Breaking News

လင်းလက်နွေဦး - ထောင်ကထွက်တဲ့ နေ့

ထောင်ကထွက်တဲ့ နေ့
လင်းလက်နွေဦး
(မိုးမခ) ဇူလိုင် ၁၄၊ ၂၀၂၃
 

ဒီနေ့တော့ ကလေး ဖျားနေလို့ အိမ်မှာ အနားရတယ်။ အိမ်မှာ အနားယူရတယ်ဆိုပေမယ့် လူလည်း မနားရ စိတ်လည်း မနားရပါဘူး။ အိမ်မှာ ရှိတုန်း သန့်ရှင်းရေးလေး လုပ်၊ ဝါသနာပါတဲ့ သီးပင်စားပင်လေးတွေ စိုက်နဲ့ပေါ့။ စိတ်ကလည်း ဟိုပြေး ဒီပြေးပါပဲ၊ အီနားရှားသဘောနဲ့ အရှိန်မသေသေးဘူး ထင်ပါ့။ ဒီကြားထဲ ဆင်းရဲလေလေ သံဝေရရ ဆိုသလိုပါပဲ၊ ကျွန်တော်တို့ လူဖြစ်ရှုံးနေတာတွေ တွေးမိလာပြန်တယ်။ နေဝင် နေ ထွက် ဝမ်းသမုဒ္ဒရာထဲ နာဝါလှေငယ်အစုတ်လေးနဲ့ ကူးဖြတ်နေပုံတွေလေ။ စားဝတ်နေရေးဆိုတဲ့ အရေး(၃) သုံးပါးကသာ ဒို့တာဝန် အရေး (၃)ပါးမဟုတ်လား။ တီဗွီရေဒီယိုမှာ လာ လာနေတဲ့ ပြည်ထောင်စုမပြိုကွဲရေးတို့၊ တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်‌‌ရေးတို့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲ‌‌ရေးတို့ဆိုတာ ‌‌‌‌အားလုံးရေစုန်မျှောသွားပြီ မဟုတ်ပါလား။ ခေတ်သစ်ဒို့တာဝန် အရေး(၃)ပါးကတော့ ဟို ‌‌ရှေးရှေးပဝေသဏီ မြန်မာပြည်သားများရဲ့လက်စွဲတော်ကြီးဖြစ်တဲ့ စားနိုင်ရေး၊ အဝတ်ကပ်နိုင်ရေးနဲ့ ကျောတခင်းစာ ပိုင်နိုင်ရေး ပါပဲ။

Maslow ကတော့ စားဝတ်နေရေးစတဲ့ အခြေခံလိုအပ်ချက်တွေပြီးပြည့်စုံတဲ့အခါ အသက်၊ အိုးအိမ်၊ စည်းစိမ်၊ ရာထူးအာဏာ လုံခြုံစိတ်ချနိုင်ရေး၊ ပေါင်းသင်းဆက်ဆံနိုင်ရေး၊ လွတ်လပ်ခွင့်၊ အသိအမှတ်ပြုမှုစတဲ့ လူသားဆန်နိုင်ရေးတို့ဆီ အဆင့်ဆင့်တက်သွားတယ်လို့ လူသားလိုအပ်ချက်တွေကို တင်ပြခဲ့ပါတယ်။ ကျနော် တို့ဆီမှာတော့ အခြေခံစားဝတ်နေရေးအဆင့်ကကို အထက် မတက်နိုင်သေးပါဘူး။

တနေ့က သတင်းမှာဖတ်လိုက်ရတယ်၊ ရန်ကုန်မြို့မှာ စွန့်ပစ်ခံရတဲ့ အမျိုး သားတဦး အစာအာဟာရ ပြတ်ပြီး သေဆုံးသွားပုံပါပဲ။ အိုး... ရှေးရှေးဂျင်းကြီးဖြစ်တဲ့ မြန်မာပြည်မှာ ထမင်းငတ်ပြီးသေတဲ့ မသာ မရှိဘူးဆိုတာ ယနေ့ခေတ် အလောင်းတော် မင်းတရားကြီးလက်ထက်မှာ ဂရင်းနစ်စံချိန် ချိုးသွားပါပကော။ အံ့ဖွယ် သရဲ ထူးကဲလှတယ်နော်။ ကုန်ဈေးနှုန်းဟာ မဟာဗြဟ္မာကြီး ဖင်ဝင်ဆောင့်သွားပြီမို့ တရုတ်ဆိုင်ကယ်စုတ် လေးနဲ့ ဆယ်စကြာဝဠာ ခြားသွားပြီးမဟုတ်လား။ ဒီတော့ ငတ်မသေရေးဟာ ပထမဦးစားပေး ဖြစ်လာပါ တယ်။ ဘောမနိုင်ငံတော်ကြီးမှာ ပြောတာပါ။ ပထမ အရင်ပဓာနဦးစားပေးက အသက်ခန္ဓာတည်မြဲရေးဆိုတာ အားလုံးအသိပဲမို့ ထုတ်ဖော်မပြောတော့ပါဘူး။ ဟိုး... တံခါးပိတ်စီးပွားရေးစနစ်တုန်းက ဂျပန်ဆိုင်ကယ်စီးနိုင်ဖို့ဆိုတာ တမြို့လုံး မူးလို့ရှုစရာ တစီးတလေပဲရှိခဲ့တာနော်။ နေဝင်းခေတ်ကနေ သန်းရွှေခေတ်နှောင်းမှာ ဈေး ကွက်စီးပွားရေးစနစ် ပီပြင်စွာ ဖြစ်ပေါ်လာရေးဘာရေးနဲ့ တရုတ်ဝစ်သောက်ဆိုင်ကယ်တွေ ခိုးသွင်းလာကြတယ်။ မှတ်မှတ်ရရ ၂၀၀၀/ ၂၀၀၁ လောက်မှာ ထင်ပါရဲ့။

နောက်တော့ အလကားပေးစီးရမယ့်တူတူ ဘတ်ဂျပ်ဘယ်လောက်ရရဆိုပြီး ဝစ်သောက်ဆိုင်ကယ် တွေကို လိုင်စင်ချပေးလိုက်ပါတယ်။ သုံးလေးငါးခါလောက်။ အဲနောက်ပိုင်း ယာဉ်မတော်တဆထိခိုက်မှုနှုန်းတွေ အဆမတန် မြင့်တက်လာတယ်မဟုတ်လား။ ယာဉ်မောင်းလိုင်စင်ဆိုတာ ပိုက်ဆံပေးရင် ဘယ်နှစ်ခုယူယူ ရတဲ့အမျိုး မဟုတ်လား။ ခုထိပါပဲ။ ပြည်သူ့အစိုးရလက်ထက်တုန်းက ခဏတဖြုတ်မှန်ကန်လိုက်သေးတယ်။ ခုတော့ ငွေပေး တေးဆို။ အဲတော့ Keep Right ဆိုတာတောင် မသိတဲ့လူတွေက ဆိုင်ကယ်ပေါ်တက်ခွပြီး နွားမောင်း ကျွဲမောင်းသလို စီးနေတာကိုး။ ဒီနေရာမှာ မော်တော်ပီကယ်တွေဟာ လူရွှင်တော်အများစုရဲ့ ပြက် လုံး ဖြစ်လာပါတယ်။ ရဲ လုပ်ရမယ့်အတူတူ ယာဉ်ထိန်းရဲပဲ လုပ်ချင်တဲ့ ဈေးကွက် ပေါ်လာပါတယ်။ ဒီလို ဈေးကွက်စီးပွားရေးစနစ်တွေပေါ့။

ဦးနုလက်ထက် မအောင်မြင်ခဲ့တဲ့ ရွှေပြည်သာစီမံကိန်းဟာ ဦးသိန်းစိန်လက်ထက်မှာ လူတိုင်းဖုန်းတလုံး၊ တဲတလုံး၊ တရုတ်ဆိုင်ကယ်တစီး ပိုင် နိုင်လာပါတယ်။ ကျနော်တောင် အရစ်ကျနဲ့ တစီးပိုင်လိုက်သေးတယ်။ လာကြွားတာ။ ပြတင်းတံခါးကို ဖွင့်လိုက်ရင် အလင်းရောင်နဲ့အတူ ဖုန်တွေအမှုန်တွေလည်း ဝင်လာ နိုင်သတဲ့။ ကျနော်တို့ဆီမှာတော့ အလင်း ရောင်က ၁၀ % လောက်ပဲ ဝင်လာတယ် ထင်ပါရဲ့၊ တရုတ်လုပ် ပလပ်စတစ်အသုံး အဆောင်တွေ၊ တရက်စုတ် အင်္ဂျင်တွေ၊ အာမခံချက်မရှိတဲ့ စက်ပစ္စည်းတွေ၊ အိမ်တွင်းမှု နိုင်ငံခြားဆေးဝါးတွေ၊ သူတို့ပြည်တွင်းမှာတောင် တားမြစ်ခံထား တရားစွဲခံထားရတဲ့ မုန့်နဲ့ စားစရာမျိုးစုံပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ ဆင်းရဲခြင်း၊ ချို့တဲ့ခြင်းကို ပိုက်ဆံပေးပြီး ဝယ်နေရပါတယ်။

ကျနော်လူပျိုပေါက်အရွယ်တုန်းက သိပ်ကြိုက်ခဲ့ရတဲ့ ကုတ်အင်္ကျီအနက်စင်းလေး၊ ခင်ဗျားမြင်မိရင် ကြွေသွားမှာ ပြောရဲတယ်။ အသားလေးက နူး ညံ့ပြီး လက်လက်ထနေတာ။ ချုပ်ပုံချုပ်သားကလည်း ရှယ်ပဲ။ အတွင်းလိုင်နာကတောင် တောက်ပြောင်နေတာ။ အတွင်းအိပ်ကပ်ကလည်း သပ် သပ်ရပ်ရပ်။ အပြင် ဘယ်ညာ အိပ်ကပ်ထဲ လက်ထည့်ပြီး မောမောလေး ငေးနေလိုက်ရင် ခုခေတ် BTS ကကောင်တွေ နားထား။ တခုဆိုးတာ အနံ့ အသက်ပဲ၊ မိုးနဲနဲ မိလိုက်ရင်ကို အဲဒီအနံ့ အောက်သက်သက်ကြီးက ထွက်လာတာ။ ဒီကောင်က အဖေတို့ ပြောပြောနေတဲ့ ပုံပုံစတိုးက ဝယ်လာတာဗျ။ ခင်ဗျားတို့လည်း မြန်မာမှန်ရင် ဝတ်ခဲ့ဖူးမှာပါ၊ လေဘေးထည်တွေလေ။ ပါကင်ဖောက်၊ အိတ်စဖွင့်မှာ ရှယ်ရွေးလာခဲ့တာတဲ့။ အဲဲဒိ့ခေတ်တုန်းက တောသူဌေးဆိုတာတွေလည်း မြို့ပေါ် ရောက်ရင် လေဘေးထဲက ရှယ်ရွေး၊ ရွာရောက်တော့ ဘုရားပွဲ တရားပွဲတွေမှာ ရှိုးထုတ်ဝတ်ခဲ့တာပေါ့။ လေဘေးထည်တွေပျောက်သွားတာ နှစ်အတော်ကြာသွားပေမယ့် အခုတော့ ပြန်ပေါ်လာပြီ။ အော်... လေဘေးတခေတ် ဆန်းသစ်လာပြီပေါ့နော်။

ဒုလ္လဘအဖြစ် သိမ်ဝင်တော့ မြတ်စွာဗုဒ္ဓရဲ့ ရှင်လေးပါး လမ်းညွှန်ချက်ကို နာကြားရတယ်။ သင်္ကန်း အတွက် စိတ်မပူနဲ့၊ ဟိုက ဒီက ကောက်ယူထားတဲ့အဝတ်စတွေကို စပ်ဟပ်ပြီး ချုပ်၊ တောထဲက သစ်ခေါက်ဆေးနဲ့ အရောင်ဆိုးပြီး ဝတ်ပေါ့တဲ့။ ဆွမ်းအတွက်လည်း မပူနဲ့၊ သပိတ်တလုံးနဲ့ ဆွမ်းခံစား။ ကျောင်းအတွက် လည်း မပူနဲ့ သစ်ပင် ဝါးပင်ရှိရင် ရပါပြီ။ ဆေးအတွက်ကတော့ ‘နွားသေး’ကို ဆေးအဖြစ် သုံးပါလေတဲ့။ မှာတော်မူခဲ့တာ။ ကီနဲ့ ကုတ် ရှုတ်နေတော့၊ ကျနော်တို့တတွေလည်း ဘေထုတ်တွေကို သုံးလေးငါးထောင်နဲ့ ဝယ်ဝတ်ရမလိုဖြစ်နေပြီနော်။ ဆန်တအိတ် သိန်းကျော်၊ ဆီတပုံး ငါးသောင်းကျော်၊ ကြက်သွန်နီတောင် ချိန်ဆတွက်ချက်ပြီး ထည့်ချက်နေရပြီ။ တချို့တောတွေမှာဆို ဝန်ကြီးပဒေသရာဇာခေတ်ကိုပြန်ရောက်ကုန်ပြီ၊ ‘ဝါးပြာထည့်ကျို အိုးနားတိုနှင့်’ ဆိုတာလေ။ ဘုန်းရှင်ကံရှင်မင်းတရားကြီးလက်ထက်မှာ မိုးက ရွာတောင်ခြမ်းမှာ ရွာရင် မြောက်ခြမ်း မရွာဘူး။ လျှပ်စစ်မီးလို ခွဲတမ်းနဲ့ အလှည့်ကျ။

ဒါကြောင့် ရှေးပညာရှိကြီးတွေက ပညာသားပါပါ ပြောခဲ့ကြတာပေါ့၊ ‘မြန်မာပြည်မှာ လူဖြစ်ခွင့်ရတာ တန်ဖိုးကြီးတယ်’တဲ့။ မြန်မာပြည်မှာတောင် အညာသားဖြစ်ရတာ ပိုသဘောကျသတဲ့။ အညာက လူတွေက ဆင်းရဲတယ်၊ ဒီတော့ အလုပ်ကြိုးစားကြတယ်၊ အောင်မြင်ကြတယ်တဲ့။ စာတတ်ဘုန်းကြီး အများစုဟာ အညာသားတွေချည်းပဲတဲ့လေ။ ဆင်းရဲတော့ ထွက်ပေါက်ရှာတဲ့သဘောပေါ့ဗျာ။ ပညာတတ်ကြီး ဖြစ်အောင်လုပ် မယ်။ ပညာဆိုတာ ဆင်းရဲသားတွေရဲ့ အရင်းအနှီးကိုးဗျ။ ဒါမှမဟုတ် စီး ပွားရေးလုပ်မယ်၊ ကုန်သွယ်မယ်။ အောက်ပြည်ကို ဆင်းမယ်၊ အထက် တက်မယ်။ ဝါးဖောင်သစ်ဖောင်ချမယ်။ ငါးခြောက်ငါးခြမ်း ဝယ်လာမယ်။ အောက်ပြည်အောက်ရွာကျတော့ ချမ်းသာတဲ့သူများတယ်၊ ဇိမ်ခံတယ်ပေါ့။ မြောက်ကျွန်းမှာ ဘုရားမပွင့်သလိုထင်ပါရဲ့။ အဲဒီအဆိုအမိန့်အတိုင်းဆို ခုခေတ် ပိုပြီးတော့တောင် လူဖြစ်ကျိုးနပ်အုံးမှာ။ သံဝေဂရစရာ‌ေတွချည်းပဲကိုး။ ဆင်းရဲနေတာကြီးကိုအမွှန်းတင်ပြီး ချမ်းသာအောင် မလုပ်တာဟာ လူ့သမိုင်းကိုစော်ကားလိုက်တာပဲမဟုတ်လား။ စော်ကားတာရဲ့ရှေ့မှာ totemo ဆိုတဲ့ ဂျပန်စကားလေးတောင် အမွှန်းတင်လိုက်ချင်ပါတယ်။ အလွန်စော်ကားလိုက်တာပါပဲ။

ဗုဒ္ဓက ထာဝရငရဲဆိုတာကို မဟောခဲ့ပါဘူး။ ငရဲကျတဲ့သူတွေဟာ တနေ့ အပြစ်ဒဏ်စေ့တဲ့အခါ ပြန်လွှတ်မြောက်လာမှာပါ။ ကျတဲ့ငရဲဘုံပေါ်မူ တည်ပြီး ခံရတဲ့ ဒဏ်၊ ကြာတဲ့နှစ်တွေ ကွာခြားပါတယ်။ ဒါပေမယ့် တနေ့ ပြန်လွှတ်မှာပါ။ ထောင်ထဲမှာ ကောင်းအောင်နေခွင့်ရှိပေမယ့် ငရဲမှာတော့ လျော့ရက်မရနိုင်ဘူး။ ဒါပေမယ့် အကုသိုလ်လုပ်ခဲ့ပြီးမှ အသိတရားရမိလို့ ကုသိုလ်တရား ပွားများအားထုတ်ခဲ့ရင်တော့ ငရဲက လွတ်လာတဲ့တနေ့မှာ ကောင်းရာသုဂတိရနိုင်ပါသတဲ့။ ဒါကြောင့် ဒေဝဒတ်တို့ ဇာတသတ်တို့ ငရဲကလွတ်လာပြီးရင် ဘုရားငယ်တွေအဖြစ် ပွင့်တော်မူကြအုံးမယ်တဲ့။ ဆရာ ချစ်ဦးညိုရဲ့ ဝီဇိတာဝီ စာအုပ်ကို ဖတ်ခဲ့ဖူးတယ်။  

ပြောချင်တာက ကျနော်တို့လူသားတွေမှာ ကြိုးစားခွင့်ရှိပါတယ်။ ဆင်းရဲတွင်းကြီးကိုပဲ ဆက်တူးမနေပဲနဲ့ပေါ့။ ထာဝရငရဲကျနေသူတွေမဟုတ်ဘူး။ အာဏာရှင်ရဲ့ အသုံးတော်ခံ ထောင်သားတွေ။ ကောင်းကောင်းနေပြီး လျှော့ရက်တွေယူဖို့ ကြိုးစားမနေပါနဲ့။ ကျားသနားမှာ နွားချမ်းသာမယ့် အဖြစ်မျိုးလေ။ ထောင်ဆူထောင်ဖောက်ပြီး လူအဖြစ် ပြန်ပွင့်ကြရမှာပါ။

လင်းလက်နွေဦး
၁၄.၇.၂၀၂၃ မနက် ၉နာရီ ၃၈မိနစ်။
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar