Breaking News

မောင်အောင်မွန် ● -စာရေးဆရာမ ခင်ဆွေဦး၏ စာနှင့်နောက်ဆုံးခရီး


မောင်အောင်မွန် ●  -စာရေးဆရာမ ခင်ဆွေဦး၏ စာနှင့်နောက်ဆုံးခရီး
ကျွန်တော်တွေးမိသလိုရေးပါမည် (၄၁ဝ)
(မိုးမခ) ဧပြီ ၈၊ ၂ဝ၁၉


(၁)
၁၉၅၃ ခု၊ ရန်ကုန်တက္ကသိုလ် ရောက်သောနှစ်တွင် မိမိထက် အသက် (၃) နှစ်လောက်ကြီး၊ (၃) နှစ်လောက် စောပြီး ရောက် နေနှင့်သူ နောင်သောအခါ မြန်မာစာပေလောက၌ ထင်ရှားလာမည့် စာရေးဆရာမ ခင်ဆွေဦးအားသတိမထားမိပါ။ စာရေး ဆရာကြီး မဟာဆွေ၏သမီးထက် မဟာဆွေ ဇာတ်လိုက်ဆိုသည်ကသာ ကျွန်တော်တို့နှုတ်ဖျား၌ ရေးပန်းစားခဲ့သည်ကိုး။

အရပ် (၅) ပေ (၆) လက်မ၊ ရင်အုပ်ကျယ်ကျယ် ဗလကောင်းကောင်း၊ ဗန်ကောက်လုံချည် ရွှေဖလားရောင်နှင့် စပို့ရှပ်ဝတ် သော B.Sc ကျောင်းသားဟု သူ့ဝတ္ထုတွေထဲ ရေးဖွဲ့စမြဲမို့ ရှိုးကျသော ကောလိပ်ကျောင်းသားဆို မဟာဆွေ ဇာတ်လိုက်ပေါ့။

၁၉၅၃ ခု၊ နှစ်တွင် တကသ ရွေးကောက်ပွဲပျက်သည်။

ထိုအချိန်လောက်မှာပင် မဟာဆွေ ကွယ်လွန်ချိန် ခင်ဆွဦး အသက် (၂ဝ)။

၁၉၅၁-၅၂ နှစ် ဥက္ကဋ္ဌ ကိုစိန်ဘန်း အမှုဆောင်အဖွဲ့တွင်ပါဝင်ခဲ့သော ကိုခင်မောင်ညွန့်၊ ကိုတင်ထွန်း၊ ကိုရဲထွဋ် စသော သန့်ရှင်းအင်အားစု ကျောင်းသားခေါင်းဆောင်များနှင့် ကျွန်တော်ခင်မင်ခွင့်ရလိုက်ခြင်းသည် ယခုလို ခင်ဆွေဦးအကြောင်းရေး ရာ၌ အသုံးဝင်လာပြီ။

နောက်နှစ်တွင် ကိုစိန်ဘန်းနှင့် လက်ဆက်လိုက်ဟု ခင်ဆွဦးရေးဖူး၏။

စာရေးဆရာကြီး မဟာဆွေ၊ ဒေါ်မဟာဆွေ အမည်ဖြင့် စာရေးဆရာကတော် အထင်ကရဆောင်းပါး (၁၉၄၉ ခု၊ ဧပြီလ ရှုမဝ မဂ္ဂဇင်း) တို့၏သမီးဦးမို့ ရွှေလင်ပန်းနှင့်အချင်းဆေး၊ ငွေဇွန်းကိုက်မွေးလာသူကား ခင်ခင်ဦးပါ၊ ခင်ဆွေဦးဟူသည် အသက် (၁၇) နှစ်အရွယ် ရှမ်းကျောင်းသားများစာစောင်တွင် ကဗျာတိုလေးရေးနှင့်စ–ဆက်လက်ရေးသား ပရိသတ်က လက်ခံ၍ သာလျှင် စာရေးဆရာဖြစ်လာခြင်းနိုင်ပါ။

စာရေးဆရာက စာရေးဆရာ သားသမီးမွေးပေးလို့ အဘယ်မှာလျှင်ရနိုင်ပါမည်နည်း။

(၂)
ခေတ်ကောင်းစဉ်က မြန်မာနိုင်ငံ စာပေအဆင့်အတန်း။

မောင်အောင်မွန်သည် စာဖတ်နာပြီးမှ စာရေးဆရာဖြစ်လာသူမို့ ခင်ဆွေဦး၏စာများကိုလည်း ဖတ်ဖူးပါ၏။ ကြိုက်ပါ၏။ စာပေနယ်ကသိပ်မကျယ်၍ အထူးသဖြင့် မဂ္ဂဇင်းတိုက်များတွင် ဆုံနိုင်တွေ့နိုင် သိနိုင်ကြပါ၏။ မြန်မာနိုင်ငံ စာရေးဆရာ အသင်းဟူသည် ထယ်ဝါသိက္ခာကြီးလွန်းသမို့ တော်ရုံတန်ရုံနှင့် အနားကပ်နိုင်သည်မဟုတ်။

နတ်တော်လဆန်း (၁) ရက်စာဆိုတော်နေ့။

ထိုနေ့မှာသာ စာရေးဆရာကြီးများက ရသစာပေဟောပြောပွဲလုပ်၏။ ယခုခေတ်မှာလို တစ်နှစ်လုံး (၃၆၅) ရက်မပြတ် လူ တကာစင်ပေါ်တက် ပေါက်ကရ ဟောလို့ရမရ၊ ဗလာစာအုပ်ထဲ ဝလုံးတွေရေးပြီး စာရေးဆရာဖြစ်နေကြသလိုမဟုတ်။ ထို ခေတ်ထိုအခါက စာရေးဆရာဟူ၍ အသိအမှတ်ပြုခံရသူ ခင်ဆွေဦး၏ စာပေအဆင့်ကို ခန့်မှန်းကြည့်ပါ။

အဖေ မဟာဆွေ ညကြီးမင်းကြီး အရက်မူပြီးပြန်အလာ အိပ်နေသောခွေး တက်နင်းမိပြီး လှေခါးပေါ် လဲကျသတိလစ်သေဆုံးရပုံ ရေးသားထားသည့် ခင်ဆွေဦး၏ လွမ်းတသသ သည်စာဖတ်သူ၏ ရင်တွင်းမက အရိုးထဲအထိ စွဲကျန်နေပေလိ်မ့်မည်။ နှလုံးသားကခံစားချက်နှင့် စာရေးခြင်းအတတ်ပညနှင့်ရေးသော ရသကိုး။
ကိုယ်တိုင်ကလည်း ဝတ္ထုတိုသမားမို့ ခင်ဆွေဦး၏ ဝတ္ထတိုများ ဖတ်ရ ကြိုက်ရပါ၏။ လုံးချင်းများလည်း ဖတ်ရကြိုက်ရပါ၏
၁၉၆၁ ခုနှစ်တွင် ပထမအကြိမ်ထုတ်သော သူ၏လုံးချင်း(၂၇)အုပ်အနက်ရှေ့တော်ပြေး ဒို့တိုင်းဌာနေသည် ခင်ဆွေဦး၏ အကောင်းဆုံးလက်ရာ (Master Piece) ဟုကျွန်တော်ထင်ပါသည်။အသက် (၂၅)နှစ်အရွယ်တွင် (၃)နှစ်(၃)မိုး အချက်အလက်များ ရှာဖွေစိစစ်ပြီး နောက်နှစ်တွင်ရေးသည်ဟု ခင်ဆွေဦးက ၂ဝ၁၂ ခု၊ ဒီဇင်ဘာလထုတ် ကလျာမဂ္ဂဇင်းတွင် ရေးသားဖူး၏။

(၃)
သူ့ဘဝကို စာပေအတွက်သာ နှစ်ထားသူမို့ ခင်ဆွေဦးအား လူသိများပါ၏။

စိတ်ရင်းဖြူစင် ဖေါ်ရွေ၍လည်း ခင်မင်သူပေါများပါဘိ။ အဖေအတွက် ရင်တွင်းပူဆွေးဆဲ၊ လက်ထပ် အားကိုးရသူ ဦးစိန်ဘန်း နှင့် သမီးလေး ပုလဲမွေးအပြီး လမ်းခွဲရပြန်သည်။ မဟုတ်ပါက ကျွန်တော်သည်လည်း သူတို့အိမ်သို့ ဝင်ထွက်ခင်မင် ခွင့်ရပေ လိ်မ့်မည်။ မဆီမဆိုင် အနေရခက် အထိုင်ရခက်နှင့် မိမိနှစ်သက်သော စာရေးဆရာမနှင့် ခပ်ခွါခွါနေခဲ့ရသည်။ တကယ်တော့ ကိုစိန်ဘန်းနှင့် ကျွန်တော်မသိ ရယ်ရပါဘိ။

မောင်အောင်မွန်ထက် ခင်ဆွေဦးနှင့် ပို၍ရင်းနှီးသူ ထောင်သောင်းများစွာရှိပါမည်။ ရှိလည်းရှိကြပါ၏။ နှစ် (၆ဝ) ကျော် ကာလအတွင်း မောင်အောင်မွန်သည် ခင်ဆွေဦးနှင့် (၄) ကြိမ် (၅) ကြိမ်လောက်သာ လူချင်းဆုံဖူးသည်။ ထိုမဆိုစ လောက် လေးကို ပြန်တွေးရင်း ဆက်လက်ရေးသားပါမည်။

၁၉၅၂ ခု၊ နိုင်ငံတကာ စာအုပ်နှစ်အတွက် မြန်မာပြည်တွင် စာပေပွဲတော်ကြီးလုပ်သည်။

ရန်ကုန်မြို့ ဂျူဘလီဟော၌ ရက်အတန်ကြာ ကျင်းပပြီး သုတေသနစာတမ်းပေါင်း (၃ဝ) (၄ဝ) လောက် စာရေးဆရာကြီးများ စာပေပညာရှင်များ တင်သွင်းဖတ်ကြားကြ၏။ စစ်ကြိုခေတ် မြန်မာဝတ္ထုတိုများစာတမ်းကို ဆရာသုခ၊ စစ်ပြီးခေတ် မြန်မာ ဝတ္ထုတိုများစာတမ်းအတွက် မောင်အောင်မွန်အား ရွေးချယ်၍ခေါ်တွေ့ တာဝန်ပေးသူကား ဆရာတက္ကသိုလ်ထင်ကြီး ဖြစ် သည်။

အံ့သြဝမ်းသာဂုဏ်ယူစရာ မဟုတ်ပါလား။

ဘုန်းကြီးလူထွက် စာပြင်ဆရာကနေ မဆလ ခေတ်ပျက်တွင် မဂ္ဂဇင်းအယ်ဒီတာတက်ဖြစ်နေသူက တက္ကသိုလ်ကိုမုန်း၊မောင်အောင်မွန်ကိုကြည့်မရသူမို့ မဖြစ်နိုင်–လိုသေးတယ်–ပျက်မှာ စသဖြင့် ပထမ တိုးတိုး နောက်ကျယ်ကျယ် ပြောသံကြောင့် ကျွန်တော်လည်း မဂ္ဂဇင်းတွေ လှန်လှောရှာဖွေ ရွေးထုတ်ကဏ္ဍခွဲ စသဖြင့် အပေါင်းအသင်းများကလည်း ဝိုင်းကူကြ၍ စာတမ်းအောင်မြင်သွား၏။

ဤကိစ္စတွင် ခင်ဆွေဦးနှင့် ပတ်သက်၍ ယခုလိုထည့်ရေးရခြင်းပါ။

(၄)
စာရေးဆရာမ ခင်ဆွေဦး ကြိုက်သော သီချင်းတစ်ပုဒ်အကြောင်း ဖတ်ကြည့်ပါ။

ကျွန်တော်တို့ခေတ်က ရန်ကုန်တွင် ကြည့်လိုက်ရသော The Man Who Knew Too Much ရုပ်ရှင် ဇာတ်ကားထဲက မင်းသမီး Doris Day ဆိုသော ဇာတ်ဝင်တေး၊ ထို့နောက် ဓာတ်ပြားသန်းနှင့်ချီရောင်းရ၍ ကမ္ဘာကျော်ခဲ့သော ‘Que Sera, Sera’ သီချင်းပါ။ သူ့ဝတ္ထုထဲထည့်ရေးဟု မှတ်မိသော်လည်း ကိုးကားဖို့ ယခုအခါ ထိုစာအုပ်လက်ဝယ်မရှိ၊ ဘယ်သူ့ကိုမေးရမှန်း လည်းမသိ။မမ အဲဒီသီချင်းသိပ်ကြိုက်လားဟု မေးကြည့်ဖူးရာ စာရေးဆရာမက ပြုံးကာ ခေါင်းညိတ်သည်။

သီချင်းက–။

When I was just a little girl
I asked my mother, what will I be
Will I be pretty, Will I be rich?
Here’s what she said to me
‘ Que Sera, Sera’
Whatever will be will be
The Future’s not ours to see
‘Que Sera, Sera’

ငယ်စဉ်ကလေးမလေးဘဝ အမေ့ကိုမေးကြည့်တယ်–သမီးကြီးလာရင် ချောမှာလား–ချမ်းသာမှာမှာလားလို့–။ အမေက ဖြစ်သမျှအကြောင်း– ဘယ်လိုဖြစ်လာ–ဖြစ်လာ– အနဂတ်ဆိုတာ ကိုယ်မပိုင် မမြင်နိုင်–တဲ့။

When I was young, fell in love
I asked my sweetheart what lies ahead
Here’s my sweetheart said‘ Que Sera, Sera’
Whatever will be will be
The Future’s not ours to see
‘Que Sera, Sera’

အပျိုပေါက်ဖြစ်လာ ချစ်သူရတော့ တို့ဘဝရဲ့ ရှေ့ခရီး ဘယ်လိုနေမလဲဟင်– လို့မေးကြည့်တော့ ချစ်သူက—
ဖြစ်သမျှအကြောင်း– ဘယ်လိုဖြစ်လာ–ဖြစ်လာ ၊ အနဂတ်ဆိုတာ ကိုယ်မပိုင် မမြင်နိုင်–တဲ့။

Now I have children of my own,
Thay asked their mother What will I be?
Will I be handsome? Will Be rich?
I tell tenderly ‘ Que Sera, Sera’
Whatever will be will be
The Future’s not ours to see
‘Que Sera, Sera’

မိခင်ဖြစ်လာတော့ ရင်သွေးတွေက မေးလာပြန်ပြီ– ကြီးလာရင် လှမှာလား–သူဌေးဖြစ်မှာလား–တဲ့–၊ ကလေးတွေကို ရင်ခွင်တွင်းသွင်းကာ– ဘယ်လိုဖြစ်လာ–ဖြစ်လာ– အနဂတ်ဆိုတာ ကိုယ်မပိုင် မမြင်နိုင်ဟု နှလုံးသာကနေ ဖြေလိုက်ရတယ်။
(မောင်အောင်မွန်တတ်သလောက် ဘာသာပြန်ကြည့်ခြင်းပါ)

မဟာဆွေဇာတ်လိုက်များလိုပင် စာရေးဆရာမ ခင်ဆွေဦး၏ ဇာတ်ကောင်းများသည်လည်း ဘယ်လိုဖြစ်လာလာ ဘဝကိုရင်ဆိုင်နိုင်စွမ်းရှိပုံ စိတ်ဓာတ်သတ္တိရင့်မာပုံ သတိထားမိပါ၏။ ယခုရေးရင်း သြော်–စာရေးဆရာမ၏ ဘဝခရီးကိုလည်း သီချင်းလို အားတင်း ရုန်းကန်သွားလေသလားဟု တွေးမိ၏။

(၅)
ဝတ္ထုတိုစာတမ်းကိစ္စ ပြန်ကောက်ပါရစေ။

ထိုစာပေပွဲကြီး ကျင်းပရေး ကော်မတီအတွင်းရေးမှူးက ပြန်ကြားရေးဝန်ကြီးဌာန အတွင်းဝန်ကလေး ဦးမြင့်ကြွယ် (နောက် ပိုင်း နာမည်ကျော်ဘာသာပြန်ဆရာ) ဖြစ်၍ ကျွန်တော်နှင့်ရင်းနှီးသည်။ စာတမ်းတိုင်း၌ တာဝန်ပေးမည့်သူနှင့်အဆင်မပြေ လျှင် အစားထိုးဖို့ အရန်တဦးထားကြောင်း၊ စစ်ပြီးခေတ် မြန်မာဝတ္ထုစာတမ်း အတွက် စာရေးဆရာမ ခင်ဆွေဦး၊ အရန်ကသာ မောင်အောင်မွန်ဖြစ်ကြောင်းပြောပြ၏။

ဒါဆို ခင်ဆွေဦးက ငြင်းလိုက်၍သာ မောင်အောင်မွန် ထိုအခွင့်အရေး ရလိုက်ခြင်းဖြစ်မည်။

နောက်ပိုင်းနှစ်အတန်ကြာ ဦးဝင်းတင် (ဟံသဝတီ) အိမ်၌ ဗုဒ္ဓဟူးမနက် စကားဝိုင်းသို့ လာလေ့ရှိသော ဦးထင်ကြီးအား မေး ကြည့်သောအခါ၊ ခင်ဆွေဦးက အရန်ဖြစ်သူ မောင်အောင်မွန်အား ပေးလုပ်လိုက်ပါ၊ လူငယ်မို့ လုပ်နိုင်ပါလိ်မ့်မယ်ဟု ပြောဆို ကြောင်း ရှင်းပြ၏။ စာပေဗိမာန်က နောက်ပိုင်းပြုလုပ်လာသော စာတမ်းဖတ်ပွဲများအနက် ဝတ္ထုတိုစာတမ်းဖတ်ပွဲတွင် စာရေး ဆရာမ ခင်ဆွေဦးဖတ်ကြောင်း ကျွန်တော်မှတ်မိ၏။

ခင်ဆွေဦးကွယ်လွန်ချိန်၌ လန်ဒန်မြို့နေ ဘိုဘိုက သူ့အဖိုး လူထုဦးလှရေးသည့် ပုလဲဆွေ (ခင်ဆွေဦးသမီး) တို့အရွယ်များ ဖတ်စရာ ဆောင်းပါးဖေါ်ထုတ်လာ၍ ဖတ်ခွင့်ရလိုက်သည်။ စာရေးစ ငယ်စဉ်ကပင် လေ့လာသုတေသနလုပ်ခြင်း Research အားအလွန်ကောင်းကြောင်း သိခွင့်ရလိုက်၏။

စာပေ၌ပျော်မွေ့သော ခင်ဆွေဦးသည် စာရေးသည်၊ စာပေဟောပြောပွဲများလိုက်သည်၊ စာရေးဆရာ ကြီးငယ်တို့သာမက သာမန်စာပေဝါသနာရှင်လေးများကိုပင် တလေးတစား ဆက်ဆံလေ့ရှိသောကြောင့်လည်း သူ့သမီးလေး ပုလဲခေါ်သကဲ့သို့ မေဦးဟု ချစ်စနိုးခေါ်ကြခြင်းဖြစ်သည်။

(၆)
မဂ္ဂဇင်းထုတ်ခွင့်ရတော့ ခင်ဆွေဦးသည် ကရစ်လမ်းရှိ အဖိုးတန်အိမ်ကြီးရောင်းပြီး စံပယ်ဖြူထုတ်၏။

ကျွန်တော်လည်း ဝမ်းသာ၍ ဝတ္ထုတိုလေးသွားပေးရင်း စစ်ပြီးခေတ် မြန်မာဝတ္ထုစာတမ်းကိစ္စစပ်စုမိရာ မမလာနားထောင်တယ်၊ စာပေဗိမာန်က စာအုပ်အဖြစ်ထုတ်တော့လည်း ဖတ်ကြည့်တယ်၊ ကောင်းတယ်ဟုသာ ပြုံးကာပြော၏။ အဲဒါ ခင်ဆွေဦး၏ ပင်ကိုစိတ်ထား၊ ငါ့ကျေးဇူးကြောင့်–ဘာညာဝေးလို့ အနံ့အသက်လေးပင် သွယ်ဝိုက်ပြီးမဆို။ ထိုစာတမ်းကို လုပ်ချင်သပဆို သူ့အဖို့ ထမင်းစားရေသောက် လောက်ပင်ခက်မည်မထင်။

စံပယ်ဖြူ အဘယ့်ကြောင့် မအောင်မြင်ရသနည်း။

စစ်ပြီးစ ပြာပုံကြားက ထွက်လာသော မဂ္ဂဇင်းစာစောင်များ၊ စာရေးဆရာ အသစ်များကိုလေ့လာကြည့်၊ ၁၉၆၂ ခု၊ စစ်တပ် အာဏာမသိမ်းမီက မြန်မာနိုင်ငံ စာပေအဆင့်အတန်းကိုကြည့်၊ ထို့နောက် စံပယ်ဖြူထွက်ရ ရုန်းကန်ရသော အခြေအနေ–အထူးသဖြင့် စာပေကင်ပေတိုင်ဟုခေါ်ဆိုကြသော မကောင်းဆိုးဝါး စာပေစိစစ်ရေး စသည်တို့ကို အမှန်ရားကိုသာ ယုံကြည် ကိုးစားသော ခင်ဆွေဦး အဘယ်မှာရင်ဆိုင် ရုန်းကန်နိုင်ရှာပါမည်နည်း။

လိုင်စင်ရ မိုးကျရွှေကို ကလောင်ကိုင်စစ်ဗိုလ်များနှင့် မိုးခါးရေကို သကြားနှင့်ရောသောက်နေကြသည့် စာရေးဆရာများ လွှမ်းမိုးရင်း ၈-၈-၈၈ ဘက်သို့လျှောက်လှမ်းနေသည့်ကာလ ခင်ဆွေဦးခမျာ ရေကြည်သောက် အခြားသော စာပေရောင်း ရင်းများအားလည်း သောက်စေချင်သောစေတနာဖြင့် စံပယ်ဖြူထုတ်ခြင်းသည် မုန်တိုင်းထန်နေသော သဲကန္တာရထဲ လက် ယက်တွင်းတူးနေဘိအလား။

အခြားအကြောင်းများလည်း ရှိကောင်းရှိပါမည်။

စာရေးဆရာတိုင်း အယ်ဒီတာမဟုတ်၊ စာရေးဆရာ အယ်ဒီတာဖြစ်သည့်တိုင် မဂ္ဂဇင်းတစ်စောင် ဦးစီး ထုတ်ဝေလည် ပတ်နိုင်ပါ၏လောဟု ကျွန်တော်တွေးမိသည်။ စံပယ်ဖြူးမရှိတော့လည်း ခင်ဆွေဦး စာရေးမြဲ ဆက်လက်ရေးနေသည်။ မကွယ်လွန်မီ ဆေးရုံပေါ် သတိလစ်ရာကနေ ပြန်လည်သတိရလာချိန်လေးမှာပင် စာရေးဖို့များ တွေးနေမလား စာရေးဆရာမ ခင်ဆွေဦးရယ်။

(၇)
၂၇-၃-၂ဝ၁၉ နေ့တွင် စာရေးဆရာမ ခင်ဆွေဦး ကွယ်လွန်သွားသည်။

သူ့ဈာပနာမှာ ဓာတ်ပုံများ Facebook ပေါ်တွေ့ရ၏။ အမျိုးသမီးလည်းဖြစ် ခုခေတ်ဓလေ့မို့ထင်ရဲ့ အဖိုးတန်သစ်ခွ ပန်းခြင်းတွေ– များစုံလှပါဘိ၊ မိုင်ထောင်ပေါင်းများစွာ ဝေးကွာနေရာကနေ မျက်စိပြဲအောင် ကျွန်တော်ဖြဲကြည့်၏။ ဒို့တိုင်း ဌာနီစာအုပ်များ ထောင်ထားလေမလား–၊ စံပယ်ဖြူမဂ္ဂဇင်းလဲလျက် မြင်ရမလား။ သူ၏ရုပ်ကလာပ် ပျောက်ကွယ်သွားပြီး နောက် မိနစ်ပိုင်းအတွင်း ပန်းတွေလည်းပျောက်။ ရသစာအုပ်တစ်အုပ် မုန့်ဟင်းတစ်ပွဲဖိုးလောက်ပင် ဝယ်မည့်သူရှားသော ယနေ့မြန်မာပြည်တွင် လူတွေက စာမဖတ်ကြတော့ဘူးဟု မြိန်ရေရှက်ရေ ဝမ်းသာအားရ ပြောဆိုကြချိန်တွင် တစ်သက်လုံး စာပေ၌သာ နစ်နေခဲ့သူကြီး ထွက်ခွာသွားပြီ။

သူအင်မတန်ကြိုက်သော ‘Que Sera, Sera’ သီချင်းထဲကလို အနဂတ်ဆိုတာ ကိုယ်မပိုင် မမြင်နိုင်–။ သူကိုယ်တိုင် အမြတ် တနိုးရွေးထားသည့် ခင်ဆွေးဦးဟူသော ကလောင်၊ ထိုက်ထိုက်တန်တန်ရထားသော စာရေးဆရာအဖြစ်ကမူ ရှင်ကျန်နေ သင့်၏။ စာရေးဆရာ တစ်ဦးအတွက် အကောင်းဆုံးဂုဏ်ပြုခြင်းကား သူရေးခဲ့သော စာအုပ်စာတမ်းများ ရေရှည်တည် တန့်ရန်ဖြစ်သည်ဟု တွေးမိ၍ စာရေးဆရာမ ခင်ဆွေဦး၏ စာချစ်သူများအား ဝေငှလိုက်ရကြောင်းပါ။

၂ဝ၁၉ ခု၊ ဧပြီ (၆) ရက်နေ့။