Breaking News

လိုင်စင်ရ သတင်းအေဂျင်စီများတွင် သတင်းခိုးနေသည့် Facebook Page များပါဝင်

လိုင်စင်ရ သတင်းအေဂျင်စီများတွင် သတင်းခိုးနေသည့် Facebook Page များပါဝင်

အစိုးရ၏ ခွင့်ပြုချက်ရထားကြသည့် သတင်းအေဂျင်စီ Facebook Page အချို့သည် သတင်းဌာနကြီးများက ငွေကုန်ကြေးကျများစွာဖြင့် လိုက်ယူထားသည့် သတင်းများကို ခွင့်ပြုချက်မတောင်းသလို ဝယ်ယူခြင်းလည်းမပြုဘဲ ပြောင်ပြောင်တင်းတင်း ခိုးယူသုံးစွဲနေကြသည်။

သော်ဇင်မျိုး Myanmar NOW

(မိုးမခ) ဇန်နဝါရီ ၂၀၊ ၂၀၂၀
ပြန်ကြားရေးဝန်ကြီးဌာနထံမှ ခွင့်ပြုချက်(လိုင်စင်)ရယူထားသည့် သတင်းအေဂျင်စီအမည်ခံ Facebook စာမျက်နှာအချို့မှာ အခြားသတင်းဌာနများ၏ သတင်းများနှင့် သတင်းဓာတ်ပုံများကို ခွင့်ပြုချက်မယူဘဲ ခိုးယူသုံးစွဲနေသည်ကို Myanmar Now က တွေ့ရှိထားသည်။

ပြန်ကြားရေးဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားသည့် သတင်းအေဂျင်စီပေါင်း ၂၅၇ ခုရှိပြီး စိစစ်နေဆဲ အေဂျင်စီ ၄ ခုရှိသည်။ ယင်းတို့အနက်မှ သတင်းအေဂျင်စီအမည်ခံ Facebook Page (စာမျက်နှာ) များမှာ အခြား သတင်းဌာနကြီးများမှ သတင်းများကို တစ်ဆင့် ကူးယူဖြန့်ဝေခြင်း၊ သတင်းမှား၊ သတင်းတုများကို မစိစစ်ဘဲ တင်ခြင်းများ ပြုလုပ်နေသည်ကို တွေ့ရသည်။

Myanmar Now ၏အချက်အလက်စစ်ဆေးမှုအရ ပြန်ကြားရေးဝန်ကြီးဌာနက ခွင့်ပြုချက် ရယူထားသော သတင်းအေဂျင်စီ ၂၀ ကျော်မှာ ကိုယ်ပိုင်သတင်းမရှိဘဲ တခြားသတင်းဌာနများမှ သတင်းများကို ခွင့်ပြုချက်မဲ့ ရယူကာ ပြန်လည်ဖော်ပြနေခြင်း၊ သတင်းမှားများ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အကြောင်းအရာများ ဖော်ပြခြင်း၊ တခြားသတင်းဌာနများမှ သတင်းဓာတ်ပုံများကို ကူးယူဖော်ပြခြင်းတို့ လုပ်နေသည်ကို တွေ့ရှိထားသည်။

အဆိုပါ သတင်းအေဂျင်စီများထဲမှ Like လုပ်ထားသူပေါင်း ၉ သိန်းခွဲကျော်ရှိသည့် ‘Super သတင်းစုံ’ ဆိုသည့် Facebook Page သည် santhitsa.net ဝက်ဘ်ဆိုက်နှင့် ချိတ်ဆက်ထားပြီး သတင်းမှားတချို့နှင့် သတင်းဌာနများထံမှ သတင်းများ ကူးယူဖော်ပြနေသည်ကို တွေ့ရသည်။

Myanmar Now အနေဖြင့် အဆိုပါ Page ပိုင်ရှင်ဖြစ်သူ ဦးလင်းထင်နှင့် ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းတို့အနေနှင့် ပြန်ကြားရေးတွင် မှတ်ပုံမတင်ခင်က (အခြားသတင်းဌာနများထံမှ) ကူးယူဖော်ပြမှုများရှိခဲ့ပြီး ဝန်ကြီးဌာန၏ တရားဝင်သတင်းအေဂျင်စီအဖြစ် အသိအမှတ်ပြုသည့်အချိန်တွင် ၎င်းတို့၏ဝန်ထမ်းများကို သတင်းကူးယူများ မပြုလုပ်ရန်နှင့် ယခင်ကူးယူခဲ့သည်များကိုလည်း ဖျက်ပစ်ရန် မှာထားသည်ဟု ပြောသည်။

‘Super သတင်းစုံ’ Facebook Page သည် တရားဝင်သတင်းအေဂျင်စီအဖြစ် ၂၀၁၉ ခုနှစ်လယ်ပိုင်းတွင် ပြန်ကြားရေးက သတ်မှတ်ခဲ့သည်။

သို့သော် ယခု ဇန်နဝါရီ ၁၁ ရက်ထိ ဦးလင်းထင်ပိုင်ဆိုင်သည့် ‘Super သတင်းစုံ’ Facebook Page က သတင်းဌာနကြီးများ၏ သတင်းများကို ခိုးယူကူးတင်ထားသည်ကို တွေ့နေရသေးသည်။

Ss-Fakenews2-2.Jpg


The Voice သတင်းဌာနထံမှ သတင်းတပုဒ်ကို Crd (Credit) ဟု ရေးသားကာ ယူသုံးထားသည်။

အဆိုပါကိစ္စများနှင့် ပတ်သက်၍ ဦးလင်းထင်က ၎င်းအနေဖြင့် မသိရှိကြောင်းနှင့် ကူးယူမှုများ ဆက်လက်မလုပ်ရန် ရေးသားသူများအား ပြောထားကြောင်းဟုသာ ပြန်လည် ဖြေကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ (MPC) က ၂၀၁၉ မေလ နှင့် ဩဂုတ်လတို့တွင် ထုတ်ပြန်ခဲ့သည့် “သတင်းအတု၊​ အယောင်များ၊ သတင်းမှားများ နှင့် သတင်းခိုးကူးနေသည့် အွန်လိုင်း ဝက်(ဘ်)ဆိုဒ်များ၊ ဆိုရှယ်မီဒီယာ Page များ ” စာရင်းတွင် ပြန်ကြားရေးဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်ထားသည့် သတင်းအေဂျင်စီ (၂) ခု ပါဝင်နေခဲ့သည်ကိုတွေ့ရသည်။ Myanmarload နှင့် ZeeKwat- ဇီးကွက် တို့ဖြစ်သည်။

သတင်းမီဒီယာကောင်စီမှ ထုတ်ပြန်ခဲ့သည့် သတင်းခိုးကူးသည့် အွန်လိုင်း ဝက်(ဘ်)ဆိုဒ်များ၊ ဆိုရှယ်မီဒီယာ Page များ စာရင်းတွင် ထုတ်ပြန်ခံခဲ့ရသည့် ‘ZeeKwat- ဇီးကွက်’ သတင်း Page ကိုလည်း Myanmar Now က ဆက်သွယ်ခဲ့သည်။ ‘ZeeKwat - ဇီးကွက်’ သတင်း Page သည် ပြန်ကြားရေးဝန်ကြီးဌာနက တရားဝင်ခွင့်ပြုထားသည့် သတင်းအေဂျင်စီဖြစ်ပြီး Like လုပ်ထားသူပေါင်း ၁ ဒသမ ၅ သန်းကျော်ရှိသည်။

သတင်းမီဒီယာကောင်စီမှ သတင်းထုတ်ပြန်ခဲ့ခြင်းနှင့်ပတ်သက်ပြီး Myanmar Now က မေးမြန်းရာ ယခင်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယခု ကိုယ်ပိုင်သတင်းအကြောင်းအရာများသာ အသုံးပြုကြောင်း နှင့် ထုတ်ပြန်ခဲ့သည့်ကိစ္စနှင့် ပတ်သက်၍လည်း ဖြေရှင်းပြီးဖြစ်သည်ဟု ဖုန်းဖြင့် ပြန်လည်ဖြေဆိုသည်။

သို့သော်လည်း သတင်းမီဒီယာကောင်စီက ကျင့်ဝတ်ဖောက်ဖျက်သည့် မီဒီယာများအဖြစ်မှ ပယ်ဖျက်ပေးခဲ့သည့် စာရင်းတွင် ‘ZeeKwat - ဇီးကွက်’ မပါဝင်သေးပေ။

အဆိုပါ စာရင်းအနက်မှ အချို့သတင်းအေဂျင်စီများသည် သတင်းမီဒီယာကောင်စီနှင့် သွားရောက်‌တွေ့ဆုံကာ ကျင့်ဝတ်လိုက်နာမည့်အကြောင်း လက်မှတ်ရေးထိုးခဲ့ပြီး သတင်းမီဒီယာကောင်စီမှ စောင့်ကြည့်ခဲ့ပြီးနောက် Myanmarload အပါအဝင် မီဒီယာ ၅ ခုကို ပြီးခဲ့သည့် ဇန်နဝါရီ ၃ရက်က ကျင့်ဝတ်ဖောက်ဖျက်သည့် မီဒီယာများစာရင်းမှ ပယ်ဖျက်ပေးခဲ့သည်။ ၎င်းတို့မှာ We Media, Shwemon, D Nae Khit Media, XYZ News (ဝက်ဘ်ဆိုက်) နှင့် Myanmarload တို့ဖြစ်သည်။

ကျင့်ဝတ်ညီခြင်းမညီခြင်းကို တာဝန်ယူသင့်သည်မှာ လိုင်စင်ထုတ်ပေးသည့် ပြန်ကြားရေးဝန်ကြီးဌာန၏ တာဝန်ဖြစ်ပြီး သက်ဆိုင်သည့်ဌာနက မလုပ်သည့်အတွက် ကောင်စီအနေနဲ့ ဘေးနားက လုပ်ရခြင်းသာ ဖြစ်သည်ဟု သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဦးဇေယျာလှိုင်က ပြောသည်။

သတင်းမှားများနှင့် သတင်းခိုးယူသည့် Facebook Page နှင့် ဝက်ဘ်ဆိုက်များတွင် မသိ၍ မလုပ်သင့်မှန်းမသိသူလည်း ပါသလို သိလျက်နှင့် Like များအောင် လုပ်သူဆိုပြီး တွေ့ရကြောင်း၊ မသိ၍ လုပ်မိသူများ လာရောက်တွေ့ဆုံသည့်အခါ ကျင့်ဝတ်နှင့် ဥပဒေအကြောင်းရှင်းလင်းပြပြီး နောက်မလုပ်ပါကြောင်း ခံဝန်လက်မှတ်ထိုးစေကြောင်း ကိုဇေယျာလှိုင်က ပြောသည်။

မြန်မာနိုင်ငံတွင် နေ့စဉ်နှင့်အမျှ သတင်းတု၊ သတင်းမှားများ လူမှုကွန်ရက်မီဒီယာများတွင် ပျံနှံ့လျက်ပြီး သတင်းတု သတင်းမှား ဖြန့်‌ဝေနေသည့် ဝက်ဘ်ဆိုက် နှင့် Facebook Page များ ရာနှင့်ချီ ရှိနေသည်။ ထို့ပြင် အဆိုပါ ဝက်ဘ်ဆိုက် နှင့် Facebook Page များတွင် သတင်းဌာနများ၏ သတင်းများသည်လည်း နေ့စဉ်နှင့်အမျှ ကူးယူခံနေရသည်။