Breaking News

မာန်သီဟထွန်း – စိုက်ပျိုးရေးပြောင်းလဲမှုကြီး၏ သားကောင်များ




မာန်သီဟထွန်း –  စိုက်ပျိုးရေးပြောင်းလဲမှုကြီး၏ သားကောင်များ

Sapiens – A Brief History of Humankind by Yuval Noah Harari
(မိုးမခ) ဇူလိုင် ၆ ၊ ၂၀၁၉ 
Sapiens - 36

စိုက်ပျိုးရေးပြောင်းလဲမှုကြီး၏ သားကောင်များ

ဂျာမန်စာရေးဆရာကြီး ဂါးထားရဲ့ဇတ်ကောင် ဖော့စတပ်စ်က စာတန်နတ်ဆိုးနဲ့လုပ်ခဲ့သလိုမျိုး ဒီစိုက်ပျိုးရေးအပေးအယူဟာ နှံစားပင်တွေ နှင့် လူသားတွေကြားမှာသာ ရှိခဲ့တာမဟုတ်ပါဘူး။ အဲဒီလိုမျိုး အပေးအယူဟာ သိုး၊ ဆိတ်၊ ဝက်၊ ကြက် အစရှိတဲ့ တိရိစ္ဆာန်တွေ နှင့် လူတွေရဲ့ကြားမှာလည်း ရှိခဲ့ပါတယ်။ သိုးရိုင်းတွေကို အမဲလိုက်ခဲ့တဲ့ လှည့်လည်သွားလာသူအုပ်စုတွေဟာ သူတို့အမဲလိုက်ခဲ့တဲ့သိုးရိုင်းတွေရဲ့ အသက်ရှင်နေထိုင်ပုံတွေကို ပြောင်းလဲစေခဲ့ကြတယ်။ အဲဒီလိုပြောင်းလဲသွားတာဟာ ရွေးချယ်အမဲလိုက်ခြင်းနဲ့ စတင်ပါတယ်။ 

လူသားတွေဟာ သိုးထီးတွေ၊ သိုးအိုတွေနဲ့ မကျန်းမာတဲ့သိုးတွေကိုပဲ ရွေးချယ်အမဲလိုက်တာဟာ သူတို့အတွက် အကျိုးရှိတယ်လို့ သိခဲ့ကြတယ်။ သိုးအုပ်သက်တမ်း ကြာရှည်ခံဖို့အတွက် မျိုးအောင်တဲ့သိုးမတွေနှင့် သိုးငယ်လေးတွေကို အသက်ချမ်းသာပေးခဲ့ကြတယ်။ ဒုတိယအဆင့်မှာတော့ ခြင်္သေ့၊ ဝံပုလွေ စတဲ့သားရဲ တွေနှင့် တခြားလူအုပ်စုတွေရဲ့ရန်ကနေ ဒီသိုးအုပ်ကို အလေးထားကာကွယ်ခြင်းပါပဲ။ နောက်တစ်ဆင့်မှာတော့ သိုးအုပ်တွေကို ပိုကောင်းမွန်စွာ ထိန်းချုပ်ကာကွယ်နိုင်ဖို့အတွက် သိုးအုပ်ကို ကျဉ်းမြောင်းတဲ့လျှိုစောက်ထဲကို ခြံသွင်းမောင်းနှင်ခဲ့ကြတယ်။ နောက်ဆုံးမှာတော့ လူသားတွေရဲ့လိုအပ်ချက်နဲ့ ပိုမိုကိုက်ညီဖို့အတွက် သိုးအုပ်တွေထဲကပဲ ဂရုတစိုက်ရွေးချယ်သန့်စင်တာမျိုး ပြုလုပ်လာခဲ့ကြတယ်။ ရန်လိုမှုအများဆုံးနဲ့ လူသားတွေရဲ့ထိန်းချုပ်မှုကို အများဆုံးအာခံတဲ့ သိုးထီးတွေဟာ အရင်ဆုံးအမဲဖျက်ခြင်း ခံခဲ့ရတယ်။ အဲဒီအထဲမှာ အပိန်ဆုံးနဲ့စပ်စုမှုအများဆုံး သိုးမတွေလည်းပါ ပါတယ် (အုပ်စုကနေခွဲထွက်ပြီး သွားလာစပ်စုတတ်တဲ့သိုးတွေကို သိုးကျောင်းသားတွေက မကြိုက်ပါဘူး)။ မျိုးဆက်တစ်ခုပြီးတစ်ခု ကုန်လွန်လာတာနဲ့အမျှ သိုးတွေဟာ ဝသထက်ဝလာ၊ နာခံသထက်နာခံလာပြီး စပ်စုတာလည်း သိပ်မရှိတော့ပါဘူး။ ဒီလိုနဲ့ပဲ… အပ်ချလောင်း! (မေရီမှာ သိုးလေးတစ်ကောင်ရှိပါတယ်။ မေရီသွားသမျှနေရာတိုင်း သိုးကလေးလိုက်ပါတယ်.. ဆိုတဲ့ မူကြိုသီချင်းလေးအတိုင်း ဖြစ်လာပါတော့တယ်။ (Mary had a little lamb and everywhere that Mary went the lamb was sure to go.)

တခြားနောက်တစ်နည်းကတော့ အမဲလိုက်သူတွေက အမဲလိုက်ရင်း သိုးတစ်ကောင်ဖမ်းမိခဲ့ပြီး မွေးခဲ့ကြတာမျိုးပေါ့။ အဲဒီသိုးကို အစာပေါများတဲ့လတွေမှာ ဝအောင်ကျွေးထားပြီး ရှားပါးတဲ့အချိန်မှာ သတ်စားတာမျိုးပါ။ ဒီလိုနဲ့ပဲ တစ်ချိန်ချိန်တော့ သူတို့မှာ သိုးတွေအများကြီး စတင်မွေးမြူမိရော။ အဲဒီသိုးတွေထဲက တစ်ချို့ဟာ မိတ်လိုက်ပြီး သားပေါက်လာခဲ့ကြပါတယ်။ ကြမ်းတမ်းပြီးရန်လိုမှုအများဆုံးသိုးထီးတွေကို အရင်ဆုံးသတ်စားခဲ့ကြပါတယ်။ နာခံမှုအရှိဆုံးနဲ့ ထိန်းကျောင်းလို့ကောင်းတဲ့သိုးငယ်တွေဟာ အသက်ရှင်ခွင့်ရပြီး ဆက်လက်မျိုးပွားကြတယ်။ ရလဒ်အနေနဲ့ နာခံမှုရှိပြီးယဉ်ပါးတဲ့ သိုးအုပ်တစ်အုပ် ရရှိလာတာပါပဲ။

ကျွန်တော်တို့ မွေးမြူထားတဲ့ သိုး၊ ကြက်၊ မြည်း နဲ့အခြားသတ္တဝါတွေဟာ အသား၊ နွားနို့၊ ကြက်ဥ စတဲ့ အစားအစာတွေကို ကျွန်တော်တို့ကိုပေးပြီး ကျွန်တော်တို့ရဲ့ကြွက်သားတွေကိုလည်း အားရှိစေတယ်။ ပြီးတော့ သားရေ၊ သိုးမွှေး စတဲ့ကုန်ကြမ်းပစ္စည်းတွေကိုလည်း သူတို့ဆီကနေ ရပါတယ်။ အဲဒီအချိန်က လူသားတွေရဲ့ ကာယလုပ်အားနဲ့သာ လုပ်ခဲ့ရတဲ့ သယ်ယူပို့ဆောင်ခြင်း၊ ထွန်ယက်ခြင်း၊ ကြိတ်ခြင်းနှင့်တကွ တခြားသောအလုပ်တွေကို တိရိစ္ဆာန်တွေရဲ့လုပ်အားက အလျင်အမြန်အစားထိုးလာခဲ့ပါတယ်။ စိုက်ပျိုးရေးလူ့အဖွဲ့အစည်းအများစုဟာ သီးနှံပင်တွေစိုက်ပျိုးတာကို အာရုံစိုက်ကြပြီး တိရိစ္ဆာန်တွေမွေးမြူတာကို ဒုတိယနေရာမှာ ထားကြပါတယ်။ ဒါပေမယ့် တချို့နေရာတွေမှာတော့ တိရိစ္ဆာန်အုပ်တွေကို ထိန်းကျောင်းရင်း လှည့်လည်သွားလာနေထိုင်ကြတဲ့ မျိုးနွယ်စုတွေ ပေါ်ပေါက်လာခဲ့ပြီး သူတို့တွေဟာ တိရိစ္ဆာန်တွေအပေါ် လုံးဝဥဿုံမှီခိုတဲ့ လူ့အဖွဲ့အစည်းအသစ်တွေ ဖြစ်ပါတယ်။

လူသားတွေ ကမ္ဘာတဝှမ်းကို ပျံ့နှံ့လာတာနဲ့အမျှ သူတို့မွေးမြူထားတဲ့ တိရိစ္ဆာန်တွေလည်း သူတို့နဲ့အတူ လိုက်လံပျံ့နှံ့ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်တစ်သောင်းက အာရှ-အာဖရိက စားကျက်မြေပြင်အတွင်းမှာပဲ ရှိခဲ့တဲ့ သိုးတွေ၊ ကျွဲနွားတွေ၊ ဝက်တွေ၊ ကြက်တွေရဲ့ အရေအတွက်ဟာ သန်းနဲ့ချီတယ် ဆိုယုံပါ။ အခုချိန် ကမ္ဘာပေါ်မှာ သိုးကောင်ရေ သန်းတစ်ထောင်၊ ဝက်ကောင်ရေ သန်းတစ်ထောင်၊ သန်းတစ်ထောင်ထက်ပိုတဲ့ ကျွဲနွားတွေ နှင့် သန်းပေါင်း နှစ်သောင်းငါးထောင်ကျော်တဲ့ ကြက်တွေ ရှိပါတယ်။ ပြီးတော့ သူတို့ဟာ ကမ္ဘာအနှံ့မှာ ရှိကြတာပါ။ မွေးမြူရေးကြက်တွေဟာ အများဆုံးပျံ့နှံ့တဲ့ သတ္တဝါတွေပါ။ လူသားတွေရဲ့နောက်ကနေ မွေးမြေူရေး နွား၊ ဝက် နှင့် သိုးတွေက ကမ္ဘာကိုပျံ့နှံ့တဲ့နေရာမှာ ဒုတိယလိုက်ပါတယ်။ တတိယနှင့် စတုတ္ထ အပျံ့နှံ့ဆုံးတွေကတော့ ကမ္ဘာပေါ်က နို့တိုက်သတ္တဝါအကောင်ကြီးတွေပါ။ ကျဉ်းမြောင်းတဲ့ ဆင့်ကဲပြောင်းလဲခြင်းရှုထောင့်ကနေ ကြည့်မယ်ဆိုရင် စိုက်ပျိုးရေးပြောင်းလဲမှုကြီးဟာ မွေးမြူရေး ကြက်တွေ၊ ကျွဲနွားတွေ၊ ဝက်တွေ နှင့် ဆိတ်တွေအတွက် ကြီးမားတဲ့ကောင်းကျိုးဖြစ်ခဲ့တယ် ပြောရမှာပါ။ ဘာလို့လဲဆိုတော့ ဆင့်ကဲပြောင်းလဲခြင်းအောင်မြင်မှုဆိုတာ ဒီအဲင်အေ ကော်ပီအရေအတွက် ဘယ်လောက်ပွားသလဲဆိုတာနဲ့ တိုင်းတာရတာလို့ပဲ ဖြစ်ပါတယ်။

ကံမကောင်းစွာနဲ့ပဲ ဆင့်ကဲပြောင်းလဲခြင်းရှုထောင့်ကနေ မြင်တဲ့ အောင်မြင်မှုဟာ ပြည့်စုံမှုမရှိပါဘူး။ အဲဒါက အသက်ရှင်ဖို့ နှင့် မျိုးပွားဖို့ ဆိုတာအရာ နှစ်ခုတည်းကိုပဲ ကြည့်ရှုဆုံးဖြတ်ပြီး တစ်ဦးတစ်ယောက်ချင်းစီရဲ့ ဒုက္ခတွေ၊ ပျော်ရွှင်မှုတွေကို လုံးဝလျစ်လျူရှုထားလို့ပါ။ မွေးမြူရေး ကြက်တွေ၊ ကျွဲနွားတွေဟာ ဆင့်ကဲပြောင်းလဲခြင်းအမြင်အရ အောင်နိုင်သူတွေလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့်လည်း သူတို့ဟာ ကမ္ဘာပေါ်မှာ အသက်ရှင်ခဲ့ဖူးတဲ့သတ္တဝါတွေထဲက သနားစရာအကောင်းဆုံး သတ္တဝါတွေထဲမှာပါ ပါတယ်။ တိရိစ္ဆာန်တွေ ယဉ်ပါးလာအောင် စတင်မွေးမြူကြတုန်းက အင်မတန်ရက်စက်တဲ့နည်းလမ်းတွေသုံးတဲ့အပေါ် အခြေခံခဲ့တာပါ။ အဲဒီနည်းလမ်းတွေဟာလည်း အချိန်ကြာလာတာနဲ့အမျှ ပိုပြီးရက်စက်လို့သာ လာပါတော့တယ်။
တောထဲက ကြက်တစ်ကောင်ရဲ့ သဘာဝသက်တမ်းဟာ ၇ နှစ်ကနေ ၁၂ နှစ်အထိရှိပါတယ်။ ကျွဲနွားတွေဆို ၂၀ ကနေ ၂၅ နှစ်အထိပါ။ တောထဲက ကြက်တွေ၊ ကျွဲနွားတွေ အများစုဟာ အဲလောက်အသက်မရှည်ခင် သေကြပေမယ့် သူတို့မှာ နှစ်တော်တော်ကြာထိ အသက်ရှင်ဖို့ အခွင့်အရေး အတော်များပါတယ်။ တခြားတဘက်မှာတော့ ပမဏများပြားလှတဲ့ မွေးမြူရေးကြက်တွေ၊ ကျွဲနွားတွေ အများစုဟာ ၂ပတ်၊ ၃ ပတ်၊ လပိုင်းအရွယ်မှာပဲ သတ်စားတာကို ခံရပါတယ်။ ဘာလို့လဲဆိုတော့ စီးပွားရေးအမြင်ကနေကြည့်မယ်ဆိုရင် အဲဒီအရွယ်ဟာ သတ်စားလို့ အကောင်းဆုံးအရွယ် ဖြစ်နေလို့ပါ။ (ကြက်ဖတစ်ကောင်ကို ၃လ ကျော်လို့ ဒီထက်အလေးချိန် ထပ်မတိုးနိုင်တော့ဘူးဆိုရင် ဘာလို့ ၃နှစ်လောက် ဆက်ကျွေးထားမှာလဲ)

ဥစားကြက်တွေ၊ နို့စားနွားတွေ၊ ခိုင်းနွားတွေကိုတော့ တစ်ခါတစ်လေ နှစ်ပေါင်းများစွာ အသက်ရှင်ခွင့်ပေးပါတယ်။ ဒါပေမယ့်လည်း အဲဒါအတွက် သူတို့ရဲ့ တိရိစ္ဆာန်အာသာ၊ ဆန္ဒတွေကို လုံးဝဆန့်ကျင်ပြီး လူတွေအလိုကျ နာခံရတဲ့ အသက်ရှင်သန်ပုံကို အစားထိုးပြန်ပေးရပါတယ်။ ဥပမာအားဖြင့် နွားထီးတွေဟာ ကျာပွတ်ကိုင်ထားတဲ့ လူဝံတွေ (လူသားတွေ) ရဲ့ တံပိုးအာက်မှာ လှည်းတွေဆွဲ၊ လယ်တွေထွန်နေမယ့်အစား.. တခြားနွားထီး၊ နွားမတွေနဲ့အတူ သူတို့ရဲ့ နေ့တာတွေကို စားကျက်လွင်ပြင်တွေထဲမှာ လွတ်လွတ်လပ်လပ် သွားလာစားသောက်ရတာ ပိုနှစ်သက်ကြမှာပဲလို့ ယူဆမယ်ဆို သဘာဝကျပါတယ်။

နွားထီးတွေ၊ မြင်းတွေ၊ မြည်းတွေ နှင့် ကုလားအုတ်တွေကို နာခံမှုရှိပြီး ခိုင်စားလို့ရတဲ့တိရိစ္ဆာန်တွေအဖြစ် ပြောင်းလဲဖို့အတွက် သူတို့ရဲ့ သဘာဝဗီဇတွေ၊ အချင်းချင်း သိနားလည်ကြတာတွေကို ချိုးဖျက်ပစ်ရပါတယ်။ သူတို့ရဲ့ ရန်လိုစိတ်တွေ၊ လိင်စိတ်တွေကို ထိန်းချုပ်ပြီး သူတို့ရဲ့လွတ်လပ်မှုကိုလည်း ကန့်သတ်လိုက်ပါတယ်။ လယ်သမားတွေဟာ တိရိစ္ဆာန်တွေကို လှောင်ထားဖို့အတွက် လှောင်အိမ်၊ ခြံ စတဲ့နည်းလမ်းတွေကို စတင်အသုံးပြုလာခဲ့ကြတယ်။ သိုင်းကြိုး၊ ကကြိုးတွေနဲ့ သူတို့ကို ဇက်ကြိုးတပ်ခဲ့ကြတယ်။ ကျာပွတ်တွေ၊ ချွန်းတွေနဲ့ သူတို့ကို ထိန်းချုပ်လေ့ကျင့်ခဲ့ပြီး သင်းကွပ်တာတွေ လုပ်ခဲ့ကြပါတယ်။ တိရိစ္ဆာန်တွေယဉ်ပါးလာအောင် လုပ်တဲ့လုပ်ရပ်တိုင်းမှာ အထီးတွေကို အမြဲသင်းကွပ်ရပါတယ်။


Sapiens 37

နယူးဂီနီယာမှာရှိတဲ့ လူ့အဖွဲ့အစည်း တော်တော်များများမှာ ရိုးရာအရတော့ လူတစ်ယောက်ရဲ့ချမ်းသာမှုကို ဝက်ဘယ်နှစ်ကောင် ပိုင်ဆိုင်သလဲဆိုတာနဲ့ တိုင်းတာကြပါတယ်။ ဝက်တွေထွက်ပြေးမသွားအောင်လို့ နယူးဂီနီယာမြောက်ပိုင်းက လယ်သမားတွေဟာ ဝက်ရဲ့နှာခေါင်းကို အစနည်းနည်းလေး လှီးဖြတ်ကြပါတယ်။ အဲဒီလိုလှီးထားတာကြောင့် နှာရှုပ်တဲ့အခါ ပြင်းထန်တဲ့နာကျင်မှုကို ဝက်ဟာ ခံစားရပါတယ်။ ဝက်တွေဟာ အစာလည်းမရှာနိုင်၊ သူတို့သွားချင်တဲ့နေရာကို နှာမရှုပ်ဘဲနဲ့လည်း မသွားလာနိုင်ပါဘူး။ အဲဒီလိုလှီးဖြတ်ထားတာကြောင့် ဝက်တွေဟာ သူတို့ကိုပိုင်ဆိုင်တဲ့ လူသားတွေအပေါ်မှာ လုံးဝမှီခိုရပါတယ်။ နယူးဂီနီယာရဲ့ တခြားနေရာမှာဆို ဝက်တွေရဲ့မျက်လုံးကို ထုတ်ပစ်တဲ့ထုံးစံရှိပါတယ်။ အဲဒီတော့ ဝက်တွေဟာ သူတို့ဘယ်သွားနေသလဲဆိုတာတောင် မမြင်ရပါဘူး။

အခုခေတ် နွားနို့စက်ရုံတွေမှာလည်း တိရိစ္ဆာန်တွေကို သူတို့လိုချင်တဲ့အတိုင်းဖြစ်အောင် အတင်းလုပ်ယူတဲ့နည်းလမ်းတွေ ရှိပါတယ်။ နွားမတွေ၊ ဆိတ်မတွေ၊ သိုးမတွေဟာ နွားကလေး၊ ဆိတ်ကလေး၊ သိုးကလေးတွေ မွေးပြီးမှာသာ နို့ထွက်ကြပါတယ်။ ပြီးတော့ သူတို့ကလေးတွေ နို့စို့တဲ့အချိန်အထိပဲ နို့ထွက်ပါတယ်။ အမေဆီက နွားနို့ဆက်ထွက်နေဖို့အတွက် လယ်သမားတစ်ယောက်မှာ နို့စို့တဲ့ နွားငယ်၊ ဆိတ်ငယ်၊ သိုးငယ်လေးတွေ ရှိဖို့လိုအပ်ပါတယ်။ ဒါပေမယ့် တချိန်တည်းမှာပဲ သူတို့ချည်းကပဲ နို့ကိုမောင်ပိုင်စီးမစို့အောင် ကာကွယ်ရပါသေးတယ်။ သမိုင်းတလျှောက် လူသုံးများတဲ့နည်းလမ်းတစ်ခုကတော့ မွေးကင်းစအကောင်လေးတွေကို သတ်ပစ်တာပါပဲ။ ပြီးတော့ အမေဆီက နို့ရနိုင်သလောက် ညှစ်ပါတယ်။ ပြီးရင် အမေကို နောက်တစ်ခါ ဇီးရှိအောင်လုပ်ပါတယ်။ ဒါဟာ အခုထက်ထိ အရမ်းလူသုံးများတဲ့ နည်းလမ်းတစ်ခုပါ။ ဒီနေ့ခေတ် နွားနို့စက်ရုံတွေမှာတော့ နို့စားနွားတစ်ကောင်ဟာ ငါးနှစ်လောက်ပဲအသက်ရှင်ပြီးရင် သတ်စားခံရပါတယ်။ အဲဒီငါးနှစ်အတွင်းမှာလည်း နွားမဟာ အမြဲမပြတ်နီးပါး ဇီးရှိနေတာပါ။ နွားကလေးမွေးပြီးလို့ ရက်ပေါင်း ၆၀ ကနေ ၁၂၀ကြားမှာပဲ နောက်ထပ် ဇီးရှိအောင် လုပ်ကြပါတယ်။ အကောင်းဆုံးနို့ထွက်နှုန်းကို ထိန်းထားနိုင်ဖို့ပါ။ မွေးကင်းစနွားကလေးတွေဟာလည်း မွေးပြီးတာနဲ့တပြိုင်နက် မိခင်နှင့်ခွဲခွာရပါတယ်။ နွားမလေးဆိုရင်တော့ နောက်ထပ် နို့စားနွားမျိုးဆက်တစ်ခုရဖို့အတွက် အရှင်ထားမွေးကြတယ်။ နွားထီးကလေးကိုတော့ အသားစက်ရုံဆီကိုသာ လွှဲလိုက်ပါတော့တယ်။

တခြားနည်းလမ်းတစ်ခုကတော့ နွားကလေး၊ ဆိတ်ကလေးတွေကို သူတို့အမေနားမှာထားပါတယ်။ ဒါပေမယ့် နို့အများကြီးမစို့အောင် နည်းအမျိုးမျိုးနဲ့ တားထားပါတယ်။ အရှင်းဆုံးနည်းကတော့ အဲဒီနွားကလေး၊ ဆိတ်ကလေးတွေကို နို့အရင်စို့ခိုင်းပါတယ်။ အမေနို့ထွက်လာပြီဆိုတာနဲ့ ကလေးတွေကို အဝေးမောင်းထုတ်ပစ်တာပါပဲ။ ဒီနည်းလမ်းကို အမေရော ကလေးပါ ငြိမ်မခံပဲ အာခံလေ့ရှိတယ်။ တချို့သိုးထိန်းတွေကတော့ သိုးပေါက်စကို သတ်လိုက်ပြီး အသားကိုစားတယ်။ ပြီးတော့ အရေခွံကိုဆုတ်ထားပြီး တခြားပစ္စည်းတွေနဲ့ သိပ်ထည့်ထားတာပဲ။ အဲဒီ တခြားပစ္စည်းတွေသိပ်ထည့်ထားတဲ့ အရေခွံကို သိုးအမေကိုပြလိုက်တဲ့အခါမှာ သိုးအမေရဲ့နို့တွေ ပိုထွက်ပါတယ်။ ဆူဒန်နိုင်ငံက နူအာမျိုးနွယ်မှာဆိုရင် ပစ္စည်းတွေသိပ်ထည့်ထားတဲ့ အရေခွံကို နွားအမေရဲ့ကျင်ငယ်ရေနဲ့ပါ ဆွတ်လိုက်ပါသေးတယ်။ အဲဒီ နွားအတုကလေးဟာ အသက်ရှင်နေသလိုဖြစ်ပြီး အမေအတွက်လည်း ရင်းနှီးတဲ့အနံ့ ရအောင်လို့ပါ။ နူအာလူမျိုးတွေရဲ့ နောက်နည်းလမ်းတစ်ခုကတော့ နွားကလေးရဲ့ လည်မှာ ဆူးလည်ဆွဲတစ်ခု ဆွဲပေးတာပါပဲ။ ဒါကြောင့် နွားကလေး သူ့အမေနို့ကိုစို့တဲ့အခါတိုင်း ဆူးစူးခံရတော့ မစို့ချင်အောင် ဖြစ်သွားစေပါတယ်။ ဆာဟာရ သဲကန္တာရက ကုလားအုတ်ကျောင်းတဲ့ တူအာရက် လူမျိုးတွေဟာ အရင်ကဆို ကုလားအုတ်ငယ်တွေရဲ့ အပေါ်နှုတ်ခမ်း နှင့် နှာခေါင်းကို နည်းနည်းလှီးဖြတ်ခဲ့ သို့မဟုတ် အပေါက်ဖောက်ခဲ့ ကြပါတယ်။ အဲဒီတော့ သူတို့အမေနို့စို့တဲ့အခါ အရမ်းနာတော့ နို့များများ မစို့ဖြစ်အောင်လို့ပါ။


စိုက်ပျိုးရေးလူ့အဖွဲ့အစည်း အားလုံးတော့ သူတို့ရဲ့လယ်ယာတိရိစ္ဆာန်တွေအပေါ် ခုလိုရက်စက်ကြတာမဟုတ်ပါဘူး။ မွေးမြူခြင်းခံရတဲ့ တချို့သတ္တဝါတွေရဲ့ဘဝဟာ တော်တော်ကောင်းပါတယ်။ သိုးမွှေးအတွက် မွေးတဲ့သိုးတွေ၊ အိမ်မွေးခွေးတွေ၊ ကြောင်တွေ၊ စစ်မြင်းတွေ၊ ပြိုင်မြင်းတွေဟာ သက်သာကောင်းမွန်တဲ့ အခြေနေမှာ နေရလေ့ရှိပါတယ်။ ရောမဧကရာဇ် ကယ်လီဂူလာ ဆိုရင် သူအကြိုက်ဆုံးမြင်း အင်စီတာတပ်စ် ကို မင်းတိုင်ပင်ခံအဖြစ် ခန့်ဖို့ ကြံစည်ဖူးတယ်လို့ ဆိုပါတယ်။ သမိုင်းတစ်လျှောက်မှာ သိုးထိန်းတွေ၊ လယ်သမားတွေဟာ သူတို့ရဲ့တိရိစ္ဆာန်တွေအပေါ် အရမ်းဂရုစိုက်တာ၊ ကြီးမားတဲ့ချစ်ခြင်းမေတ္တာ ပြသခဲ့တာတွေ ရှိပါတယ်။ ကျွန်ပိုင်ရှင်တော်တော်များများ သူတို့ရဲ့ကျွန်တွေအတွက် စိုးရိမ်ပေးတာ၊ ချစ်ခြင်းမေတ္တာရှိတာတွေ လိုမျိုးပေါ့။ ဒါကြောင့် ဘုရင်တွေ၊ ဘာသာရေးဆရာတွေအနေနဲ့ သူတို့အုပ်ချုပ်ရတဲ့လူတွေကို သိုးထိန်းက သိုးအုပ်ကို စောင့်ရှောက်သလိုမျိုး၊ နတ်ဘုရားတစ်ပါးက သူ့လူတွေကို ကာကွယ်သလိုမျိုး ခိုင်နှိုင်းကြတာ တိုက်ဆိုင်မှုသက်သက်တော့ မဟုတ်ပါဘူး။

သိုးကျောင်းသား၊ နွားကျောင်းသားတွေရဲ့အမြင်ကို ဖယ်ထားပြီး နွားအုပ်၊ သိုးအုပ်တွေရဲ့အမြင်ကနေ ကြည့်မယ်ဆိုရင် အလွန်များပြားလှတဲ့ ဒီမွေးမြူရေးတိရိစ္ဆာန်တွေအတွက်တော့ စိုက်ပျိုးရေးပြောင်းလဲမှုကြီးဟာ တကယ့်ကပ်ဆိုးကြီးလို့ မမြင်ဘဲ နေလို့မရပါဘူး။ သူတို့ရဲ့ ဆင့်ကဲပြောင်းလဲခြင်းအောင်မြင်မှုဟာ အဓိပ္ပါယ်မရှိပါဘူး။ ကျပ်ညပ်နေတဲ့ခြံထဲမှာ တခဏသာအသက်ရှင်ရပြီး အရည်ရွှမ်းတဲ့အသားကင် ဖြစ်လာဖို့သက်သက် အဝကျွေးခံနေရတဲ့ နွားပေါက်တစ်ကောင်ထက် မျိုးတုန်းပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ရှားပါးတောရိုင်းကြံ့တစ်ကောင်ဟာ ဘဝကို ပိုကျေနပ်မှာပါ။ ပိုကျေနပ်နေတဲ့ ကြံ့အနေနဲ့လည်း သူ့အမျိုးအနွယ်ထဲမှာ သူပဲ နောက်ဆုံး ကျန်တော့လို့ ကျေနပ်မှာတော့ မဟုတ်ဘူး။ နွားပေါက်လေးအတွက် စိတ်သက်သာစရာတစ်ခုကတော့ သူတို့တစ်ကောင်းချင်းစီ ဒုက္ခခံရတာနဲ့ယှဉ်ရင် သူတို့မှာအကောင် အရေအတွက်အများကြီးရှိနေတာပါပဲ။
အခုလို ဆင့်ကဲပြောင်းလဲခြင်းအောင်မြင်မှု နှင့် တစ်ဦးချင်းစီခံရတဲ့ဒုက္ခ ကြားက ကွာခြားချက်ဟာ စိုက်ပျိုးရေးပြောင်းလဲမှုကြီးကနေ ကျွန်တော်တို့ရယူနိုင်တဲ့ အရေးကြီးဆုံးသော သင်ခန်းစာဖြစ်မှာပါ။ ဂျုံတို့၊ ပြောင်းတို့လို အပင်တွေရဲ့အကြောင်းကို ကျွန်တော်တို့လေ့လာတဲ့အခါမှာ ဆင့်ကဲပြောင်းလဲခြင်းအမြင် သက်သက်ကနေကြည့်မယ်ဆိုရင် အဓိပ္ပါယ်ရှိပါတယ်။ ဒါပေမယ့် ကျွဲနွားတွေ၊ သိုးတွေ၊ ဆေပီယန်စ်တွေ စတဲ့ သတ္တဝါတွေမှာတော့ အသိုင်းအဝိုင်းကိုယ်စီနဲ့ သိမ်မွေ့နက်နဲတဲ့ ထိတွေ့ခံစားမှုတွေ၊ စိတ်ခံစားချက်ပေါင်းစုံတွေ ရှိကြပါတယ်။ ဆင့်ကဲပြောင်းလဲခြင်းအောင်မြင်မှုဟာ တစ်ဦးချင်းအသက်ရှင်ရပ်တည်မှုအပေါ် ဘယ်လိုသက်ရောက်အချိုးကြသလဲဆိုတာ ကျွန်တော်တို့ စဉ်းစားသုံးသပ်ရမှာပါ။ နောက်လာမယ့်အခန်းတွေမှာ ထပ်ကာထပ်ကာ မြင်ရမှာက ကျွန်တော်တို့ လူသားမျိုးစိတ်ရဲ့ စုပေါင်းလုပ်ကိုင်မှုစွမ်းအား နှင့် အပေါ်ယံအောင်မြင်မှုတွေ ကြီးမားလာလေလေ ကျွန်တော်တို့ တစ်ဦးချင်းစီကြုံရတဲ့ဒုက္ခတွေလည်း ကြီးမားလာလေလေ ဆိုတာပါပဲ။

ဘာသာပြန် - မာန်သီဟထွန်း

ပုံတွေကိုအောက်ပါလင့်တွေကနေယူပါတယ်။

https://www.chinadailyasia.com/…/201…/19/content_116743.html
http://www.thecouncilclaw.ca/wp-content/…/gallery_horrors_4/
https://www.lookandlearn.com/…/The-senators-of-Rome-by-orde…

https://animals.howstuffworks.com/…/animal-domestication.htm
https://www.pinterest.com/pin/231020655859245764/
https://slideplayer.com/slide/12672281/