Breaking News

အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးပြီးဆုံး၊ မူ ၅ ချက် ဆက်လက်ကိုင်စွဲပြီး အကြမ်းဖက်မှုတွေ အမြန်ဆုံးရပ်တန့်ဖို့ တိုက်တွန်း


မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၁၃ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၁၄၊ ၂၀၂၃


အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးပြီးဆုံး၊ မူ ၅ ချက် ဆက်လက်ကိုင်စွဲပြီး အကြမ်းဖက်မှုတွေ အမြန်ဆုံးရပ်တန့်ဖို့ တိုက်တွန်း

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာကျင်းပခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးပြီးဆုံးသွားပြီး ထုံးစံအတိုင်းလို့ဆိုနိုင်တဲ့ အာဆီယံ သဘောတူညီမှု အချက် ၅ ချက်ကို ဆက်လက်ကိုင်စွဲထားပြီး မြန်မာနိုင်ငံမှာ လေကြောင်းတိုက်ခိုက်မှုအပါအဝင် အကြမ်းဖက်မှုတွေ အမြန်ဆုံးရပ်တန့်ဖို့ တိုက်တွန်းလိုက်ကြောင်း အစည်းအဝေးအပြီး ထုတ်ပြန်ချက်မှာ ပါရှိတယ်လို့ သတင်းတွေမှာ ဖေါ်ပြကြပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှုကိုလည်း တိုးတက်မှု တရပ်အဖြစ် မြင်ကြောင်းလည်း ပါရှိတယ်ဆိုပါတယ်။ နှစ်နှစ်ကျော်လာပြီဖြစ်တဲ့ အာဆီယံ သဘောတူညီမှု မူ ၅ ချက်ကို အကောင်အထည်ဖေါ်ဆောင်ဖို့ ပျက်ကွက်နေခြင်းကြောင့် စစ်ကောင်စီအစိုးရရဲ့ နိုင်ငံရေး ရာထူးရှိသူတွေကို တက်ရောက်ခွင့်မပေးပဲ ချန်လှပ်ထားတာလည်း ၂ နှစ်ပြည့်လာချိန်မှာ အာဆီယံ သဘောတူညီမှု မူ ၅ ချက်ကို ဆက်လက်ကိုင်စွဲထားမယ်လို့ အာဆီယံအဖွဲ့ကြီးက ကြေညာလိုက်တာ ဖြစ်ပါတယ်။ 

အာဆီယံသဘောတူညီမှု မူ ၅ ချက်မှာ ၁ အချက်ဖြစ်တဲ့ အကြမ်းဖက်မှုတွေ ချက်ခြင်းရပ်တန့်ဖို့ ဆိုတဲ့ မူက ယေဘုယျ သဘောဆောင်ပြီး မူအရ အငြင်းပွားစရာ မရှိပေမယ့် ဘယ်လိုလုပ်ဆောင်မလဲ၊ အကြမ်းဖက်မှုတွေလို့ ဆိုလိုတာက လက်နက်ကိုင် စစ်တိုက်တာကို ဆိုလိုတာလား၊ အရပ်သားတွေ အပေါ် သတ်ဖြတ်မှုတွေကို ဆိုလိုတာလား၊ လက်နက်ကိုင် တိုက်ခိုက်မှုတွေနဲ့ ဘယ်လိုမှ ပတ်သက်ခြင်းမရှိတဲ့ သာမန် အရပ်သားတွေအပေါ် ကျူးလွန်တဲ့ ကျူးလွန်မှုတွေကို ဆိုလိုတာလား ဆိုတာ ရှင်းလင်းတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်မျိုး မပါဝင်တာလည်း တွေ့ရမှာဖြစ်ပါတယ်။ ဘယ်အဖွဲ့အစည်းတွေက ကျူးလွန်တဲ့ အကြမ်းဖက်မှုဆိုတာမျိုး မညွှန်းဆိုထားဘဲ မူဝါဒ သဘောဆန်တဲ့ ယေဘုယျဆန်တဲ့ စကားလုံးနဲ့ ထည့်သွင်းရေးဆွဲထားခြင်းကလည်း တိကျတဲ့ ရည်ညွှန်းချက်မပါဘဲ တာဝန်ခံစရာမလိုတဲ့ အခြေအနေမျိုး ဖြစ်စေတယ်လို့ ထင်မြင်ပါတယ်။ 

ဒုတိယမူ ဖြစ်တဲ့ ငြိမ်းချမ်းတဲ့ အဖြေတခုရအောင် သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေအားလုံး ဆွေးနွေးဖို့ ဆိုတဲ့ အချက်ကလည်း ရည်မှန်းချက်ကို ညွှန်းဆိုတဲ့သဘောဖြစ်ပြီး နည်းလမ်းနဲ့ သက်ဆိုင်သူအားလုံး ဆိုတဲ့ ယေဘုယျဆန်တဲ့ စကားလုံးက တိတိကျကျ ဘယ်သူ၊ ဘယ်အဖွဲ့တွေ ပါဝင် လုပ်ဆောင်ရမယ်ဆိုတာမျိုး မပါရှိတဲ့ သဘောလည်း ဖြစ်ပါတယ်။ တတိယ မူဖြစ်တဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်ဖို့က ပဋိပက္ခ အကြပ်အတည်း ပြေလည်ရေး ဆိုတာထက် ပဋိပက္ခကြောင့် ဒုက္ခရောက်ရသူတွေ ဓါးစားခံသဖွယ် ဖြစ်နေတဲ့အခြေအနေမျိုးက လွတ်မြောက်ဖို့ ထည့်သွင်းထားတာလို့ နားလည်ရပြီး ဒီလို လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စရပ်တွေမှာလည်း လက်နက်ကိုင် ပဋိပက္ခရဲ့ အကျိုးဆက်ဖြစ်တဲ့ ဒေသခံလူထုကိုပါ လက်နက်ကိုင် ပဋိပက္ခထဲ ဆွဲသွင်းပြီး ဓါးစားခံသဖွယ် လုပ်ဆောင်တာ၊ ရိက္ခာ၊ ဆေးဝါး ပိတ်ဆို့တာ၊ ဖြတ်တောက်တာတွေ မလုပ်ဖို့ တိတိပပ ဖွင့်ဆိုထားတာမျိုး မပါရှိခြင်းက အားနည်းချက် ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ 

နောက်ဆုံး ၂ ချက်ဖြစ်တဲ့ အာဆီယံ အထူးကိုယ်စားလှယ် တာဝန်ပေးဖို့ နဲ့ အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံကို လာရောက်ပြီး ကြားဝင်ဖြေရှင်းဖို့ ဆိုတဲ့ အချက်တွေက မူဝါဒဆိုတာထက် လုပ်ငန်းလမ်းညွှန် သဘောမျိုးသာဖြစ်ပြီး ခန့်အပ်တာဝန်ပေးခြင်းက အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူတဲ့ သက်ဆိုင်ရာနိုင်ငံနဲ့ ကျန်အဖွဲ့ဝင် နိုင်ငံတွေရဲ့ ပူးပေါင်းကူညီမှုနဲ့ မြန်မာနိုင်ငံကို စေလွှတ်ပြီး ကြားဝင်ဆောင်ရွက်ဖို့ကတော့ စစ်ကောင်စီရဲ့ ပူးပေါင်းဆောင်ရွက်မှုအပေါ် မူတည်တာလည်း ဖြစ်ပါတယ်။ 

ဒီဘဘောတူညီမှု မူ ၅ ချက်ကို စစ်ကောင်စီ ခေါင်းဆောင်က လွယ်လွယ်ကူကူ ခေါင်းညိတ်ခဲ့သလို အာဆီယံအဖွဲ့ကြီးကလည်း လအနည်းငယ် အတွင်း သဘောတူညီမှု မူ ၅ ချက်ထဲက အချို့အချက်အလက်တွေကို အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြတာ ဖြစ်ပါလိမ့်မယ်။ သို့ပေမယ့် မူ ၅ ချက် သဘောတူကြတဲ့ ၂၀၂၁ ခုနှစ် ဧပြီလမှာ မြန်မာနိုင်ငံနိုင်ငံရေး အကျပ်အတည်းက အစပိုင်းသာရှိနေသေးပြီး လက်နက်ကိုင် ပဋိပက္ခတွေ ပိုမိုပြင်းထန် ကျယ်ပြန့်တဲ့ အဆင့်ကိုရောက်ဖို့ အင်အားစုဆောင်း ပြင်ဆင်နေချိန်ကာလသာ ဖြစ်ပါတယ်။ အဲဒီနောက် လအနည်းငယ်အကြာမှာ စပြီးပြင်းထန်လာတာ ၊ အကြမ်းဖက်မှုတွေ ပိုမိုများပြားလာတာ၊ လက်နက်ကိုင် ပဋိပက္ခဧရိယာ ပိုကျယ်ပြန့်လာတာတွေကြောင့် မူ ၅ ချက်ကို အကောင်အထည်ဖော်နိုင်ဖို့က ပိုဝေးကွာသွားတာလည်း ဖြစ်ပါတယ်။ 

၂ နှစ်နဲ့ ၃ လ ခန့်ကြာလာတဲ့ အချိန်အထိ အာဆီယံမူ ၅ ချက်ကို အာဆီယံက ကိုင်စွဲထားဆဲ ဖြစ်သလို၊ အာဆီယံအဖွဲ့ဝင် အချို့က မြန်မာနိုင်ငံကို အာဆီယံထဲက ထုတ်ပစ်တဲ့အထိ အရေးယူစေချင်ကြတာ ရှိနေသလို အာဆီယံအနေနဲ့ လုပ်ဆောင်နိုင်သလောက် လုပ်ဆောင်နေပြီး ကျန်တာကတော့ ကာယကံရှင် ဖြစ်တဲ့ မြန်မာနိုင်ငံထဲက အင်အားစုတွေရဲ့ ပါဝင်လုပ်ဆောင်မှု၊ သဘောထား အပေါ်သာမူတည်ကြောင်း ယူဆကြတဲ့ အာဆီယံနိုင်ငံအချို့ ခေါင်းဆောင်အချို့လည်း ရှိတာကို ပြောဆိုချက်တွေကို လေ့လာကြည့်ရင် သိနိုင်တာဖြစ်ပါတယ်။ 

အာဆီယံအဖွဲ့မှာ တနိုင်ငံရဲ့ ပြည်တွင်းရေးမှာ အခြားအာဆီယံ နိုင်ငံတနိုင်ငံက ဖြစ်စေ၊ အာဆီယံအဖွဲ့အနေနဲ့  ဖြစ်စေ မစွက်ဖက်ရေးမူ ချမှတ်ထားတာလည်း ရှိပြီး တဖက်မှာလည်း မြန်မာ့အရေးက အာဆီယံအဖွဲ့ရဲ့ ဂုဏ်သတင်းကို ထိခိုက်စေရုံသာမက၊ အာဆီယံအဖွဲ့ဝင် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံလိုမျိုးကို တိုက်ရိုက် သက်ရောက်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။ ဒီ ရှုထောင့် ၂ ခုအကြားမှာ အာဆီယံက ဘယ်လောက်ထိ ထဲထဲဝင်ဝင် ပါဝင် သင့်သလဲဆိုတာကို ချင့်ချိန်ရမှာ ဖြစ်ပါတယ်။ NUG နဲ့ အချို့သော မြန်မာနိုင်ငံက တက်ကြွလှုပ်ရှားသူတွေကတော့ အာဆီယံမူ ၅ ချက်ဟာ ခေတ်မမီတော့တဲ့မူ ဖြစ်နေပြီး စစ်ကောင်စီဘက်က ဘာမှ ပူးပေါင်းဆောင်ရွက်မှုမရှိရင် အာဆီယံအနေနဲ့ ဒိထက် ပိုမိုပြင်းထန်တဲ့ အရေးယူမှုမျိုး လုပ်ဆောင်စေချင်ကြတာ ဖြစ်ပါတယ်။ စစ်ကောင်စီနဲ့ ထိတွေ့ ဆက်ဆံဆွေးနွေးတာထက် စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုတွေ ဖြစ်တဲ့ NUG ၊ CRPH၊ ERO’s တွေနဲ့ ထိတွေ့ တွေ့ဆုံမှု များများလုပ်ဖို့ မူငါးချက်ကို စွန့်လွှတ်လိုက်ပြီး လက်တွေ့ကျတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ တိုက်တွန်းပြောဆိုနေတာလည်း သတိပြုမိပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar