Breaking News

မောင်လူရေး - သမတအိပ်မက် ဂဂျောက်ဂဂျက်


မောင်လူရေး - သမတအိပ်မက် ဂဂျောက်ဂဂျက်

(မိုးမခ) ဇန်နဝါရီ ၁၈၊ ၂၀၂၀

လူတိုင်း ထီပေါက်နိုင်သလိုမျိုး လူတိုင်း သမတဖြစ်နိုင်အောင် လုပ်ထားရင် ကောင်းမယ်။ ဘာ့ကြောင့်ဆို သမတဖြစ်ရင်ဆိုတာက ထီပေါက်ရင်ဆိုပြီး စိတ်ကူးယဥ်ရတာထက် အဆတသိန်း ပိုမိုက်တယ်လေ။ ခြေဥပြင်မယ့်သူတွေ အာ့လေး ထည့် စဥ်းစားပေးထားကြအုံးနော်။
ကဲ ဟုတ်ပါပြီ၊ သမတဖြစ်ရင် ဘာလုပ်မလဲ။ ဗျိုင်းနားမင်္ဂလာဇာတ်လမ်းထဲက လူလို ငါ့သာ ဗျိုင်းကြီး လာနားလို့ကတော့ အမတ်ကို ဖိနပ်ကိုင်လုပ်ခိုင်း၊ ဖိနပ်ကိုင်ကို အမတ်လုပ်ခိုင်း။ တပ်သားကို ဗိုလ်ချုပ်မှူးကြီးခန့်၊ ဗိုလ်ချုပ်မှူးကြီးကို တပ်သားခန့်။ ဆရာကို တပည့်၊ တပည့်ကို ဆရာ။ သူဌေးကို အိမ်ဖော်၊ အိမ်ဖော်ကို သူဌေးလုပ်ဆိုတာမျိုးလောက်ထိတော့ စိတ်ကူးမယဉ်ဝံ့ပါဘူး။ 

လူတန်းစားအသိ မျှခြေရှိသွားအောင် လုပ်တဲ့စနစ်ထဲမှာတော့ သူ့နည်းထက် ကောင်းတာ မပေါ်သေးဘူးဆိုရမယ်။ သူ့စနစ်က လူတယောက်က နေရာစုံမှာ နေဘူးသွားပြီး ဘယ်နေရာမှာ ဘာခံစားချက်ရှိတယ်ဆိုတာ သမတသုံးဆက်လောက် ပြောင်းရင် ကောင်းကောင်းသိသွားစေမယ့်စနစ်လေ။ အဲဒီတုန်းက သမတရွေးတာက တကယ့် တရားမျှတမှုနော်၊ အတုယူသင့်တယ်။ နိုင်ငံ့ဘဏ္ဌာလဲ မကုန်၊ ဘယ်ကျောင်းဆရာမှလည်း အိပ်ရေးမပျက်၊ ဘယ်သူ့ အလုပ်မှလဲ မထိခိုက်၊ သိပ်မိုက်။ သူတို့ဆီမှာ မင်းလောင်းရှာတဲ့ ဗျိုင်းကြီး ရှိတယ်။ သမတတဦး ကောင်းကင်နန်း မြန်းသွားရင် အဲ့ ဗျိုင်းကြီး လွှတ်လိုက်တာဘဲ။ ဗျိုင်းနားတဲ့သူ သမတပေါ့။ အာ့မှာ တောထဲ သစ်ခုတ်သွားတဲ့ကောင်လဲ သမတအဖြစ် စိတ်ကူးယဉ်လို့ ရသွားတယ်။ ဒီခေတ် တန်းတူ အခွင့်အရေး ဆိုတာလောက်တော့ လစ်စမ်း။
ကဲ ထားပါ၊ သင့်ပခုံးပေါ် ဗျိုင်းကြီး လာနားပြီဆိုပါတော့၊ သင် ဘာ လုပ်မလဲ။ စဉ်းစားထား။ ခု ခြေဥက ပြင်တော့မှာ၊ လက်နှစ်လုံးလောက်ဘဲ လိုတော့တယ်။ လူတိုင်း သမတဖြစ်နိုင်တဲ့ အခွင့်အလမ်း မပေါ်လာဘူးလို့ မပြောနိုင်ဘူး။ အဲ ကျုပ် ဘာလုပ်မလဲဆိုတာလဲ ပြောပြမယ်လေ။
ပထမဆုံးကတော့ အရွယ်မရောက်သေးသူတွေ၊ အရွယ်မရောက်သူဆိုတာ အခြေခံပညာ မပြီးသေးသူတွေပေါ့။ သူတို့ကို ဘာသာရေး သင်နေတာတွေ အကုန် ရပ်လိုက်မယ်။ ကလေးတိုင်း အခြေခံပညာ မသင် မနေရ။ အခြေခံပညာ မပြီးမချင်း ဘာသာရေး မသင်ရ။ နိုင်ငံတော်က အကုန် အဆင်ပြေအောင် လုပ်ပေးရမယ်။ အရည်အသွေးတူညီတဲ့ကျောင်းတွေ ဖန်တည်းရမယ်။ အဲဒီမှာ မိခင်ဘာသာစကားအပြင် ကမ္ဘာကြီးမှာ အသုံးဝင်တဲ့ ဥပမာ အင်္ဂလိပ် တရုတ်ဘာသာစကားနှစ်ခု ကောင်းကောင်းတတ်ကျွမ်းသွားစေရမယ်။ အနည်းဆုံး တူရိယာတခု တီးမှုတ်တတ်ရမယ်။ ပန်းချီ ပန်းပု တခုခုလဲ ရရမယ်။ အားကစားတခုခုလဲ ရ ရမယ်လေ။ စိုက်ပျိုးရေးလဲ ပါရမယ်။ အခြေခံပညာ ပြီးတာနဲ့ အသက်မွေးပြီး ဝမ်းကျောင်းရတော့မယ်လေ။ 

မတတ်ကျွမ်းတဲ့ဆရာတွေ အရင်ဖြုတ်၊ တတ် ကျွမ်းသူတွေ ခန့်ရမယ်။ ဘာသာရေးတွေထဲက တကယ့်ရှောင်ရန်တွေကို ဥပဒေပြုရမယ်။ ဆောင်ရန်တွေကို နီတိအဖြစ် သင်ပြီး ကျင့်သုံးရမယ်။ ဘာသာရေးဟာ တဦး တယောက် တဖွဲ့ တအုပ်စုပိုင်မဟုတ်။ လူအားလုံးအတွက် ပေါ်လာတာလို့ ဆိုကြတာချည်းဘဲလေ။ ဘာသာရေးဟာ နက်နဲတဲ့ဟာ။ ကလေးဘဝ ဘယ်လိုလုပ် နားလည်မလဲ။ ဘူးဒုဘားဒါး သင်ယူရမည့်ဟာ မဖြစ်သင့်။ ဘာသာရပ်ကြီးတခုဖြစ်တဲ့အတွက် အခြေခံပညာသင်ပြီးမှ ဘာသာရေးကို သီးသန့်လေ့လာလိုက်စားရမယ့်ဟာလို့ သတ်မှတ်တယ်။ အဲလို စဉ်းစားနိုင် မေးခွန်းထုတ်နိုင် ဆွေးနွေးနိုင်တဲ့ အခြေခံပညာရှိပြီးမှ သင်ချင်ရင် ဘာသာရေးသင်ပေးတဲ့ဆီသွား၊ တက္ကသိုလ်တွေမှာလဲ ပြဌာန်း၊ ကြိုက်ရာ ဘာသာ ကြိုက်သလို လေ့လာ။ 

အခြေခံပညာက နိုင်ငံသားတယောက်အဖို့ ကနဦး တတ်ရမယ့်တာဝန်။ အဲဒါတတ်ပြီးရင် ဘာသာရေးက ကိုယ့်အသိဉာဏ်နဲ့ကိုယ် လေ့လာဆည်းပူး လက်ခံကျင့်သုံးရမယ့် ပုဂ္ဂလိကကိစ္စ။ ဘာသာပေါင်းစုံ ကြိုက်ရာလေ့လာ။ 

အရေးကြီးတာ မေ့တော့မလို့။ 

ရဲနဲ့ တပ်မတော်မှာလဲ အခြေခံပညာ မပြီးဆုံးတဲ့သူ မဝင်ရ၊ လက်မခံရ။ သူတို့က ပိုတတ်ဖို့ လိုတဲ့သူတွေ။ ဗိုလ်လုပ်မယ့်သူကတော့ ဘွဲ့ပါ ရရမယ်။ အဲဒီပညာရေးကို နိုင်ငံသားတိုင်း တက်နိုင်အောင် လိုအပ်တာအကုန် အစိုးရက စီစဉ်ပေးရမယ်။ ငွေကြေးအကုန်အကျများတဲ့ စစ်စရိတ်တွေ လျော့ပြီး ပညာရေးမှာ အရည်အသွေး တပြေးညီ တည်ဆောက်ဖို့ နှစ် ၇၀ကျော် မျိုးဆက် ၄ဆက်စာ တိုက်လာတဲ့ ပြည်တွင်းစစ်ကို မျိုးဆက်၁ ဆက်စာ နှစ် ၂၀ နားရမယ်။ တိုက်ချင်ရင် ဗိုလ်ချုပ်ချင်းဘဲ တိုက်။ ဒီကြားထဲ နှစ်ဖက်တပ်တွေ ထွက်လိုသူထွက်၊ မထွက်ရင် ပညာသင်ရမယ်။ အလုပ် လုပ်ရမယ်။ ဖြုန်းထား ဖျက်ထားတာတွေ ကာမိဖို့ မဟုတ်ပါဘူး၊ သူတို့ အပြင်ထွက် ရပ်တည်ချင်ရင် ရပ်တည်လို့ရအောင်ရယ်၊ ကာကွယ်ရေးအရည်အသွေး မြင့်မားအောင်ရယ်ပေါ့။

မောင်လူရေး