Breaking News

မောင်စွမ်းရည် - ကာနယ်ချစ်ကောင်း ရာပြည့်



မောင်စွမ်းရည် - ကာနယ်ချစ်ကောင်း ရာပြည့်

(မိုးမခ) ဇွန် ၂၄၊ ၂၀၂၀

‘ရာပြည့်ပွဲ’ ဆိုတာ မန်းရာပြည့်ကစပြီး ကြားဖူးလာခဲ့တာပါ။ ဦးလေး လူထုဦးလှနဲ့ ဆရာတော်ဦးသောဘိတ (ရွှေကိုင်းသား) စိတ်ကူးနဲ့ ဖော်ထုတ် ကျင်းပခဲ့တဲ့ ရာပြည့်ပွဲလို့ပဲ ကျွန်တော် မှတ်သားမိပါတယ်။ မန်းရာပြည့် ဆိုတာကို တွက်ချက် တွေ့ရှိ သတိထားမိသူကတော့ ဆရာတော် ရွှေကိုင်းသား သမိုင်းသုတေသီပဲ ဖြစ်မှာပေါ့။ ကျွန်တော် သတိထားမိတာက အဲဒီမန်းရာပြည့်ကစပြီး ရာပြည့်ပွဲတွေ နှစ်စဉ်မပြတ်ဆိုသလို သမိုင်းစဉ် ဖော်ထုတ် ကျင်းပတဲ့ အစဉ်အလာကောင်း ပေါ်ထွန်းစွဲမြဲလာခဲ့တယ် ဆိုတာပါပဲ။

ကာနယ်ချစ်ကောင်း ရာပြည့် လုပ်ရင်တော့ ၂၀၂၀ ထဲမှာ ဖြစ်မယ် ထင်ပါတယ်။

စပ်မိလို့ ပြောရရင် ဒီ ရာပြည့်အစဉ်အလာကို မြန်မာစစ်ဗိုလ်ချုပ်တွေက သိပ်ပြီးသဘောတွေ့ဟန် မရှိပေဘူး။ ကြည့်လေ… ‘မှိုင်းရာပြည့်’ လုပ်တော့ ကဖျက်ယဖျက် လုပ်တာ၊ ရာဇဝင်ကို တွင်ရော မဟုတ်လား။ ‘ကာနယ်ချစ်ကောင်း ရာပြည့်’ ဆိုလည်း သူတို့ ဘယ်ကြိုက်မလဲ။ မနာလိုဝန်တိုတာပါပဲ။ သူတို့မှာ အစဉ်အလာကောင်းမှ မရှိဘဲ။ တပ်မတော် တည်ထောင်တာ ရာပြည့်ပွဲကတော့ ၁၉၄၁ ဒီဇင်ဘာ ၂၆ ပါ။ ထိုင်းနိုင်ငံမှာ ဘီအိုင်အေကို စနစ်တကျ တရားဝင် ဖွဲ့စည်းတဲ့နေ့ပေါ့။ မတ် ၂၇ ရက်က တော်လှန်ရေးနေ့။ ပြည်သူ့တော်လှန်ရေးနေ့။ ပြည်သူတရပ်လုံး ပါဝင်တဲ့နေ့ပါ။ ခုတော့ ပြည်သူနေ့ကို စစ်တပ်နေ့အဖြစ် မဟားတရား လုပ်ထားလေရဲ့။

အဲဒီ ‘တော်လှန်ရေး’မှာ ‘ကာနယ်ချစ်ကောင်း’ စွန့်စားပါဝင်ခဲ့ပါတယ်။ အားလုံး ကြားဖူး၊ နာဖူး၊ မှတ်သားဖူးကြ ပါတယ်။ အိန္ဒိယပြည်ကို စစ်ပညာသွားသင်တဲ့ ‘လေထီးတပ်သား’တွေဆိုတာ။ အသွားတော့ မြေပြင်က ခြေကျင်သွားကြရတာ များပါတယ်။ အပြန်မှာတော့ လေယာဉ်နဲ့ပြန်လာပြီး လေထီးနဲ့ ဆင်းခဲ့ကြရလို့ လေထီး တပ်သားတွေရယ်လို့ ကျော်ကြားခဲ့တာ မဟုတ်လား။ ဒီတပ်သားတွေကို အဓိက စီစဉ်ပြီး ရွေးချယ်ဖို့ လွှတ်သူ တွေက ကွန်မြူနစ်ပါတီက ခေါင်းဆောင်တွေပါ။ သွားကြရတဲ့ လူငယ် လေထီးသင်တန်းသားတွေကလည်း ကွန်မြူနစ်ပါတီက ကွန်မြူနစ် သဘောတရားနဲ့ ဖက်ဆစ်တော်လှန်ရေး သဘောတရားကို သင်ထားပေးတဲ့ ရဲဘော်ကေဒါတေွ များပါတယ်။ ဗမာပြည်ထဲမှာ သင်တန်းသားမပေးလိုက်ရရင်တောင် အိန္ဒိယပြည် ရောက်တော့ သခင်သိန်းဖေ(နောင်- သိန်းဖေမြင့်)က ဆီးကြိုပြီး သဘောတရားသင်တန်း ပေးပါတယ်။

အဲဒီလို အိန္ဒိယကို စစ်ပညာသင်သွားကြသူတွေဟာ ၈၀ ကျော်တယ်လို့တောင် ကြားရဖူးပါတယ်။ အရှေ့ဘက် ဂျပန်ကို စစ်ပညာသင်သွားကြတဲ့ ရဲဘော်သုံးကျိပ် သမိုင်းမှတ်တမ်းစာအုပ်တွေ အများကြီး ရှိပေမယ့် အနောက်ဘက်ကို သွားကြတဲ့ စစ်ပညာသင်သမိုင်းစာအုပ်ကိုတော့ စနစ်တကျ ရေးသားထားတာ မတွေ့ရဖူး သေးပါ။ ဗိုလ်နေဝင်း စစ်အစိုးရလက်ထက်တလျှောက်မှာ အနောက်ဘက် စစ်ပညာသင်တွေအကြောင်းကို စာအုပ်ထုတ်ရင် ပိတ်ပင်ခဲ့တာ များပါတယ်။ ကွန်မြူနစ်သမိုင်း ဖြစ်နေလို့ပါ။ ဗိုလ်နေဝင်းတို့ ဂျပန်ကို သွားကြတဲ့ စစ်ပညာသင်ဆိုတာက သခင်အဖွဲ့အစည်း နှစ်ဖွဲ့က သူတို့လက်သင့်ရာကို အရေးပေါ် ဆွဲခေါ်လွှတ်ရတာကိုး။ ပညာမတတ်သူတွေလည်း ပါရဲ့။ မြင်းသမား၊ ကမြင်းသမားတွေလည်း ပါရဲ့။ ဒါ့ကြောင့် လူမသန့်ဘူးပေါ့။ အိန္ဒိယကို စစ်ပညာသင်သွားကြသူတွေက လက်ရွေးစင် ပညာတတ် မျိုးချစ်လူငယ်လေးတွေ ဖြစ်ကြတဲ့အပြင် အများအားဖြင့် ဖက်ဆစ်တော်လှန်ရေး သဘောတရားကို သင်တန်းပေးလွှတ်လိုက်သူတွေပါ။

အနောက်ဘက် အိန္ဒိယကို စစ်ပညာသင်သွားကြသူတွေထဲမှာ နောင်အခါ သမ္မတဖြစ်လာတဲ့ မန်းဝင်းမောင်၊ နောင်အခါ ပါမောက္ခချုပ် ဖြစ်လာတဲ့ ဦးကျော်ရင်၊ နောင်အခါ ကိုကိုးကျွန်းပြန် ကွန်မြူနစ် ဖြစ်လာတဲ့ ဦးအုန်းမောင်၊ နောင်အခါ ကွန်မြူနစ်အဖြစ် သေဒဏ်ပေးခံရတဲ့ ဦးချစ်ကောင်း စသဖြင့် ပါဝင်ပါတယ်။ အမျိုးသမီးရဲဘော်မကတော့ တယောက်တည်းပါ။ ကျောက်ဆည်သူ မမြရီ တဲ့။ သူလည်း သဘောတရား သင်တန်းရော၊ လက်နက်သင်တန်းတွေရော တက်ရတယ်လို့ မှတ်သားဖူးပါတယ်။ ဒီအကြောင်းတွေကို ရေးဖူးတဲ့ စာအုပ်တွေထဲမှာ လူသိများတာကတော့ ဦးသိန်းဖေမြင့် ရေးတဲ့ ‘မဟာမိတ်နှင့် ဗမာတမန်’ ဆိုတဲ့ စာအုပ် ဖြစ်ပါတယ်။ တခြားလူတွေ ရေးကြတဲ့ စာအုပ်အနည်းအပါးထဲမှာ လေထီးတပ်သားဟောင်း ကာနယ်ချစ်ကောင်း ရေးတဲ့ ‘နှစ်ပေါင်း ၂၀ လွန်သော်’ ဆိုတဲ့စာအုပ်ဟာ ပြဇာတ်ဆန်သလိုရှိလို့ ဖတ်ရတာ စိတ်ဝင်စားဖွယ်ကောင်းပြီး လူသိများပါတယ်။

ကျွန်တော်ကလည်း ဒီစာအုပ်ကို ဖတ်ဖူးတာ နှစ်ပေါင်းနှစ်ဆယ် လွန်ခဲ့ပြီဆိုတော့ စာအုပ်နာမည်တောင် သိပ်ပြီး ရေရေရာရာ မှတ်မိတော့တာ မဟုတ်ပါဘူး။ အနောက်ဘက် စစ်ပညာသင်သွားကြတဲ့ မျိုးချစ်လူငယ် သူငယ်ချင်းနှစ်ဦးမှာ တဦးက သမ္မတဖြစ်သွားပြီး တဦးက သူပုန်အကျဉ်းသားအဖြစ်နဲ့ ကြိုးပေးခံရတဲ့ဘဝကို ရောက်သွားခဲ့ပုံလေးဟာ စိတ်ဝင်စားစရာကောင်းတဲ့အပြင် စိတ်ထိခိုက်စရာလည်းကောင်းလှပါတယ်။ ကာနယ်ချစ်ကောင်း ဆိုတာကလည်း ငယ်စဉ် ကျောင်းသားဘဝကတည်းက လက်စလက်န ရှိခဲ့တဲ့ ကလောင်ရှင်ပါ။ ‘နွားထိုးစိုးမြင့်’ ဆိုလား၊ ‘နသိုးစိုးမြင့်’ ဆိုလား ကလောင်နာမည်ခံပြီး လက်သွေးခဲ့ဖူးသတဲ့။

သူက နွားထိုးကြီးမြို့သားလို့ ဆိုလိုပါတယ်။ နွားထိုးကြီး ဆိုတာ ကျွန်တော်တို့ မြင်းခြံခရိုင်ထဲက မြို့နယ်တစ်ခုပါ။ မြင်းခြံ၊ မြစ်သား၊ ကျောက်ဆယ်၊ မန္တလေး ကားလမ်း၊ ရထားလမ်းပေါ်မှာရှိတဲ့ မြို့ကလေးပါ။ ရထားလမ်းက စစ်ကြီးအတွင်းက ပျက်သွားခဲ့တာ ခုထက်ထိ ပြန်မဖောက်နိုင်သေးပါဘူး။ ပြည်တွင်းစစ်ဒဏ်နဲ့ စစ်တပ်အာဏာသိမ်း ဒဏ်ရာဒဏ်ချက်တွေနဲ့ တိုင်းပြည်က နာလန်မထူနိုင်သေးတော့ အခုအခါ မီးရထားလမ်း အရာတောင် မထင်တော့ဘူး ထင်ပါရဲ့။

ကျွန်တော်တို့အနေနဲ့ ကာနယ်ချစ်ကောင်းကို မမြင်ဖူးလိုက်ပါ။ ကာနယ်ချစ်ကောင်းနဲ့ သူငယ်ချင်း ကျောင်းနေဖက် ဦးမောင်ကို ဆိုတာကတော့ ကျွန်တော်တို့ရဲ့ ဆရာအဖြစ်နဲ့ ၁၉၅၅-၅၆ လောက်က မြင်းခြံ၊ အမှတ် (၁) အစိုးရအထက်တန်းကျောင်း (ဂါးဗားမင်းကျောင်း) မှာ ဆုံလိုက်ခဲ့ဖူးပါတယ်။ ဆရာဦးမောင်ကိုက ကျောင်းကထွက်ပြီး ပ.မ.ည.တ အမတ် အရွေးခံခဲ့ဖူးပါတယ်။ ကာနယ်ချစ်ကောင်းရဲ့ သားသမီးတွေတော့ ဗိုလ်ချုပ်ကျော်ဇော ရာပြည့်ပွဲမှာ ဆုံလိုက်ရသေးတယ် ထင်တယ်။ ၂၀၁၉ ဒီဇင်ဘာ ၃၊ ရန်ကုန်မှာပါ။

ကာနယ်ချစ်ကောင်းက မြင်းခြံမှာ ကျောင်းနေတာဆိုတော့ တချိန်တည်းမှာ ကျွန်တော့်အဖေကလည်း မြင်းခြံမှာ ကျောင်းနေတာဆိုတော့ သူတို့ချင်း သိကျွမ်းပုံရပါတယ်။ အဖေက ကာနယ်ချစ်ကောင်းအကြောင်း နည်းနည်းပါးပါး ပြောဖူးတယ် မှတ်ပါတယ်။ ရေရောရာ မမှတ်မိတော့တာ စိတ်မကောင်းပါ။ ကာနယ်ချစ်ကောင်းက ကွန်မြူနစ်ဆိုတော့ ကွန်မြူနစ် ဆန့်ကျင်ရေး အစိုးရနဲ့ စစ်အစိုးရ လက်ထက်တွေမှာ ကွန်မြူနစ်ခေါင်းဆောင်တဦးအကြောင်း မရေးရ၊ မဖတ်ရ၊ မဟော မပြောရ ဆိုတော့ လွတ်လပ်ရေး မော်ကွန်းဝင် ပထမအဆင့် သူရဲကောင်းအဆင့်အတန်း ဖြစ်ပေမယ့် ကာနယ်ချစ်ကောင်းအကြောင်းဟာ ဗမာ့ လွတ်လပ်ရေးသမိုင်းမှာ မှုန်ဝါးဝါးပဲ ရှိနေဆဲ ဖြစ်ပါတယ်။ ကျွန်တော်လည်း အများသိထားပြီးသားဖြစ်တဲ့ တော်လှန်ရေး ရဲဘော် သူငယ်ချင်း နှစ်ယောက်ရဲ့ ဇာတ်လမ်းအကျဉ်းပဲ သိပါတယ်။

အလွန်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ပါ။ ဖက်ဆစ်တော်လှန်ရေးအတွက် အသက်စွန့်ကြမယ် ဆိုတဲ့ အဓိဋ္ဌာန်နဲ့ အိန္ဒိယပြည် သခင်သိန်းဖေ ရှိရာကို သွားရောက်ခဲ့ကြပါတယ်။ လက်နက်ကိုင်သင်တန်းနဲ့ နိုင်ငံရေး သဘောတရားသင်တန်းတွေ တက်ပြီး ဗမာပြည်ကို လေယာဉ်နဲ့ ပြန်လာခဲ့ကြတယ်။ ဂျပန်ခေတ်မှာ အင်္ဂလိပ် လေယာဉ်နဲ့ လာရတာဆိုတော့ လေယာဉ်ကွင်းကို မဆင်းနိုင်ကြပါ။ တောထဲ တောင်ထဲ တော်လှန်ရေး ပြောက်ကျားစခန်းများ ရှိရာကို လေထီးနဲ့ ခုန်ဆင်းကြရပါတယ်။ ကံဆိုးချင်တော့ လေထီးနဲ့ မြေပြင်ပေါ် အကျမှာ မန်းဝင်းမောင်က ခြေကျိုးသွားခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူငယ်ချင်းတွေအတူ အသက်စွန့် တိုက်ပွဲဝင်ခဲ့ကြလို့ ဗမာ့လွတ်လပ်ရေးကြီး ရခဲ့ပါတယ်။ လွတ်လပ်ရေးလည်း ရရော၊ ပြည်တွင်းစစ်ဖြစ်ပြီး ကာနယ်ချစ်ကောင်းက ကွန်မြူနစ်သူပုန်အဖြစ်နဲ့ တောထဲ တောင်ထဲ ရောက်သွားခဲ့ပါတယ်။

တိုတိုပြောရရင် ကျန်ခဲ့တဲ့ သူငယ်ချင်း မန်းဝင်းမောင်က သမ္မတဖြစ်လာစဉ် သူပုန် ကာနယ်ချစ်ကောင်းက တောတွင်းတိုက်ပွဲမှာ ဒဏ်ရာရ အဖမ်းခံခဲ့ရပါတယ်။ မန်းဝင်းမောင်က သမ္မတအဖြစ်နဲ့ သမ္မတအိမ်တော်ကို ရွှေ့ပြောင်းတဲ့နေ့မှာ ကာနယ်ချစ်ကောင်းက အကျဉ်းထောင်ထဲကနေ ကြိုးတိုက်ထဲကို အပို့ခံလိုက်ရပါတယ်။ ဒီဖြစ်ရပ်က သူတို့နှစ်ယောက် လွတ်လပ်ရေးတိုက်ပွဲ အတူဝင်ခဲ့ပြီး နှစ်ပေါင်း ၂၀ အကြာမှာ ဖြစ်ပျက်လာခဲ့တဲ့ ဖြစ်ရပ်ပါ။ ဒီအခါမှာ သမ္မတဖြစ်လာတဲ့ မန်းဝင်းမောင်က သူ့ရဲ့ ရဲဘော်ကို ကြိုးတိုက်သေဒဏ်က ကွင်းလုံးကျွတ် လွှတ်ပေးလိုက်ပါတယ်။ ကြိုးမိန့် လွတ်ငြိမ်းခွင့်ကို သမ္မတက ပလပ် ချေဖျက်ခွင့် ရှိပါသတဲ့။ ဒီအခွင့်အရေးကို သမ္မတက အသုံးချလိုက်တာပါ။

ဘယ်လောက် ဆန်းကြယ်တဲ့ ဇာတ်လမ်းလဲ။ သူငယ်ချင်း နှစ်ဦး။ တဦးက သမ္မတအဖြစ်နဲ့ သမ္မတအိမ်တော်ကို ပြောင်းရွှေ့တဲ့နေ့မှာ ကျန်သူငယ်ချင်းတဦးက အကျဉ်းထောင်ခန်းထဲကနေ သေဒဏ်ကျ ကြိုးတိုက်ထဲကို သူပုန်အကျဉ်းသားအဖြစ် ပြောင်းရွှေ့ရပါတယ်။ ဒါဟာ သူတို့နှစ်ယောက် လွတ်လပ်ရေးတိုက်ပွဲဝင်ပြီး နှစ်ပေါင်း ၂၀ အကြာမှာ အဆုံးသတ်ခဲ့ရတဲ့ ဇာတ်လမ်းပါ။ သမ္မတက ကြိုးမိန့်ကျ သူငယ်ချင်းကို သေဒဏ်က ထုတ်ပြီး လွှတ်လိုက်တဲ့သတင်းဟာ ကမ္ဘာတုန်တဲ့ သတင်းပါ။ ဗမာ့သမိုင်းမှာ အလွန်ကြီးကျယ်ခဲ့တဲ့ သတင်းပါ။

ဒါပေမဲ့… ဒါပေမဲ့… ဗိုလ်နေဝင်း သောနုတ္တရဟာ တောတွင်းကို လိုက်ပြီး လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။ ကာနယ်ချစ်ကောင်း မဆိုထားနဲ့။ တောတွင်းက ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ သခင်သန်းထွန်းကိုတောင် ကွန်မြူနစ် ဌာနချုပ်အထိ ထိုးဖောက်လုပ်ကြံနိုင်ခဲ့တာ မဟုတ်လား။

လွတ်လပ်ရေး တိုက်ပွဲဝင် ခေါင်းဆောင်တွေဟာ ရဲဘော်သုံးကျိပ်ထဲကို ဖဲရိုက်၊ မြင်းလောင်းရင်းက မတော်တဆ ပါသွားတဲ့သူတဦးရဲ့ လုပ်ကြံမှုကို ခံလိုက်ရတယ်။ ဒါဟာ သမိုင်းပါ။ လုပ်ကြံဖန်တီးတဲ့ ဇာတ်လမ်း မဟုတ်ပါ။ လွမ်းစရာကောင်းတဲ့ ဗမာပြည်ရဲ့ သမိုင်းဝင်ဇာတ်လမ်းတပုဒ်ပါ။ ဒီဇာတ်လမ်းမျိုး ဗမာပြည်က နောက်ထပ် မကြုံရ၊ မကြားရပါစေနဲ့လို့ ဆုတောင်းကြပါစို့။

မောင်စွမ်းရည်

၁၆ မတ် ၂၀၂၀

နယူးယောက်