Breaking News

မောင်တူး - လိပ်ခုံးပန်းချီကား



မောင်တူး  - လိပ်ခုံးပန်းချီကား

(မိုးမခ) ဇူလိုင် ၁၂၊ ၂၀၂၀

ဗိုလ်အောင်ကျော်နဲ့ ကုန်သည်လမ်းထောင့် လောကနတ်ပြခန်းကို ၂၀၂၀ ခု မတ် ၇ နေ့လည် သတင်းလာယူပါတဲ့။ ကိုဗစ်-၁၉ ရောဂါ မဆိုးလာခင်အချိန်မို့ ပြပွဲလာကြည့်သူ စည်ကားပ။ ပန်းချီဆရာ ဆရာမတွေစုပြတဲ့ EARTH with Art ပြပွဲ။ ပန်းချီကားက ၇၇ ကားပြတယ်။ ရန်ကုန်ရှုခင်းတွေ၊ တိုင်းရင်းသားဒေသတွေက မြင်ကွင်းတွေ၊ ပအိုဝ်း အဖွားအိုပုံ၊ ပါးရဲနဲ့ချင်းမကြီးပုံ၊ နာဂတိုင်းရင်းသားကြီးပုံ၊ ရွေတိဂုံပုံ၊ ပန်းချီမင်းသားကြီးရဲ့ ငရုတ်ပွစိမ်း၊ မီးခြစ်၊ ခွေးရုပ်ပန်းချီတွေ၊ လိပ်ခုံးအဆောက်အဦပုံ စသဖြင့် စုံလို့ပါပဲ။ ပန်းချီမင်းသားကြီးနဲ့ အင်တာဗျူးပြီး ထပ်ဗျူးတာက ပန်းချီ မိုးမြင့်။

လိပ်ခုံးပန်းချီလွမ်းလှသည်

ရန်ကုန်မြို့အို၊
တက္ကသိုလ်၏၊ ရာပြည့်သမိုင်း၊
တပိုင်းပိုင်းမှ၊ တကသ ကို၊
ဗုံးခွဲဖြိုပြီး၊ ဖျက်ဆီးသလို၊
(လိပ်ခုံး) အိုလာ၊ ပိဿာချိန်နဲ့၊
ရောင်းစားခဲ့ကြ၊ သတိရနေ၊
ခြယ်သပုံဆွဲ၊ ပန်းချီထဲ၌၊
ပြန်ဆောက်လိုက်တယ်၊ လိပ်ခုံးရယ်။ ။ 
(မောင်တူး) 
လိပ်ခုံးပုံရေးဆွဲသော ပန်းချီမိုးမြင့်ကို လေးစားလျှက် ...







ပန်းချီမိုးမြင့်က လိပ်ခုံးအဆောက်အဦပုံ ပန်းချီကားနဲ့ ရှမ်းပြည်ယာခင်းကားတွေကို ဆွဲသူပါ။ ဆေးကျောင်းသားအဖြစ် သုံးနှစ်သုံးမိုး နေခဲ့တဲ့ ပိဿာချိန်နဲ့ သံကုန်ကြေးကုန် အရောင်းစားခံခဲ့ရတဲ့ လိပ်ခုံးအဆောက်အဦကို သတိတရ လွမ်းလွမ်းဆွေးဆွေးနဲ့ နှောင်းလူတွေ သိစေဖို့ ရေးဆွဲခဲ့တာပါတဲ့။ စကားဖြတ်ပြောချင်တာက လိပ်ခုံးပုံ အဆောက်အဦ ဟာ ပြည်လမ်းပေါ်မှာရှိတယ်။ ၁၉၉၀ ခုနှစ် ဖျက်မရောင်းခင်အထိ လိပ်ခုံးမှတ်တိုင်ပါလားဟေ့ ဆိုပြီး ဆေးကျောင်းသားတွေ ပညာရေးတက္ကသိုလ်ကျောင်းသားတွေ ဘတ်စ်ကားကဆင်း ကျောင်းစာသင်ခန်းထဲ သွားခဲ့ရတဲ့နေရာ။ ရန်ကုန်တက္ကသိုလ်ဝင်းထဲက အရမ်း နာမည်ကြီးခဲ့တဲ့နေရာပါ။ ပန်းချီမိုးမြင့် ထပ် ပြောပြတာက ... 

လိပ်ခုံးကို ၁၉၉၀ ခုနှစ်က ဖျက်ပစ်တော့ နောက်လူတွေ မမြင်ဘူးတော့ဘူးဗျ။ ကျနော်က လိပ်ခုံးမှာ ၃ နှစ် ဆေး ၁ ကျောင်းသားဘဝနဲ့ နေဘူးခဲ့တယ်။ လိပ်ခုံးအဆောက်အဦးကြီးဟာ ကိုယ့်ရဲ့ အိမ်ကြီးလိုပေါ့ဗျာ။ တကယ်ကို Familier ဖြစ်တဲ့ နေရာကြီးပါ။ အဲ့ဒီအချိန် ရှိခဲ့တဲ့ပွဲ တော်တော်များများ လိပ်ခုံးမှာ လုပ်တယ်။ ပန်းချီပြပွဲတွေလဲလုပ်တယ်။ အဆိုအကတွေရှိတယ်။ ကျောင်းသားတွေ ဘတ်စ်ကက်ဘောကစား၊ ကြက်တောင်ရိုက်ကြတဲ့နေရာ၊ ယုတ်စွအဆုံး စုပြီး ဖဲရိုက်ကြတဲ့နေရာပေါ့။ ဗြိတိန် နာမည်ကျော် ပိသုကာ Raglan Squire နဲ့ အဖွဲ့က ၁၉၅၅ - ၅၆ ခုနှစ်တွေမှာ ဆောက်ခဲ့တယ်။ မူလက ဆေးကျောင်း မဟုတ်သေးဘူး။ မူလက စက်မှု တက္ကသိုလ်ပေါ့။ ဒါကြောင့် သူ့ကို ဖျက်ရောင်းလိုက်တော့ စက်မှုနဲ့ဆိုင်တဲ့ တန်ဖိုးရှိ ပန်းပုရုပ်တွေလဲ ပါသွားတာပေါ့။ ဆုံးရှုံးသွားတာပေါ့။ နောက်ပိုင်း စက်မှုတက္ကသိုလ်က ကျို့ကုန်း အာရ်အိုင်တီနေရာကို ပြောင်းတော့ လိပ်ခုံးဟာ ဆေးတက္ကသိုလ်ရဲ့ နေရာဖြစ်သွားတယ်။ ဒါ့အပြင် ကြွေးပြားနဲ့ ကျောက်စီထားတဲ့ ဗဂျီအောင်စိုးရဲ့ ပန်းချီကားတွေ၊ ဆရာကြီးဦးဘကြည်ရဲ့ ကားတွေလဲရှိတယ်။ လိပ်ခုံးရဲ့ အဝမှာပဲ ကဒေါင်းပုံ ကျောက်စီ ပန်းချီကားကြီးတွေ ရှိတယ်။ နောက်ပိုင်းကျတော့ ဒါကြီးက ပျက်စီး ယိုယွင်းလာပြီး ပြင်မရတော့ဘူးဆိုပြီး ပိဿာချိန်နဲ့ သံကုန်ကြေးကုန် အရောင်းစားခံခဲ့ရတာပါဗျာ။ အခုဆို ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်ပြီ။ ရာပြည့်သမိုင်းမှာ ဗုံးခွဲခံရတဲ့ အဆောက်အဦ ရှိသလို ပိဿာချိန်နဲ့ ရောင်းစားခံရတဲ့ အဆောက်အဦးလဲ ရှိတယ်။ အဲ့ဒါကတော့ လိပ်ခုံးပါဘဲ။ ဒါကြောင့် ကျနော်က လိပ်ခုံးပုံကို အမှတ်တရလေး လွမ်းလွမ်းဆွေးဆွေးနဲ့ ဒီပုံလေးကို ရေးတာပါ။ 




ပန်းချီမိုးမြင့်ရဲ့ လွမ်းဆွေးတဲ့၊ နှမြောတသ ခံစားရပြီး ရေးဆွဲထားတဲ့ လိပ်ခုံးပန်းချီးကားကိုကြည့်ပြီး လှည်းတန်း စိုက်ပျိုးရေးမှတ်တိုင်နားက အလွန်လက်ရာမြောက်တဲ့ လိပ်ခုံးကလေးကို ပြန်မြင်လာမိတယ်။ အဆောက်အဦရဲ့ အမိုးခုံးဟာ အလျား ၁၅၃ပေ ၊ အနံ ၉၃ပေ ရှိတယ်။ လိပ်ခွံနဲ့တူတဲ့ ကြေးနီအမိုးခုံးကို အစွဲပြုပြီး လိပ်ခုံးလို့ခေါ်ကြတယ်။ လိပ်ခုံးဟာ ၁၉၆ဝ ခုနှစ်တုန်းက`နိုင်ငံတကာ ဗိသုကာ ဒီဇိုင်းဆု` ရခဲ့တာတွေ သိလာရတယ်။ လိပ်ခုံး အဆောက်အဦရဲ့ ထူးခြားချက်က အဆောက်အဦအောက် ရေလှောင်ခန်းရှိတာပါ။ စက်နဲ့ ရေသွင်းရေထုတ်တယ်။ လူအင်အားနည်းတဲ့ အခန်းအနားတွေမှာ ရေစုပ်ထုတ်ထားလို့ ဟောပြောသံဟာ လှိုဏ်သံ echo sound ပေါ်သတဲ့။ ပရိတ်သတ်များချိန် ရေအပြည့်သွင်းထားလို့ ဆူညံသံလျော့စေတယ်။

လိပ်ခုံးအဆောက်အဦ ထူးခြားချက်က အခမ်းအနားတွေမှာ Microphone, Sound box သုံးစရာမလိုပါ။ ညာဘက်ထိပ် အပြင်မှာ Underground ရေမြောင်းရှိတယ်။ မြောင်းရေဖြည့်ထားရင် ဘယ်နေရာက စကားပြောပြော နေရာတိုင်းက ကြားရတယ်တဲ့။ ရေထဲ့တာ အနဲအများ ပေါ်မူတည်ပြီး အသံထိန်းတယ်။ စိတ်ဝင်စားစရာ သိပ်ကောင်းပါတယ်။

အင်ဂျင်နီယာတွေကတော့ ရှေးဟောင်းလက်ရာဖြစ်တာရယ်။ အင်ဂျင်နီယာအတတ်တွေ မဖွံ့ဖြိုးခင်က တီထွင် တွက်ချက် ဆောက်လုပ်ခဲ့တဲ့ နည်းပညာတွေ ကွယ်ပျောက်သွားရတာကို အရမ်းနှမျောတယ်လို့ ပြောကြပါတယ်။ ၁၉၉၀ ဝန်းကျင် လိပ်ခုံး တအိအိပြိုဆင်းနေပြီ။ ဘယ်လိုပြင်မလဲ အစည်းအဝေးတွေ ပေါင်းများစွာလုပ်အပြီး မနိုင်တော့တာမို့ ရောင်းစားလိုက်ကြတာပါ။

အင်ဂျင်နီယာတဦးကတော့ (လိပ်ခုံးအောက်မှာ အအေးပေး ရေမြောင်းစံနစ်နဲ့ အသွားအပြန် ရေမြောင်းတွေနဲ့ ရှေ့ကန်ကြီးကိုပို့ ရေပန်းနဲ့အအေးခံ စီမံထားတာ သိပ်ကောင်းတယ်။ ရောင်းစားတာက ကြေးနီအမိုးမှန်း ဘာမှန်းမသိ။ တန်ဖိုးလဲမသိ။ ၉ဝ ခုနှစ်လောက်မှာ ကြက်တန်းအိန္ဒိယသားတွေ ၂၅ သိန်းနဲ့ လေလံဆွဲသွားတယ်။ အဲ့ဒီနောက် ကျောက်စီပန်ချီကားနဲ့ လိပ်ပြာတောင် အမိုးလေး ကျန်ခဲ့ပေမဲ့ အခုတော့ မရှိတော့ဘူး။) လို့ ပြောပြတယ်။

ဘာပဲဖြစ်ဖြစ် ပန်းချီဦးမိုးမြင့်က သူ ၃ နှစ်တာ ဆေးကျောင်းအဖြစ် နေခဲ့တဲ့ လိပ်ခုံးလေးကို ပန်းချီပြန်ဆွဲပြတော့ နှောင်းလူတွေ ကြည့်နိုင် သိနိုင်သေးတာပေါ့ဗျာ။ ဆရာ ပန်းချီမိုးမြင့်ကို ကျေးဇူးပါ။ အလားတူ သမိုင်းကို မှတ်တမ်းတင် နေကြတော်မူသော ပန်းချီပညာရှင် အားလုံးကိုလဲ ကျေးဇူး အထူး တင်ပါရဲ့။ လိပ်ခုံးကိုတော့ လွမ်းနေဆဲပါဗျာ။ ။