Breaking News

သာထက်အောင် ● လူရောင်စုံ၊ ဘဝရောင်စုံ၊ ဒုက္ခရောင်စုံ (၇)


သာထက်အောင် ● လူရောင်စုံ၊ ဘဝရောင်စုံ၊ ဒုက္ခရောင်စုံ (၇) 
(မိုးမခ) ဧပြီ ၅၊ ၂ဝ၁၉

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတယောက် ရန်ကုန်ကိုအလည်ရောက်ပြီး ရွှေတိဂုံဘုရား မရောက်ခဲ့ဘူးဆိုရင် ရန်ကုန်ရောက်ရ ကျိုးမနပ်သလို မန်းတလေးရောက်ပြီး မဟာမြတ်မုနိဘုရားကြီးကိုမဖူးခဲ့ရဘူးဆိုရင်လည်း ဆောင်ရွက်စရာဝတ္တရားကြီးတခုကျန်နေသလိုမျိုး ခံစားကြရမှာအမှန်ပါပဲ။ ဒါကြောင့် ဘုရားကြီးလိုက်ပို့ပေးဖို့ မောင်သန်းဝင်းကို ပူဆာရပါတယ်။ ဟိုတုန်းကနဲ့ စာရင် တော်တော်လေးသပ်သပ်ယပ်ယပ် သန့်သန့်ရှင်းရှင်းရှိတာ တွေ့ရပါတယ်။ ဘုရားအာရုံပြု ဘုရားပရဝုဏ်အတွင်း တပတ်လျောက်ကြည့်၊ ဓါတ်ပုံလေးဘာလေးအမှတ်တရရိုက်ပြီး ပြန်ဖို့ပြင်တော့ တနေရာသွားဖို့ကျန်သေးမှန်း စိတ်ကသိနေ တယ်။ အာရုံရိပ်ထဲမှာ တောင်သမန်အင်း၊ ဦးပိန်တံတား  မယ်ဇယ်ပင်ရိပ်၊ တောင်လေးလုံးကျောင်း  ဆရာတော်ဦးပညာ……အစီအရီ ပေါ်လာပါတော့တယ်။

၁၉၉၃ ခုနှစ်၊ နိုဝင်ဘာ၂၉ တောင်လေးလုံးကျောင်းမှာကျင်းပတဲ့ လူထုဒေါ်ဒေါ်မာ မွေးနေ့ပွဲကို နေဝင်းမြင့်၊ ကိုယဉ်မင်းပိုက်တို့နဲ့ အတူနွှဲပြီးကတည်းက တခါမှပြန်မရောက်တော့။ ဦးပိန်တံတားရှေ့ ကားရပ်လိုက်တာနဲ့ မြင်ရတဲ့မြင်ကွင်းက စိတ်ရှုပ်စရာ။ ဈေးသည်တွေ၊ ဆိုင်ကယ်တွေ၊ လူတွေ။ တံတားထိပ်ထိအောင်ဆိုင်ခန်းကြီးတွေခင်းရောင်းနေတာရှိသလို တံတားပေါ် လူ သွားလမ်းပေါ်ထိ တက်ရောင်းတဲ့ဈေးသည်လေးတွေလည်း တွေ့ရပါတယ်။ စားဝတ်နေရေးပြဿနာကိုဖြေရှင်းရာမှာ အ လွယ်ဆုံးနဲ့ ငွေပေါ်အမြန်ဆုံးက ဈေးရောင်းတာဆိုတော့ ရွှေပြည်ကြီးမှာ တခါ တခါ စိတ်ညစ်ဖို့လည်းကောင်း သနားဖို့ လည်းကောင်းတဲ့ ဈေးသည်ပြဿနာပါပဲ။ ဥပမာ … ကားကြို ကားကြားထဲဝင်ပြီး စပယ်ပန်းကုံးရောင်းတဲ့ဈေးသည်တွေ၊ ယာဉ်မောင်းရော ဈေးရောင်းတဲ့ကလေးရော အန္တရာယ်သိပ်များပါတယ်။ နောက်…ဘုရားတွေမှာ ဘုရားဖူးတွေစိတ်အနှောင့်အယှက်ဖြစ်လောက်အောင် ပန်းစည်းတွေ အတင်းထိုးရောင်းတဲ့ကိစ္စ။ သာမန်ကြည့်ရင် အသေးအဖွဲတွေလို့ထင်ရပေမယ့် တိုင်းပြည်ရဲ့ စီးပွာရေးချွတ်ခြုံကျမှုနဲ့ စားဝတ်နေရေးကြပ်တည်းမှုတွေက ဘာစည်း ဘာဥပဒေကိုမှ သိပ်ဂရုစိုက်နေမှာ မဟုတ် ပါဘူး။ ခုလည်း ဦးပိန်တံတားဝန်းကျင်မှာ ဈေးသည်တွေနဲ့ပြည့်နေပါပြီ။ ဟိုတုန်းက ဒေါ်ဒေါ်မွေးနေ့ပွဲကြွရောက်လာတဲ့ စာ ရေးဆရာကြီးငယ်တွေ အစက်ကျရာ မယ်ဇယ်ပင်တန်းကလည်း ဈေးသည်တွေနဲ့ အညာရနံ့ မသင်းတော့။ ဦးပိန်တံတားကို လူသွားလူလာများလာတော့ ပတ်ဝန်းကျင်သန့်ရှင်းဖို့၊ သဘာဝအလှမပျက်ဖို့ တာဝန်ရှိသူတွေ ဂရုပြုသင့်ပါတယ်။ တံတား အလှနဲ့ အင်းအလှကြောင့် လူတွေလာကြတယ်ဆိုပေမယ့် ဦးပိန်တံတားမှာ သမိုင်းတန်ဖိုး၊ ယဉ်ကျေးမှုတန်ဖိုးတွေ စိမ့်ဝင် နေတယ်ဆိုတာလည်း သတိထားဖို့လိုပါတယ်။ တောင်လေးလုံးဆရာတော်သာရှိသေးရင် ဝင်ကန်တော့ပြီး ရှေးဟောင်း နှောင်းဖြစ်လေးတွေ ပြောဖြစ်မှာ။ ခုတော့ စိတ်နဲ့ပဲ လှမ်းလက်အုပ်ချီရပါတော့တယ်။

ဒီဇင်ဘာ ၁၆၊ မနက်စောစောနိုးနေတယ်။ စိတ်ကစောလို့ထင်ပါရဲ့ ညကလည်း ကောင်းကောင်းအိပ်မပျော်။ ဒီမနက် ဆင်ဖြူကျွန်းက ငယ်သူငယ်ချင်း စိုးဝင်းနဲ့ကျော်လင်းလာလိမ့်မယ်။ သူတို့ကားနဲ့ ပုဂံမှာတညအိပ် နောက်နေ့ ဆင်ဖြူကျွန်း သွား။ မနက် ၆ နာရီခွဲတော့ သူတို့ရောက်လာတယ်။ လမ်းကျွမ်းတဲ့ယာဉ်မောင်းတယောက်လည်း ပါလာတယ်။ ည နာရီပြန် တချက်ခွဲလောက် ဆင်ဖြူကျွန်းကထွက်လာတဲ့ကား မန်းတလေးကို မနက် ၆ နာရီမှာရောက်လာပြီ။ ကျွန်တော့်မှာယုံတောင် မယုံနိုင်။ ကျွန်တော်တို့ကျောင်းသားဘဝ ချောက်ကနေ ညနေ ၄ နာရီထွက်တဲ့ မြသုံးလုံးကားနဲ့လိုက်တာ မန်းတလေးကို မိုးစင်စင်လင်းမှရောက်ပါတယ်။ ခုတော့ မြေကြောရပြီ။ ကမ္ဘာကျော် ကျည်ဆံရထားဆိုတာကြီးတွေများသုံးနိုင်ခဲ့ရင် ဘရိတ် ဖတ်စ်ရန်ကုန်မှာစားပြီး နေ့လည်စာမန်းတလေးမှာစားလို့ရပြီ။ ခက်တာက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ အရေး ထက် တိုင်းပြည်ငြိမ်သက်အောင်၊ တနယ်တဗိုလ် တမင်းမဖြစ်အောင်၊ လက်နက်ကိုင်သူတွေ သေနတ်မပေါက်အောင် စစ် အာဏာရှင်အမြစ်ပြုတ်အောင်၊ ငြိမ်းချမ်းရေးက ပျပျလေးတောင်မမြင်ရသေးတော့ သူများတွေရှေ့တန်းရောက်သွားတာကိုပဲ အငေးသားကြည့်နေရတဲ့ဘဝကို။ ထားပါတော့ ဒါတွေ။

နံနက်စောစာကို မန်းတလေးရောက်ရင် မစားမဖြစ် မုန့်တီနဲ့လဖက်ရည် သုံးဆောင်ပြီး မြင်းခြံလမ်းအတိုင်း ပုဂံညောင်ဦးကို ချီတက်ခဲ့ကြပါတယ်။ လမ်းဘေးတဖက်တချက်မှာ ထန်းပင်တွေက အစီအရီ။ တကယ့်အညာရှုခင်း။ တနေရာမှာတော့ ထန်း ရည်ရပြီဆိုတဲ့ဆိုင်းဘုတ်ခနော်ခနဲ့လေးတခု ထန်းပလက်တဲတခုမှာ ချိတ်ထားတာ မောင်ကျော်လင်းက အကိုကြီး  ဝင်တွယ်မ လားတဲ့။ မလုပ်ပါနဲ့မောင်ရာ..ထန်းရည်က အဆင်မသင့်ရင် ချက်ချင်းဝေါရှင်းတာ။ ညောင်ဦးကိုမွန်ုးမတည့်မီရောက်တော့ မောင်ကျော်လင်းက ပခုက္ကူဘက်သွားကြအောင်တဲ့။ ကျွန်တော့်အမှတ်သညာထဲမှာ ပခုက္ကူဆိုတာ လမ်းပန်းဆက်သွယ်ရေးအလွန်ခက်တဲ့မြို့။ တခါမှလည်းမရောက်ဖူး။ အချိန်နည်းနေပြီ။ မသွားပါနဲ့ဆိုတော့ မဟုတ်ဘူး၊ နာရီဝက်ဆို ပခုက္ကူရောက်ပြီ တဲ့။ ဟေ…. ဒီလိုဆိုလည်းသွားကြတာပေါ့မောင်ရာ..ဆိုတော့ သူတို့ပြောတဲ့အတိုင်း ဧရာဝတီမြစ်ကူးတံတားထဲမှာ အရှည် ဆုံးဖြစ်တဲ့ (အနော်ရထာတံတား) ညောင်ဦး ပခုက္ကူမြစ်ကူးတံတားကို နာရီဝက်အတွင်းဖြတ်သန်းပြီး မရောက်ဖူးသေးတဲ့ ပခုက္ကူအတွေ့အကြုံကို ကံကောင်းစွာရလိုက်ပါတယ်။

ကိုယ်ပိုင်ကျောင်းနဲ့ကြီးပွားနေတဲ့ မောင်ကျော်လင်းညီတည်ခင်းတဲ့ နေ့လည်စာစားပြီး ပုဂံကိုပြန်လာကြပါတယ်။ ဟိုတယ် မှာခဏနား၊ ရေမိုးချိုးပြီး ပုဂံကိုတပတ်ပတ်ကြမယ်ဆိုတော့ နေတောင်စောင်းချင်နေပြီ။ ပုဂံကိုကျွမ်းတဲ့ယာဉ်မောင်းမို့ အချိန် တိုတိုအတွင်းမှာ ဘုရားစုံကို ပုဆိန်ပေါက်ဖူးခဲ့ရပါတယ်။ ဒါက ရွှေစည်းခုံ၊ ဒါက လောကနန္ဒာ၊ ဒါက ရွှေဂူကြီး၊ ဒါက မနူဟာ ဘုရား၊ ဒါက မြစေတီ…. ပန်းခင်းကို မြင်းစီးကြည့်တာကမှ အပွင့် အရွက် အခက် စုံစုံလင်လင်မြင်ရဦးမယ်။ ခုတော့ ပုဂံလို စေတီပုထိုးပေါင်း မြောက်များစွာကို ရသမျှအချိန်တိုအတွင်း တက်သုတ်ရိုက်ရတော့  အားမလိုအားမရဖြစ်ရပါတယ်။

တုရင်တောင်စွယ်တော်မြတ်စေတီတော်ကိုဖူးပြီး ရင်ပြင်တော်ပေါ်ကနေမြင်ရတဲ့ရှုခင်းအလှက ကြည့်မဝနိုင်အောင်ပါပဲ။ နေဝင်ဖျိုးဖျအချိန် ဝင်လုလုနေမင်းကြီး ဧရာဝတီမြစ်ပေါ်မေးတင်လို့၊ တန်ကြည့်တောင်နဲ့ မြစ်အနောက်ဖက်က တောင်တန်း တွေကို ဗူးဘုရားပေါ်ကမြင်ရတဲ့ သဘာဝအလှကိုကြည့်ပြီး လွမ်းချင်သလိုလို၊ ဘယ်လွမ်းရမှန်းလည်းမသိ။ ၇၆ ခု ပုဂံငလျင် တုန်းက ဗူးဘုရားထီးတော် ဧရာဝတီမြစ်ထဲကျပြီးခါစက တခေါက်ရောက်ပြီး ခုမှဖူးခွင့်တခါကြုံရပြန်ပါတယ်။ တကယ်တော့ ပုဂံကို တရက်တမနက်လောက်နဲ့ ဘယ်လိုမှနှံ့အောင်ရောက်မှာမဟုတ်ဘူး။ အနည်းဆုံး တပတ်တန်သည် ဆယ်ရက်တန် သည်နေရမှာ။ နောက်တခေါက်ပေါ့  ပုဂံရယ်။

ဟိုတယ်ပြန်ရောက်ပြီး အမောပြေ တခွက်တဖလားချမလို့ကြံကာရှိသေး  ဖုန်းကမြည်လာပါတယ်။ ဖုံးကောက်ကိုင်လိုက်တော့ ငယ်သူငယ်ချင်း တိုးမြင့်။ မင်းဘယ်ရောက်နေတုန်းဆိုတော့ ငါပုဂံမှာ။ အေး အေး ကျန်းမာရေးဂရုစိုက်နော်..သတိ ရလို့ဆက်တာပါ.. ဒါပဲ။ သြော်… သူငယ်ချင်းတိုးမြင့်.. ငယ်သူငယ်ချင်းတွေအပေါ် သံယောဇဉ်အကြီးရှာသား။ သူနဲ့ ကျွန် တော် ကုန်းဇောင်းကျောင်းမှာ လေးတန်းအထိအတူနေခဲ့ဖူးတယ်။ ၄ တန်းအောင်လို့ ဆင်ဖြူကျွန်းပြောင်းသွားကတည်းက သူနဲ့ပြန်မတွေ့တော့။ ဘယ်ရောက်လို့ ဘယ်မှာနေမှန်းလည်းမသိ။ တနေ့.. ပျင်းပျင်းရှိတာနဲ့ ဟောပြောပွဲဂုရုကြီး မန်းတလေး မှာကြီးပွားချမ်းသာနေတဲ့ နေဝင်းမြင့်နဲ့ ဖုန်းပြောဖြစ်တော့မှ တိုးမြင့်ရွှေဘိုနေကြောင်း၊ အစိုးရရှေ့နေက ပင်စင်သွားပြီး၊ ခု ရှေ့ နေလိုက်နေကြောင်း မကြာ မကြာ မန်းတလေးကိုလာတတ်ကြောင်းသိရပြီး၊ သူ့ဆီကဖုံးနံပါတ်ရတာနဲ့ ချက်ချင်းဆက် လိုက်တာ ကံကောင်းချင်တော့ သူနဲ့တိုက်ရိုက်တွေ့ပါတယ်။ ရီတော့ ရီရတယ်။ အသက် ၇ဝ နားနီးမှ ဟေ့ကောင် မင်းငါနဲ့ အပြောခံရတော့ သူလည်း ကြောင်စီစီဖြစ်နေပုံရတယ်။ ငါဘယ်သူပါလို့ ကျောင်းနာမည်ပြောတော့လည်း သိသလို မသိ သလို၊ ကလောင်နံမည်ပြောတော့လည်း အူကြောင်ကြောင်..။ ဒါနဲ့မဖြစ်ချေဘူးဆိုပြီး ငယ်နာမည်ပြောလိုက်တော့မှ ဝမ်း ခေါင်းသံကြီးနဲ့… ဟာ သူငယ်ချင်း ဝမ်းသာလိုက်တာကွာ။ မင်း အခုရန်ကုန်မှာလား … ငါဆင်းလာခဲ့မယ်လုပ်နေလို့ မဟုတ် ဘူး ငါ အခုသြစတြေးလျကဆက်နေတာ။ ဒီဇင်ဘာမှ ငါအလည်ပြန်ဦးမှာဆိုတော့ ရန်ကုန်ရောက်ရင် ဖုန်းဆက်လိုက် ငါ ဆင်းလာတွေ့မယ်တဲ့။ မန်းတလေးရောက်လို့ ဖုန်းဆက်လိုက်တော့ သူချက်ခြင်း ရွှေဘိုကဆင်းလာပါတယ်။ ငယ်သူငယ် ချင်း ၂ ယောက်တွေ့ဆုံပုံက စစ်အတွင်းကွဲကွာသွားတဲ့ တောင် ..မြောက်ကိုရီးယားအမျိုးတွေဆုံပုံထက် ဆိုးပါတယ်။ က လေးဘဝကကွဲသွားတဲ့ ငယ်သူငယ်ချင်း၊ အသက် ၇ဝ နားနီး အဘိုးကြီးဖြစ်မှပြန်ဆုံကြမှာဆိုတော့ ချိန်းမထားပဲ လမ်းမှာ များ မတော်တဆတွေ့ခဲ့ရင် မှတ်မိကြမယ်မထင်။ ခုလည်း ကျွန်တော်တည်းခိုရာ ၈၄ လမ်းကို သူ့သားကားနဲ့လိုက်ပို့ပေးမယ်ဆိုလို့ တိုက်ခန်းပေါ်ကဆင်း သူ့ကိုမျှော်နေတုန်း တအောင့်လောက်ကြာတော့ ကားပေါ်က အသားညိုညို အညာသားရုပ် လုံချည်ဘိုသီဘတ်သီနဲ့ အဖိုးကြီးတယောက် ကားလမ်းကိုဖြတ်ကူးလာတာတွေ့ရပါတယ်။

အင်း.. ဒါတိုးမြင့်ပဲဖြစ်မှာပဲ။ မလှမ်းမကမ်းရောက်တော့ ငယ်ရုပ်ကိုဖမ်းလို့ရပြီ။ သေချာတယ်။ ဒါတိုးမြင့်ပဲ။ နှုတ်မဆက်သေးပဲ မသိချင်ယောင်ဆောင်နေတော့ သူ ဟိုကြည့်သည်ကြည့်လုပ်နေတော့ ရီချင်စိတ်ကို ထိန်းပြီး ဟေ့ကောင်  ဘာကြည့်နေတာလဲ ငါဒီမှာဆိုတော့မှ နှစ်ပေါင်း ၅ဝ ကျော် ကွဲကွာခဲ့ကြတဲ့သူငယ်ချင်းနှစ်ယောက် အားရပါးရ ပွေ့ဖက် နှုတ်ဆက်ဖြစ်ကြပါတော့ တယ်။

မနက်လင်းတော ့ဟိုတယ်ကကျွေးတဲ့ဘရိတ်ဖတ်ကို ကသောကမျောစား၊ ရသမျအချိန်လေးလုပြီး မနေ့ကမရောက်ခဲ့ရတဲ့  ပုဂံနန်းတော်ဆီသွားကြပါတယ်။ သေသေသပ်သပ်ဆောက်ထားတဲ့ ဒီနန်းတော်ကြီးကိုကြည့်ပြီး ကျွန်တော်အတွေးတွေပွား နေမိပါတယ်။ ဒီနန်းတော်ကြီးက နဂိုကတည်းကရှိခဲ့တာလား။ ဒါမှမဟုတ် အဟောင်းပြိုလို့ အသစ်နဲ့အစားထိုးတာလား။ ဒါမှ မဟုတ်ရှေးဟောင်းယဉ်ကျေးမှုတန်ဖိုးကို နားမလည်သူတစုရဲ့ စိတ်ကူးတည့်ရာတွေလား။ မေးစရာလူလည်းမရှိ၊ ဖတ်စရာ ကိုးကားစရာလည်းမတွေ့၊ စိတ်ထဲ ဇဝေဇဝါ မရှင်းမလင်းနဲ့ နန်းတော်ပေါ်တက်ခဲ့ပါတယ်။ ကျန်စစ်သားဝတ်စုံ၊ မဏိ စန္ဒာမင်းသမီးဝတ်စုံနဲ့ ဓါတ်ပုံရိုက်ချင်ရင်လည်း ဝတ်စုံငှားလို့ရပါသတဲ့။ နန်းတော်တပတ်မြင်းရထားနဲ့ပတ်ပြီး နန်းတော်ထဲက ကမ္ဘာ့အကြီးဆုံး ဆွမ်းအုပ်ကြီးရှေ့မှာလည်း ဓါတ်ပုံရိုက်ခဲ့ပါသေးတယ်။ ဒီဆွမ်းအုပ်ကြီးကရော ပုဂံခေတ်က ဆွမ်းအုပ် ဟုတ်ရဲ့လား။ မနေ့တနေ့ကမှလုပ်ထားတာဆိုရင်တော့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ကိုမြတ်နိုးသူတွေကတော့ ဘယ် လောက်ကြီးကြီး တန်ဖိုးထားလိမ့်မယ်မဟုတ်ဘူး။ တကယ်တော့ ပုဂံကိုလာကြတဲ့ဧည့်သည်အများစုဟာ နားလည်သည်ဖြစ် စေ နားမလည်သည်ဖြစ်စေ အဟောင်းကိုတန်ဖိုးထားပြီး တအံတသြကြည့်ချင်လို့လာတာ။ ဒါကိုနားမလည်တဲ့ အုပ်ချုပ်သူ တစုက ပျက်ရင်ပြင်ရမှာပေါ့ဆိုပြီး ရှေးဟောင်းဘုရားတွေကို အင်္ဂတေပြန်ကိုင် ထုံးသုတ် လုပ်ချင်ရာလုပ်တော့ ရှေးဟောင်းယဉ်ကျေးမှုတန်ဖိုးတွေကျပြီး ဒီလောက်ကြီးကျယ်ခန်းနားခဲ့တဲ့ပုဂံ ခုထိ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်း မဝင်နိုင်သေး ဘူး။ ဒါ့ကြောင့် ကွယ်လွန်သွားပြီဖြစ်တဲ့ သမိုင်းပညာရှင်ကြီးတယောက်က ပုဂံ ဘယ်အချိန်စတည်တာ အတိအကျမပြော နိုင်ပေမယ့် ပုဂံဘယ်အချိန်မှာစပျက်တယ်ဆိုတာ ငါအတိအကျသိတယ်လို့ ရယ်ရွှန်းပတ်ရွှန်းပြောတယ်လို့ မှတ်သားခဲ့ရဖူးပါ တယ်။

“ကိုင်း…ခရီးဆက်ကြစို့၊ အောက်ဆိပ်ကတပည့် မအေးကလည်း ဆရာဘယ်ရောက်နေပြီလဲ.. ဖုံးတဂွမ်ဂွမ်ဆက်နေပြီ။ ချောက်ရောက်မှပဲ နေ့လည်စာစားကြမယ်လို့ ဆုံးဖြတ်ကြတယ်။ ပုဂံညောင်ဦးရောက်လို့မှ ပုန်းရည်ကြီးမဝယ်ရင် တာဝန်မ ကြေရာကျပေမပေါ့။ ပုန်းရည်ကြီးနဲ့ သုံးထပ်သားဆီပြန်ကို အတို့အမြှုပ်လေး၊ ငြုတ်သီးဆားထောင်းလေးနဲ့များ စားလိုက်ရ ရင် ဘယ်အညာသားမှ ခေါင်းမဖေါ်နိုင်ဘူး။ ချောက်ရောက်တော့ မွန်းတည့်ပြီ။ ခု အမေရိကားရောက်နေတဲ့ အောက်ဆိပ် ကျောင်းမှာ အတူကျောင်းဆရာလုပ်ခဲ့ဖူးတဲ့ သူငယ်ချင်းခင်မောင်အေး နှမများနဲ့ သူ့သားသမီးတွေ ခဏဝင်နှုတ်ဆက်ပြီး ထမင်းဆိုင်ကောင်းကောင်းရှာပုံတော်ဖွင့်ကြပါတော့တယ်။

ဆက်ပါဦးမည်။

သာထက်အောင်
၂၅၊ ၃၊ ၂၀၁၉