Breaking News

မောင်စွမ်းရည် - မြန်မာသံချပ် စုကြစို့ (Maung Swan Yi - Let's Collect Myanmar Than Gyat)

သရုပ်ဖော် မောင်စွမ်းရည်

မောင်စွမ်းရည် -  မြန်မာသံချပ် စုကြစို့
မိုးမခ၊ ဧပြီ ၉၊ ၂၀၁၉

ငယ်ငယ်ကတည်းက သင်းကြန်သံချပ်တွေကို ကြားဖူးပါတယ်၊ "အစောင်းအချိတ် ဘိတ်မပါဗျ" အစချီပြီး သီဆိုသွားတဲ့သံချပ်တွေပါ။ တချိူ့အစောင်းအချိတ်တွေက မျက်မှောက်မှာ မြင်တာကို ရုတ်ချည်း လက်တန်း ဖွဲ့ဆိုသွားကြတာပါ။ သံချပ်ထိုးသူက 'ငမိုး' ဆိုထင်ပါရဲ့။"သံချပ်ထိုးတဲ့ ငမိုးရေ၊ နင်တို့အဖေ - မေးစေ့ခြောက်လုံ" ဆိုတာလဲ ငယ်စဉ်ကတည်းက ကြားဖူးပြီး နားကြားလွဲတာနဲ့ တခစ်ခစ်ရယ်ခဲ့ရတာ။

ကျနော်ကတော့ တောသား။ တောသားမြို့ရောက် ဆိုတဲ့အတိုင်း ရောက်သွားတဲ့မြို့က မန်းတလေး၊ မန်းတလေးသင်းကြန်ပွဲဆိုတာကလည်း မြန်မာ့စံပြသင်းကြန်ပွဲလေ။ လမ်းတကာမှာ မဏ္ဍပ်ကြီးတွေထိုးပြီး စည်ပိုင်းကြီးတွေ၊ ပိုက်တွေနဲ့ ပက်ကြတာ။ "ကျူံးတော်ကြီးကို ခြေကန်ပက်တော့ ရယ်တာပေါ့ ရယ်တာပေါ့" ဆိုပြီး သံချပ်ထိုးသံ ကြားရပြန်တော့လဲ ပျော်လိုက်တဲ့ဖြစ်ခြင်း။ ကားကြီးတွေကို တန်ဆာဆင်ပြီး ကားပေါ်မှာ  ဂီတအဖွဲ့နဲ့ ယိမ်းအဖွဲ့တင်ပြီး ကပြတယ်လေ။ မဏ္ဍပ်တကာမှာ သင်းကြန်ကားနဲ့သွားပြီး ကားပေါ်ကအဖွဲ့နဲ့ မဏ္ဍပ်ထဲက အဖွဲ့တို့ အပြိုင်သီဆိုကပြကြတာ ပွဲကြည့်ပရိသတ်ကလဲ မဏ္ဍပ်ခြေရင်းမှာ သင်းကြန်ကားကို ပတ်ပြီး ကကြတာ တပျော်တပါး၊ သီချင်းတွေကလည်း မြို့မသီချင်းတွေလေ။ "ဖြူဖြူပြာပြာနီနီ၀ါ၀ါ ဝေဆာမြူးလို့လွင်" ဆိုတဲ့ သီချင်း၊ "တူးပို့ တူးပို့" သီချင်း။ လူတိုင်းရပြီး လူတိုင်းဆို လူတိုင်းကကြ။ ဒီလို ဆိုကြ ကကြတာဟာ မန်းတလေး၊ ရန်ကုန်၊ မော်လမြိုင် အတူတူလိုပါပဲ။ သီချင်းတို့ အကတို့မှာတော့ ပန်တျာမြို့ဖြစ်တဲ့ မန်းတလေးက ပထမလို့ ဆိုရမှာပေါ့။ သံချပ်တွေကလည်း တပြည်လုံး ဟိန်းနေတာပါပဲ။

သံချပ်ဆိုတာ သရော်လှောင်ပြောင်တာက အဓိကလေ။ အစိုးရ၊ သမ၀ါယမ၊ ရပ်ကွက်လူကြီး၊ ဘုန်းကြီး၊ မယ်သီလရှင်တွေပါမကျန် သရော်ကြတာကလား။ ဒီလိုသရော်ကြတာကို သရော်ခံသူများကလဲ ပြုံးပြုံးရယ်ရယ်နဲ့ပဲ ခံယူလေ့ရှိပါတယ်။ အာဏာရှင်စစ်အစိုးရလက်ထက်မှာတော့ သံချပ်တွေကို စစ်အာဏာရှင်ရဲ့ ကိုယ်စားလှယ် စိစစ်ရေးအဖွဲ့ကို တင်ပြပြီး အဖြတ်အတောက် အပိတ်အပင်ခံကြရပါတယ်။ သင်းကြန်ရသ ပျက်တော့တာပေါ့။ တချို့သင်းကြန်အဖွဲ့တွေ သင်းကြန်မင်းသားတွေ ဖမ်းဆီးထောင်ချခံရသတဲ့။ ကျနော် မမေ့နိုင်တာကတော့ အမျိူးသားစာပေဆုကို ပထမဆုံး နှစ်ခါပြန် ဆွတ်ခူးတဲ့ ကဗျာဆရာအနုပညာရှင်ကြီး ဦးတင်မိုးကို စစ်အာဏာပိုင်တွေက ခေါ်ယူစစ်မေး သတိပေးခဲ့တဲ့ ကိစ္စပါပဲ။ (တင်မိုးက သံချပ်မရေးဖူးဘူးပါဘူး။ မရေးတတ်လို့တော့ မဟုတ်ဘူး။)

လူကြီးသူမတွေက သံချပ်ရေးစပ်သီဆိုတယ်ဆိုတာ ကဗျာဆရာတွေရဲ့ အလုပ်လို့ ထင်မှတ်ထားကြပုံရပါတယ်။ တကယ်တော့ သံချပ်ဆိုတာ ပြည်သူလူထုရဲ့ မူပိုင်အနုပညာပါ။ တချို့သံချပ်တွေကို တယောက်ယောက်က ဒိုင်ခံပြီး ရေးဖွဲ့ပေမယ့် တယောက်တပေါက်၊ တယောက်တပိုဒ် ဆိုသလို ၀ိုင်း၀န်း ဖြည့်စွက်ပေးကြတာလဲ ရှိပါတယ်။ 'မိုး မိုး မိုးလားမောင်တို့၊ လေ လေ လေလား မောင်တို့" လို့ အစချီပြီး ကိုယ်ပြောချင်ရာ တယောက်တပေါက်ပြောကြတဲ့ (ဖိုလ့်ဆောင်း) ခေါ် ဖို့လ်အတ် ခေါ် လူထုအနုပညာ ပြည်သူ့အနုပညာပါ။ (Folks Song)

ဒီလို ပြည်သူ့အနုပညာ လူထုအနုပညာတွေဟာ အနုပညာတန်ဖိုးလည်း ရှိတဲ့အပြင် လူမှုရေးဝေဖန်ချက် နိုင်ငံရေးဝေဖန်ချက်တွေ အမျိူးမျိူး ပါရှိတဲ့အတွက် သမိုင်းတန်ဖိုးလည်း ရှိပါတယ်။ ဒီလိုသံချပ်တွေကို နှစ်စဉ် စုပေါင်းပြီး စာအုပ်ရိုက်ထားဖို့ ကောင်းပါတယ်။ အနုပညာမော်ကွန်း တင်တဲ့သဘောပေါ့။ အရပ်သားဝါသနာရှင်တွေကလဲ စုပေါင်းသိမ်းဆည်းထားဖို့ ကောင်းပါတယ်။ စာကြည့်တိုက်တွေမှာ သိမ်းဆည်းထားပေါ့။ စာကြည့်တိုက်တွေမှာ သိမ်းဆည်းထားပေါ့။ အထူးသဖြင့် မန်းတလေး၊ ရန်ကုန်၊ မော်လမြိုင်တို့မှာ အဓိကထားပြီး စုဆောင်းသိမ်းဆည်းထားသင့်ပါတယ်။ ကျနော့်မှာ အဲသလိုကြံစည်ခဲ့တာကြာလှပြီ။ ဒါပေမယ့် စစ်အစိုးရကာလမှာ ပြောင်းရရွှေ့ရ ရှာဖွေမွေနှောက်ခံရနဲ့ ပျောက်ရှကုန်ပါတယ်။ ပြည်ပရောက်တော့ ဝါရှင်တန်က သင်္ကြန်အဖွဲ့နဲ့ အိန္ဒိယကသင်္ကြန်အဖွဲ့တွေက နာမည်ကြီးလွန်းလို့ လှမ်းပြီး တောင်းဆို စုဆောင်းထားတာလေးတွေ ရှိပါသေးတယ်။ သံချပ်တွေကို စုဆောင်း စာအုပ်ရိုက်နှိပ်ထုတ်ဝေသူ ရှိလာနိုင်ရင် ပေးချင်လှူချင်ပါတယ်။ ကောက်စိုက်ဗုံကြီးသံတွေကိုလဲ ကျနော် တပြည်လုံး လိုက်လံ စုဆောင်းဖူးပါတယ်။ စတင်စုဆောင်းသူကတော့ ၁၉၃၃ လောက်ကစပြီး ကြီးပွားရေးမဂ္ဂဇင်းမှာ ရွှေကိုင်းသားခေါ် ရတနာပုံ ဖိုးမှတ်စု ပါပဲ။ ကြီးပွားရေးမောင်လှက လူထုဦးလှ ဖြစ်လာတဲ့အခါ လူထုဂျာနယ်မှာလဲ စုဆောင်းဖော်ပြခဲ့ဖူးပါတယ်။ သုတေသနဂျာနယ်၊ သူရိယမဂ္ဂဇင်း၊ တို့မှာလည်း စုဆောင်းဖော်ပြခဲ့တာ ရှိပါတယ်။ ဒါပေမယ့် အားလုံးကို လိုက်ပြီး စုဆောင်းသူတော့ မရှိသေးပါဘူး။ ကျနော်စုထားတာတွေကို ဗိုလ်နေဝင်းက သုတေသနအသင်း ဖျက်သိမ်းရာမှာ ပါသွားခဲ့လို့ ပျောက်ပျက် ဆုံးရှုံးခဲ့ရပါတယ်။

ရန်ကုန်မှာ သင်္ကြန်သံချပ် အစဉ်အလာကြီးသူတွေ ရှိပါတယ်။ မောင်မောင်ဆိုလေ ထီးရိုးရှည် တို့ ဂန္ထဝင်မောင်ဝိုင်းတို့ စတဲ့အဖွဲ့တွေက ကိုယ့်အဖွဲ့ သံချပ်တွေကိုပဲ ဖြစ်စေ ပိုကောင်းတာက အဖွဲ့ပေါင်းစုံ မြို့နယ်ပေါင်းစုံက သံချပ်တွေကိုဖြစ်စေ စုစည်းပြီး စာအုပ်ပြုစု မော်ကွန်းတင်ထားကြဖို့ပါပဲ။ အဖိုးတန်တဲ့ ပြည်သူ့ရတနာတွေမို့ပါ။ ကျနော့်မှာ ရှိတာတွေလဲ ပေးချင်ပါတယ်။ လုပ်ကြ ထုတ်ကြမယ်ဆိုရင် ဆက်သွယ်ကြပါ။

ကျနော် မောင်စွမ်းရည်ပါ။

ဧပြီ ၁၊ ၂၀၁၉

(မိုးမခမှတ်ချက် - မိုးမခလည်း ယူနီကုဒ်ဆိုက်ဖြစ်အောင် သွားမယ် ကြိုးစားနေပါတယ်။ သည်တော့ ဖောင့် ၂မျိုးနဲ့ တင်ပါမယ်။ စာရိုက်တာကတော့ ဇတ်ကုဒ် ကီးဘုတ်လေးအောက်ပါ။ ဇော်ဂျီအတိုင်းရိုက်၊ ယူနီကုဒ်နဲ့ ပေါ်ပါတယ်။)