Breaking News

မောင်စွမ်းရည် - သူတို့ရင်ထဲက ဗိုလ်ချုပ်ကျော်ဇော(ရဲဘော်ဦးတင်) အတွဲ (၁)



မောင်စွမ်းရည် - သူတို့ရင်ထဲက ဗိုလ်ချုပ်ကျော်ဇော(ရဲဘော်ဦးတင်) အတွဲ (၁) 

(မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၅၊ ၂၀၁၉

ဗမာ့တပ်မတော်ကို ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူ ထူထောင်ခဲ့သူ၊ ဗမာပြည်ကို သိမ်းပိုက်သွေးစုပ်၊ ဖိနှိပ်လာကြတဲ့ ဗြိတိသျှနယ်ချဲ့သမားနဲ့ ဂျပန်ဖက်ဆစ်တို့ကို ပြည်သူနဲ့အတူ တော်လှန်တိုက်ခိုက်ခဲ့ပြီး၊ ဗမာပြည်နယ်စပ်မှာ ကျူးကျော်အခြေချလာတဲ့ တရုတ်ဖြူစစ်ပြေးချန်ကေ ရှိတ်တပ်ပြေးတွေကို ကျူပင်ခုတ်ကျူငုတ်မကျန်အောင် ဦးဆောင်မောင်းထုတ်ခဲ့သူ၊ ဗမာ့တပ်မတော် သူရဲကောင်း ဗိုလ်ချုပ်ကျော်ဇော ဟာ ၂၀၁၂ အောက်တိုဘာ ၁၀ ရက်နေ့၊ အသက် ၉၃ နှစ် အရွယ်မှာ သစ်သီးများ အမှည့်ကြွေသွားသလို ရင့်မှည့်ကြွေကျပြီး ကွယ်လွန် သွားခဲ့ပါတယ်။

ဗမာ့သမိုင်းမှာ အသက်အရှည်ဆုံးနေသွားပြီး နိုင်ငံနဲ့ပြည်သူ့အကျိုးကိုသာ တသက်လုံး ထမ်းဆောင်သွားတဲ့ ဗိုလ်သက်ရှည်၊ ဘိုးသက် ရှည်ကွယ်လွန်သွားတဲ့အတွက် ပြည်တွင်းပြည်ပရှိ ရဲဘော်ရဲဘက်များ၊ တိုက်ဖော်တိုက်ဖက်များနဲ့တကွ ဗမာပြည်တိုင်းရင်းသား ပြည်သူ အပေါင်းက ဝမ်းနည်းကြေကွဲကြပြီး ဗိုလ်ချုပ်ကျော်ဇောမိသားစုထံ ဝမ်းနည်းသဝဏ်တွေ ပို့ကြပါတယ်။ ကဗျာတိုရှည်တွေ ရေးဖွဲ့ကြ၊ ဆောင်းပါးတွေရေးကြပြီးတော့ စာပေပုံစံ အမျိုးမျိုးနဲ့လည်း တဦးချင်းအနေနဲ့ရော အဖွဲ့အစည်းများအနေနဲ့ပါ ပို့ကြပါတယ်။ အမေရိကန် ပြည်ထောင်စု၊ ကနေဒါ၊ ဂျပန်ပြည်၊ ထိုင်းနိုင်ငံ၊ သြစတြေးလျစတဲ့ ကမ္ဘာအရပ်ရပ်က စာနယ်ဇင်းတွေကလည်း သူတို့စာနယ် ဇင်းစာမျက်နှာတွေပေါ်မှရော စာသတင်းများ တသီးတခြား ရေးသားပြီး လေးစားစွာ ဝမ်းနည်းသဝဏ်တွေ ရေးသားပို့ဆောင်ခဲ့ကြပါတယ်။

ဗိုလ်ချုပ်ကျော်ဇောကွယ်လွန်ခြင်းအတွက် ခုလို ပြည်တွင်းပြည်ပ ရဲဘော်ရဲဘက်၊ တိုက်ဖော်တိုက်ဖက်များနဲ့ မိတ်သင်္ဂဟအပေါင်း ရေးသားကြတဲ့ ကဗျာတွေ၊ စာတွေကို ဗိုလ်ချုပ်ကျော်ဇောကွယ်လွန်သွားပြီး နောက်တနှစ်အကြာ ၂၀၁၃ မှာ ရတတ်သမျှ စုပေါင်းပြီး ဗိုလ်ချုပ်မိသားစုက စာအုပ်ကလေးတအုပ် အမှတ်တရ ထုတ်ဖြစ်ခဲ့ပါတယ်။ စာအုပ်အမည်က - “သူတို့ရင်ထဲက ဗိုလ်မှူးချုပ်ကျော် ဇော(ရဲဘော်ဦးတင်)” ကွယ်လွန်ခြင်း တနှစ်ပြည့် အမှတ်တရစီစဉ်ခဲ့တာတဲ့။ ဒီစာအုပ်ကို ဗမာပြည်တွင်းမှာပဲ ဖြိုးမောက်သာစာပေက ရိုက်နှိပ် ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ တရုတ်ပြည်ဘက်ကနေ ရတတ်သမျှ စုပြီး ထုတ်ဝေတာဖြစ်ပေမယ့် စာမျက်နှာ ၃၀ဝ ကျော်(၃၁၃) မျက်နှာရှိ ပါတယ်။ ရှေ့ဆုံးမှာ ဓာတ်ပုံတွေ ၃၀ လောက် ဖော်ပြထားပါတယ်။ ၁၉၄၂ ခုနှစ် ဘီအိုင်အေ ဗမာ့လွတ်လပ်ရေးတပ်မတော် တပ်မတော် ဗိုလ်မှူးလေး ကျော်ဇောရဲ့ ပုံကစပြီး နောက်ဆုံး ၂၀၁၂ ဧပြီလမှာ တရုတ်ပြည် ခွန်မင်းဆေးရုံတက်တော့ ဆွေမျိုး သားချင်း များ လာရောက်တွေ့ ဆုံကြတဲ့ အစုလိုက် ဓာတ်ပုံအထိပါဝင်ပါတယ်။ တချို့ကို အမည်ဖော်ပြမထားပါ။ တချို့ကို အမည်ဖော်ပြ ထားပေမယ့် အဝေးက စာဖတ်သူတွေအနေနဲ့ ဘယ်သူဘယ်ဝါတွေဆိုတာ သိကြမှာမဟုတ်ပါ။ ဥပမာ ဘယ်သူဘယ်ဝါက ကွန်မြူနစ်ပါတီ ဗဟိ်ုကော် မတီလူကြီး၊ ဘယ်သူက သား၊ ဘယ်သူကမြေး၊ ဘယ်သားသမီးက မွေးတာပါစသဖြင့်ပါ ဖော်ပြရင်တော့ စာဖတ်သူတွေ ပိုမိုရင်းနှီးမှု ခံစားရလာစေပါတယ်။ အမည်အရည်မပါတော့ အရုပ်ကြည့်ရုံသာ။

စာအုပ်ထုတ်မယ်ဆိုတော့ အတူနေရဲဘော်တွေ ဆွေမျိုးသားချင်းတွေက ပါဝင်ရေးသားကြတာ များပါတယ်။ ပြည်ပစာနယ်ဇင်းတွေထဲက မွေးနေ့သဝဏ်လွှာတွေရော၊ ကွယ်လွန်တော့ ဝမ်းနည်းသဝဏ်လွှာတွေရောဆိုတော့ တော်တော်များပါတယ်။ ပြည်တွင်းကျောင်းသား သမဂ္ဂ၊ ဗကသများအဖွဲ့ချုပ်သဝဏ်လွှာ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) သဝဏ်လွှာ၊ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်များအဖွဲ့ သဝဏ်လွှာ၊ မြန်မာ့လူငယ်ဒီမိုကရက်တစ်အင်အားစုများက ပေးပို့တဲ့သဝဏ်လွှာ၊ မြန်မာနိုင်ငံတော်သမ္မတရုံး ဝန်ကြီး ဝန်ကြီးဌာနက ပေးပို့တဲ့ သဝဏ်လွှာစသဖြင့် သဝဏ်လွှာတွေ တော်တော်စုံပါတယ်။ ပြည်ပရှိ စစ်မှုထမ်းဟောင်းတွေရဲ့ အဖွဲ့တဖွဲ့ရှိတယ်။ သူတို့အဖွဲ့က သဝဏ်လွှာ မပါးတာလား၊ မပါတာလား မသိ၊ မတွေ့ရဘူး။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားသမီးတွေက သဝဏ်လွှာပို့ကြတာ လည်း မတွေ့ရဘူး၊ ပို့ရင်တော့ ကောင်းမှာ။ အဲဒီကာလက အခြေအနေ မကောင်းလို့ နေမှာပေါ့လေ။

ဒီစာအုပ်မှာ ကဗျာတွေစာတွေကတော့ တရုတ်ပြည်ထဲမှာ အနီးအပါးက ဆွေမျိုးမိတ်သင်္ဂဟတွေချည်းသာ ဆိုပေမယ့် မနည်းလှပါဘူး။ ၁၀ဝ နီးပါးရှိပါတယ်။ ၈၄ ပုဒ်၊ ကဗျာ ၃၀ နီးပါး(၂၇ ပုဒ်)၊ ဆောင်းပါး ၆၀ နီးပါး(၅၇ ပုဒ်)ပါဝင်ပါတယ်။ ကဗျာတွေထဲမှာဆိုရင် ပြည်ပက မောင်စွမ်းရည်၊ မောင်စိုးချိန်၊ ကျော်ဟုန်း၊ ရဲငြိမ်းစတဲ့ကဗျာဆရာများရဲ့ ကဗျာတွေပါဝင်ကြပါတယ်။ မောင်စွမ်းရည် ကဗျာဆိုရင် ၅ ပုဒ် ၆ ပုဒ်တောင် တွေ့ရပါတယ်။ ကျန်တာတွေထဲမှာ တရုတ်ပြည်ထဲကဆိုရင် ရဲဘော်ဖိုးသံချောင်း၊ ငြိမ်းချမ်းသူ၊ ဝင်းတင့်ထွန်း၊ မောင်လှ ဝင်း(မြင်းခြံ) စတဲ့ နာမည်ပေါက် ကဗျာဆရာတွေရဲ့ လက်ရာတွေပါဝင်ပါတယ်။ ကဗျာပုံစံနဲ့ ရေးသားဂုဏ်ပြုရုံမဟုတ်ဘဲ လေးလေးစားစား မြတ်မြတ်နိုးနိုး ဝိုင်းဝန်းရေးသား ကြတာဖြစ်ပါတယ်။

ဆောင်းပါးများကတော့ ပိုများပါတယ်။ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်တွေကပါ ဝိုင်းဝန်းရေးသားကြပါတယ်။ ပြည်တွင်းပြည်ပ ဝိုင်းဝန်းရေးသားကြရာမှာ အမေရိကန် ပြည်ထောင်စု၊ ဂျပန်၊ ကနေဒါ၊ အိန္ဒိယ၊ ထိုင်း၊ သြစတေးလျ၊ လန်ဒန်စသဖြင့် ဒေသနဲ့ နိုင်ငံ များကနေ ရေးသားပေးပို့ကြတာတွေ တွေ့ရပါတယ်။ မြန်မာပြည်တွင်းကပဲ အခြေအနေအရ အရေးနည်းတာ တွေ့ရပါတယ်။ လှမ်း တောင်းရင်တော့ ဝိုင်းရေးကြမှာပါ။ အသံလွှင့်ဌာနတွေက တွေ့ဆုံမေးမြန်းခန်းတွေ၊ ဖုန်းဆက်မေးမြန်းကြတာတွေထဲက ကောက်ယူထား တဲ့ စကားစုတွေ စာစုတွေလည်း ပါရှိပါတယ်။ ဗိုလ်ချုပ်ကျော်ဇောနဲ့အတူ ရဲဘော်သုံးကျိပ်မှာပါခဲ့ပြီး၊ အသက်အငယ်ဆုံး ရဲဘော်နှစ်ယောက်အဖြစ် မှတ်သားပြောဆိုလေ့ရှိတဲ့ ဗိုလ်ရဲထွတ်ကတော့ သူ့အချစ်ဆုံး သူငယ်ချင်း၊ နိုင်ငံအတွက် လုပ်သမျှ အောင်မြင် ပါစေလို့လှမ်းပြီး ဆုတောင်းပေးထားတာ တွေ့ရပါတယ်။ ဗိုလ်ရဲထွတ်လည်း ဗိုလ်ကျော်ဇောနဲ့ ရှေ့ဆင့်နောက်ဆင့် ဆုံးသွားခဲ့ရှာပါပြီ။

ဗိုလ်ချုပ်ကျော်ဇောရဲ့တပ်မှာအတူ အမှုထမ်းခဲ့ရတဲ့ ဗိုလ်ချုပ်တင်ဦး(အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယကကြီး) ကတော့ သူတို့ဗိုလ်ချုပ် ဟာ တပ်သားတွေနဲ့အတူ နေထိုင်စားသောက်ပြီး ရန်သူတွေနဲ့ တိုက်ကြခိုက်ကြတဲ့အခါမှာလည်း တပ်သားတွေနဲ့အတူ ရှေ့တန်းမှာ ပါဝင်တိုက်ခိုက်လေ့ရှိပုံ အထူးဂုဏ်ပြုချီးမွမ်း ပြောဆိုလေ့ရှိပါတယ်။ (ဗိုလ်နေဝင်းကိုတော့ စစ်မတိုက်ဖူးတဲ့ စစ်ဗိုလ်ချုပ်လို့ အများက ပြောတာ ကြားဖူးပါတယ်။) ဗိုလ်ချုပ်တင်ဦးက ကိုယ်တွေ့အတူတိုက်ခဲ့ကြတဲ့ ကျူးကျော်သူတရုတ်ဖြူ တွန်းလှန်တိုက်ထုတ်ရေးမှာ ဗိုလ်ချုပ်ကျော်ဇောကိုယ်တိုင် ရှေ့တန်းစစ်မြေပြင်မှာ ရဲဘော်တွေနဲ့အတူ လှံစွပ်ထိုးတိုက်ခိုက်ခဲ့ပုံ ပြောပြထားတာ တွေ့ရပါတယ်။ (ကွန်မြူနစ်ဗိုလ်ချုပ်အဖြစ်လည်း ရှေ့တန်းမှာ ကတုတ်ကျင်းတူးရေးကအစ ပါဝင်ခဲ့ပါသတဲ့။)

ပြည်တွင်းပြည်ပ လူကြီးလူငယ်အားလုံးကတော့ ဗိုလ်ချုပ်ကျော်ဇောဟာ နှိမ်ချတဲ့ စိတ်ထား ရှိပြီး ကိုယ်ကျိုးစီးပွားရှာလေ့မရှိဘဲ၊ လောဘ ဒေါသ အလွန်နည်းသူဖြစ်ကြောင်း အလေးထား ပြောဆိုလေ့ရှိပါတယ်။ မျက်မှောက်ခေတ်တလျှောက်မှာ ဗိုလ်ချုပ်အဆင့်မဆိုထားနဲ့ ဗိုလ်ကြီး၊ ဗိုလ်မှူးအဆင့်လောက်ဆိုရင်တောင် ခြံတွေတိုက်တွေကားတွေ မယားတွေနဲ့ သားစဉ်မြေးဆက် ကြီးပွားချမ်းသာအောင် လုပ်ဆောင် နေထိုင်ကြပေမယ့် ဗိုလ်ချုပ်ကျော်ဇောကတော့ ခြံမရှိဝင်းမရှိ ကားမရှိဘဲ လှေကားသုံးထစ်လောက်သာရှိတဲ့ တလိုင်းအိမ် ငယ်လေးနဲ့ပဲ နေသွားခဲ့ပါတယ်။ တခါတရံငွေရေးကြေးရေး ကျပ်တည်းလွန်းလို့ သူ့ရဲ့လက်သုံးတော် ဂျပန်ဓားရှည်ကြီးကိုတောင် ရောင်း စားရတဲ့ အဖြစ်မျိုးကိုတောင် ရောက်ခဲ့ရပါသတဲ့။ သြော်-ဒို့ဗိုလ်ချုပ်ကဖြင့် “ဘယ်သူပြိုင်လို့ မွဲပါတော့နိုင်” လို့ ဆိုရမလောက် ကိုယ်ကျိုး ကိုယ်စီးပွား မလုပ်ခဲ့သူဖြစ်ပါတယ်။ ကောင်းရာသုဂတိလားပါစေ။

ဦးနု၊ ဦးကျော်ငြိမ်းတို့ ပါဝါအာဏာရှိစဉ်က သူတို့ရဲ့ အသုံးခံဖြစ်ဖို့ ရာထူးတွေ စည်းစိမ်တွေအမျိုးမျိုးနဲ့ ဗိုလ်ကျော်ဇောကို သွေးဆောင်ခဲ့ကြ ဖူးပါတယ်။ ဦးကျော်ငြိမ်းကတော့ သူတို့ဆိုရှယ်လစ်ပါတီထဲကိုဝင်ဖို့ နိုင်ငံခြားကိုတောင် အတူခေါ်သွားရင်း သွေးဆောင်စည်းရုံးခဲ့ဖူးသတဲ့။ ဗိ်ုလ်နေဝင်းကလည်း သူခိုးသေဖော်ညှိတဲ့သဘော ဖြစ်မှာပါ။ ရဲဘော်သုံးကျိပ်ချင်းလည်း ဖြစ်လေတော့ အမျိုးမျိုး ချီးမြှောက်ဖို့ ကြိုးစားခဲ့ ပေမယ့် မရဘူး။ ဒါကြောင့် “ဘယ်သူ့အားကိုးနဲ့များ ဒီလောက်မိုက်နေရပါလိမ့်” လို့ ဗိုလ်နေဝင်းက ညည်းညူရေရွတ်ဖူးပါသတဲ့။ ဗိ်ုလ်နေဝင်းကတော့ မကောင်းမှုဟူသမျှ အစုံလုပ်ခဲ့ပေမယ့် ဗိုလ်ကျော်ဇောကတော့ အရက်မသောက်၊ ဆေးမသောက်၊ ကျောင်းဆရာ ဘဝက စစ်ထဲလိုက်လာသူမို့ သူ့လိုဖာအိမ်ဖဲဝိုင်းက ဖုတ်ဖက်ခါ ထလာသူမှ မဟုတ်ဘဲကလား။

အံ့သြစရာကောင်းတာက ဗိုလ်ချုပ်အောင်ဆန်းဟာ ကျောင်းဆရာကိုရွှေဆိုတဲ့ ဗိုလ်ချုပ်ကျော်ဇော အလောင်းအလျာကို ရဲဘော်သုံးကျိပ် ထဲမရောက်ခင်က လုံးဝမတွေ့မမြင် မခင်မင်ဘူခဲ့ပဲနဲ့ တပ်သားသစ်တွေ၊ ဗိုလ်လောင်းတွေကို သင်တန်းပေးဖို့ရော၊ လျှို့ဝှက်ပြီး ကွန်မြူနစ် ခေါင်းဆောင် သခင်စိုး၊ သခင်သန်းထွန်းတို့နဲ့ ဖက်ဆစ်တော်လှန်ရေး ဖတပလ ဖွဲ့စည်းဖို့ လျှို့ဝှက်ကိစ္စတွေမှာရော သူ့တပ်ထဲမှ အသက် အငယ်ဆုံးတဦးဖြစ်သူတဦးကိုမှ ရွေးပြီးယုံယုံကြည်ကြည် တာဝန်ပေးခဲ့တာဟာဖြင့် အထူးအံ့သြဖို့ကောင်းပါတယ်။ သူ့မှာ တက္ကသိုလ် ကျောင်းနေဖက်လို့ ဆိုနိုင်တဲ့ ဗိုလ်ဇေယျတို့၊ ဗိုလ်ရန်နိုင်တို့လိုလူတွေ ရှိသားပဲမဟုတ်လား။ ဗမာ့တပ်မတော် ဖွဲ့စည်းရေးကိစ္စအတွက် သီဟိ်ုဠ်ရှိ မဟာမိတ်ဗိုလ်ချုပ် မောင့်ဘက်တန်ဆီသွားတော့လည်း ဗိုလ်ကျော်ဇောကို ခေါ်သွားခဲ့ပါတယ်။ တကယ်တော့ ဗိုလ်ကျော်ဇော ဆိုတာက အသက်အရွယ်အားဖြင့်လည်း ငယ်တဲ့အပြင် သူ့အနီးအပါးမှာလည်း တခါမျှ အတူနေခဲ့ဖူးသူ မဟုတ်ပါဘူး။ နောက်ဆုံး “နေသူရိန်ညီလာခံ” လုပ်တော့တောင် အမျိုးသားညီညွတ်ရေးအတွက် အရေးကြီးအဆို တင်သွင်းစေခဲ့တာမဟုတ်လား။

မရိုးမသားနေလေ့ရှိတဲ့ ဗိုလ်နေဝင်းကလည်း သူ့အလုပ်သူပဲ ကြိုးစားအားထုတ်လုပ်ကိုင်လေ့ရှိသူကို “ရှိန်” ပုံရပါတယ်။ ဘာပေးလို့မှ လည်း မယူဘူးမဟုတ်လား။ တခြားဗိုလ်တွေလည်း ဗိုလ်နေဝင်းကို ဖယ်ရှားပြီး ဗိ်ုလ်ကျော်ဇောကို ရှေ့တန်းတင်ဖို့ ကြိုးစားကြတာကို ဗိုလ်နေဝင်းကိုယ်တိုင် သိပါတယ်။ ဗိုလ်ကျော်ဇောရဲ့ လှုပ်ရှားမှုတွေကိုလည်း စောင့်ကြည့်ပြီး အကဲခတ်နေတာပါပဲ။ ဒါပေမဲ့ ဗိုလ်ကျော်ဇောကတော့ သူ့ကို ဗြောင်မေးပြီး ဗိုလ်နေဝင်းနဲ့ နေရာလဲဖို့ တိုင်ပင်ရင်တောင် ငြင်းတဲ့လူစားမျိုးပါ။ “လူကြီးတွေရှိတာပဲ” ဆိိုပြီး ရှေ့တန်းမတက်ဘဲ နောက်တန်းမှာပဲနေပြီး ကိုယ်ကျိုးမဖက်ဆောင်ရွက်တဲ့ကိစ္စမှာသာ မွေ့လျော်သူမျိုးပါ။ နောက်ဆုံးတော့ တရားမဝင်ပါ တီ ကွန်မြူနစ်နဲ့ဆက်သွယ်တဲ့ အထောက်အထားတွေ့ရလို့ဆိုပြီး ဦးနေဝင်းက ဗိုလ်ကျော်ဇောကို တပ်ကထုတ်ပစ်ခဲ့ပါတယ်။ တော်သေး တာပေါ့။ ထောင်သွင်းပြီးကျွန်းပို့ သေဒဏ်မပေးခဲ့တာ။ ဗိုလ်နေဝင်းက ဗိုလ်ကျော်ဇောရဲ့ အရှိန်အဝါကို လန့်ပေမယ့် ဗိ်ုလ်ကျော်ဇောဟာ သူ့ကိုယှဉ်ပြိုင်ပြီး နေရာလုမယ့်လူမဟုတ်ဘူးဆိုတာ သေချာသိခဲ့ပြီးဖြစ်လို့ ဒီလောက်နဲ့ ပြီးတာပါ။ ဗိုလ်ချုပ်ကျော်ဇောကို တပ်က ထုတ် ပစ်ပြီးတဲ့နောက်မှ ဆက်လက်ပြီး ကူညီစောင့်ရှောက်ဖို့ကို ဗိုလ်နေဝင်းက အားထုတ်ခဲ့ပါသေးတယ်။ ဗိုလ်ချုပ်ကျော်ဇောကတော့ သူ့ကို ဘာမှ လက်မဖြန့်တာသာမက ဘာပေးလို့မှလည်း လက်မခံခဲ့တာကို ဒီမှာ အထင်အရှား တွေ့ရပါတယ်။ ဗိုလ်ကျော်ဇောဟာ မူလ ကတည်းက စည်းစိမ်ဥစ္စာဂုဏ်အာဏာတို့ကို မမက်မော မကြံစည်ဘဲ၊ တိုင်းပြည်အတွက် ပြည်သူအတွက်ဆိုတဲ့ စိတ်သာ အရင်းခံရှိခဲ့တာ ဆိုတာ ထင်ရှားလှပါတယ်။

တပ်ကထွက်ပြီးတဲ့နောက် သားသမီးဒါဇင်ဝက်လောက်ကို ကျွေးမွေးရေးနဲ့ ပညာသင်ပေးရေးဟာ အလွန်မလွယ်တဲ့ကိစ္စပါ။ နောက်ဆုံး စားစရာမရှိလို့ သူ့လက်သုံးတော် ဓားရှည်ကြီးကို ရောင်းစားဖို့ ကြံစည်ခဲ့ရဖူးတယ်ဆိုတာ ဗမာပြည်က စစ်တပ်အရာရှိ အငြိမ်းစား ပုဂ္ဂိုလ် ကြီးတဦးအတွက် မယုံကြည်နိုင်လောက်စရာပါ။ လှေကား သုံးထစ်နဲ့ ခြေတံတို တလိုင်းအိမ်လေးနဲ့သာ တသက်လုံး ကျပ်ကျပ် တည်းတည်းနေသွားတယ်ဆိုတာလည်း စာတွေ့မဟုတ်ဘဲ မျက်မြင်ကိုယ်တွေ့ပါ။ (ကျနော်က ဗိုလ်ကျော်ဇောနေထိုင်တဲ့ စမ်းချောင်းရပ် ကွက်ထဲက ကျောင်းမှာ ကျောင်းဆရာလုပ်လာသူပါ။) ဒီလိုသူ့ဖာသာ အေးအေးဆေးဆေး နေပေမယ့် ဗိုလ်နေဝင်းကတော့ အမြဲတမ်း စောင့်ကြည့်ခိုင်းထားပါသတဲ့။

ဗိုလ်ချုပ်ကျော်ဇော တပ်ကထွက်လိုက်ရတာဟာ ဗိုလ်ချုပ်ကျော်ဇောအတွက် ဘဝအချိုးအကွေ့တခု ဖြစ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး အတွက် ရဟန်းရှင်လူ ပြည်သူတွေနဲ့အတူ ရှေ့ဆောင်အားထုတ်နေတဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့ တရပ်တည်းနေ အိမ်နီးချင်း၊ ဘဝတူဖြစ်သွားခဲ့ပါတယ်။ မကြာခင်ဆရာကြီးထံပါးကို ရောက်ရှိပြီး ဆရာကြီးရဲ့ လက်ရုန်းတဆူဖြစ်လာခဲ့ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး အဖွဲ့မှာ ဒုတိယဥက္ကဋ္ဌအဖြစ်နဲ့ ပါဝင်ဆောင်ရွက်ရတဲ့အခါ ဗန်းမော်တင်အောင်တို့၊ ဒဂုန်တာရာတို့၊ လင်းယုန်မောင်မောင်တို့လို စာရေးဆရာတွေ၊ ဦးထွန်းတင်တို့လို ရှေ့နေအကျော်အမော်တွေ စသည်ဖြင့် လူထုလူတန်းစား အမျိုးမျိုးအကြားကို ရောက်ရှိသွားပြီး သူတို့နဲ့အတူ နိုင်ငံအနှံ့ ပြည်သူလူထုနဲ့ အနီးကပ်တွေ့ဆုံရင်းနှီးခွင့်ရပြီး စစ်ရေးသမားဘဝကနေ ငြိမ်းချမ်းရေးသမားဘဝကို ရောက်ရှိလာ ခဲ့ပါတယ်။ လင်းဒဝဲတဲ့ စစ်မြေပြင်ကနေ ချိုးဖြူဝဲတဲ့ ပြည်သူတွေရဲ့ ရင်ခွင်ထဲကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိသွားခဲ့ပါတယ်။

ဗိုလ်ချုပ်ကျော်ဇောဟာ စစ်မှုထမ်းဘဝမှာရော အရပ်သားပြည်သူ့ဘဝထဲမှာရော သူ့ဘဝကို အစွန်းအထင်းမရှိအောင် နေထိုင်ပြီး ပြည်သူ့အကျိုးကိုသာ ရှေးရှုခဲ့တာ တွေ့ရပါမယ်။ ဒီစာအုပ်မှာ သူ့ရဲဘော်သူ့မိတ်ဆွေတွေက ထင်ရှားစေပါတယ်။ ဒါပေမဲ့ သူ့ဘဝမှာ “အမှားတခု” ကို ကျူးလွန်ခဲ့ဖူးတယ်လို့ ဝန်ခံတောင်းပန်ချက်ပြုခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။ ပြည်တွင်းစစ်ကာလမှာ မြစ်ဝကျွန်း ပေါ်က ကရင်တိုင်းရင်းသား ပြည်သူတွေကို စစ်ရေးတာဝန်အရ ရင်ဆိုင်သတ်ဖြတ်ခဲ့ရတာကို တသက်လုံးစိတ်မကောင်းဖြစ်ခဲ့ရပြီး တောင်းပန်စကား ပြောကြားခဲ့ပါတယ်။ ဒီလိုဝန်ခံတောင်းပန်တာဟာ တိုင်းရင်းသား ချစ်ကြည်ရေးအတွက် အထူးထိရောက်ခဲ့ပါတယ်။ အဲဒီအချိန် အဲဒီအရွယ်က သူအခုလောက် နိုင်ငံရေးအသိလည်း မရှိခဲ့တာကြောင့် ဒီအမှားကို ကျူးလွန်မိခဲ့ရတာလို့လည်း သုံးသပ် ပါတယ်။ ဒီလိုဝန်ခံတောင်းပန်တာကို အထူးသဘောကျလို့ ဗိုလ်ချုပ်ကျော်ဇောရဲ့ တောင်းပန်စကားကို ကျောက်ထက် အက္ခရာတင်ပြီး မော်ကွန်းထိုးဖို့ရာအတွက် ကရင် ခရစ်ယာန် သာသနာရေး ဝန်ဆောင်တဦးက ဗိုလ်ချုပ်ထံပန်ကြားတဲ့စကားကိုလည်း ဒီစာအုပ်မှာ တွေ့ရပါတယ်။

ဗိုလ်ချုပ်ကျော်ဇောက သူရဲ့ကိုယ်ရေးအတ္ထုပ္ပတ္တိအဖြစ် “ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့” ဆိုတဲ့စာအုပ်ကို အသက် ၈၀ ကျော်မှာ ပြုစုရေးသားခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့စွမ်းဆောင်ချက်တွေကိုတော့ သူများရေးဖို့ ချန်ခဲ့ပါတယ်။ “သူတို့ရင်ထဲက ဗိုလ်ချုပ်ကျော်ဇော” အတွဲ (၁) မှာ ဗိုလ်ချုပ်ကျော်ဇောရဲ့ ရဲဘော်ရဲဘက်၊ ဆွေမျိုးသားချင်းတွေက ဝိုင်းဝန်းရေးသားကြတာဖြစ်ပေမယ့် ပြည်တွင်းကစာတွေ ပါသင့်သလောက်ပါတာ မတွေ့ရဘဲ ဖြစ်နေပါတယ်။ ဒါပေမဲ့ ပြည်တွင်းမှာ ဗိုလ်ချုပ်ကျော်ဇောနဲ့ သက်တူရွယ်တူတွေ လက်ကျန်မရှိတော့ တဲ့အပြင် သူ့တပည့်သားမြေးတွေတောင် ဇရာတန်း ရောက်ပြီး ရှားပါးကုန်ပါပြီ။ ထီးထီးယားယား ဆိုလို့ရှိရင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နာယကကြီး ဗိုလ်ချုပ်တင်ဦးနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်တို့လို ပုဂ္ဂိုလ်များပဲ ကျန်ပါတော့တယ်။ သူတို့ရဲ့ ရေးသားချက်တွေနဲ့ ဗိုလ်ချုပ်ကျော်ဇောအမှတ်တရ အတွဲ (၂) ထုတ်နိုင်ဖို့။ သူနဲ့အတူ ဒီတိုက်ပွဲမှာ ပါဝင်ဆင်နွှဲခဲ့တဲ့ သူ့တပ်သားဟောင်း ဗိုလ်ချုပ်တင်ဦးကလည်း ပြည်ပအသံလွှင့်ဌာနတွေက တွေ့ဆုံမေးမြန်းခန်း တွေမှာ ထုတ်ဖော်ပြောထားကြောင်းတွေကိုလည်း ဒီစာအုပ် ဗိုလ်ချုပ်ကျော်ဇောအမှတ်တရ အတွဲ(၁) မှာ ဖတ်နေရပါတယ်။

ဒီစာအုပ်မှာ စကားလုံးတလုံးက စိတ်မကောင်းစရာဖြစ်နေမိပါတယ်။ “ကိုယ်ထောင်ခဲ့တဲ့ တပ်မတော်ကို ကိုယ်ပြန်တိုက်ခဲ့ရတယ်” ဆိုတဲ့ စကားပါ။ ဗိုလ်ချုပ်ကျော်ဇောဟာ တောခိုသွားပြီး ကွန်မြူနစ်ပါတီရဲ့ တာဝန်ပေးချက်အရ ကွန်မြူနစ်ပါတီရဲ့ ဗဟိုစခန်းမှာ စစ်ရေးတာဝန်ခံ ဗိုလ်ချုပ်အဖြစ်နဲ့ ဗမာ့တပ်မတော်ကို ပြန်တိုက်ခဲ့ရပါတယ်။ မှန်ပါတယ်။ “စကားလုံး”အရ ဝမ်းနည်းဖွယ်ဖြစ်ပေမယ့် တကယ်တိုက်ရတာ ဟာ ဗိုလ်ချုပ်ကျော်ဇောတို့ တည်ထောင်ခဲ့တဲ့ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးတပ်မတော်က မရှိတော့ပါ။ ဗိုလ်နေဝင်းရဲ့ လက်ကိုင်တုတ်တပ် မတော်ဖြစ်နေပါပြီ။ ပြည်သူတွေကို ဖိနှိပ်ကျွန်ပြုနေတဲ့ နေဝင်းတပ်ကို တိုက်ရတာဖြစ်လို့ ဝမ်းနည်းဖွယ်မဟုတ်ဘဲ၊ ဂုဏ်ယူဖွယ်ဖြစ် ပါတယ်။ ဗိုလ်ချုပ်ကျော်ဇော စိတ်မကောင်းဖြစ်ရတာက သူတို့တတွေ နယ်ချဲ့အောက်နဲ့ ဖက်ဆစ်အောက်က ကယ်ထုတ်ခဲ့ရတဲ့ ဗမာပြည် သူတွေကို စစ်အာဏာရှင်လက်အောက်က အပြီးအပိုင် ကယ်ထုတ်ပြီး ပြည်သူတွေကို ဆင်းရဲတွင်းဘဝက အပြီးအပိုင် ဆွဲထုတ် ကယ်တင်ခြင်းမပြုနိုင်တာပါပဲလို့ တဖွဖွပြောဆိုရင်းကပဲ အသက် ၉၃ နှစ်အရွယ် ဇရာရဲ့ မရဏတရားရဲ့ ခေါ်ဆောင်ရာကို လိုက်ပါသွားခဲ့ ရရှာပါတယ်။

နောက်ဆုံးပြည်သူတွေရဲ့ ဆန္ဒ၊ ပြည်သူတွေရဲ့ အသံကို ကိုယ်စားပြုတယ်လို့ ဆိုနိုင်တဲ့ စာတွေစကားတွေကိုလည်း ဒီအတွဲမှာ ဖော်ပြသွားတာကိုလည်း သတိပြုမိလိုက်ပါတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ လက်ရုန်းတပည့် ဗိုလ်ချုပ်ကျော်ဇောရဲ့အရိုးအိုးကို တရုတ်ပြည်က ဆောင်ယူခဲ့ပြီး ဗမာပြည်မှာ ရွှေတိဂုန်ဘုရားရဲ့ ခြေတော်ရင်းရှိ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ဂူဗိမာန်ဘေးမှာ မြန်မာ နိုင်ငံတော်ရဲ့ လွတ်လပ်ရေးတိုက်ပွဲ၊ စစ်အာဏာရှင် တွန်းလှန်ရေးတိုက်ပွဲတွေရဲ့ ခေါင်းဆောင်၊ မတရားမှုဆန့်ကျင်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးသမား စစ်ဗိုလ်ချုပ်ကြီးရဲ့ ဂူဗိမာန်ကို ထားရှိရေးဖြစ်ပါတယ်။ ဒီဆန္ဒကိုလည်း တိုင်းပြည်အခြေအနေ တည်ငြိမ် အေးချမ်း တဲ့ကာလမှာ အကောင်အထည်ဖော်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ရပါကြောင်း။

မောင်စွမ်းရည်

(ဗိုလ်ကျော်ဇောရဲ့ ငြိမ်းချမ်းရေးတပ်သားတဦး) ခေတ္တ၊ နယူးယောက် ၂၀၁၉၊ သြဂုတ် ၂၅၊ တနင်္ဂနွေ။