Breaking News

ကျရှုံးနိုင်ငံ၊ အစိတ်စိတ်အမြွှာမြွှာ ကြေမွနိုင်ငံ နဲ့ ပြိုကွဲမယ့် နိုင်ငံဖြစ်နိုင်ခြေ အငြင်းအခုံ

⁨⁨

မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၈ မြင်ကွင်း

(မိုးမခ) စက်တင်ဘာ ၉၊ ၂၀၂၄⁨⁨


ကျရှုံးနိုင်ငံ၊ အစိတ်စိတ်အမြွှာမြွှာ ကြေမွနိုင်ငံ နဲ့ ပြိုကွဲမယ့် နိုင်ငံဖြစ်နိုင်ခြေ အငြင်းအခုံ 

မြန်မာနိုင်ငံရဲ့ မကြာခင် ဖြစ်လာနိုင်ခြေ အနာဂတ်နဲ့ ပတ်သက်လို့ အမျိုးမျိုးသော မှန်းဆချက်၊ ယူဆချက် ထင်မြင်ချက်တွေကို နိုင်ငံရေး လေ့လာသူ၊ နိုင်ငံရေးလေ့လာသုံးသပ်သူ၊ မြန်မာ့အရေး ကျွမ်းကျင်သူ စသဖြင့် အမျိုးမျိုးသော ဝိသေသတွေကို ၄င်းတို့ ကိုယ်တိုင် ဖြစ်စေ၊ သတင်းမီဒီယာတွေက ဖြစ်စေ တွဲဖက်ခေါ်ဝေါ်စေကာ အနာဂတ် မြန်မာပြည်ရဲ့ ဖြစ်နိုင်ခြေတွေကို သတင်းမီဒီယာတွေရဲ့ အစီအစဥ်တွေမှာ လူမှုကွန်ရက် မီဒီယာတွေမှာ တဦးချင်းအလိုက် Live လွှင့်ဟောပြောနေကြတာ နားမထောင်ချင်မှ အဆုံးလို့ဆိုရမှာပါ။ 

စစ်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့၊ မြို့သိမ်း၊ နယ်သိမ်း၊ တပ်စခန်းသိမ်းယူတာတွေ၊ သိမ်းယူမယ့် အစီအစဥ်တွေနဲ့ ပတ်သက်လို့ လက်နက်ကိုင် အဖွဲ့တွေက တပ်ရင်းတပ်ဖွဲ့ ခေါင်းဆောင်နေသူတွေနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ အစီအစဥ်တွေလည်း အင်တာနက် ပေါ်မှာ ဘယ်ဟာတွေ နားထောင်ရမှန်း မသိလောက်အောင်ကို များပြားစွာ ရှိနေတာတွေ့ကြရပါတယ်။ 

လတ်တလော ဘီဘီစီ မြန်မာပိုင်းက သတင်းမြင်ကွင်း ဆိုတဲ့ အစီအစဥ်မှာ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး ပညာရှင် ဒေါ်မီမီဝင်းဘတ်၊ ဝါရှင်တန်အခြေစိုက် CSIS က အရှေ့တောင်အာရှ ဒေသဆိုင်ရာ အစီအစဥ်မှာ သုတေသီ ဒေါက်တာမင်းဇော်ဦးတို့ကို ဆက်သွယ်မေးမြန်းထားတဲ့ အစီအစဥ်တခု ထုတ်လွှင့်ခဲ့ပါတယ်။ ဒီအစီအစဥ်မှာ သုံးသပ်ပြောဆိုသွားတဲ့ ပြောဆိုချက်တွေကို ချုံ့ကြည့်ရင် ဒေါ်မီမီဝင်းဘတ်ကတော့ မြန်မာစစ်တပ်က ပြိုလဲဖို့ နီးနေပြီ၊ စစ်တပ်ပြိုလဲသွားတဲ့နောက်မှာ ကြုံတွေ့ရနိုင်တဲ့ ပြဿနာတွေ အခက်အခဲတွေ၊ စိမ်ခေါ်မှုတွေဟာ ဖြေရှင်းနိုင်တဲ့ ကိစ္စရပ်တွေလို့ အကြမ်းဖျဥ်းသုံးသပ်ထားပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြား ဘယ်တုန်းကမှ မရခဲ့သေးတဲ့ ထိတွေ့ဆက်ဆံမှု ဆက်သွယ်ဆောင်ရွက်မှု ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေတယ်လို့ သုံးသပ်တာတွေ့ရသလို ဒေါက်တာမင်းဇော်ဦးကတော့ ဖြစ်လာနိုင်ခြေ ရှိတာက မြန်မာနိုင်ငံဟာ ကြေမွပြိုကွဲတဲ့ နိုင်ငံအဖြစ် ဖြစ်လာနိုင်ပြီး နိုင်ငံရေး အယူဝါဒ အပေါ် အခြေခံထားတာ မဟုတ်တဲ့ လူမျိုးစုတွေ အပေါ် အခြေခံထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ ဒီမိုကရေစီစနစ်ကျင့်သုံးမယ့် အလားအလာကို သိပ်ပြီးမျှော်လင့်ဖို့ မဖြစ်နိုင်ကြောင်း၊ ကျရှုံးနိုင်ငံ ဆိုတာထက် ကြေမွပြိုကွဲတဲ့ နိုင်ငံ အဖြစ်ကိုရောက်ဖို့ အလားအလာရှိနေတယ်လို့ ခန့်မှန်းပြောဆိုသွားတာ တွေ့ရပါတယ်။ 

ဒီသုံးသပ်ချက်တွေနဲ့ ပတ်သက်လို့ အမျိုးမျိုးသော အမြင်တွေ ကြိုက်ခြင်း မကြိုက်ခြင်းတွေ ဆိုရှယ်မီဒီယာမှာ ပေါ်ထွက်နေကြတာလည်း တွေ့ကြရပါတယ်။ မြန်မာစစ်တပ်ကို အနိုင်ယူဖို့က မြန်မာနိုင်ငံက အများစုသော လူထုရဲ့ ဆန္ဒဆိုတာ ထင်ရှားပါတယ်။ စစ်တပ် အားကိုးပြီး အာဏာသိမ်းခြင်း၊ လူထုဆန္ဒပြပွဲတွေကို အင်အားသုံးဖြိုခွဲခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းတွေ၊ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းစတာတွေကို ကျူးလွန်ခဲ့တဲ့၊ ကျူးလွန်နေတဲ့ စစ်တပ်ကို မုန်းတီးကြတာ သဘာဝကျတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ တဖက်မှာလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တခုနဲ့တခုအကြားက အကျိုးစီးပွား ပဋိပက္ခ၊ ပူးပေါင်းဆောင်ရွက်နိုင်ခြေ စတာတွေနဲ့ ပတ်သက်လို့ ဒေါ်မီမီဝင်းဘတ်က မဖြေရှင်းနိုင်စရာ မရှိဘူးလို့ ယူဆချက်လည်း ရှိသလို၊ ဒေါက်တာမင်းဇော်ဦး ကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့က စစ်ဘုရင်စနစ် သို့မဟုတ် ပဒေသရာဇ်စနစ် ပုံစံတမျိုးလို့ အကဲဖြတ်ပြီး လူမျိုးစု အချင်းချင်းအကြားမှာလည်း ဖိနှိပ်မှုတွေ ပွတ်တိုက်မှုတွေ ရှိနေတယ်လို့ အကဲဖြတ်တာတွေ့ရပါတယ်။ 

ဒေါက်တာမင်းဇော်ဦးက စစ်အာဏာရှင်စနစ်ကို တိုက်ခိုက်နေကြတဲ့ လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ နိုင်ငံရေးအယူဝါဒ ထင်ထင်ရှားရှားမရှိတဲ့ အချက်ကိုလည်း ထောက်ပြကာ စစ်အာဏာရှင်စနစ်ကို မုန်းတာ၊ ဆန့်ကျင်တာမှန်ပေမယ့် ဒီမိုကရေစီစနစ် တည်ဆောက်နိုင်မလားဆိုတာ သံသယရှိပြီး မေးခွန်းထုတ် ပြောဆိုသွားပါတယ်။ 

မြန်မာနိုင်ငံအနေနဲ့ အခု ရင်ဆိုင်နေရတဲ့ ဗဟိုစစ်တပ်ရဲ့ အင်အားကို ပြိုလဲအောင် တိုက်ခိုက်နေတဲ့ ဖြစ်စဥ်မှာ စစ်တပ် ပြိုလဲပြီး ရောက်လာမယ့် အနေအထားမှာ ရင်ဆိုင်ရမယ့် စိန်ခေါ်မှု၊ ဖြေရှင်းရမယ့် ပြဿနာတွေနဲ့ ပတ်သက်လို့ အချို့ကတော့ မဖြေရှင်းနိုင်စရာ မရှိဘူးလို့ ယူဆသလို အချို့ကတော့ မြန်မာနိုင်ငံက တစုတစည်းတည်း ပြည်ထောင်စုပုံစံကို တည်ဆောက်နိုင်ဖို့ အရေး သံသယရှိနေကြတဲ့ သဘောဖြစ်ပါတယ်။ စစ်ကောင်စီထိန်းချုပ် နယ်မြေအများအပြား လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ ရှမ်းမြောက်လို ဒေသမှာ ပေါ်ထွက်လာတဲ့ အချို့သောပြဿနာတွေဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချင်းချင်းအကြား နယ်မြေ ထိန်းချုပ်မှု၊ အုပ်ချုပ်မှု၊ အခွန်ကောက်ခံမှုတွေနဲ့ ပတ်သက်ပြီး ပွတ်တိုက်အငြင်းပွားမှုတွေ ယခုနှစ်ဆန်းနောက်ပိုင်း မှာ ပေါ်ထွက်လာတာတွေ့ရမှာ ဖြစ်ပါတယ်။ ကေအိုင်အေနဲ့ TNLA အကြား၊ TNLA နဲ့ MNDAA အကြား နယ်မြေ အငြင်းပွားမှုတွေ ရှိခဲ့သလို၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA နဲ့ TNLA အကြား နယ်မြေ၊ စခန်းနေရာတွေ နဲ့ ပတ်သက်လို့ အငြင်းပွားမှု ပွတ်တိုက်မှုတွေ ရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဒီလို အငြင်းပွားမှုတွေက အခုလို အဆင့်မှာပဲ ဖြေရှင်း ပြေလည်သွားမလား၊ သို့မဟုတ် သန္ဓေတည်နေပြီး တချိန်ချိန်မှာ ကြီးထွားလာမလားဆိုတဲ့ စိုးရိမ်မှု မှန်းဆမှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံကို ပြည်ထောင်စုနိုင်ငံ တနည်းဖက်ဒရယ် ပြည်ထောင်စုနိုင်ငံအနေနဲ့ မစုစည်းနိုင်သေးသည့်တိုင် ပြဿနာအကြီးကြီး မဟုတ်သေးပေမယ့် အစိတ်စိတ်အမြွှာမြွှာ ကွဲခြင်းနဲ့ ကွဲနေတဲ့ ဒေသတွေအချင်းချင်းအကြား လက်နက်ကိုင် တိုက်ခိုက်မှုတွေလို ပေါ်ထွက်လာခဲ့ရင် ဆိုတဲ့ စိုးရိမ်မှုတချို့လည်း အခုကာလမှ စဥ်းစားစိုးရိမ်မှုတွေ ရှိလာကြတာ ဖြစ်ပါတယ်။ ဒါတွေနဲ့ ပတ်သက်လို့ လက်နက်ကိုင် အဖွဲ့အစည်းအသီးသီးအကြားမှာ စုစည်းတဲ့ မဟာမိတ် သို့မဟုတ် တပ်ပေါင်းစု အဖွဲ့အစည်းလိုမျိုး ရှိနှင့်ပြီလားဆိုတဲ့ မေးခွန်းလည်း ပေါ်ထွက်လာသလို ၁၉၈၈ ခုနှစ် မတိုင်ခင် NDF National Democratic Front အမျိုးသားဒီမိုကရက်တစ် တပ်ပေါင်းစုလို လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်ပိုင်းအဆင့်တွေ ပါဝင်တဲ့ မဟာမိတ်အဖွဲ့အစည်းလိုမျိုးတော့ ပေါ်ထွက်မလာသေးတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။⁩


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar