Breaking News

ကိုသန်းလွင် - တောင်အာဖရိကမှ မြေယာဥပဒေ


ကိုသန်းလွင် - တောင်အာဖရိကမှ မြေယာဥပဒေ

(မိုးမခ) ဇူလိုင် ၁၀၊ ၂၀၁၉
(၁)

၁၉၉၀ ခုနှစ် တောင်အာဖရိကတွင်တက္ကသိုလ်များမှ ပရော်ဖက်ဆာများကိုဖိတ်ခေါ်ကာ မြေယာဥပဒေနှင့် ပါတ်သက်၍ ဝေဖန်ချက်ပေးကြပါရန် အမှန်တရားနှင့် ပြန်လည်သင့်မြတ်ရေးကော်မရှင် (Truth and Reconciliation Commission) ကပန်ကြားခဲ့သည်။

ပရော်ဖက်ဆာတစ်ယောက်ကပြောသည်။

တွန် နှ င့်ဂျွန်တို့သည် အိမ်နီးချင်းများဖြစ်ကြသည်။ တနေ့သောအခါ တွန်က ဂျွန်၏စက်ဘီးကိုခိုးသည်။ သူတို့ သည် ထိုနေ့မှစ၍ စကားမပြောကြတော့ပေ။ တစ်နေ့တွင် တွန်က လက်ကမ်းပေးကာ ဂျွန်ကို ညီညွှတ်ကြဖို့ ဖိတ်ခေါ်သည်။ “ငါ့စက်ဘီးအတွက်ကရော “ဟု ဂျွန်ကမေးသည်။ “စက်ဘီးဟာ ငါတို့ကြားမှာ အဆီးအတားမ ဟုတ်တော့ပါဘူး မေ့ပစ်လိုက်ပါ” ဟု တွန်ကပြောသည်။

(၂)

ဂျွန် ၏မေးခွန်းသည် ယခုအခါ တောင်အာဖရိကနိုင်ငံသားများအကြားရှိ လူတိုင်းမေးနေရသည့် မေးခွန်းဖြစ်နေ ပါပြီ။ အပါသိုက် (Apartheid) ခေတ်ကပြုလုပ်ခဲ့သော လုပ်ရပ်များ၏ အကျိုးဆက်များကို ယခုအခါတွေ့မြင်နေ ကြရပါပြီ။ (လူလူချင်း အဆင့်ခွဲခြားဆက်ဆံသည့်စနစ်)

နိုင်ငံ၏သမ္မတ (Cyril Ranaphosa) သည်မေလက ပြန်လည်ရွေးကောက်ခံရပြီး သူ၏ရွေးကောက်ပွဲအောင်ပွဲရ မိန့်ခွန်းတွင် “ကျွန်တော်တို့ဟာ အတိတ်ကဖြစ်ရပ်များကြောင့် ကျွန်တော်တို့ရဲ့ ဘဝတွေ ကမောက်ကမဖြစ်ခဲ့ရ တယ် ဒါတွေကို အနာဂါတ်အထိအပါမခံနိုင်ဘူး” ဟူ၍ထည့်သွင်းပြောကြားခဲ့သည်။

အေအန်စီသည် (ANC-African National Congrass) မေလတွင်ကျင်းပသော ရွေးကောက်ပွဲကိုနိုင်သည်ဆိုရုံ သာနိုင်ခဲ့ပါသည်။ ၁၉၉၄ခုအပါသိုက်ဖျက်သိမ်းပြီးမှ ကျင်းပသောရွေးကောက်ပွဲများတွင်မဲအရ အနည်းဆုံးဖြစ်ပါ ၏။ ရွေးကောက်ပွဲတွင် မဲအရေအတွက်နည်းရခြင်းမှာ မညီမျှမှုများကိုကို မဖြေရှင်းနိုင်သောကြောင့်ပင်ဖြစ်ပါ သည်။ (The Economics Freedom Fighter) ခေါ်လက်ဝဲယိမ်းပါတီကလယ်ယာမြေများကိုပြည်သူပိုင်သိမ်းရန် “မူ” ရှိပါသည်။ သူတို့က အေအန်စီ ကဆုံးရှုံး သွားသည် မဲများကိုရလိုက်ပါသည်။

တောင်အာဖရိက အပါသိုက်စနစ်က ၁၉၁၃ခုနှစ်တွင် မြောက်အမေရိကတိုက်မှ ပုံစံကိုကူးချရန် မြေယာဥပဒေ ကို ပြဌာန်းခဲ့ပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၁၅၀ ကအမေရိကန်ပြည်တွင် ဂျင်နရယ် ရှာမင် ( Gen Sherman) ကကျွန်ပိုင်ရှင်များ၏ မြေဧကလေးသိန်းကို ကျွန်များကိုဝေငှပေးရန်အတွက်သိမ်းယူခဲ့ပါသည်။ တောင်အာဖရိက တွင် ၁၉၁၃ ခုနှစ်က ၈၇ ရာခိုင်နှုန်းသော မြေများကို လူဖြူများက ပိုင်ဆိုင်၍ ကျန်လူများစု လူမဲများက ၁၃ ရာခိုင်နှုန်းကို ပိုင်ဆိုင်ကြပါသည်။ လူမဲများမှာ နိုင်ငံတော်က ခန့်အပ်သော ခေါင်းဆောင် (Traditional Chief) များ၏လက်အောက်တွင် နေခဲ့ကြရပါသည်။

၁၉၁၃ ဥပဒေအရ လူမဲများမှာ မြေကို ရောင်းချင်ဝယ်ချင်၍မရပါ။ သူတို့သည် သူတို့ခေါင်းဆောင်များကသဘော တူညီမှသာ မြေကိုအသုံးပြုခွင့်ရကြပါသည်။ ၁၉၂၃ ခုနှစ်တွင် မြို့ရွာများမှာမြေပိုင်ဆိုင်ခွင့်ကို လူမဲတို့ စွန့်လွှတ်ခဲ့ ကြရပါသည်။ ၁၉၄၃ ခုနှစ် Afrikaner National Party ကမဲနိုင်၍တက်လာသောအခါမှာလည်း လူမဲများကိုမြို့ရွာ များ တွင် နေထိုင်ခွင့်ကို ရုတ်သိမ်းခဲ့ပြီး လူမဲတို့ကို နိုင်ငံစီးပွားရေးနှင့် မဆိုင်တော့အောင် စက်မှုထုတ်ကုန် ထုတ် လုပ်ရာနေရာများမှ ဝေးရာသို့ဖယ်စေခဲ့ပါသည်။ လူမဲများနေထိုင်သည့် ဧရိယာကိုသတ်မှတ်ပြီး ထိုဧရိယာ ကို ဘန်တူစတန် (Bantustans) ဟု ခေါ်ခဲ့ပါသည်။


၁၉၉၄ ခုနှစ်တွင်အပါသိုက်စနစ်နိဂုံးချုပ်သွားအခါ လူဖြူ ၆၀,ဝ၀ဝကမြေယာအားလုံ၏ ၈၆ရာခိုင်နှုန်းကိုပိုင်ဆိုင်၍ ၁၉၁၃ ခုနှစ်ကမြေယာပိုင်ဆိုင်ခွင့် ရုတ်သိမ်းခံရသောလူမဲ၁၃သန်း၏အဆက်အနွယ်များမှာကျန်သော ၁၄ ရာခိုင် နှုန်း သော လယ်ယာမြေများကို ပိုင်ဆိုင်ပါသည်။

အပါသိုက်ပြီးဆုံး၍ အသစ်မွေးဖွားလာသော တောင်အာဖရိကတွင် အရေးကြီးသော မွေးရာပါအမှတ်အသားကြီး နှစ်ခုပါခဲ့ပါသည်။ ၄င်းတို့မှာ မြို့ကြီးများတွင် အသားအရောင်ခွဲခြားခြင်းနှင့် ဘင်ဒူစတန်တွင် လူမဲချင်းဗိုလ်ကျ သော အာဏာရှင်စနစ် (Tribalized Despotism) ဖြစ်ပေါ်နေခဲ့ပါသည်။ သမ္မတမန်ဒဲလားနှင့် အေအန်စီ က ၃၀ ရာခိုင်နှုန်း မျှသော စိုက်ပျိုးနိုင်သည့်မြေကို ၁၉၉၉ ခုနှစ်မတိုင်မီ လူမဲတို့ထံ ပြန်အပ်မည်ဟု ကတိပြုခဲ့ကြပါသည်။ သူတို့မြေပိုင်ခွင့်ကို ပြန်လည်ရရှိစေပြီး အင်ဒူစတန်တွင်အင်အားကြီးသူက အုပ်ချုပ်နေခြင်းများကို ပယ်ဖျက်မည် ဟုကတိပြုခဲ့ကြပါသည်။

သို့သော် ဤနှစ်ချက်လုံးတွင် အဓိပ္ပာယ်ရှိရှိ အောင်အောင်မြင်မြင်မလုပ်နိုင်ခဲ့ကြပါ။ ဒီမိုကရေစီ ဖြစ်ရမည့်အစား ခေါင်းဆောင်ဆိုသည်မှာ ရှေးရိုးထုံးစံနှင့်အညီ ဖြစ်ရမည်ဟု ဆိုသည်။ မြို့ကြီးများတွင် အသားအရောင်ခွဲခြားခြင်း မရှိသော ဒီမိုကရေစီ သည် လူမျိုးရေး အာဏာရှင်များနှင့် (Ethnicized Depotism) ယှဉ်တွဲနေထိုင်ကြရပြီး ၄င်းတို့က လယ်ယာမြေများကို ပိုင်ဆိုင်ကြပါသည်။

၂၄ နှစ်ကြာလာသောအခါ မြေများ၏ ဂ ရာခိုင်နှုန်းသာ လူဖြူများမှ လူမဲများကို လွဲပြောင်းပေးခဲ့ကြပါသည်။ မြေ ယာပြောင်းလဲခြင်းအတွက် နိုင်ငံတော်၏ ဘတ်ဂျက်မှာ သနားစရာကောင်းလောက်အောင် နည်းပါးပါသည်။ တစ်နိုင်ငံလုံးဘတ်ဂျက်၏ ၁ ရာခိုင်နှုန်းသာရှိသည်။ ရောင်းချင်သူနှင့်ဝယ်ချင်သူနှစ်ဦးလုံး သဘောတူမှရောင်း ကြ ဝယ်ကြရသည်။ အစိုးရက လူဖြူများထံမှမြေများကို ဝယ်ပြီးဝယ်ချင်သူ လူမဲများထံပိုင်းခြားစိတ်ဖြာ၍ရောင်း သည်။ လူဖြူများမှာ ဈေးကိုကြိုက်သလိုတင်၍ရောင်းကြသည်။ လူဖြူအများစုက သူတို့မြေကိုမရောင်းချလိုကြ။

တောင်အာဖရိကတွင် အဓိက မြေအရောင်းအဝယ်ဖြစ်နေသည်မှာ လူများစု နေထိုင်ရာဒေသများတွင် ဖြစ်သည်။ လူဦးရေ၏ သုံးပုံတစ်ပုံ မှာ ယခင် ဘင်ဒူစတန်တို့ နေရာဖြစ်သော ဧရိယာတွင်နေ၍ အခြား သုံးပုံတစ်ပုံ မှာမြို့ပြ များ တွင်နေပြီး ကျန် သောတစ်ပုံ မှာ မြို့ပြများ၏ အပြင်ဘက်တွင် ဖြစ်သလိုနေထိုင်ကြသည်။

တောင်အာဖရိကတွင်ရှိသည့် လူဦးရေ ၅၈သန်းတွင် ၂၇သန်းမှာ အိမ်ဟူ၍ အခြေတကျမရှိကြပါ။ မီးချစ်ဘူးအိမ် (Match Box) ဟုခေါ်သော အေအန်စီ ဆောက်ပေးသည့် အိမ်များမှာနေကြရသည်။ ထိုအိမ်များမျာအများသူငါ တို့ပိုင်သောမြေများပေါ်မှာဆောက်ထားကြသည်။ မြေများကို ဘယ်လိုပိုင်၍ ဘယ်သူတွေကပိုင်သည်ဆိုခြင်းမှာ လည်းတောင်အာဖရိက၏ အလုပ်လက်မဲ့ပြဿနာနှင့်လည်းဆက်စပ်နေသည်။ အလုပ်လက်မဲ့မှာ ၂၇ ရာခိုင်နှုန်း ဖြစ်ပြီး တောင်အာဖရိက၏ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ပြဿနာမှာ မသေးငယ်လှပေ။

၁၉၉၉ ပြီးကတည်းက အေအန်စီက ပြုလုပ်ခဲ့သော လယ်ယာမြေ ပြုပြင်ရေးဥပဒေများ မအောင်မြင်ခဲ့ပါ။ မကျေ နပ်မှုများ များပြားလာမှုကြောင့် မြေကို အစိုးရက သိမ်းနိုင်သော ဥပဒေကို ယမန်နှစ်က ရေးဆွဲပြီး လွှတ်တော် တွင် ဆွေးနွေးနေကြတုန်းပင်ရှိသည်။

၁၉၉၆ခုနှစ်တွင် နယ်ဆင်မန်ဒဲလားက တောင်အာဖရိကဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲအတည်ပြုပေး ခဲ့သည်။ အပိုဒ် ၂၅ ကဆိုသည်မှာ အစိုးရက မြေသိမ်းသည် ဆိုသည်မှာ မရှိရဘဲ အကယ်၍သိမ်းခဲ့သည် ဆိုလျှင်လည်း အများအကျိုးအတွက်ဖြစ်ရန်လိုပြီး ထိုက်သင့်သော နစ်နာကြေးပေးရမည်ဟု ဆိုသည်။

ယခုဆွေးနွေးနေကြသည်မှာ မြေယာနှင့်ပါတ်သတ်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်သင့်မပြင်သင့် ဖြစ်သည်။ အေအန်စီ ကမလိုအပ်ဘူးထင်သည်။ အတိုက်အခံတို့က ဆိုသည်မှာ မြေသိမ်းပြီးဟေ့ ဟုဆိုလျှင် မဆုံးနိုင်သော ငြင်းခုံမှုဖြစ်ရမည်ဟု ဆိုသည်။ တရားရုံးတွင် ငြင်းခုံရမည်ဆိုလျှင် အချိန်ကုန်သည်ဟု အပြစ်တင်ကြသည်။ Economics Freedom Fighter ပါတီက လယ်ယာမြေကို နစ်နာကြေးမပေးဘဲသိမ်းယူနိုင်သည်ဟုဆော်သြ နေသည်။

(၃)

မေလ၁၆ရက်နေ့တွင် သမ္မတက ဂိုးမင်ဆာ့ချ တို့ပါဝင်သောဆွေးနွေးပွဲတွင် “တောင်အာဖရိကတွင် မြေသိမ်း သည်ဆိုသည်မှာမရှိပါ” ဟုဆိုသည်။ သို့ပါသော်လည်းမြေယာတော်လှန်ရေးမလုပ်ဘဲနှင့်ဆိုလျင်အေအန်စီ နှင့် မစ္စတာရာမာဖိုဆာတို့သည် တောင်အာဖရိက ကိုဆင်းရဲတွင်းမှလွတ်မြောက်အောင်လုပ်နိုင်မည်မဟုတ်ပါ။ ဇင်ဘာဘွေနိုင်ငံတွင်လူဖြူများထံမှ မြေကို အဓမ္မသိမ်းသောအဖြစ်မျိုးကို လည်းမဖြစ်စေလိုပါ။ ဂျွန် ကစက်ဘီး တောင်းသည့် ဥပမာတွင်တွေ့ရသလို မြေယာပြုပြင်ပြောင်းလဲရေးလုပ်ငန်းမှာ တောင်အာဖရိက တွင် အဓိက ပြဿနာကြီးဖြစ် နေပေသည်။

ကိုသန်းလွင်

Ref: South Africa can not avoid Land Reform, by Mohammed Mamdani New York Times June 17 2019.