများမှာ မြို့တော်ဝန် ဂရက် ဆန် (ြပေသမ ွမနျါသည) မြို့တော်ရဲမင်းကြီး ရှရစ်ဖော့ကွန်နား (ှ့နမင် ငေူ်္ခသညနမ) တို့ ဖြစ်ကြသည်။ သံအဖွဲ့တို့မှာ ရှက်ဖီးမြို့မှတစ်ဆင့် လာကြသည် ဖြစ်၍ မွန်းလွဲပိုင်း ၄ နာရီ မိနစ် ၂၀ ၌ ရထားနှင့် ဆိုက်ရောက်လာကြလိမ့် မည်ဟု မျှော်လင့်နေကြသည်။ သို့ရာတွင် ယောက်မြို့၌ စားသောက်ရန် ခေတ္တနားရသဖြင့် ၄ နာရီ ၅၄ မိနစ်တွင်မှ ရောက်ရမည့် နယူးကာဆယ် အမြန်ရထားနှင့် လာကြရာ ထုံးစံအတိုင်း ၄၅ မိနစ်ခန့် နောက်ကျသော ကြောင့် ညနေ ၅ နာရီ ၄၀ မိနစ်ကျမှပင် ရောက်တော့သည်။ ရောက်လျှင် ရောက်ချင်း ဆာဝီလျံအမ်စတောင်းက ဂျက်စမွန်ဒီးန်ရှိ သူ၏ နေအိမ်တွင် တည်းခိုရန် ကင်းဝန်မင်းကြီး၏ သံအဖွဲ့အား ခေါ်ဆောင်သွားလေသည်။

စက်တင်ဘာ ၉ ရက်ထုတ် နယူးကာဆယ် ဒေးလီးခရော်နီကယ် သတင်းစာတွင် ဤအကြောင်းကို တစ်ကော်လံခွဲခန့် ရေးသားထားလေသည်။ ယင်းသို့ ရေးသားရာ၌ သတင်းထောက်သည် မြန်မာနိုင်ငံ၏ ရာဇဝင်နောက် ခံကြောင်းကို ဖော်ပြ၍ မြန်မာဘုရင်မင်းမြတ်မှာ အင်္ဂလန်ပြည်နှင့် သံတမန် ဆက်သွယ်ရာ၌ တိုက်ရိုက်ဆကင်သွယ်ခွင့်မရရှိခဲ့ရကား အကယ်၍ မြန်မာ နှင့် အင်္ဂလိပ်တို့ ကူးသန်းရောင်းဝယ်မှု အဆက်အသွယ်ကို ကောင်းစွာလုပ် ကိုင်လိုသည်ဟုဆိုလျှင် တိုက်ရိုက်ဆက်ဆံမှုသာလျှင် အရေးပါအရာရောက် လိမ့်မည်ဟု ဝေဖန်သုံးသပ်ဖော်ပြထားသည်။

ဤအချက်ကို သာမန်ဟူ၍ သဘောမထားသင့်ချေ။ မြန်မာတို့၏ ဆန္ဒကို ကင်းဝန်မင်းကြီး တင်ပြရာ၌ သတင်းစာတို့က အရေးတယူတစ်ဆင့် ဖော်ပြသည်ဆိုခြင်းမှာ ကင်းဝန်မင်းကြီး၏ ရာဇပရိယာယ် ဒီပလိုမေစီပင် ဖြစ်လေသည်။

အင်္ဂလန်ပြည်က မြန်မာတို့၏ ထင်မြင်ချက်ကို စိတ်ဝင်စားအောင် လုပ်ဖို့အရာမှာ လွယ်ကူသည်မဟုတ်ချေ။ ကင်းဝန်မင်းကြီး ဘိလပ်သွား၍ နှစ်ပေါင်း (၅၀) နီးပါးမျှအကြာတွင် ဦးဘဖေ၊ ဦးပု၊ ဦးထွန်းရှိန် (ဖေ၊ ပု၊ ရှိန်) တို့ အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲရေးအတွက် ဘိလပ်သို့ ရောက်ကြရာ မြန်မာနိုင်ငံ၏ အကြောင်းကို သတင်းစာထဲ၌ ရေးကြဖို့ကို များစွာ ကြိုးစားခဲ့ ရလေသည်။

ကင်းဝန်မင်းကြီးကား နယူးကာဆယ်သို့ မရောက်မီ သက္ကရာဇ် ၁၂၃၄ ခုနှစ် ဝါခေါင်လပြည့်ကျော် ၂ ရက် (၁၈၇၂ ခုနှစ် သြဂုတ်လ ၂၁ ရက်) ဗုဒ္ဓဟူးနေ့တွင် လစ်ဗာပူမြို့ကုန်သည်ကြီးများအသင်း လူကြီးများ၏ တည်ခင်းသော ညစာစားပွဲ၌ အောက်ပါအတိုင်း အင်္ဂလိပ်တို့ကို ပြောဆိုခဲ့ သည်။

''မြန်မာမင်းသည် အင်္ဂလိပ်မင်းနှင့် တိုက်ရိုက်မဆက်ဆံရသေးပါ ဘူး။ ဘင်္ဂလားမြို့ရှိ အိန္ဒိယဘုရင်ခံနှင့်သာ ဆက်ဆံနေထိုင်ရသည်။ အောက်လူ အင်္ဂလိပ်အရာရှိများကလည်း အင်္ဂလန်ပြည် လန်ဒန်မြို့နှင့် တိုက်ရိုက်မဆက်ဆံရအောင် တားဆီးနှောင့်ယှက်လိုသော သဘောရှိသည်။

မည်သို့ပင် ဆန့်ကျင်တားဆီးလိုသည့် စိတ်သဘောထားရှိသော်လည်း အင်္ဂလိပ်မင်းနှင့် အင်္ဂလိပ်လူမျိုးကုန်သည် ဆင်းရဲသားများက မြန်မာမင်းမြတ် နှင့် ကောင်းမွန်စွာ ဆက်လက်ကမ်းလှမ်းလိုသည့် သဘောထားရှိကြပါသည်။

ကင်းဝန်မင်းကြီးသည် ဤသဘောထားကို ထင်ရှားအောင် ကြေညာ ခဲ့ရာ၌ အောင်မြင်မှုရခဲ့သည်ဟု ဆိုရပေမည်။

ထို့နောက် အဆိုပါ ဒေးလီခရော်နီကယ်သတင်းထောက်က ကြိုဆိုပုံ အခမ်းအနားကို ရေးသားထားသည်မှာ များစွာမှတ်သားဖွယ် ဖြစ်လေသည်။

''နှစ်ပြည်ထောင်ဆက်သွယ်မှုမှရရှိသော ဆက်ဆံရေးအကျိုးထူး တရားကို ထောက်ထား၍ အရှေ့တိုင်းဧည့်သည်တော်များကို နယူးကာဆယ် မြို့သူ မြို့သားတို့က စိတ်ဝင်စားကြသည်မှာ အံ့ဖွယ်ကိစ္စမဟုတ်ချေ။ သံအဖွဲ့ တို့ လန်ဒန်မြို့သို့ ရောက်ရှိလိမ့်မည်ဟူသော ကြေညာချက်ကြောင့် ဧည့်ခံပွဲ သို့ လာရောက်ကြည့်ရှုကြသော ပရိသတ်တို့မှာ များပြားလှ၏။ ထိုအခမ်း အနားအတွက် သတ်မှတ်ထားသော အချိန်မတိုင်မီ ကာလများစွာကပင် ကြိုတင်၍ ဗဟိုရ်မီးရထားဘူတာသို့ လူအများရောက်နှင့် နေကြသည်။ သို့ရာတွင် သံအဖွဲ့သည် ယောက်မြို့၌ မီးရထားကို မမှီလိုက်ဟူ၍ သတင်း ဖြစ်ပွားရသည်နှင့် ပရိသတ်များမှာ တစ်ခဏချင်း လူကွဲသွားခဲ့လေသည်။ သို့သော် အခြားသူတို့ကား အဆိုပါသတင်းစကားကို မယုံကြည်ကြချေ။

ထို့ကြောင့် ဒွိဟသံသယနှင့်ပင် ဘူတာရုံတစ်ဝိုက်မှ မခွာဘဲ ဇွဲကောင်း ကောင်းဖြင့် စောင့်နေကြသည်။ ကင်းဝန်မင်းကြီးအဖွဲ့အား မတွေ့လိုက်ရမည် ကို စိုးရိမ်နေစဉ် ရဲအဖွဲ့ရောက်ရှိလာသောအခါ ပို၍လွန်ကဲလာလေရာ ပရိသတ်သည် ဘူတာရုံထဲသို့ အလုအယက်ဝင်ပြီးလျှင် ရရာထိုင်ခုံများ၊ စားပွဲများ၊ လက်တွန်းရထားများအပေါ်တွင် နေရာယူထားကြသည်။

ထို့နောက် ရဲအဖွဲ့ရောက်လာသောအခါ ဘူတာရုံပလက်ဖောင်းပေါ်သို့ လက်မှတ်မရှိဘဲ ဝင်မလာနိုင်အောင် အဝင်တံခါးများကို သော့နှစ်ဆင့်ခတ် လိုက်လေသည်။ သို့သော် အချို့မှာ အကြောင်းအမျိုးမျိုးပြ၍ ဝင်ခဲ့ကြသည်။ အချို့ကား ခရီးကို မီးရထားလက်မှတ်ကိုပင် တမင်ဝယ်၍ ဝင်ကြသည်။ ပလက်ဖောင်းပေါ်တွင် ပရိသတ်တို့မှာ ပျားများအုံသကဲ့သို့ ပြည့်ကျပ်နေလေ သည်။ ကင်းဝန်မင်းကြီး၏ သံအဖွဲ့သည် ညနေ ၅ နာရီခွဲမတိုင်မီ မရောက် နိုင်ဟု ကြေညာသည့်တိုင်အောင် လူအုပ်ကြီးမှာ မစဲသွားချေ။

ထို့နောက် မကြာမီ မီးရထားသည် ဘူတာရုံသို့ ဆိုက်ရောက်လာသည်။ ယင်းရထားတွဲ၌ 'ဆလွန်း'သီးသန့်ပါရှိရာ လူအများက မျှော်လင့်တောင့်တ နေ၏။ ဧည့်သည်များပါလာလိမ့်မည်ဟု မှတ်ထင်ထားသော်လည်း မည်သူမျှ မပါလာသဖြင့် စိတ်ပျက်သွားကြသည်။

ကင်းဝန်မင်းကြီးတို့၏ သံအဖွဲ့သည် ယောက်မြို့မှ ထွက်သော ရထားကို မမီလိုက်သည်မှာ အခြားကြောင့်မဟုတ် နယူးကာဆယ် မြူနီစီပယ် အဖွဲ့၏ မှတ်တမ်းအရ ကင်းဝန်မင်းကြီးအဖွဲ့ကို စားသောက်ဖွယ်ရာတို့ဖြင့် ဧည့်ခံကျွေးမွေးနေသောကြောင့် ဖြစ်သည်။ ထို့နောက်မီရာ ရိုးရိုးရထားဖြင့် လိုက်လာခဲ့ရာ မျှော်လင့်နေသော ပရိသတ်ကြီးနှင့် ဆုံဆည်းမိကြလေသည်။ မြူနီစီပယ်လူကြီးများက ရထားရပ်မည့်နေရာကို အခမ်းအနားဖြင့် ပြင်ဆင် ထားသည်။

သို့သော် ပရိသတ်မှာ လွန်စွာများပြား၍ ဧည့်ခံမည့်နေရာသို့ ပြိုဆင်း ၍လာရာ အခမ်းအနားဖြင့် ကြိုဆိုရန် မတတ်နိုင်တော့ချေ။ ထို့ကြောင့် မီးရထားဘူတာရုံရှိ ခရီးသည်များ နားနေရာခန်း၌သာ ကျင်းပရတော့သည်။

နယူးကာဆယ် ဒေလီးခရော်နီကယ်သတင်းထောက်သည် ကင်းဝန် မင်းကြီး သံအဖွဲ့၏ အဝတ်အစားကို အတော်ပင် မျက်မှန်းတန်းမိဟန်တူသည်။ သံအဖွဲ့တို့၏ ရွှေဖလားရောင် လုံချည်နှင့် အဖြူရောင် ထိုင်မသိမ်းကို လည်းကောင်း၊ ခေါင်းပေါင်းဖြူဖော့လုံးနှင့် ယောင်ထုံးကို လည်းကောင်း သတင်းအဖြစ်နှင့် တအံ့တသြ ရေးသားဖော်ပြခဲ့သည်။ သံအဖွဲ့၏ လက် အောက်အရာရှိတို့က အအေးဒဏ်ကို မခံနိုင်ကြ၍ ဘိလပ်ဖြစ်တတ်ပုံ အင်္ကျီရှည်ကြီးများကို ဝတ်ဆင်ထားသည်ကိုလည်း ရေးသားထားလေသည်။

အင်္ဂလိပ်တို့မှာ မြန်မာကို မြင်ဖူးသူများမဟုတ်ကြသော်လည်း အိန္ဒိယ အမျိုးသားတို့ကိုကား အတော်အသင့်မြင်ဖူးရကား မြန်မာသံအဖွဲ့ဝင်တို့၏ ရုပ်ရည်များ ဟိန္ဒူလူမျိုးတို့နှင့် မတူကွဲပြားသည်ကို သတင်းထောက်က အထူးဖော်ပြထားသည်။ သံအဖွဲ့တွင် ပါရှိသော လက်ထောက်အရာရှိတို့သည် လာ၍ကြိုဆိုသော ပရိသတ်နှင့် ရောနှောကာ ရွှင်ရွှင်ပျပျနှင့် မိတ်ဆွေဖွဲ့ကြ သည်မှာ သတင်းထောက်အဖို့ အတော်ကလေး ဆန်းကျယ်နေဟန်ရှိသည်။ အင်္ဂလိပ်လူမျိုးတို့သည် မိတ်ဖွဲ့ပေးမည့် ကြားလူမရှိလျှင် အသိမလုပ်တတ် ကြပေ။ ၎င်းကို ကျွန်ုပ်တို့က ကိန်းကြီးခမ်းကြီးလုပ်သည်ဟု ဆိုကြသည်။ မြန်မာတို့ကား မိတ်ဆွေဖွဲ့ရာ၌ ကြားလူလိုသည်မဟုတ်။ ဟက်ဟက်ပက် ပက်စကား ပြောဆိုရယ်မော၍ မိတ်ဆွေဖွဲ့တတ်ကြလေသည်။ ထို့ကြောင့် ဤအချင်းအရာသည် အဆန်းဖြစ်၍ နေလေသည်။

မြန်မာသံအဖွဲ့သည် ခရီးသည် အခန်းတွဲရောက်သောအခါ ပရိသတ် တို့သည် တားမနိုင်ဆီးမရအောင် တိုးဝှေ့ကြည့်ကြသဖြင့် အခန်းထဲသို့ ရောက်အောင် မနည်းကြိုးစား၍ ဝင်ကြရသည်။ သံအဖွဲ့ အထဲသို့ရောက်သော အခါ မီးရထားပုလိပ်တို့ တံခါးကို အတင်းပိတ်ရသည်။

ဤသည်တွင်မှ နယူးကာဆယ် မြို့တော်ဝန်က ယင်းတို့၏ ထုံးစံ အတိုင်း အခမ်းအနားဖြင့် ကြိုဆိုကာ ဧည့်ခံကြိုဆိုသော မိန့်ခွန်းကို မြို့တော် ဝန်က အင်္ဂလိပ်ကို မိန့်ကြားသည်တွင် မေဂျာမက္ကမေဟုမ်က မြန်မာဘာသာ စကားဖြင့် ပြန်ဆိုပေးသည်။ မိန့်ခွန်းမှာ စကားလုံးကြီးကြီးကျယ်ကျယ်နှင့် လောကွပ်လုပ်သော မိန့်ခွန်းမဟုတ်ဘဲ စေတနာအပြည့်အဝဖြင့် ပြောပြ သည့် မိန့်ခွန်းမျိုး ဖြစ်နေသည်။

''ကျော်ဇောကိတ္တိရှိသော သံအမတ်ကြီးခင်ဗျား၊ မြူနီစီပယ်ကော်ပို ရေးရှင်းအဖွဲ့နှင့်တကွ ဤမြို့တော်သူ မြို့တော်သားအပေါင်းတို့၏ အမည်နာမ ကို ခံယူ၍ ကျွန်ုပ်တို့၏ ကူးသန်းရောင်းဝယ်ရေး၊ သတ္တုတူးဖော်ရေးနှင့် အင်ဂျင်နီယာဆိုင်ရာ စက်မှုလက်မှုလုပ်ငန်း ဗဟိုရ်ဌာနကြီးသို့ လူကြီးမင်း တို့ ြွကရောက်လာသည်ကို ဝမ်းမြောက်စွာ ကြိုဆိုပါသည်။ အရှေ့ဖျားနိုင်ငံ ကို ကိုယ်စားပြုသော လူကြီးမင်းတို့သည် အနောက်နိုင်ငံနှင့် လက်ချင်းဆက် ၍ မိတ်ဖွဲ့သည်ကို ကျွန်ုပ်တို့ တွေ့ရသဖြင့် ဂုဏ်ယူမိပါသည်။ ယင်းသို့ မိတ်ဖွဲ့သည်မှာ သိအပ်ဖွယ်တို့ကို ပေးခြင်း၊ ယူခြင်းအလို့ငှာ စေတနာကောင်း ထား၍ မိတ်ဖွဲ့ခြင်း ဖြစ်ပါသည်။ သံအမတ်ကြီး၏ အဖွဲ့သည် ငြိမ်းချမ်းရေး အဖွဲ့ဖြစ်ပါသည်။ ဝေးလံသောဒေသမှ ြွကရောက်လာခြင်းမှာ ကျွန်တော် အထက်က အစီရင်ခံခဲ့သည့်အတိုင်း လူကြီးမင်းတို့၏ သဘောထားကို သိကြပါစေရန်နှင့် ကျွန်ုပ်တို့၏ သဘောထားကို မှတ်ယူကြရန် ဖြစ်ပါသည်။ ဤသို့ ထင်မြင်ချက်သဘောထားချင်း အလဲအလှယ်ပြုကြသည့်အရာမှာ သံအမတ်ကြီး၏ နိုင်ငံနှင့်တကွ ကျွန်ုပ်တို့၏ နိုင်ငံပါအကျိုးဖြစ်ထွန်းစေမည် သာမက လူ့လောကတစ်ရပ်လုံးကိုလည်း အကျိုးဖြစ်ထွန်းစေလိမ့်မည်ဟု ယုံကြည်မိပါသည်။ သံအမတ်ကြီး၏ အဖွဲ့သည် သံအမတ်ကြီးတို့၏ နိုင်ငံ အား စည်ပင်ဝပြောလာစေရန် အထောက်အပံ့ဖြစ်စေလိမ့်မည်ဟု စေတနာ ထားကာ မျှော်လင့်မိပါသည်။

အကြောင်းမှာမူ အစိုးရ နှစ်ဦးနှစ်ဖက်တို့တွင် ရှိရင်းစွဲဖြစ်သော မိတ်ဆွေဖြစ် ဆက်ဆံရေးမှာ သံအမတ်ကြီး၏ အဖွဲ့ကြောင့် ပိုမိုမြဲမြံစွာ ဂဟေဆက်နိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် နှစ်တိုင်းနှစ်ပြည်ရှိ လူများ အသီးသီးတို့၏ အကျိုးစီးပွားကို တိုးတက်ဖြစ်ထွန်းစေလိမ့်မည်။ ဤစေတနာ နှင့်တကွ ဤမြို့၏ အမည်နာမကို ခံယူကာ ကျွန်ုပ်သည် ကျန်းမာချမ်းသာ ပါစေကြောင်းနှင့် ဆုမွန်ကောင်းလိုက်သည့်အပြင် အင်္ဂလန်ပြည် မြောက်ပိုင်း ကို ြွကရောက်လာသည်မှာ ကျေးဇူးများ၍ ပျော်ရွှင်နှစ်လိုဖွယ်ရာ ဖြစ်လိမ့် မည်ဟု ယုံကြည်မိပါသည်။

ဤမိန့်ခွန်းအဆုံးတွင် ပရိသတ်ကြီးက သောင်းသောင်းဖျဖျ သြဘာ ပေးလေရာ သံအဖွဲ့သည် အင်္ဂလိပ်ထုံးစံကို လိုက်၍ ဦးခေါင်းညိမ့်ကာ အလေးပြုကြသည်။

ထို့နောက် ဖန်ချက်ဝန်ထောက်မင်း ဦးရွှေအိုးက ကင်းဝန်မင်းကြီး ကိုယ်စား အင်္ဂလိပ်ဘာသာစကားဖြင့် ပြန်လည်ပြောကြားခဲ့သည်မှာ-

''အရှင်သံအမတ်မင်းကြီးက ယနေ့၌ ခင်ဗျားတို့က ဝမ်းမြောက်ဝမ်းသာ ကြိုဆို ဧည့်ခံသည်ကို အတုံ့အပြန်အားဖြင့် ကျေးဇူးတင်ကြောင်း ပြောကြား စေဟု အမိန့်ရှိပါသည်။ ခင်ဗျားတို့၏ မေတ္တာစေတနာကို သံအမတ်ကြီးက တုန့်ပြန်ပါသည်။ သံအမတ်ကြီးသည် မြန်မာဧကရာဇ်ဘုရင်မင်းမြတ်သိရှိ တော်မူစေရန် ဤနိုင်ငံ၌ သူမြင်ခဲ့သမျှ အချင်းအရာတို့ကို အိမ်တိုင်းရာ ရောက် ယူဆောင်သွားနိုင်လိမ့်မည်ဟု ဒိဋ္ဌယုံကြည်မိပါသည်။

ထို့ကြောင့် မြန်မာဧကရာဇ်ဘုရင်မင်းမြတ်သည် အစီရင်ခံချက်တို့ကို တန်ဖိုးထားကာ လေးစား၍ အကျိုးကျေးဇူးများ ဖြစ်ထွန်းလိမ့်မည်ဟု ဒိဋ္ဌဓမ္မ ယုံကြည်မိပါသည်ဟု ပြောဆိုသွားခဲ့လေသည်။

ဤစကားအဆုံးတွင် သြဘာသံကြီးပေါ်ထွက်လာပြီးနောက် ကင်းဝန် မင်းကြီး၏ အဖွဲ့သည် မြို့တော်ဝန်၏ မင်းခမ်းမင်းနား ရထားပေါ်သို့တက်၍ ဆာဝီလျံအမ်စထရောင်းအိမ်သို့ ြွကသွားတော်မူလေသည်။

ထို့နောက် ကင်းဝန်မင်းကြီးဦးဆောင်သော မြန်မာသံအဖွဲ့သည် ၁၈၇၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက် ကြာသပတေးနေ့တွင် အင်္ဂလန်နိုင်ငံ မှ ပြန်လည်ထွက်ခွာကာ ပြင်သစ်နိုင်ငံသို့ သွားရောက်ခဲ့သည်။ ပြင်သစ်နိုင်ငံ ပါရီမြို့သို့ ၁၈၇၂ ခုနှစ် သြဂုတ်လဆန်းတွင် ဆိုက်ရောက်ခဲ့သည်။

ယင်းနောက် ၁၈၇၂ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့တွင် ပါရီမြို့၌ ကင်းဝန်မင်းကြီး ဦးကောင်း ဦးဆောင်သော ဥရောပသို့ မြန်မာသံအဖွဲ့သည် နပိုလီယံ၏ မဟာဆွေတော်မျိုးတော်များ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ကြ သည်။

၁၈၇၂ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်တွင် ပြင်သစ်သမ္မတ အဒိုဖီးသီးယား  က ကင်းဝန်မင်းကြီး ဦးကောင်း ဦးဆောင်သော မြန်မာ သံအဖွဲ့ကို ဗာဆိုင်းနန်းတော်၌ လက်ခံတွေ့ဆုံခဲ့သည်။

ထို့နောက် ၁၈၇၃ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်တွင် ပြင်သစ်-မြန်မာ ကူးသန်းရောင်းဝယ်ရေးစာချုပ်ကို ကင်းဝန်မင်းကြီး ဦးကောင်းနှင့် ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး ကောင့်ချားလ်ဒီရေးမြူဇ (ဃသာအန ဃ့မေူနျ ိန ္နျွာကျအေ) တို့ ပါရီမြို့တော်၌ လက်မှတ်ရေးထိုးခဲ့ကြသည်။ ပြင်သစ်နိုင်ငံမှ အပြန် အီတလီနိုင်ငံ ရောမမြို့သွားရောက် ပုပ်ရဟန်းမင်းကြီး၊ အီတလီမင်း တို့နှင့် တွေ့ဆုံခဲ့သည်။ ထိုမှအပြန် သီဟိုဠ်ကျွန်း (သီရိလင်္ကာနိုင်ငံ)သို့ ဝင်ရောက် ဗုဒ္ဓမြတ်စွယ်တော်အား ဖူးမြော်ခဲ့သည်။ ထို့နောက် အိန္ဒိယနိုင်ငံသို့ ဝင်ရောက်၍ အိန္ဒိယဘုရင်ခံ တွေ့ဆုံခဲ့သည်။

ကင်းဝန်မင်းကြီး ဦးဆောင်သော ဥရောပသွား မြန်မာသံအဖွဲ့သည် အင်္ဂလန်ပြည်၊ အိုင်ယာလန်ပြည်၊ ပြင်သစ်နိုင်ငံ၊ အီတာလျံနိုင်ငံများသည် တစ်နှစ်ကျော်ကြာ သွားရောက်လှည့်လည်ပြီးနောက် အင်္ဂလန်ပြည် ဥရောပ နိုင်ငံများမှ မဟာမိတ်စာချုပ်များ၊ လက်ဆောင်များသယ်ဆောင်လျက် သက္ကရာဇ် ၁၂၃၅ ခုနှစ် ကဆုန်လဆန်း ၆ ရက် (ခရစ် ၁၈၇၃ ခုနှစ် မေလ ၂ ရက်)တွင် ရတနာပုံ ရွှေမြို့တော်ကြီးသို့ ပြန်လည်ဆိုက်ရောက်ခဲ့ကြသည်။

ယင်းအကြောင်းနှင့် ပတ်သက်၍ ကျက်သရေဆောင် ရွှေစလွယ်ရ ဝန်ထောက်မင်း ဦးမောင်မောင်တင် (၁) ု"ှ"ယြ ဗ"ွှ"ြ ပြုစုသော ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး တတိယတွဲစာမျက်နှာ ၂၆၇ ၌ အောက်ပါ အတိုင်း ဖော်ပြထားသည်။

''အင်္ဂလိပ်နိုင်ငံ ဧကရီဘုရင်မင်းမြတ်ထံသို့ ရာဇသံလက်ဆောင် တော်များနှင့် စေလွှတ်သော ကင်းဝန်မင်းကြီး မဟာစည်သူသည် သံတော် ကြီးအဖြစ်ဖြင့် ဆောင်ရွက်ရန်ရှိသည်များကို ပြီးပြေအောင်ဆောင်ရွက်သည့် အပြင် အင်္ဂလိပ်ပိုင် ဂရိတ်၊ ဘရိတန်၊ အိုင်ဖုလန်နိုင်ငံကြီးနှင့် ပြင်သစ်နိုင်ငံ၊ အီတာလျံနိုင်ငံများတွင်ရှိသော ထင်ရှားကြီးကျယ်သော ခရိုင်ကြီး၊ မြို့ကြီး၊ သင်္ဘောဆိပ်ကြီး၊ တပ်မြို့၊ ခံမြို့၊ ခံကတုတ်၊ ကြေးနန်းတိုက်၊ စာပို့တိုက်၊ ဘဏ်တိုက်၊ ပြတိုက် (ကျြနကာ) ၊ အလုပ်ရုံ၊ စက်ရုံ၊ လက်နက်ရုံ၊ သူနာရုံ၊ သူဆင်းရဲရုံ၊ ကပွဲရုံ၊ ဇာတ်ရုံ၊ အမျိုးဘာသာသာသနာကျောင်း၊ ပညာသင် ကျောင်း၊ စစ်သင်္ဘော၊ ကုန်သင်္ဘောစသော အဆောက်အဦ အလုပ်အဆောင် များနှင့်တကွ နိုင်ငံမြို့ရွာကို စိုးအုပ်ပုံ၊ ဓလေ့ထုံးစံ၊ တရားဥပဒေတည်နေပုံ၊ ကုန်းကြောင်း၊ ရေကြောင်း၊ တပ်ဖွဲ့စည်းစောင့်ရှောက်ပုံမှစ၍ တိုင်းပြည်နိုင်ငံ ၏ အလုပ်ကိစ္စ ကြည့်ရှုမှတ်သားဖွယ်ရှိသည်များကို တစ်နှစ်ကျော်တိုင်တိုင် လှည့်လည်သွားရောက်ကြည့်ရှု မှတ်သား၍ နိုင်ငံခြားသံကြီး၊ ကုမ္ပဏီကုန် သည်ကြီးများနှင့် တွေ့ကြုံဆက်လက်ပြီးမှ ဥရောပတိုက် တိုင်းပြည်များက ပြန်လည်လာရာ ယင်းသည် ကဆုန်လဆန်း ၆ ရက် (၁၈၇၃ မေလ ၂ ရက်) သောကြာနေ့တွင် ရတနာပုံရွှေမြို့တော်ကြီးသို့ ဆိုက်ရောက်၍ ကင်းဝန်မင်း ကြီးနှင့်တကွ သံအရာရှိတို့ နံ့သာနန်းဆောင်တော်သို့ ဝင်ရောက်ခစား၍ ဆဒ္ဒန်ဆင်မင်းသခင် ဘဝရှင်မင်းတရားကြီးဘုရား ထွက်တော်မူ၍ အရပ်ရပ် မေးမြန်းစူးစမ်းတော်မူပြီးလျှင် သံအရာရှိတို့ကို ချီးမွမ်းတော်မူသည်''ဟူ၍ ဖော်ပြထားလေသည်။

ထို့နောက် မင်းတုန်းမင်းတရားသည် ၁၈၇၄ ခုနှစ် မတ်လ ၅ ရက် တွင် ကင်းဝန်မင်းကြီး ဦးကောင်းကို သတိုးမင်းကြီး မဟာမင်းလှစည်သူ ဘွဲ့ပေးသနားတော်မူခဲ့သည်။

၁၈၇၄ ခုနှစ် မတ်လ ၁၄ ရက်တွင် အဂ္ဂမဟာသေနာပတိဝန်ရှင်တော် ကင်းဝန်မင်းကြီး ဦးကောင်းနှင့် ပြင်သစ်သံ ကောင့်ဒီရော်ရွှတ် (ဃသကညအ ိန ျွသခ့နခ့သကမေအ) တို့သည် ပြင်သစ်သမ္မတထံပေးရန် ဒုတိယစာချုပ်ထပ်မံ ချုပ်ဆိုပြီးနောက် အဂ္ဂမဟာသေနာပတိဝန်ရှင်တော် ကင်းဝန်မင်းကြီး မဟာမင်းလှစည်သူကို သံကြီး၊ စာရေးတော်ကြီး မင်းလှစည်သူကို သံအလတ်၊ လက်ဖက်ရည်တော် နေမျိုးမင်းထင်သူရိန်ကို သံငယ်ခန့်အပ်ပြီးလျှင် ပြင်သစ် သံအဖွဲ့နှင့်အတူ ပြင်သစ်နိုင်ငံသို့ ထပ်မံစေလွှတ်ခဲ့လေသည်။

ဝန်ရှင်တော်ကင်းဝန်မင်းကြီးသည် မြန်မာသက္ကရာဇ် ၁၂၃၅ ခုနှစ် တပေါင်းလပြည့်ကျော် ၅ ရက် (ခရစ် ၁၈၇၄ ခုနှစ် မတ်လ ၇ ရက်) စနေနေ့မှစ၍ သက္ကရာဇ် ၁၂၃၆ ခုနှစ် သီတင်းကျွတ်လဆန်း ၁ ရက် (ခရစ် ၁၈၇၄ ခုနှစ် အောက်တိုဘာလ ၁၁ ရက်) တနင်္ဂနွေနေ့အထိ မိမိရွက်ဆောင် ကြုံကြိုက်တွေ့ရှိရသမျှ အကြောင်းအရာတို့ကို နောင်လာနောက်သားပညာ လိုလားသော အမျိုးသားတို့ အကျိုးငှာ နေ့စဉ်မှတ်တမ်းရေးပြီးလျှင် မိမိရေး မှတ်ထားသမျှ အကြောင်းအရာအလုံးစုံကို စုပေါင်းစီစဉ်၍ 'ပြင်သစ်နိုင်ငံသွား နေ့စဉ်မှတ်တမ်းစာတမ်း'ဟူသော အမည်ဖြင့် ပေမူတင်ထားခဲ့လေသည်။ ကင်းဝန်မင်းကြီး ဒိုင်ယာရီကို ပုံနှိပ်ဖြစ်ပုံကလည်း စိတ်ဝင်စရာ ဖြစ်သည်။ ကင်းဝန်မင်းကြီးက သူ၏ မှတ်တမ်းကို စာအုပ်ကြီး၌ ရေးမှတ်ထားသည်။ အဆိုပါ လက်ရေးမှတ်တမ်းကို ပုံနှိပ်ခဲ့သူမှာ ဟံသာဝတီပုံနှိပ်တိုက်ပိုင်ရှင် ရစ်ပလီ ဖြစ်သည်။ ရစ်ပလီသည် အာမေနီယံလူမျိုးဖြစ်ပြီး မင်းတုန်းမင်း၏ မွေးစားသားဟု ဆိုကြသည်။

ရစ်ပလီက ကင်းဝန်မင်းကြီးအကြောင်းကို-

''မင်းတရားကြီးလက်ထက် ငါ့နန်းတော်မှာနေရတုန်းက ကင်းဝန် မင်းကြီးက ငါ့ကို အင်မတန် ချစ်တယ်။ ကျောင်းပိတ်ရက်အချိန်ဆိုရင် သူ့အနားမှာ အမြဲနေရတယ်။ ငါကလည်း ကလေးအရွယ်ဆိုတော့ သူ့နားမှာ ထိုင်နေရတာ ပျင်းလို့ တစ်ခါတစ်လေ အိမ်ကြီးအောက်ဆင်းပြီး ကစားတယ်။ မင်းကြီးက စာကြည့်နေရာက ငါ့ဘက်ကိုလှည့်ကြည့်လို့ မမြင်ရရင် ပြတင်း ပေါက်က ထကြည့်ပြီး""" ဟဲ့""" ကုလားကလေး ရစ်ပလီ ဘယ်သွားနေသလဲ ဟဲ့လို့ တကြောကြောခေါ်လေ့ရှိတယ်'' ပြောပြသည်။

ပါတော်မူပြီးနောက် ကင်းမင်းကြီးအိမ်ကို ရစ်ပလီရောက်သွားသော အခါ မင်းကြီးက ငါ့ကို မြင်တော့အတော် ဝမ်းနည်းပုံရတယ်။ ''ရစ်ပလီရေ""" ငါတို့ကောင်းစားတုန်းကတော့ မင်းတစ်ခါမှ ပေါ်မလာဘူး။ ငါ့မှာလည်း ဘာမှပေးစရာ မရှိဘူး။ ရော့""" ဟောဒီ မှတ်တမ်းတွေသာယူသွားပြီး မင်းလိမ္မာသလို သုံးပေတော့ဆိုပြီး သူ့လက်ရေးနဲ့ ရေးထားတဲ့ စာမူစာအုပ် ကြီးကို ပေးလိုက်ပါတယ်။ အဲဒီလက်ရေးစာမူကြီးက ကင်းဝန်မင်းကြီးရဲ့ လန်ဒန်သွားနေစဉ် (နှစ်တွဲ)နဲ့ ပြင်သစ်နိုင်ငံသွား နေ့စဉ်မှတ်တမ်းစာတွေပဲ ဖြစ်ပါတယ်'' ဟူ၍ ပြောပြလေသည်။ ကင်းဝန်မင်းကြီး၏ နေ့စဉ်မှတ်တမ်းကို ပေမူမှ စာအုပ်အဖြစ် ဟံသာဝတီပုံနှိပ်တိုက် ပထမအကြိမ်အဖြစ် ရိုက်နှိပ်၍ ၁၉၂၈ ခုနှစ် ဇူလိုင်လတွင် အစိုးရစာပုံနှိပ်တိုက် ဒုတိယအကြိမ် ရိုက်နှိပ်ဖြန့်ချိ ခဲ့သည်။ တတိယအကြိမ်ကို ၁၉၃၉ ခုနှစ် သြဂုတ်လတွင် ဝိဇယစာပုံနှိပ်တိုက်က လည်းကောင်း၊ စတုတ္တအကြိမ်ကို ၁၉၃၉ ခုနှစ် အောက်တိုဘာလတွင် အစိုးရပုံနှိပ်တိုက်က လည်းကောင်း၊ ပ္စြုမအကြိမ်ကို ၂၀ဝ၈ ခုနှစ် ဇန်နဝါရီလ ရာပြည့်စာအုပ်တိုက်က လည်းကောင်း အသီးသီးပုံနှိပ်ဖြန့်ချိခဲ့သည်။

ကင်းဝန်မင်းကြီးဦးဆောင်သော မြန်မာသံအဖွဲ့သည် ၁၈၇၄ ခုနှစ် ဇွန်လ ၁၀ ရက်တွင် ပြင်သစ်နိုင်ငံ ပါရီမြို့သို့ ရောက်ရှိစဉ်အတွင်း ပြင်သစ် သမ္မတ မက်မဟွန်း (ြခေ ြေ့သည) ထံ မင်းတုန်းမင်းတရားပေးပို့လိုက်သော ရာဇသဝဏ်လွှာကို ပေးအပ်သည်။

ပြင်သစ်သမ္မတနှင့် တွေ့ဆုံစဉ် ဝန်ရှင်တော် ကင်းဝန်မင်းကြီးပြော ဆိုခဲ့သော နှုတ်ခွန်းဆက်စကားကို ပြင်သစ်နိုင်ငံများ နေ့စဉ်မှတ်တမ်းစာ၌ ဤသို့ ဖော်ပြထားသည်။

''ဘုန်းတော်အလွန်ကြီးမြတ်တော်မူလှသော ကျွန်ုပ်တို့အရှင် နေထွက် ဘုရင် မြန်မာမင်းမြတ်သည် မြန်မာနိုင်ငံနှင့် ပြင်သစ်နိုင်ငံ အလွန်မြဲမြံသော မဟာမိတ်အဖြစ်ကို အလိုတော်မြတ်ရှိတော်မူသောကြောင့် အထက်တစ်ကြိမ် စေလွှတ်သည် သံတို့ကို ပြင်သစ်နိုင်ငံ မင်းမှူးမတ်တို့က ကောင်းမွန်စွာ လက်ခံပြုစု နှစ်တိုင်း နှစ်ပြည့်မဟာမိတ်အဖြစ် ဆက်လက်မိ၍ရှိသည့်အတိုင်း ပြင်သစ်နိုင်ငံ မင်းမှူးမတ်တို့ မြန်မာနိုင်ငံနှင့် မဟာမိတ်သဘောရှိသည် အဖြစ်ကို ထင်ရှားစေရန် ကောင့်ဒီရော်ရွှတ်ကို သံခန့်ထား၊ ရာဇသံလက် ဆောင်တော်များနှင့် မြန်မာနိုင်ငံသို့ စေလွှတ်သည်ကို ကျွန်ုပ်တို့အရှင် နေထွက်ဘုရင် မြန်မာမင်းမြတ်နှင့် မှူးတော်မတ်တော် ပြည်သူတို့ အထူး သဖြင့် ဝမ်းမြောက်ဝမ်းသာရှိကြပါကြောင်း၊ ပြင်သစ်နိုင်ငံ မင်းမှူးမတ်တို့က ကောင့်ဒီရော်ရွှတ်နှင့် ပြင်သစ်သံအရာရှိတို့ကို ခန့်ထားစေလွှတ် မဟာမိတ် လက္ခဏာ ထင်ရှားသည့်အတိုင်း ကျွန်ုပ်တို့အရှင် နေထွက်ဘုရင်မင်းမြတ် မှူးတော်မတ်တော်တို့ကလည်း မဟာမိတ်အလိုရှိသည်အဖြစ်ကို အတုန့်အပြန် သက်သေခံပြု၍ ပြင်သစ်နိုင်ငံ မင်းမှူးမတ်တို့ ယုံကြည်ရန် ကျွန်ုပ်ကို သံကြီးခန့်ထား၊ ရာဇသံလက်ဆောင်တော်များနှင့် စေလွှတ်တော်မူသည် ဖြစ်၍ ရာဇလက်ဆောင်တော်များကို ဆက်သပါကြောင်း၊ ယခုသည်ကဲ့သို့ ဝမ်းမြောက်ဝမ်းသာ အခမ်းအနား အကြီးအကျယ်နှင့် တိုင်းကြီးပြည်ကြီး ဓလေ့ထုံးစံရှိသည့်အတိုင်း လက်ခံပြုစုသည်များကို ကျွန်ုပ်တို့ ဝမ်းမြောက် ဝမ်းသာ ကျေးဇူးတင်ပါကြောင်း။ သည်ကဲ့သို့ အထူးသဖြင့် လက်ခံပြုစု သည့် အကြောင်းအရာများကို ကျွန်ုပ်တို့သခင်ကို တင်လျှောက်ပါမည် အကြောင်း။ ကြားသိတော်မူလျှင် မှူးမတ်ပြည်သူနှင့်တကွ အလွန်ဝမ်းမြောက် ပါလိမ့်မည့်အကြောင်း။ သမ္မတမင်းလည်း ယခုအုပ်စိုးတော်မူသော ပြင်သစ် နိုင်ငံကို တစ်နေ့တစ်ပါး အကျိုးစီးပွားတိုးတက်ဖြစ်ထွန်း၍ နှစ်လအရှည် အကြာအုပ်စိုးဆောင်ရွက်နိုင်အောင် ကျွန်ုပ်တို့က ဆုတောင်းမေတ္တာပြုပါ ကြောင်း'' ပြောဆိုခဲ့လေသည်။

ပြင်သစ်သမ္မတမင်းကလည်း-

''နေထွက်ဘုရင် မြန်မာမင်းမြတ်က မြန်မာနိုင်ငံနှင့် ပြင်သစ်နိုင်ငံ မဟာမိတ်အဖြစ်ကို အလွန်အလိုရှိတော်မူသောကြောင့် သံကြီးအရာနှင့် ခန့် ထားစေလွှတ်သင့်သည့် မှူးမတ်အများတွင် အသိပညာရှိသည်သာမက ပြင်သစ်နိုင်ငံမှစ၍ အနောက်တိုင်းပြည်နိုင်ငံများသို့ ရောက်လောက်၊ ထုံးစံ ဥပဒေများကို သိကျွမ်းနားလည်သူ ဝန့်ရှင်တော်ကင်းဝန်မင်းကို ရွေးကောက် တော်မူ၍ စေလွှတ်တော်မူသောကြောင့် ယခု ကျွန်ုပ်တွေ့မြင် လက်ခံရသည်ကို အလွန်ဝမ်းမြောက်ဝမ်းသာရှိလာကြောင်း။ နေထွက်ဘုရင် မြန်မာမင်းမြတ်က မြန်မာနိုင်ငံနှင့် ပြင်သစ်နိုင်ငံ မဟာမိတ်အဖြစ်ကို အလိုတော်မြတ်ရှိကြောင်း နှင့် ပြောဆိုကြားသိရသည်ကိုလည်း အလွန်ဝမ်းမြောက် ဝမ်းသာကျေးဇူး တင်ပါကြောင်း။ နေထွက်ဘုရင် မြန်မာမင်းမြတ်က ယခုကဲ့သို့ မဟာမိတ် အဖြစ်ကို အလိုရှိသည့်အကြောင်းအရာ လက္ခဏာများကို ထင်မြင်သိသာသည် ဖြစ်၍ နှစ်တိုင်းနှစ်ပြည် ရာဇမဟာမိတ်အဖြစ် တစ်နေ့ထက် တစ်နေ့ တိုးတက်မြဲမြံရန်သာ ရှိပါကြောင်း။ ကျွန်ုပ်တို့က စေလွှတ်လိုက်သည့် သံတော်များကို နေထွက်ဘုရင် မြန်မာမင်းမြတ်နှင့်တကွ မှူးတော်မတ်တော် ပြည်သူတို့က ကောင်းစွာကြိုယူလက်ခံ၊ အထူးသဖြင့် စောင်မကြည့်ရှုသည်ကို ကျေးဇူးအထူးတင်ပါကြောင်း။ ကျွန်ုပ်တို့ကလည်း မြန်မာနိုင်ငံတော်နှင့် ပြင်သစ်နိုင်ငံ ရာဇမဟာမိတ်အဖြစ် မြဲမြံခိုင်ခံ့၍ တစ်နေ့ထက်တစ်နေ့ တိုးပွားဖြစ်ထွန်းရန် အကြောင်းကို အမြဲမပြတ် သဘောထားလျက်ရှိပါ ကြောင်း'' ပြန်လည်ပြောဆိုသွားသည်။

ထို့နောက် ပြင်သစ်နိုင်ငံ ပါရီမြို့သို့ ရောက်ရှိနေသော ကင်းဝန်မင်း ကြီး ဦးကောင်းနှင့်အဖွဲ့သည် ပြင်သစ်နိုင်ငံအတွင်း လှည့်လည်ကြည့်ရှုခဲ့ပြီး နောက် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့ရာ ၁၈၇၄ ခုနှစ် အောက်တိုဘာ လ ၃ ရက်တွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

ထိုနှစ်မှာပင် ကင်းဝန်မင်းကြီး ဦးကောင်းအား ကုန်းကြောင်းစစ်မှု ထမ်းဖြစ်သော မြောက်ဒဝယ်၊ တောင်ဒဝယ်စသော သေနတ်အစုတပ်ပေါင်း ၂၂ တပ်၊ စစ်သည်လက်နက်ကိုင်ပေါင်း ငါးသောင်းကျော်တို့ကို ကြီးမှူး အုပ်ချုပ်ရသော သေနတ်ဝန်ရာထူးကို မင်းတရားကြီးက ခန့်အပ်ပေးသနား တော်မူသည်။ တဖန် ၁၂၃၇ ခုနှစ် (ခရစ် ၁၈၇၅) တွင် လယ်ကိုင်းမြို့ကို မြို့စားအဖြစ် ပေးသနားတော်မူသည်။

ယင်းနောက် မင်းတရားကြီးက ကင်းဝန်မင်းကြီးအား အင်္ဂလိပ်အိမ်ရှေ့စံ ဝေလမင်းသား အိန္ဒိယသို့ လာရောက်လည်ပတ်စဉ် တွေ့ဆုံနိုင်ရန် အိန္ဒိယ နိုင်ငံသို့ ၁၈၇၅ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ထွက်ခွာသွားရပြန်သည်။

ဤသည်နှင့် ပတ်သက်၍ ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး တတိယတွဲစာမျက်နှာ ၂၈၂ ၌ အောက်ပါဖော်ပြထားပါသည်။

''သက္ကရာဇ် ၁၂၃၇ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁၀ ရက်နေ့တွင် ဝေလမြို့စား အင်္ဂလိပ်အိမ်ရှေ့စံမင်း အိန္ဒိယနိုင်ငံသို့ လာရောက်သည်ကို မဟာမိတ်နိုင်ငံရှင်မင်း၏ သားကြီး ဥပရာဇာဖြစ်သည့်အတိုင်း မိတ်လက္ခဏ နှင့်ညီစွာ နှုတ်ခွန်းဆက်သွားရမည်။ အိမ်ရှေ့မင်းနှင့် နှုတ်ခွန်းဆက်လက်ပြီး ပြေလျှင် ဗုဒ္ဓဂယာမဟာဗောဓိပင်တော်သို့ သွားရောက်ကာ သီရိဓမ္မသောက မင်း တည်ထားခဲ့သည့် စေတီတော်ကြီးနှင့် တံတိုင်းမီးရထား ပျက်စီးယိုယွင်း ရှိသည်များကို ပြင်ဆင်ရန်မှစ၍ မဟာဗောဓိပင်တော်သို့ ဖူးမြော်ပူဇော်လို၍ လာရောက်သော ပရိသတ်များ တည်းခိုရန် အုတ်ဇရပ်ဆောက်လုပ်တော်မူ မည်ဖြစ်၍ မြေများကို ကြည့်ရှုမှတ်သားခဲ့ရမည်ဟု ဆဒ္ဒန်ဆင်မင်းသခင် ဘဝရှင်မင်းတရားကြီးဘုရား အမိန့်တော်ရှိ၍ စေလွှတ်မူသည်တွင်""" အမိန့် တော်မြတ်အတိုင်း ကင်းဝန်မင်းကြီး၊ သတိုးမင်းမင်းကြီး မဟာစည်သူလည်း ကာလကတ္တား (ယခုကိုးလ်ကတ္တား)မြို့သို့သွားပြီးလျှင် ဝေလမြို့စားအိမ် ရှေ့မင်းထံ ဝင်ထွက်နှုတ်ခွန်းဆက်သပြီးနောက် ဗုဒ္ဓဂယာမဟာဗောဓိပင် တော်သို့သွား၍ ပြင်ဆင်လုပ်ဆောင်ရန်ရှိသည်များကို စာရင်းကောက်ယူ မှတ်သားပြီးလျှင် အုတ်ဇရပ်တော် ဆောက်လုပ်ရန် မြေနေရာကိုလည်း မဟန္တဂီဇော်ဂျီနှင့် စုံညီရွေးချယ်မှတ်သားခဲ့၍ ရတနာပုံရွှေမြို့တော်ကြီးသို့ ပြန်လာခဲ့သည်''ဟူ၍ ဖော်ပြထားသည်။

ထို့နောက် ၁၈၇၈ ခုနှစ် အောက်တိုဘာလ ၁ ရက်တွင် မင်းတုန်းမင်း တရားကြီး နတ်ပြည်စံ၍ ထိုနှစ် အောက်တိုဘာလ ၂ ရက်တွင် သားတော် သီပေါမင်းသား ထီးနန်းအရိုက်အရာဆက်ခံခဲ့ကာ မင်းပြောင်းမင်းလွဲ ဖြစ် သွားခဲ့သည်။ သီပေါမင်းနန်းစံပြီးနောက် ၁၈၇၈ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်တွင် အနောက်စမုတ်ပွဲတက်ဆောင် ပဒုမ္မသနပလ္လင်တော်တွင် ဝန်ကြီး၊ အတွင်းဝန်၊ ဝန်ထောက်အပါအဝင် မင်းညီမင်း မင်းသား မိဖုရားမောင်းမ တို့ကို သစ္စာတော်ပေးသည့်နေ့၌ ကင်းဝန်မင်းကြီး ဦးကောင်းကို သတိုးသုဓမ္မ မဟာသက်တော်ရှည်ဘွဲ့ ပေးသနားတော်မူခြင်းခံရသည်။