Breaking News

မောင်သာနိုး - ဘာသာပြန်တယ်ဆိုတာ



မောင်သာနိုး - ဘာသာပြန်တယ်ဆိုတာ

(မိုးမခပြန်လည်ဆန်းသစ်) အောက်တိုဘာ ၁၇၊ ၂၀၁၉
(ဆရာ၏ ဖေ့စ်ဘွတ်ကနေ ယူပါတယ်)
“ဘာသာပြန်သင်တန်း” “ဘာသာပြန်သင်တန်း” နဲ့ မကြာမကြာ ကြားမိတယ် ။ ဘာတွေပို့ချပြီး ၊ ဘယ်လောက် ဘာသာပြန်တတ်ကြကုန်သလဲတော့ မသိဘူး။ များသောအားဖြင့်တော့ စာအရေးအသားမထောင့်ဖို့တို့ ၊ ကန်စွန်းဥ (sweet potato) ကို “အာလူးချို” မပြန်ဖို့တို့ ဆိုတာမျိုးတွေပဲ ပို့ချလိုက်ကြမယ် ခန့်မှန်းရတယ်။ အချိန်ကလည်း တိုတောင်းတာကိုး။ သင်တန်းတက်တဲ့သူတွေဟာ မြန်မာစာတတ်ပြီးသား၊ အင်္ဂလိပ်စာကျွမ်းပြီး သားလို့ မှတ်ယူထားပြီး ပို့ချကြတာ များမယ်။ တကယ်က သင်တန်းတက်သူတွေဟာ မြန်မာစာမပိုင်ရုံမက ၊ အင်္ဂလိပ်စာလည်း မကျွမ်းသူတွေသာ များနေတယ်ဆိုတာကို သင်တန်းပို့ချသူတွေ သိကြပုံ မရပါဘူး။

တကယ်သင်တန်းမှာ ပို့ချလိုက်ရမှာက အင်္ဂလိပ်သဒ္ဒါအခြေခံနဲ့ မြန်မာစာစီစာကုံးရေးနည်းဖြစ်တယ်။ မယုံရင် အောက်ပါ ဥပမာကို ကြည့်ပါလေ။
Twinkle ,twinkle ,little star,
How I wonder what you are!
မှိတ်တုတ် မှိတ်တုတ် ငယ်သောကြယ်
သင်ဟာ ဘယ်လောက် အံ့ဩဖွယ် ။
(ဒါ) အလွန်လှတဲ့ အင်္ဂလိပ်ကလေးကဗျာလေးကို ရှေးတုန်းက မြန်မာကျောင်းဆရာတဦး ဘာသာပြန်ခဲ့ပုံပါ။ ကနေ့ခေတ်ကဗျာဆရာ အမည်ခံတဦးကတော့ ဒုတိယပါဒကို “သင်သည် အံ့ဩဖွယ်ပါတကား” လို့ လုပ်ထား တယ် ။
ဒီကဗျာဘာသာပြန်တွေကို ဆန်းစစ်ကြည့်ရင် ရှေးဆရာကြီးရော ၊ ခေတ်ဆရာလတ်ပါ အင်္ဂလိပ်သဒ္ဒါ အခြေခံကို မတတ်ကြဘူးဆိုတာကို ပြနေတယ်။ မူရင်းကဗျာမှာပါတဲ့ wonder က ကြိယာဖြစ်တယ် ။ နာမဝိသေ သန wonderful မဟုတ်ဘူး ။ နာမ်လည်း မဟုတ်ဘူးဆိုတာကို သူတို့ မသိကြဘူး ။ How I wonder လို့ I နဲ့ တွဲထားပါရက် verb လို့ သဒ္ဒါသဘောကို မသိကြဘူး ။ နာမ် wonder ၊ နာမဝိသေသန wonderful တို့နဲ့ ရော ထွေးကာ “အံ့ဩဖွယ်ပါတကား” တွေ ဖြစ်ကုန်ကြတော့တာပဲ ။ ကြိယာ wonder က be curious , want to know (သိချင်တယ်) လို့ အဓိပ္ပာယ်ထွက်တာကို သူတို့ နားမလည်ကြတော့ဘူး ။
ဒီတော့ကာ ဒီကဗျာပေါက်စကို ဘာသာပြန်တဲ့ဆရာသမားတို့ကို သင်ပေးရမှာက ဘာသာပြန်နည်း မဟုတ်ဘူး။ အင်္ဂလိပ်သဒ္ဒါ ၊ အင်္ဂလိပ်စာပဲ ဖြစ်တယ်။ wonder ဟာ နာမ်ဆိုရင် ဘယ်လိုအဓိပ္ပာယ်ရပြီး ၊ ကြိ ယာဆိုရင် ဘယ်လိုအဓိပ္ပာယ်တွေ့တယ် ၊ ကဗျာထဲမှာ I wonder လို့ ရှိနေလေတော့ wonder ဟာ ကြိယာဖြစ် တယ်ဆိုတာမျိုးတွေ ဖြစ်တယ် ။
အဲသလို နာမ်၊ ကြိယာ စတဲ့အခြေခံသဒ္ဒါပိုင်းကလေးတွေကို သင်ကြားပေးပြီးနောက် ၊ တဆင့်တက်ကာ ပုဒ်စုဆိုတာတွေကို သင်ပေးရဦးမှာ ဖြစ်တယ် ။ The dog in the manger ဆိုတာ “နွားစားခွက်ထဲက ခွေး” လို့ ပြောတာ ၊ “ခွေးသည် နွားစာခွက်ထဲတွင် ရှိသည်” ပြောတာမဟုတ်ကြောင်း ၊ The man in the street ဆိုတာ ‘လမ်းပေါ်ကလူ’ လို့ပြောတာ ၊ “လူသည် လမ်းပေါ်မှာ ရှိ၏” လို့ ပြောတာမဟုတ်ကြောင်း ၊ “Books for children” ဆိုတာ “ကလေးများအတွက် စာအုပ်များ” လို့ ပြောတာ ဖြစ်တယ်။ “စာအုပ်များသည် ကလေးများ အတွက် ဖြစ်သည်” လို့ မဆိုလိုကြောင်း စသည်ဖြင့် ။
အဲသလောက်အဆင့်အထိ အင်္ဂလိပ်စာကို ဖတ်ပြီး ၊ မှန်မှန်ကန်ကန်နားလည်နိုင်စွမ်းရှိပြီဆိုတဲ့လူတွေကို မှ ဘာသာပြန်နည်း သင်ကြားပေးရမှာ ဖြစ်တယ် ။
“ဘာသာပြန်နည်း”လို့ ခေါ်လိုက်ရပေမဲ့လည်း တကယ်ကတော့ နည်းမဟုတ်ပါဘူး ။ ဘာသာပြန်ရာမှာ ဒီလိုဖြစ်သင့်တယ် ၊ ဟိုလိုဖြစ်သင့်တယ်ဆိုတဲ့ အယူအဆသဘောထားပဲ ဖြစ်ပါတယ် ။ ဒါနဲ့ပတ်သက်လို့ ကမ္ဘာကျော် ဘာသာပြန်ဆရာကြီးတွေ ဟောပြောကြတဲ့အယူအဆ အများအပြားထဲက ကျနော် အကြိုက်ဆုံး လက်ခံကျင့်သုံးနေတဲ့ “နည်း” ကတော့ ဘာသာစကားကွဲပြားမှုက ခွင့်ပြုသလောက် မူရင်းနဲ့ နီးကပ်နိုင်သမျှ နီး ကပ်ရေး ၊ တူညီရေး ဖြစ်ပါတယ် ။ အပိုဖြည့်စွက် မချဲ့ထွင်ရဘူး ၊ အကျဉ်းချုပ်ပြီး လိုရင်းလည်း မပြောရဘူး ။ John live in London ဆိုတာကို “ဂျွန်ဆိုတဲ့အင်္ဂလိပ်လူမျိုး လူငယ်ကလေးတယောက်ဟာ အင်္ဂလန်ပြည်ရဲ့ မြို့တော်လန်ဒန်မှာ နေထိုင်ပျော်မွေ့လျက်ရှိတယ်” လို့ လုပ်မပစ်ရဘူး ။
အထက်က စကားမှာ “ဘာသာစကားကွဲပြားမှုက ခွင့်ပြုသလောက်” ဆိုတာကို သတိပြုပါ ။ He has a knife in his hand ဆိုတာကို “သူသည် သူ၏လက်ထဲတွင် ဓါးရှိသည်” လို့ မပြန်နိုင်ဘူး ။ “သူ့လက်ထဲမှာ ဓါးပါ တယ်” ပဲ ဖြစ်ရမယ် ။ There is a good boy! ဆိုတာကိုလည်း “ကောင်းသော လူကလေးတယောက်ရှိသည်” မဟုတ်ဘဲ ၊ “သားက လိမ္မာတယ်” လို့ ပြန်တတ်ရမယ် ။ I see ဆိုရင်လည်း “ကျွန်ုပ်မြင်သည်” မဟုတ် ၊ “ဒီလိုလား” လို့ ပြန်နိုင်ရမယ် ။ “So this is love ” ဆိုရင်လည်း “ထို့ကြောင့် ဤအရာကို အချစ်ဟု ခေါ်သည်” မလုပ်ဘဲ ၊ “အချစ်ဆိုတာ ဒီလိုကိုး” လို့ ပြောနိုင်စွမ်းရမယ် ။
ဒီ့နောက် သတိပြုရမယ့်အချက်ကတော့ ‘ဟန်’ ပါပဲ ။ ဒါကို မြန်မာဘာသာပြန်ဆရာတော်တော်များများ ဥပေက္ခာပြုလေ့ရှိတယ် ။ မူရင်းက ခန့်ညားတဲ့ဟန်ဆိုရင် ၊ ကိုယ်ကလည်း ခန့်ညားရပြီး ၊ မူရင်းက နောက်တီး နောက်တောက်ဆိုရင် ကိုယ်ကလည်း ခပ်ရွှင်ရွှင်လုပ်နိုင်ရမယ် ။ မူရင်းကဗျာက ဒေါသနဲ့ ခပ်ပြတ်ပြတ် ပြောနေတာကို ၊ ဘာသာပြန်မှာ ပျော့စိစိနဲ့ အလွမ်းသယ်သလိုဖြစ်နေတာမျိုး မကြာမကြာ တွေ့ရ တတ်တယ်။ ကဗျာဆိုတော့ နုပြ ၊ ယဉ်ပြ လိုက်တာပဲ ။ မူရင်းရဲ့လေသံကို မရိပ်ဖမ်းတတ်တော့ဘူး ။ ၁၇ ရာစု အင်္ဂလိပ်ကဗျာဆရာတဦးရဲ့ ကဗျာမှာရေးထားတဲ့အကြောင်းအရာက ၊ သူကြင်မှကိုယ်ကြင်မယ် ၊ ကိုယ့်ကို မကြင်နာရင် ၊ သူ့ဘာသာ ဘယ်လောက်လှလှ ၊ ဘာလုပ်ဖို့လဲဆိုတဲ့ သဘောမျိုး ဖြစ်တယ် ။ လေသံက ခပ်ပြတ် ပြတ် ။ ငါးပိုဒ်ပါတဲ့ကဗျာကို အဆုံးသတ်ထားပုံက ………….
For if she be not for me,
What care I for whom she be? လို့ ဖြစ်တယ် ။
“တခြားလူတယောက်အတွက် ဖြစ်သွားပြီဆိုရင်တော့ကွယ် ၊ ကိုယ်လေ ရင်နာအသည်းကွဲရုံကလွဲပြီး ၊ ဘာကိုများ အရေးဂရုပြုစရာ လိုတော့လို့လဲ မိန်းကလေးရယ်” လို့ ဘာသာပြန်လိုက်ရင် ပျက်ကရော။
“ငါ့အတွက်မှ မဟုတ်ရင်
ဘယ်သူ့အတွက် ဖြစ်ဖြစ် ဘာအရေးလဲ( ဂရုစိုက်လို့) ”
စသဖြင့်ပြန်မှသာ မူရင်းလေသံနဲ့ တူနို်င်မှာ ဖြစ်တယ် ။ 

ဒီနေရာမှာ ရစ်သမ် စကားပြောလာတော့တာပါပဲ ။ လေးလေးတွဲ့တွဲ့ပြောတယ် ၊ လေးလေးပင်ပင်ပြောတယ် ၊ ခပ်ပြတ်ပြတ်ပြောတယ် ၊ ခပ်မော့မော့ပြောတယ်၊ ခပ်သွက်သွက်ပြောတယ် ၊ ဆက်တိုက်ပြောတယ် ၊ရပ်နားပြောတယ် စတာတွေဟာ ရစ်သမ်ရဲ့အလုပ်တွေပါပဲ။ ပြောဆိုနေကြတဲ့ဘာသာစကားတိုင်းမှာ (ခြွင်းချက်မရှိ) ရစ်သမ် ရှိတယ် ။ ဒါကိုပဲ ရစ်သမ်ဆိုတာ အင်္ဂလိပ်မှာ သာ ရှိပါတယ် ၊ မြန်မာမှ မရှိပါဘူးလုပ်နေကြတော့ ခက်တော့တာပါပဲ ။ ရှေးပညာရှိတွေ ဖွဲ့နွဲ့သွားတာကိုလည်း နားထောင်မကြည့် ၊ နားထောင်ကြည့်တော့လည်း “နား” မရှိတော့ ဘယ်ကြားလိမ့်မလဲ ။ ကျွဲပါး ၊ ဂစ်တာတီး ဖြစ်ရတော့တာပေါ့ ။
တဖက်ဘာသာစကားရဲ့ရစ်သမ်ကို တဖက်ဘာသာစကားဆီ ယူဆောင်ပေးဖို့ (ဘာသာစကားကခွင့်ပြု သလောက်ပေါ့လေ) ကဗျာကို ဘာသာပြန်ရာမှာ အရေးကြီးတယ် ။
လူငယ်လေးတွေက သူတို့ဘာသာပြန်ထားတာလေးတွေကို ကျနော့်ကို တည်းဖြတ်ပေးဖို့ လာပေးရင် ၊ အဓိပ္ပာယ်ကောက်ယူတာ မှန်ရဲ့လား စစ်ဆေးပြီးတဲ့နောက် ၊ ကျနော် အထူးအရေးထားကြည့်လိုက်တာက ၊ သူ့ဘာသာပြန်ဟာ မူရင်းရဲ့ရစ်သမ်ကို တုပနိုင်ရဲ့လားဆိုတာပဲ ဖြစ်ပါတယ် ။ မတုနိုင်သေးဘူးလို့ ထင်ရင် တတ်နိုင်သလောက် တုလို့ရအောင် ပြုပြင်အားစိုက်ပေးတယ်။ ဒါ ကျနော့် တည်းဖြတ်မှုပါပဲ ။
ဥပမာ-ကိုသင်းခိုင်ဘာသာပြန်ထားတဲ့ ဒီကဗျာစုထဲမှာ တပုဒ်က ဒီလိုပါတယ် ။
Plant
Chop
Pick!
စကားလုံးနည်းနိုင်သလောက် နည်းနည်းသုံးထားတဲ့ အဲဒီကဗျာထဲက ဒီအပိုဒ်မှာဆိုရင် ၊ တပါဒအက္ခရာတလုံးပဲ (ဧကက္ခရ) သုံးထားတာတွေ့ရမယ် ။ တလုံးထဲသုံးထားလို့ ပြောချင်တာကို ခွန်အားအပြည့်နဲ့ အားရပါးရ ကျုံးအော်လိုက်သလို ကျနော်တို့ ခံစားလိုက်ကြရတယ် ။ ဒါကို ကိုသင်းခိုင်က အက္ခရာနှစ်လုံးစီနဲ့ ဘာသာပြန် ထားလေတော့ မူရင်းလောက်အားမရှိတော့ဘဲ ကနွဲ့ကလျဖြစ်သွားရတယ် ။ ဒါကို ကျနော်က တလုံးစီဖြုတ်ပေး လိုက်တယ်။ ဒီတော့………..
စိုက်
ဖြတ်
ဆွတ်
ရယ်လို့ ဖြစ်သွားတယ်။ လွယ်လွယ်လေးပါပဲ ။ ဧကက္ခရကို ဧကက္ခရ နဲ့ ဖလှယ်ပေးလိုက်တာပါပဲ ။ မူရင်းလိုပဲ အားပြည့်သွားတယ်လို့ တည်းဖြတ်သူကတော့ ယူဆလိုက်တာပဲ ။
ဒီလိုနည်းနဲ့ သူ့ရဲ့ကဗျာဘာသာပြန်တွေကို ကျနော်တည်းဖြတ်ပေးလိုက်ပါတယ် ။ နှစ်သက်ကြလိမ့်မယ် လို့ မျှော်လင့်မိတယ် ။

၂၇ ၊ ဩဂုတ် ၊ ၁၉၉၆ ။
အမှာစာမူလပါဝင်ခဲ့ရာ -
မောင်သင်းခိုင်၊ မမြင်ရတဲ့မြစ် (နိုင်ငံတကာ ကဗျာစု) ၊ တည်းဖြတ်အမှာရေး- မောင်သာနိုး ။ ရန်ကုန် ၊ ကျော်မွှေးစာပေ ၊ ၂၀၁၇ ။( ပထမအကြိမ် ၊ ရန်ကုန် ၊ ရန်အောင်စာပေ ၊ ၂၀၀၁ )။