လေခဏီ - လေသလား
လေခဏီ - လေသလား
(မိုးမခ) စက်တင်ဘာ ၉ ၊ ၂၀၂၄
တော်လှန်ရေးကြောင့် ကြေမွတိုင်းပြည် ဖြစ်သွားမယ်လို့ ပြောကြတယ်။ စစ်တပ်ရဲ့ ချေမွတိုင်းပြည်ဖြစ်နေတာ ထုတ်မပြောကြဘူး။
စစ်တပ် ဖျက်နေတာကို မပြောဘူး၊ တိုင်းပြည်ပျက်နေတာဟာ တော်လှန်လို့လိုလို ပြောနေကြတယ်။
စစ်တပ် ရှိလို့ ဖြစ်နေတဲ့ ပြဿနာတွေဟာ စစ်တပ် မရှိရင် ပြီးသွားမှာပဲ ဆိုတာ ပဲပြုတ်သည်က အစသိတယ်။ ကျန်တဲ့ နောက်ဆက်တွဲ ပြဿနာကတော့ ဂယက်အဆင့်ပါပဲ။
ကိုယ့်နိုင်ငံရဲ့ တော်လှန်ရေးဖြစ်တည်မှုက သားစဉ်မြေးဆက် ရှိနေခဲ့တာဆိုတော့ မျိုးဆက်စုံ ချိတ်ဆက်တော်လှန်နေတာမို့ တခြားနိုင်ငံတွေရဲ့ ဖြစ်စဉ်နဲ့ ထပ်တူပြုစရာ မလိုပါဘူး။ ပြီးတော့ လူမျိုးစုလိုက် သီးခြားစီ သူ့နယ်နဲ့သူ တာဝန်ယူထားတာမို့လဲ ကျရှုံးတိုင်းပြည် ဖြစ်စရာ မလိုပါဘူး။ တော်လှန်သူတိုင်းက ကိုယ် မြင်ယောင်ထားတဲ့ အနာဂတ်ကို ပုံပျက်မခံပါဘူး။
ပူပန်သလိုလိုနဲ့ တော်လှန်ရေး အောင်မြင်မှာကို မမြင်နိုင်၊ စစ်တပ် ကျရှုံးမှာကို မကြည့်နိုင် ဖြစ်နေတာတွေ ရပ်သင့်ပါပြီ။ ဘာကြောင့်များ ဒီစစ်တပ်ကြီး ရှိနေတာကို လက်ခံနေချင်တာလဲ ဆိုတော့ ကိုယ်ကျိုးစီးပွားရယ်၊ ဒီစစ်တပ်ကြီးကို မဖြိုနိုင်ဘူး ထင်ပြီး ဘက်မှားရပ်ခဲ့တာရယ်၊ ကြားနေခဲ့တာရယ်ကို သိသိသာသာ တွေ့ရပါတယ်။ အဲဒါကို ပညာရှင်လိုလို ဗေဒင်ဆရာလိုလို သင်္ကြန်စာရေးသူလိုလိုနဲ့ ဖုံးကွယ်နေလဲ အတိုင်းသား မြင်နေရပါတယ်။ ဒါဟာ ရိုးသားစွာ လွတ်လွတ်လပ်လပ်ကွဲပြားခွင့် မဟုတ်ပါဘူး။ ပြည်သူ့ရန်သူ စစ်တပ်ဘက်မှာ ရပ်နေခြင်းသာ ဖြစ်ပါတယ်။
ဒီစစ်တပ်က ခုမှ နိုင်ငံရေးလိုအပ်ချက်အရ တိုင်းပြည်က အာဏာအပ်လိုက်လို့ တက်အုပ်ချုပ်တာမဟုတ်ဘူး။ ၆၂ ခုနှစ် အေးအေးဆေးဆေး အခြေအနေမှာ အာဏာသိမ်းတယ်။ စစ်တပ်က ပါတီထောင်ပြီး ၂၆ နှစ် အုပ်ချုပ်တယ်။ တိုင်းပြည်မွဲသွားတယ်။ လူလို သူလို မနေရဘူး။ တိုင်းပြည်က အဲဒီပါတီကို မောင်းချတယ်။ အဲဒီတော့ ၈၈ မှာ ပြည်သူလက်ထဲက အာဏာကို သေနတ်နဲ့ ထပ်လုတယ်။ ရွေးကောက်ပွဲကို တန်းလုပ်မပေးဘဲ ၂ နှစ်ခွာတယ်။ သူ လုပ်တဲ့ ရွေးကောက်ပွဲနဲ့ အစိုးရ ရွေးတော့ ရွေးတဲ့သူကို လွှဲမပေးဘဲ ကတိဖျက်ပြီး အာဏာဆက်ထိန်းတယ်။ နှစ် ၂၀ ထပ်ကြာတယ်။ သယံဇာတတွေ ကုန်သွားတယ်။ လူသားအရင်းအမြစ်တွေပါ ပျောက်သွားတယ်။ အဲဒီအခြေအနေမှာ စစ်တပ်ကပဲ ပါတီထောင်ပြီး အဲဒီပါတီကို အာဏာလွှဲတယ်။ နောက် တကယ် ပြည်သူကြိုက်ပါတီ အရွေးခံရတော့ ခု အာဏာထပ်သိမ်းတယ်။ တတိုင်းပြည်လုံး ကြေမွသွားတယ်။ ခြေမွနေတုန်းပဲ။ ဘိုးဘွားအမွေ လက်ရာတောင် ပြစရာမရှိအောင် မီးတိုက်ပစ်တယ်။ လူတယောက်ကို အပျင်းပြေအနေနဲ့တောင် သတ်နေတယ်။ မိသားစု တခုချင်းစီမှာရှိတဲ့ အရင်းအမြစ်တွေကို လိုက်ယူတယ်။ ခုနောက်ဆုံး တိုင်းပြည်မှာ ကျန်သမျှလူအားလုံး ကြီး ငယ် မရွေး စစ်သားလုပ်ခိုင်းတယ်။ အဲဒီတပ်ကို ပြည်သူက တော်လှန်တယ်။ ခုမှ ရုတ်ခနဲ ပေါ်လာတဲ့ ရေပွက်ပမာ တော်လှန်ရေး မဟုတ်ဘူး။ ၆၂ ကတည်းက ပေါ်လာတဲ့ တော်လှန်ရေး။ တခေတ်ပြီး တခေတ် တလှိုင်းပြီးတလှိုင်းတက်လာတဲ့ တော်လှန်ရေး။ တော်လှန်သင့်လို့ အသက်ရင်း တော်လှန်နေကြတာ။ တယောက်ယောက်က မြှောက်ပေးလို့ အူကြောင်ကြား ပေါ်လာတာ မဟုတ်ဘူး။ လူမျိုးစုတော်လှန်ရေးဆို ဒီ့ထက် စောတယ်။
စစ်တပ် မရှိရင် ကိုယ် မြော်မြင်ထားတဲ့ အခြေအနေတခုကို ကိုယ့်အင်အားနဲ့ကို သွားကြမှာ။ အဲဒါ တစစီ ဖြစ်သွားတာ မဟုတ်ဘူး။ ချိတ်ဆက် မှီတွယ်ထားတဲ့ အားတွေ ဖြစ်တယ်။ ပန်းတိုင်း ပွင့်ကြမှာသာ ဖြစ်တယ်။ ပန်းခြံတခုထဲက ပုံမတူတဲ့ ပန်းတွေသာ ဖြစ်တယ်။ ခုကို ပုံဖော်နေကြလို့ ပုံပေါ်နေတာတွေ မြင်နိုင်ပါတယ်။ စစ်တပ်သာ မရှိတော့ဘူး ဆိုရင် စိတ်အေးလက်ရေးနဲ့ ဆေးရောင်စုံခြယ်နိုင်မှာ ဖြစ်တယ်။
ကြေမွတိုင်းပြည် ဖြစ်မယ်လို့ ပြောဆိုနေသူတွေဟာ စစ်အာဏာရှင်အောက်မှာ ပညာမသင်ဘဲ အပြင် ဒီမိုကရေစီနိုင်ငံတွေမှာ ပညာသင်ပြီး အပြင်မှာလည်း လောက်လောက်လားလား ပညာရှင်မဖြစ်၊ မူလကလည်း စစ်အုပ်စုနဲ့ မကင်းသူတွေဖြစ်လို့ ဒီမိုကရေစီအရိပ်ကနေ စစ်အုပ်စုဆီ အမှုတော်ထမ်းရင်း လေသလားနေတာသာ ဖြစ်ပါကြောင်း။
#MoeMaKaMedia
#WhatsHappeningInMyanmar