Breaking News

ခင်လွန်း - လွတ်လပ်ပွဲသဘင်စစ်တမ်း


ခင်လွန်း - လွတ်လပ်ပွဲသဘင်စစ်တမ်း

(မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၂၀

လွတ်လပ်ရေးနေ့မှာ နည်းနည်းလောက်ပြောချင်တယ်။
တကယ်က ခုထိ မြန်မာပြည်တပြည်လုံး အမှန်မလွတ်လပ်သေးဘူး။ စစ်သားလဲမလွတ်လပ်ဘူး။ (စစ်သားဆိုတော့ စစ်ယူနီဖောင်းဝတ်ထားတဲ့ ဗခမက ထိကိုပြောတာ။ ငါမပါဘူးမထင်နဲ့)

စစ်တပ်မှာလဲ ရာထူးလက်ကိုင်မရှိတော့ရင် ဘယ်မှာ လွတ်လွတ်လပ်လပ်ထင်တာပြောခွင့် လုပ်ခွင့်ရလို့လဲ။ ဝေးဝေးနေ၊ ချောင်ကုပ်၊ အမြီးမလှုပ် ခေါင်းမလှုပ်၊ နားရွက်မလှုပ်ငြိမ်ငြိမ်နေ။

အရပ်သားလဲ သမ္မတကြီးအပါအဝင် ဘယ်သကောင့်သားမှ မလွတ်လပ်ဘူး။
ဘုန်းကြီးလဲမလွတ်လပ်ဘူး၊ ဘုန်းကြီးဆိုတော့ ဗုဒ္ဓဘာသာမှမဟုတ်ဘူး ဘယ်ဘာသာရေးအကြီးအကဲမဆိုကိုပြောတာ။
အဲ ... အဆိုးဆုံးကတော့ တိုင်းရင်းသားလူမျိုးစုံတို့ ဘဝပဲအဖြစ်ပဲ။ ဘာသာပေါင်းစုံလူမျိုးပေါင်းစုံဘဝတွေ။

အဲဒီတော့ ၁၉၄၈ ကနေ ခုထိ လွတ်လပ်ရေး လွတ်လပ်ရေးလို့ပြောနေရတာ ပွင့်ပွင့်လင်းလင်းပြောရရင် ဌာပနာမပါတဲ့ပေါက်စီအကာကြီးကို အချဉ်နဲ့တို့စားနေရသလိုပဲ။ ဘာအရသာမှမရှိဘူး။ အထဲကအသားဖတ်ဌာပနာတွေကို ဖောက်စားရက်သူတွေက ဖောက်စားထားတော့ ဘေးကအကာချည်းသက်သက်ကို အချဉ်နဲ့တို့စားတော့ ငရုပ်ရည်က စပ်ဖျဉ်းဖျဉ်းနေသေး။

ဒါပေမဲ့ အပြောသမားတွေကတော့ အနေချောင် အစားချောင်နေတယ်။

အပြောသန်ပြီး ဘက်မခိုင်တဲ့ (ရပ်တည်ချက်ကို ပြောတာ) နိုင်ငံရေးနယ်ဘက်ကိုကြည့်ကြည့်၊ စာပေနယ်ဘက်ကိုကြည့်ကြည့် အဲ့ဒီလူတွေအတွက်တော့ ဒီနေ့အချိန်အခါက ခေတ်ကောင်းကြီးပဲ။ သူတို့လေကြီးသလောက် ရွှေသီးတော့တာပဲ။ ပေးဆပ်စွန့်လွှတ်အနစ်နာခံခြင်းမပါဘဲ ရွှေဖြစ်ငွေဖြစ်နေကြတော့တာပဲ။

မြန်မာပြည်ကြီးက ဒီအတိုင်းပဲသွားတော့မှာပါ။ စစ်တပ်ကလဲ အာဏာမသိမ်းတော့ပါဘူး။ သိမ်းစရာလဲ မလိုတော့ပါဘူး။ လူတွေကို ဖျက်ပစ်လိုက်ပြီးပြီ။ ရုပ်ပိုင်း စိတ်ပိုင်းအားလုံး ပုံမလာ သုံးမရအောင် စနစ်တကျကို ဖျက်ပစ်လိုက်ပြီးပြီ။

အဟုတ်။ လူထုရှေ့က ခေါင်းဆောင်ကြမယ့်လူကောင်းသူကောင်းတွေပေါ်မလာအောင် လူ့အဖွဲဲ့အစည်းကြီးတခုလုံးကို သည်းခြေဖျက်ပစ်လိုက်ပြီ၊ အဓိပ္ပာယ်တွေလဲ ဖျက်ပစ်လိုက်ပြီ။

လူတွေက ငွေပဲ။ ရာထူးနဲ့ လုပ်ပိုင်ခွင့်ပဲ။ အာဏာပဲ။ အသာရတဲ့လူက အသားယူဗိုလ်ကျ၊ အနိုင်ကျင်တဲ့ခေတ်ဟာ မဆုံးတော့ဘူး။

လက်နက်ကြောင့်အသာရသူ၊ ဓနကြောင့်အသာရသူ၊ ရာထူးကြောင့်အသာရသူ၊ ပညာကြောင့်အသာရသူ စသဖြင့် တပါးသူထက်အင်အားအသာရနေတာကို အခွင့်ကောင်းယူပြီး ဗိုလ်ကျအနိုင်ကျင့် လူစွာလုပ်ချင်၊ လူတွင်ကျယ်လုပ်ချင်နေတဲ့ခေတ်စနစ်ကြီးဟာ လက်ဆင့်ကမ်းရင်း ကမ်းရင်းပဲ။ မဆုံးတော့ဘူး၊ ကမ္ဘာပျက်သွားတဲ့အထိ သယ်ဆောင်သွားတော့မယ့်အထိ ခိုင်မာသွားပြီ။

ဆိုတော့ ဘာလုပ်ကြမလဲ၊ ပြောဖို့တော့ခက်နေပြီ။

ဒါပေမဲ့ တခုတော့ပြောမယ်။ ခုလို ခေတ်ပျက်ကြီးထဲ ကောင်းစားနေတဲ့သူမှန်သမျှ စစ်ဘက်နယ်ဘက် ဘယ်ဘက်ကဖြစ်ဖြစ် (နောက်ဆုံး ကိုယ်တန်ဖိုးထား ချစ်မြတ်နိုးတဲ့စာပေနယ်ဘက်ပါပြောမယ်) အားလုံးဟာ

ဖောက်ပြန်ရေးသမား အခွင့်ရေးသမားတွေပဲလို့ သတ်မှတ်ရမယ်။ ဒီမှာ ငါတို့အစွမ်းအစနဲ့ရိုးရိုးသားသားနဲ့ကြိုးစားထားတာ အမြင်မကြည်မရှိပါနဲ့ပြောကောင်းပြောမယ်။

ဒါဆိုပြောရမှာပေါ့။ ဒီခေတ်ကြီးထဲ ကိုယ်စွမ်းကိုယ်စနဲ့ ရိုးရိုးသားသားကြိုးစားနေတဲ့ လူတွေတိုင်း အနေချောင် အစားချောင် ကြီးပွားချမ်းသာနေကြသလားလို့။

ကိုယ့်နံဘေးကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ့်နဲ့လိုင်းတူ နယ်တူ ဘဝတူတွေ ရိုးရိုးသားသားပေးပေးဆပ်ဆပ်ကျိုးကျိုးနွံ့နွံ့နေကြ စွန့်ကြပါလျက်နဲ့ ဆင်းရဲပေလူး မွဲပြာနေကြတာ ငါ့ထက်ညံ့လို့ပေါ့ကွာလို့ ဂုဏ်များလုပ်နေကြသလားဗျာ။

တိုင်းပြည်သိပ်ဆင်းရဲနေတယ်။ လူတွေ သိပ်ဒုက္ခရောက်နေတယ်။ စစ်ဘေးစစ်ဒဏ်တွေနဲ့ တိုင်းရင်းသားပြည်နယ်တွေ၊ ဒုက္ခသည်စခန်းတွေမှာ လူတွေပြည့်ကြပ်နေတယ်။

တိုင်းတပါးကို ခွေးတိုးပေါက်လိုနေရာက ခိုးဝင်နေရပြီး ကျွန်ခံနေရတယ်။ ကျွန်တောင်မှ ရိုးရိုးကျွန်သာမက လိင်ကျွန်အဖြစ်ပါ ခံနေကြရတယ်။

ခင်ဗျားတို့ ဘာတွေအောင်ပွဲခံနေတာလဲ။
ဘာပါတီတွေပေးနေတာလဲ။ ဘာ ညစာစားပွဲတွေ ကျင်းပနေတာလဲ။

ခင်ဗျားတို့ထမင်းလုပ်ထဲမှာ မြှုပ်ထားတဲ့ အသားဖတ်ဟာ တကယ်တော့ ဘယ်ဘက်ကပစ်လိုက်မှန်းမသိတဲ့ကျည်ဆံကြောင့်သေသွားခဲ့တဲ့ အပစ်မဲ့ပြည်သူတယောက်ရဲ့အသားတစ်တွေပဲ။

ခင်ဗျားတို့ချင်း ချီးယားလုပ်လိုက်တဲ့ဖိတ်ဖိတ်ထလက်ပြောင်နေတဲ့ဖန်ခွက်ထဲက အနီရောင်ဝိုင်အရက်ဟာ လိင်ကျွန်အဖြစ် မတရားပေးပို့သွပ်သွင်းခံခဲ့ရတဲ့ မြန်မာတိုင်းရင်းသူလေးတွေရဲ့မျက်ရည်တွေပဲ။

အို ... သောက်ကြ၊ စားကြ။
ခင်ဗျားတို့ပြောနေတဲ့ လွတ်လပ်ရေးကို ပွဲတော်တည်ခင်းကြ။

သိပ်မပြောချင်တော့ဘူး။
ဟာ ... လွတ်လပ်ရေးနေတဲ့၊
ငါ ငိုနေမိပြီ။ ဝိုင်ခွက်ချင်း ချီးယားဖို့ဟာ
ညဟာ ညနဲ့မတူဘဲ ညထက်မှောင်မည်းလို့။

လွန်း
ဇန်နဝါရီ ၄၊ ၂၀၂၀
ည- ၁၁း ၁၀ နာရီ

+ ပုံ -၁၉၄၈-၁၉၇၄ -မြန်မာ့လွတ်လပ်ရေးအလံတော် +