Breaking News

မြင့်ကျော် - ရပ်ကွက်နှင့် မြို့ပြယဉ်ကျေးမှု


မြင့်ကျော် - ရပ်ကွက်နှင့် မြို့ပြယဉ်ကျေးမှု

(မိုးမခ) အောက်တိုဘာ ၁၅၊ ၂၀၁၉

ရန်ကုန်မြို့ တမြို့ထဲမှာပင် နေထိုင်သည့်မြို့နယ် အပေါ်မူတည်၍ လူနေမှုပုံစံ ဆက်ဆံရေး ပုံစံများ မတူညီကြ
ဗိုလ်တထောင်မြို့နယ် ၄၃ လမ်းထိပ်တွင် ၄ နှစ်နီးပါးနေထိုင်ခဲ့သော်လည်း မျက်နှာချင်းဆိုင်အခန်း ၊ အောက်ထပ် စသည့်အခန်းတချို့နှင့် လှေခါးတွင်တွေ့လျင် ပြုံးပြယုံထက်ပိုလွန်သော ရင်းနှီးမှု မရှိခဲ့။ အနီးအနားက ကလေးရှိသည့် မိသားစု တစုနှင့်သာ အနည်းငယ်ပိုရင်းနှီးသည့် ဆက်ဆံရေး ရှိသည်ဟု ဆိုရမည်။ ပတ်ဝန်းကျင်အခန်းများကလည်း ယင်းသို့ ဆက်ဆံရေး အနေအထားမျိုးဖြင့် အသားကျေနေဟန်ရှိသည်။ စည်းကို သူ့ဘက်မှလည်း စကျော်ခြင်းမရှိ သလို မိမိတို့ဘက်မှလည်း ကျော်လွန်ကာ ရင်းနှီးအောင် မရောက်ခဲ့ကြ။

အမြို့မြို့အနယ်နယ်ကလာရောက်အခြေချကြသူများ သို့မဟုတ် ရန်ကုန်မြို့တော်ရဲ့ မြို့နယ်တမြို့နယ်မှ တမြို့နယ် ပြောင်းရွှေ့နေထိုင်သူတွေရဲ့ ရန်ကုန်ရဲ့ လူနေမှုပုံစံက ယခုမြို့လယ် မြို့နယ်တွေက နေထိုင်မှုပုံစံမျိုးဖြစ်မည်ဟု ယူဆမိသည်။

မကြာမီက တောင်ဥက္ကလာသို့ ပြောင်းရွှေ့နေတော့ မြို့လယ်က လူနေမှု ပုံစံနှင့် မတူကွာခြားသည်ကို သတိပြုမိသည်။ ဒီလမ်းထဲမှာ နေထိုင်သူတွေက တယောက်နှင့် တယောက် သိနေကြသူတွေ ဆယ်စုနှစ်များစွာ အတွင်း နေထိုင်သူတွေအများကြီး ပြောင်းလဲမသွားသည့်သဘောဖြစ်မည်ထင်တယ်။ တိုက်ခန်းထက် မြေကွက်တွင် အိမ်ဆောက်နေသူတွေ များနေသေးခြင်းက အကြောင်းရင်းဖြစ်မည်ထင်သည်။ ပြောင်းလာလိုက် ပြန်ထွက်သွားလိုက် နေထိုင်မှုမျိုးထက် အခြေချ နေထိုင်သူတွေ၊ တောင်ဥက္ကလာမြို့တည်သည့် ကာလကတည်းက နေထိုင်ခဲ့ကြသည့် မျိုးဆက်တွေများသည့် သဘောဖြစ်မည်ထင်ပါသည်။
လမ်းထဲ ဘယ်အိမ်ပြောင်းလာသည် ဘယ်အခန်းက မိသားစု ဘယ်နှဦးရှိသည်ဆိုသည့် အထိသတိပြုမိ သိရှိကြသည်။ ရပ်ကွက် နေထိုင်မှုပုံစံ ဆန်သည်ဟု ဆိုရမည်ထင်သည်။ လမ်းသွယ်ထဲတွင်လည်း မြို့လယ် လမ်းတွေလို ဥဒဟို ဝင်ထွက်နေကြသည့် သဘာဝမျိုးမဟုတ် လမ်းထဲနေသူ သို့မဟုတ် စျေးရောင်းသူတွေ အနီးအနားနေသူက လမ်းကိုဖြတ်ကာ လမ်းမကြီးဘက် သွားကြသူမျိုးသာ ရှိသည့် အနေအထားမျိုး၊
ယခု တောင်ဥက္ကလာက မြို့ထဲနှင့် နှိုင်းယှဉ်လျင် တိတ်ဆိတ်သည် ၊ ကားသံ ဆူညံသံတွေ သိသိသာသာ လျော့နည်းသည်။ လေက မြို့ထဲလောက် မပူဟု ခံစားရသည်။ နဘေးတိုက်တွေ ကပ်လျက်မရှိသဖြင့် လေဝင်လေထွက်ကောင်းသည် ၊ အလင်းရောင် လုံလုံလောက်လောက်ရသည်။ နံနက်ခင်းကို ရောင်နီလာသည့်အချိန်မှစ၍ မြင်ရပြီးအလင်းရောင်နှင့် အိပ်ယာမှ နိုးထရသည့် ပတ်ဝန်းကျင်မျိုး ခံစားရသည်။
မြို့ထဲဆိုလျင်တော့ တိုက်များဘေးချင်းယှဉ်လျက် နေသည်က အများစုဖြစ်၍ အလင်းရောင်ကို နံနက်ခင်းမြင်ရလျင် ညနေ မမြင်ရ၊ ညနေ နေရောင်မြင်ရလျင် နံနက်ခင်းမမြင်ရသည့် ပတ်ဝန်းကျင်ပင်။