Breaking News

ပိုုုုုဆိုးလာတဲ့ ကိုရိုနာ ၂၂/၀၃/၂၀



ပိုုုုုဆိုးလာတဲ့  ကိုရိုနာ ၂၂/၀၃/၂၀

မောင်လူပေ၊ (မိုးမခ) မတ် ၂၃၊ ၂၀၂၀

ဂျာမဏီအကြီးအကဲ မာခဲလ်လည်း သူမရဲ့ဆရာဝန်မှာ ရောဂါတွေ့ရ၍ သီးခြားနေရမည်။ အပြင်တွင် လူ(၂)ဦးထက် ပို၍ မစုဝေးရဟု ဂျာမဏီတွင် အမိန့်ထုတ်ထားသည်။

အမေရိကန်အထက်လွှတ်တော်အမတ် ရွန်ပေါလ်တွင်လည်း ရောဂါပိုးတွေ့ရှိထားသည်။

အမေရိကန်ပြည်ထောင်စုသည် ရောဂါဖြစ်ပွားမှုအများဆုံးနိုင်ငံများစာရင်းတွင် တတိယနေရာရရှိနေသည်။ တရုတ်၊အီတလီတို့၏နောက်တွင်ရှိသည်။ စပိန်၊ဂျာမဏီ နှင့် အီရန်တို့က နောက်မှာ အစဉ်လိုက် ရပ်တည်နေသည်။

အမေရိကန်ပြည်ထောင်စုတွင် ကူးစက်ခံရသူ သုံးသောင်းနှစ်ထောင်ကျော်(၃၂၃၅၆)နှင့် သေဆုံးသူ လေးရာကျော်(၄၁၄)ရှိသည်။ နယူးယော့ခ်ပြည်နယ်က ကူးစက်ခံရသူတစ်သောင်းငါးထောင်ခန့်နှင့် အများဆုံးဖြစ်၏။ ကမ္ဘာပေါ်တွင် ရောဂါကူးစက်ခံရသူများ၏ ၅% ခန့်သည် နယူယော့ခ်ပြည်နယ်မှဖြစ်သည်။

အမေရိကန်ပြည်ထောင်စုက ရောဂါကြောင့် ကျဆင်းနေသော စီးပွား​ရေးကို ကယ်တင်ရန်အတွက် ဒေါ်လာနှစ်ထရီလီယံအထိ သုံးရန် ရာထားသည်။ စီးပွားရေးကယ်တင်ရန် အစိုးရမှ ချပေးသည့်ငွေကြေးများအနက် အများဆုံးအဖြစ် စံချိန်ဖြစ်သည်။ ငွေထပ်မံလိုအပ်ပါက လွှတ်တော်မှ နောက်ထပ်၍ တိုးပေးမည်ဟု ဆိုသည်။

ရောဂါကြောင့် ကမ္ဘာ့စီးပွားရေးကျဆင်းမှုပို၍ ဆိုးရွားလာပြီ။ recession စီးပွားပျက်မှုကို သက်သာရေးအတွက် နိုင်ငံအားလုံးက ငွေအလုံးအရင်းဖြည့်တင်းကာ ကြိုးစားနေကြသည်။ ကမ္ဘာ့စီးပွားရေးကြီးကို ကြီးမားသော ရိုက်ခတ်မှုကြောင့် သန်းပေါင်းများစွာ အလုပ်လက်မဲ့ဖြစ်ဖို့ ရှိနေသည်။ ၂၀၀၈ စီးပွားပျက်ကပ်လိုအခြေအနေမျိုးကို နှစ်ကုန်လောက်တွင် မြင်ကြရမည်ဟု ခန့်မှန်းနေကြသည်။

နိုင်ငံပေါင်း(၁၉၁)နိုင်ငံသို့ ကူးစက်ခဲ့ပြီဖြစ်ကာ လူတစ်သိန်းနီးပါး ပျောက်ကင်းခဲ့ပြီဖြစ်သော်လည်းလူနှစ်သိန်းကျော်ခန့်ကူးစက်ခံနေရဆဲဖြစ်သည်။ လူတစ်သောင်းကျော်မှာ အသည်းအသန် အခြေအနေဖြစ်သည်။

ဂရုစိုက်ပြီး နေထိုင်ကြပါ။