Breaking News

ဇင်လင်း - တရုတ်-မြန်မာ ဆက်ဆံရေး နှင့် မြန်မာ့ ငြိမ်းချမ်းရေး အဆက်အစပ်



ဇင်လင်း - တရုတ်-မြန်မာ ဆက်ဆံရေး နှင့် မြန်မာ့ ငြိမ်းချမ်းရေး အဆက်အစပ်

(မိုးမခ) ဇန််နဝါရီီ ၂၁၊ ၂၀၂၀ 

တရုတ် ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင် (Xi Jinping) သည် ၂၀၂၀ ခုနှစ်၏ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ဇန္နဝါရီ ၁၇-၁၈ တွင် လာရောက်သွားခဲ့သည်။ ထူးခြားသည်ဟု နိုင်ငံတကာ နိုင်ငံရေးအကဲခတ်များက ဆိုကြသော်လည်း တရုတ်သမ္မတအနေဖြင့် သူ့နိုင်ငံအကျိုးစီးပွားအတွက် အချိန်တိုတိုအတွင်း နားလည်မှု စာချွန်လွှာ အများအပြား လက်မှတ်ထိုးသွားခဲ့သည်။ မည်သူက အကျိုးအမြတ်များများရမည်ဆိုသည်ကို စောင့်ကြည့်ရန်သာ ရှိတော့ သည်။ ခရီးစဉ်မတိုင်မီ တစ်ရက်အလိုတွင် သမ္မတ ရှီကျင့်ဖျင်၏ “နှစ်ပေါင်းထောင်ချီ ကြာမြင့်သော ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ဆက်လက် ပုံဖော်မည့် စာမျက်နှာသစ်များ” ဆိုသည့် ဆောင်းပါးကို အစိုးရသတင်းစာများတွင် ဖေါ်ပြ လာခြင်းက ပို၍ ထူးခြားသည်။ သူ့ဆောင်းပါးတွင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် (CMEC) ဖြစ်သော ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ အကောင် အထည်ဖေါ်ရန် အရေးပါသည်ဟု ဖေါ်ပြထားသည်။ CMEC ၏ မဏ္ဍိုင် သုံးခုဖြစ်သော ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ တရုတ်-မြန်မာနယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်နှင့် ရန်ကုန်မြိုသစ် စီမံကိန်းတို့ကို အကောင် အထည်ဖေါ်ရေး ကြိုးပမ်းရန်လိုကြောင်း ရှီကျင့်ဖျင် က သူ့ဆောင်းပါးတွင် ရေးသားထားသည်။

သို့ရာတွင် မြန်မာပြည်သူလူထု တစ်ရပ်လုံးက အဖြူအမည်း သဲသဲကွဲကွဲ ဖြစ်စေလိုသည့် မြစ်ဆုံစီမံကိန်းကိစ္စကိုမူ တစ်လုံး တစ်ပါဒမျှ သမ္မတ ရှီကျင့်ဖျင် က မှတ်ချက်ပေးခြင်း မရှိခဲ့။ မြစ်ဆုံဆည်ကိစ္စ ယခုကဲ့သို့ အချိန်ဆွဲကာ ဇာတ်မျောကြီးတစ်ခု လုပ်ထားခြင်းကို မြန်မာပြည်သူတို့အား တစ်နေ့တစ်ခြား သံသယတိုးပွားအောင် လုပ်ထားသကဲ့သို့ ဖြစ်နေသည်။ ယာယီ ရပ်ဆိုင်းထားသည်ဆိုသော ထိုမြစ်ဆုံ ပတ်ဝန်းကျင်တွင် တရုတ်အလုပ်သမားဆိုသူများ အခြေချနေထိုင်လျှက်ရှိသဖြင့် ရွှေ နှင့် မြေရှားသတ္တုတူဖေါ်မှု အစရှိသော သယံဇာတများ ခိုးယူခံနေရသည်ဟု ဆိုသည်။ ထိုစီမံကိန်းနယ်မြေအတွင်းသို့ ဒေသခံ ကချင်တိုင်းရင်းသားများကို ဝင်ခွင့်မပေးဟု ဆိုသည်။ ထို့ကြောင့် ဒေသခံတို့က သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်စီးမည်ကို ပို၍ စိုးရိမ်နေကြခြင်းဖြစ်သည်။

ဤအတောအတွင်း မြန်မာနိုင်ငံသို့ လာရောက်စဉ် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင် အား ဧရာဝတီမြစ်ဆုံစီမံကိန်း အပြီးတိုင် ရပ်ဆဲပေးရန်နှင့် အခြားအချက် (၉)ချက်ပါ အိတ်ဖွင့်ပေးစာဖြင့် ကချင်အဖွဲ့အစည်း (၅၀)ကျော်မှ တောင်းဆိုလိုက်ကြောင်း ဇန္နဝါရီ ၁၆ ရက်နေ့ ကချင်သတင်းစဉ်၌ ဖေါ်ပြခဲ့သည်။ အိပ်ဖွင့်ပေးစာတွင် တရုတ်နိုင်ငံနှင့် နယ်နမိတ်ချင်းထိစပ်နေသည့် ကချင်ပြည်နယ်မှ တရုတ် ၏ ရင်းနှီးမြုပ်နှံမှုများအကြောင်းကို အဓိကတောင်းဆိုထားသည်ဟု ဆိုသည်။ အဓိက ရည်ရွယ် ချက်မှာ မြန်မာနိုင်ငံ အတွင်း ရင်းနှီးမြုပ်နှံထားမှုများကို တရားမျှတစွာ လုပ်ဆောင်ပေးစေလိုကြောင်း၊ တရုတ်နိုင်ငံအတွင်း ကျင့်သုံးသော ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် အညီ မြန်မာနိုင်ငံတွင်လည်း လိုက်နာလုပ်ဆောင်စေလိုကြောင်း အိပ်ဖွင့် ပေးစာ၌ ဖေါ်ပြသည်။ ကချင်ပြည်နယ်တွင် တရုတ်အစိုးရ၏ ရင်းနှီးမြုပ်နှံမှုများစွာရှိနေပြီး ၎င်းတို့မှာ ရပ်စဲထားသည့် မြစ်ဆုံ စီမံကိန်း၊ ကန်ပိုင်တီ (Kambaiti) နယ်စပ်ကုန်သွယ်ရေးဇုန်၊ မြစ်ကြီးနားစီးပွားရေးဇုန်နှင့် တရုတ်လုပ်ငန်းရှင်များ ဝင်ရောက် ရင်းနှီးမြုပ်နှံသည့် တစ်သျှူးငှက်ပျော၊ ကြံစိုက်ပျိုးမှု နှင့် မြေရှားသတ္တုတူးဖေါ်မှု တို့ဖြစ်သည်ဟု KNG သတင်းက ဆိုသည်။

တောင်းဆိုချက်များတွင် ‘တရုတ်နိုင်ငံအနေဖြင့် မြန်မာပြည်တွင် အကောင်ထည်ဖော်နေသော စီမံကိန်းများနှင့် ပတ်သက်၍ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ နိုင်ငံတကာစံနှုန်းများကို လေးစားရန်၊ ဒေသခံ ဌာနေပြည်သူများ၏ သမိုင်းဝင် ဓလေ့ထုံးတမ်းများကို တန်ဖိုးထားရန်၊ စီမံကိန်း မစတင်မီ ဒေသခံများနှင့် ညှိနှိုင်းဆွေးနွေးရန်’ စသည့် အချက်များ ပါဝင်သည်။ ထို့ပြင် ကချင် ဘာသာဖြင့် Mali-N’mai Zup ခေါ် မြစ်ဆုံရေကာ စီမံကိန်းကို အပြီးတိုင်ဖျက်သိမ်းပေးရန် ၎င်းအိပ်ဖွင့်ပေးစာ၌ တောင်းဆို ထားသည်။

၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့ကလည်း ကချင်ပြည်နယ် မြစ်ဆုံစီမံကိန်းကို အပြီးတိုင် ဖျက်သိမ်းပေးရန် ပညာရှင် များ၊ ဒေသခံများနှင့် အရပ်ဖက် အဖွဲ့အစည်းများက တောင်းဆိုခဲ့ကြသည်ဟု အာရ်အက်ဖ်အေ သတင်း၌ ဖေါ်ပြဖူးသည်။ မြစ်ဆုံစီမံကိန်း ရပ်နားထားခြင်း ၇ နှစ်မြောက်အခမ်းအနားတွင် ထိုကဲ့သို့ တောင်းဆိုကြခြင်း ဖြစ်သည်။ အခမ်းအနားကို မေခနှင့် မေလိခ ပေါင်းဆုံရာ တန်ဖရဲရွာအနီး သောင်ပြင်၌ကျင်းပခဲ့၍၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့အစည်း များနှင့် ထိုအဖွဲ့အစည်းမှ ပညာရှင်များ ဒေသခံများ စုစုပေါင်း လူတစ်ထောင်နီးပါးလောက် တက်ရောက်ခဲ့ကြသည်။ မြစ်ဆုံစီမံကိန်းကို ရပ်နားထားသည်ဆိုသော်လည်း စီမံကိန်းဧရိယာဝန်း အနီး ပတ်ဝန်းကျင်သို့ သွားလာ ခွင့်မရသည့် အပြင်၊ စီမံကိန်းပြန်လည်စတင်ရန် တရုတ်ကုမ္ပဏီဖက်က ဒေသခံများအား စည်းရုံးခြင်းများလည်း ရှိနေသောကြောင့် စီမံကိန်း ပြန်လည် ဆောင်ရွက်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်ဟု ဆိုသည်။

မြန်မာခရီးစဉ် ဒုတိယမြောက်နေ့တွင် တရုတ်သမ္မတ Xi Jinping သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် နေပြည်တော်သမ္မတအိမ်တော်တွင် သွားရောက်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံခေါင်းဆောင်၂ ဦးရှေ့၌ ၂ နိုင်ငံကြား နားလည်မှု စာချွန်လွှာ (MOU) ၃၃ ခုကို သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း မီဒီယာသတင်းတွင် ဖေါ်ပြသည်။ အဆိုပါ နားလည်မှု စာချွန်လွှာများ၌ ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ အစုရှယ်ယာများနှင့် သက်ဆိုင်ရာ သဘောတူစာချုပ်၊ ရေနက်ဆိပ်ကမ်း စီမံကိန်းဆိုင်ရာ သဘောတူစာချုပ် အပါအဝင် မူဆယ်-မန္တလေး ရထားလမ်း ဖြစ်နိုင်ခြေ လေ့လာမှု အစီရင်ခံစာ လွှဲပြောင်းပေးအပ်ခြင်း စာလွှာ၊ ရန်ကုန်မြို့တော် မြို့ပြ ဖွံ့ဖြိုးတိုး တက်ရေး စီမံကိန်းတို့လည်း ပါဝင်ကြောင်း သိရသည်။ ထို့ပြင် ရွှေလီ -မူဆယ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် မူဘောင် သဘောတူစာချုပ် လုပ်ငန်းစဉ်များ လျင်မြန်တိုးတက်စေရေး နားလည်မှုစာချွန်လွှာ၊ မန္တလေးတိုင်း ဒေသကြီးနှင့် ယူနန်ပြည်နယ်အကြား မြန်မာ့ စီးပွားရေး စင်္ကြန် ပူးတွဲတည်ထောင်ရေး မူဘောင်အောက်မှ ဒေသန္တရအဆင့် ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာတို့လည်း ပါဝင်ကြောင်း သတင်းများတွင် ဖေါ်ပြသည်။

လက်ရှိ အချိန်တွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ်ထားရှိသော ပထဝီဝင် နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ မဟာဗျူဟာ အရေးကိစ္စသည် အမြင်သဘောထား ပဋိပက္ခဖြစ်မှုများစွာ၏ အရင်ခံ အကြောင်းအရာဖြစ်နေသည်။ မြန်မာနိုင်ငံအနေဖြင့် လက်ရှိ နိုင်ငံတကာဆက်ဆံရေး အကျဉ်းအကျပ်များ ကြုံတွေ့နေရခြင်းကြောင့် ကုလသမဂ္ဂတွင် ဗီတိုအာဏာပိုင်ဆိုင်ထား သည့် တရုတ်နိုင်ငံ၏ သြဇာထီးရိပ်အောက်သို့ ပြန်ရောက်သွားတော့မည်လားဟု မေးခွန်းထွက်ပေါ်နေသည်။ မြန်မာနိုင်ငံ အနေဖြင့် ၎င်း၏ ဘက်မလိုက်မှု အမှီအခိုကင်းမှု တန်ဖိုးများကို စောင့်ထိန်းရသည့် လွတ်လပ်သော နိုင်ငံခြားရေးမူဝါဒကို ဆက်လက် ထိန်းသိမ်းနိုင်မည်လားဟုလည်း စောင့်ကြည့် ဝေဖန်မှုများ ရှိနေသည်။

ဂျပန်နိုင်ငံထုတ် Nikkei Asian Review အယ်ဒီတာချုပ် Toru Takahashi ၏ တရုတ်-မြန်မာ ဆက်စပ်ပတ်သက်မှု ကိစ္စနှင့် အမေရိကန်ပြည်ထောင်စု အနေအထား ပထဝီနိုင်ငံရေးလေ့လာသုံးသပ်ချက် ဆောင်းပါးတစ်စောင် ၂၀၁၉ စက်တင်ဘာ ၁၄ ရက်နေ့တွင် ရေးသားတင်ပြခဲ့သည်။ မြန်မာနိုင်ငံအတွင်းမှ ဖြစ်စဉ်များသည် တရုတ်နိုင်ငံအတွက် ပိုမို အကျိုးအမြတ် ရရှိနေစေသောကြောင့် မြန်မာအပေါ် လူ့အခွင့်အရေးရှုထောင့်မှ အာရုံစိုက်နေသည့် အမေရိကန်၏ အမြင်ကို လမ်းကြောင်း ပြောင်းလာစေသည်ဟု တိုရူ တာကာဟာရှီ က သူ၏ China's gains in Myanmar divert US attention from human rights ဆိုသည့် ဆောင်းပါးတွင် သုံးသပ်တင်ပြထားသည်။

ယင်း ဆောင်းပါးတွင် တာကာဟာရှီ က အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံကို တစ်ဖက်က လက်ဆွဲနှုတ်ဆက်နေ စဉ်တွင် ကျန်လက် တစ်ဖက်က ရိုက်ပုတ်မည့်ဟန် ဖြစ်နေသည်ဟု ဆိုသည်။ ဆိုလိုသည်မှာ မြန်မာ ကာကွယ်ရေးဦးစီးချုပ် အပါအဝင် တပ်မတော်မှ ထိပ်ပိုင်းခေါင်းဆောင်အချို့ကို လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် အမေရိကန်ပြည်ထောင်စု က ပြည်ဝင်ခွင့်ပိတ်ပင်ခဲ့သော်လည်း၊ အခြားတစ်ဖက်တွင် သြဂုတ်လဆန်းက ၅-ရက်ကြာ အမေရိကန်-အာဆီယံ စစ်ရေး ပူးတွဲ လေ့ကျင့်မှုတွင် မြန်မာ့တပ်မတော်ကို ပါဝင်ခွင့်ပြုခဲ့သည်ဟု ဆောင်းပါး၌ ထောက်ပြထားသည်။ အမေရိကန်သည် မြန်မာစစ်အစိုးရလက်ထက်က ဒေါ်အောင်ဆန်းစုကြည်အပေါ် အရေးယူ ဆောင်ရွက်ချက်များအပေါ် ဆက်တိုက် ဆန့်ကျင် ကန့်ကွက်ခဲ့သည်။ အမေရိကန်ကုမ္ပဏီများ မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံမှု မလုပ်ရန် ပိတ်ပင်တားမြစ်ခဲ့သည်။ သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက် မြန်မာ့ ဒီမိုကရေစီပြောင်းလဲမှုကို အထောက်အကူ ပြုနိုင်ရန် အမေရိကန်သည် သူ၏ ဒဏ်ခတ်အရေးယူထားမှုများကို တစ်ဆင့်ချင်း လျှော့ချပေးခဲ့သည်ဟု ဆောင်းပါးက ထောက်ပြခဲ့သည်။

ထို့ကြောင့် Xi Jinping က မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ကဏ္ဍသစ်ကို အရှိန်မြှင့်ရန်အတွက် ၂၀၂၀ နှစ်ဦးမှာပင် မြန်မာနိုင်ငံ သို့ ဦးစွာ ခြေဆန့်ခဲ့ပုံရသည်။ ယခုနှစ်သည် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးထူထောင်သည့် နှစ် ၇၀ ပြည့်နှစ်လည်း ဖြစ်၍ မြန်မာနိုင်ငံသည် ၁၉၄၉ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ လွတ်လပ်ရေးကြညာခဲ့စဉ်က ပထမဆုံး အသိအမှတ် ပြုသည့် နိုင်ငံလည်း ဖြစ်ပေသည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၇ ဒီဇင်ဘာလ အတွင်း တရုတ် သမ္မတ Xi Jinping နှင့် တွေ့ဆုံဆွေးနွေးခဲ့ဖူးသည်။ ထိုစဉ်က တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် (China-Myanmar Economic Corridor) ထူထောင်ရေးကိစ္စကို ဆွေးနွေးခဲ့ကြသည်။ ရထားလမ်းနှင့် ကားလမ်းများ ဖေါက်လုပ်ရေး စီမံကိန်း ကိစ္စများလည်း ပါဝင်ခဲ့သည်ဟု Nikkei သတင်းက ဖော်ပြခဲ့ဖူးသည်။ အဆိုပါ စီမံကိန်းများကို အကောင်အထည်ဖေါ်မည် ဆိုလျှင် မြန်မာနိုင်ငံသည် တရုတ်၏ ကြွေးမြီရွှံ့နွံအိုင်ထဲ၌ ရုန်းမထွက်သာ ဖြစ်သွားနိုင်ကြောင်း Nikkei Asian Review သတင်းဌာနက ဝေဖန် သုံးသပ်ခဲ့ဖူးသည်။

တရုတ်က အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်ရရန် ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက် ဆိပ်ကမ်း တည်ဆောက်လာခြင်းက အမေရိကန်အနေဖြင့် စိုးရိမ်တကြီး စောင့်ကြည့်ရသည့် အခြေအနေဖြစ်ခဲ့သည်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် တချိန် တွင် သီရိလင်္ကာနိုင်ငံ၏ ဟမ်ဘန်တိုတာ ဆိပ်ကမ်းကဲ့သို့ ဖြစ်လာမည်ကို အမေရိကန်က စိုးရိမ်နေသည်ဟု အာဆီယံ သံတမန်တစ်ဦးက ပြောကြောင်း ဆောင်းပါးရှင် Toru Takahashi က ဆိုသည်။ တရုတ်က ထို ဆိပ်ကမ်းကို စစ်ရေးအရ အသုံးပြုလာနိုင်သည် ဟု အမေရိကန်က သံသယရှိနေကြောင်း ထိုသံတမန်က ပြောသည်။ ပါကစ္စတန်၌လည်း ဂွာဒါ ဆိပ်ကမ်းကို တရုတ် က ၄၃ နှစ် ငှားထားသည်။ ကျောက်ဖြူဆိပ်ကမ်း၊ သီရိလင်္ကာ ဆိပ်ကမ်း နှင့် ပါကစ္စတန်ဆိပ်ကမ်း ၃ ခုသည် အိန္ဒိယသမုဒ္ဒရာ တွင် မဟာဗျူဟာ ဆိပ်ကမ်းများ ဖြစ်လာမည့်အရေးကို အမေရိကန်က စိုးရိမ်နေသည်ဟု ဆောင်းပါးရှင် Toru Takahashi က ဆိုသည်။

အမေရိကန်နှင့် ဂျပန် ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဟောပြောပွဲတစ်ခုကို ရန်ကုန်မြို့၌ ၂၀၁၉ သြဂုတ်လ ၂၀ ရက်နေ့က ကျင်းပခဲ့သည်။ အမေရိကန်ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ရန် စိတ်အားထက်သန်နေကြောင်း လည်း အမေရိကန်သံအမတ်ကြီး စကော့မာဆီရယ် က ပြောခဲ့သည်ဟု ဆိုသည်။ ဤအချက်က အမေရိကန်သည် လူ့အခွင့်အရေးကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံကို စိုးရိမ်သော်လည်း အခြားတစ်ဖက်တွင် ၎င်းတို့အဝန်းအဝိုင်းအတွင်းသို့ မြန်မာကို ဆွဲခေါ်ချင်နေသည်ဟု ဆောင်းပါးရှင်က Toru Takahashi သုံးသပ်ထားသည်။ တရုတ်က အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်ရရန် ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း တည်ဆောက်လာခြင်းကြောင့် အမေရိကန်အနေဖြင့် စိုးရိမ်တကြီး စောင့်ကြည့်ရသည့် အခြေအနေဖြစ်လာခဲ့သည်။

လက်ရှိ အစိုးရလက်ထက် ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့က အဖွဲ့ဝင် ၂၀ ပါသည့် ဧရာဝတီမြစ်ဆုံ၊ မြစ်ညှာ၊ မြစ်ဝှမ်း ရေအား လျှပ်စစ်စီမံကိန်းများ လေ့လာ၊ စိစစ်၊ သုံးသပ်ရေးကော်မရှင်ကို ဖွဲ့စည်းပြီး မြစ်ဆုံဒေသကို တစ်ကြိမ် ကွင်းဆင်း လေ့လာခဲ့သည်။ မြစ်ဆုံဆည် စီမံကိန်းဒေသ၏ အကျယ်အဝန်းသည် စင်္ကာပူနိုင်ငံ အရွယ်ပမာဏ ရှိပြီး ၂၀ဝ၉ ခုနှစ်တွင် စတင်၍ အချိန်အားဖြင့် ၁၀ နှစ်ကြာမည်ဟု ဆိုခဲ့သည်။ ထို စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ယဉ်ကျေးမှု အမွေအနှစ် စီးပွားရေး လူမှုရေးစသဖြင့် ကဏ္ဍအတော်များများ ထိခိုက်ပျက်စီးနိုင်သောကြောင့် ကန့်ကွက်နေကြခြင်းဖြစ်သည်။

ဟောင်ကောင်အခြေစိုက် ANI သတင်းက တရုတ်အစိုးရသည် မြန်မာပြည် မြောက်ပိုင်းက မြစ်ဆုံ ရေလှောင်တမံ ရေအား လျှပ်စစ် စီမံကိန်း ပြန်လည်စတင်ရေး မျှော်လင့်ချက်ကို စွန့်လွှတ်ပုံမရကြောင်း ဖေါ်ပြခဲ့ဖူးသည်။ ၂၀၁၈ ဇွန်လ ၁၇ ရက် နေ့စွဲပါ အေးရှားတိုင်း စာစောင်၌လည်း “အငြင်းပွားဖွယ် မြစ်ဆုံဆည် စီမံကိန်းကို တရုတ်နိုင်ငံက ပြန်လည် စတင်လို ပုံရသည်” (China wants to restart disputed Myitsone dam in Myanmar) ဆိုသည့် သတင်းဆောင်းပါးဖေါ်ပြခဲ့ဖူး သည်။ ရေးသူက ဆွီဒင်သတင်းစာဆရာ Bertil Lintner ဖြစ်သည်။ တရုတ်နိုင်ငံသည် သူ့အတွက် ပိုမို အရေးပါသည့် ‘ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း’ ကို အမြန် အကောင်အထည်ပေါ်လာစေရေးအတွက် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို အသုံးချဖွယ်ရှိသည်ဟု Lintner က သုံးသပ်ဖေါ်ပြခဲ့သည်။

၂၀၁၃ ဒီဇင်ဘာ ၂၆ ရက်က သမ္မတ ဦးသိန်းစိန် အမိန့်ဖြင့် ဆိုင်းငံ့ထားသော မြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်၍ “လူမှုဘဝ ဖွံ့ဖြိုးရေး ပူးပေါင်း တာဝန်ယူမှုဆိုင်ရာ ညွန်းကိန်း(CSR)” အစီရင်ခံစာ အသစ်တစ်စောင် ထွက်ပေါ်လာခဲ့သည်။ တရုတ် နိုင်ငံပိုင် China Power Investment (CPI) ကုမ္ပဏီနှင့် ဧရာဝတီမြစ်ဆုံ အထက်ပိုင်း ရေအားလျှပ်စစ် ထုတ်လုပ်ရေး ကုမ္ပဏီ Ayeyawady Confluence Basin Hydropower Company Limited (ACHC) တို့ ပူးပေါင်းပြီး ရန်ကုန်မြို့တွင် အဆိုပါ CSR အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။ သို့သော် ဒေသခံပြည်သူများ ဦးဆောင်ပြီး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် တိုက်တွန်းထားသည့် တရုတ်၏ CSR အစီရင်ခံစာကို အယုံအကြည် မရှိကြောင်း ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ရက်အဖွဲ့ (KDNG) က ပြင်းပြင်း ထန်ထန် ကန့်ကွက်ခဲ့သည်။

စီမံကိန်းနှင့် ပတ်သက်၍ တရုတ်-မြန်မာ ကျွမ်းကျင်ပညာရှင်ပေါင်း ၁၀ဝ ကျော်ပါဝင်သည့် စူးစမ်းလေ့လာရေးအဖွဲ့က ၆ လ ကြာ သုတေသနလုပ်ခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့ဖူးသည်။ သုတေသနပြုချက်အရ စီမံကိန်းကြောင့် နောက်ဆက်တွဲ ဆိုးကျိုး အလွန် များပြားနိုင်သည်ဟု ထောက်ပြမှုများရှိခဲ့သည်။ ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင် ပထဝီဝင် အမှတ်လက္ခဏာဖြစ်သကဲ့သို့၊ ပြည်သူတစ်ရပ်လုံး၏ အသက်သွေးကြောလည်း ဖြစ်သည်။ မြစ်ဆုံကြောင့် ဧရာဝတီမြစ် ၏ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခဲ့လျှင်၊ နိုင်ငံသားအားလုံး၏ အသက်ရှင်သန်ရေးကိုပါ ထိခိုက်မည့်အရေးကို လျစ်လျူ ပြု၍ မရနိုင်ပေ။ မြစ်ဆုံကို ကာကွယ်ရေးအတွက် တိုင်းရင်းသားပြည်သူအားလုံး သွေးစည်းညီညွတ်ရန် လိုပေသည်။

မြန်မာသည် လက်ရှိဖြစ်ပေါ်နေသော ပထဝီနိ်ုင်ငံရေးအခင်းအကျင်းအရ တရုတ်ပြည်အတွက် အရေးပါသကဲ့သို့၊ တရုပ်နှင့် အာဏာချိန်ခွင်လျှာ ညှိနေသည့် အိန္ဒိယ၊ အမေရိကန်၊ ဂျပန်၊ တောင်ကိုးရီးယား နှင့် အာဆီယံ နိုင်ငံများအတွက်လည်း အရေးပါလျှက်ရှိသည်။ မြန်မာနိုင်ငံအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုဇယားအရ တရုတ်နိုင်ငံက ဒုတိယနေရာ၌ ရှိသည်။ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) က ထုတ်ပြန်သည့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် အစီရင်ခံစာ အရ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် စီမံကိန်း ၄၃၀ ခု လုပ်ကိုင်နေသည်ဟု ဆိုသည်။ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ သန်းပေါင်း ၂၀,၉၃၄.၆၁၆ ရှိသည်။ မြန်မာနိုင်ငံတစ်ခုလုံးရှိ FDI ၏ ၂၅.၂၁% ရှိသည်ဟု ဖေါ်ပြထားသည်။ စင်္ကာပူ က မြန်မာနိုင်ငံ တစ်ခုလုံးရှိ FDI ၏ ၂၆.၈၆% ရှိသည်။

တရုတ်ကုမ္ပဏီများသည် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံရာ၌ နိုင်ငံတကာကျင့်ဝတ်ကို လိုက်နာရန် ပျက်ကွက်သည့် သတင်းများ မကြာခန ကြားရသည်။ မြန်မာ့ သစ်တော နှင့် သယံဇာတများကိုလည်း နည်းမျိုးစုံဖြင့် ကျင့်ဝတ်ကင်းမဲ့စွာ ခိုးယူသည့် သတင်းများလည်း ကြားရသည်။ ထို့ကြောင့် ယခင်က အစိုးရများလက်ထက်က တရုတ်အစိုးရပိုင် ကုမ္ပဏီများ နှင့် ချုပ်ဆိုထားခဲ့သော စာချုပ်များသည် ထင်သာမြင်သာမှု(Transparency) မရှိ၊ တာဝန် ခံမှု (Accountability) မရှိသည့် သတင်းများ ကြားနေရသည်။ သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမှု၊ လူမှုဘဝထိခိုက်နစ်နာမှု အကဲဖြတ်ချက်များ (EIA/SIA) စစ်ဆေးမှုများ ရှိ/မရှိ ဒေသခံ ပြည်သူများ မသိရှိခဲ့ရဟု ဆိုသည်။ ထို့ကြောင့် လက်ရှိ အစိုးရ အနေဖြင့် မြစ်ဆုံစီမံကိန်း၊ လက်ပံတောင်းစီမံကိန်း၊ ကျောက်ဖြူစီမံကိန်း၊ သံလွင်မြစ်ပေါ်မှ ရေအားလျှပ်စစ် စီမံကိန်းများအပါအဝင် တရုတ်ရင်းနှီးမြှုပ်နှံမှု စာချုပ်များ၊ MoU များကို မြန်မာနိုင်ငံ နစ်နာမှု မရှိစေရန် ပြန်လည် စိစစ်သုံးသပ်ရေးကိစ္စကို အလေးထား ဆောင်ရွက်သင့်သည်။ အထူးသဖြင့် တရုတ် ရင်းနှီမြှုပ်နှံမှု လုပ်ငန်းများကို အကြောင်းပြု၍ မြန်မာနိုင်ငံအနှန့် တွင် ခိုးဝင်တရုတ်များ များပြားလာသည်ကို သက်ဆိုင်ရာဌာနများက မထိန်းသိမ်းနိုင်ကြောင်း ကြားသိနေရသည်။

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံသည် တရုတ်၏ သြဇာလွှမ်းမိုးမှု စက်ကွင်းအတွင်းမှ ရုန်းထွက်ရန် အားထုတ်နေရ သည်။ တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် အသက်ဝင်လာချိန်တွင် စစ်ပွဲများရပ်နိုင်မှသာ ခေတ်သစ်ကိုလိုနီ ထောင်ချောက် အတွင်း ကျရောက်မသွားစေရန် စုပေါင်းအင်အားဖြင့် ခုခံနိုင်မည်။ သို့ဖြစ်၍ မြန်မာနိုင်ငံသားများ သွေးစည်းညီညွတ်ရန် လိုသည်။ ၂၀၂၀ တွင် အမျိုးသားပြန်လည်သင့်မြတ်ရေး ရဖို့လိုသည်။ အချင်းချင်း စစ်ရေးထိပ်တိုက်တွေ့မှုများ ရှောင်ဖို့လို သည်။ ငြိမ်းချမ်းရေး မရမချင်း နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲများ စဉ်ဆက်မပြတ် ကျင်းပနိုင်ရန် ကြိုးပမ်းရမည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွက် ပဓါနအကျဆုံး ကိစ္စမှာ တစ်နိုင်ငံလုံး သွေးစည်းညီညွတ်ရေးဟု သုံးသပ်မိသည်။